ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ရေကြောင်းကင်းလှည့်နေသည့် အကြမ်းဖက်စစ်တပ်၏ စပိဘုတ်တစ်စီးကို အာရက္ခတပ်တော်(AA)က စနိုက်ဘာဖြင့်ပစ်ခတ်၍ ဗိုလ်အဆင့်အပါအဝင် တပ်ဖွဲ့ဝင်လေးဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။
ကျောက်ဖြူပင်လယ်ပြင်တွင်ရပ်နားထားသည့် အကြမ်းဖက်စစ်တပ်၏နေဗီများမှတဆင့် အကြမ်းဖက်စစ်တပ် တပ်ဖွဲ့ဝင်အင်အား ၁ဝ ကျော်သည် စပိဘုတ်တစ်စီးနှင့် ဟွန်ဒါစက်လှေတစ်စီးတို့ဖြင့် ယမန်နေ့ စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းက ရေကြောင်းကင်းလှည့်နေစဉ် AA က စနိုက်ဘာဖြင့်ပစ်ခတ်၍ စပိဘုတ်ပေါ်မှ တပ်ဖွဲ့ဝင်လေးဦး ယခုကဲ့သို့သေဆုံးသွားခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“နေဗီကစစ်သားတွေက စပိဘုတ်တွေ၊ ဟွန်ဒါတွေနဲ့ဆင်းပြီး မြစ်ကမ်းတစ်လျှောက်ကင်းလှည့်တယ်။ အဲဒီနေဗီ တွေကို AA က စနိုက်ဘာနဲ့ ပစ်ချလိုက်တာ။ ဗိုလ်အဆင့်အပါအဝင် လေးယောက်သေတာကို လောလောဆယ်အတည်ပြုနိုင်တယ်” ဟု ပြောသည်။
အဆိုပါ စပိဘုတ်ပေါ်မှ သေဆုံးသွားသည့်အကြမ်းဖက်စစ်သားများ၏ရုပ်အလောင်းများကို ကျောက်ဖြူမြို့ဆေးရုံ၏ရင်ခွဲရုံသို့ အမှတ်(၁)ဆိပ်ကမ်းမှတဆင့် ကားဖြင့်တင်ဆောင်သွားသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက အတည်ပြုပြောဆိုသည်။
“အမှတ်(၁)ဖောင်တော်ကတင်ပြီး ကျောက်ဖြူဆေးရုံကိုပို့တယ်။ အလောင်းထားတဲ့နေရာမှာ ထားထားတယ်” ဟု ပြောသည်။
သေဆုံးသွားသည့် အကြမ်းဖက်စစ်သားများ၏ အမည်၊ ရာထူးနှင့် အခြားအချက်အလက်များကို နိရဉ္စရာက စုံစမ်းနေဆဲဖြစ်သည်။
စစ်တွေ-ပေါက်တော-ကျောက်ဖြူ-မာန်အောင်- ရမ်းဗြဲရေလမ်းကြောင်းတစ်လျှောက် အကြမ်းဖက်နေဗီများကင်းချထားပြီး စပိဘုတ်များဖြင့် ရေကြောင်းကင်းလှည့်ခြင်းများ နေ့စဉ်လုပ်ဆောင်လျက်ရှိသည်။
အဆိုပါနေဗီများပေါ်မှ အကြမ်းဖက်စစ်သားများသည် ဒေသခံငါးဖမ်းဘုတ်များအား မတရားဖမ်းဆီးခြင်း၊ သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ ဒဏ်ရိုက်ခြင်းများကိုလည်း နေ့စဉ်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ – AA Info Desk (ပုံဟောင်း)


Leave a Reply