Category: News

  • ဝမ်းတွင်း၊ အောင်လံ၊ ရေနံချောင်းနှင့်ပြည်မြို့တို့တွင် ပေါ်တာဆွဲ မှုများ ဆက်တိုက်ဖြစ်ပွား

    ဝမ်းတွင်း၊ အောင်လံ၊ ရေနံချောင်းနှင့်ပြည်မြို့တို့တွင် ပေါ်တာဆွဲ မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး အိမ်ပေါ်တက် ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်မှုများပါ ဖြစ်နေ

    မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ မကွေးတိုင်း၊ အောင်လံမြို့နယ်နှင့်ရေနံချောင်းမြို့နယ်၊ ပဲခူးတိုင်း၊ ပြည်မြို့တို့တွင် လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်း ပေါ်တာဆွဲမှုများရှိနေသည့်အပြင် အိမ်ပေါ်တက်၍ လူငယ်များကို စစ်တပ်က ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်မှုများပါ ဖြစ်ပွားနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၆ ရက်နေ့ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ခင်ကြီးစံပြကျေးရွာတွင် စစ်တပ်က အသက် ၁၈ နှစ်မှ အသက် ၃၈ နှစ်အကြား အမျိုးသားလူငယ်များကို စစ်မှုထမ်းရန် တောင်းခံလာပြီး လူမပေးပါက အတင်းအကျပ် ဖမ်းဆီးမည်ဟုဆိုကာ ဖမ်းဆီးမှုများ လုပ်ဆောင်လာကြောင်း၊ ဝမ်းတွင်းမြို့ပေါ်တွင်လည်း ပေါ်တာဆွဲမှုများ တောက်လျှောက်ဖြစ်ပွားနေပြီး စစ်မှုထမ်းဥပေဒအကြောင်းပြ၍ ငွေကြေးတောင်းခံမှုများပါ ဖြစ်ပွားနေကြောင်း သိရှိရသည်။

    “ဝမ်းတွင်းမြို့ပေါ်မှာ နေ့စဥ် ပေါ်တာဆွဲနေပြီးတော့ ကျေးရွာတွေမှာလည်း အိမ်ပေါ်အထိ ရိုက်နှက်ဖမ်းဆီးတာတွေဖြစ်နေတယ်။ ပြီးရင် ငွေကြေးတတ်နိုင်တဲ့သူတွေဆီကနေ လူပြန်ရွေးခ အနည်းဆုံး ငွေ ၁၀ သိန်းကနေ သိန်း ၆၀ အထိ တောင်းနေတာလည်းရှိတယ်။ ခင်ကြီးကျေးရွာမှာလည်း စစ်တပ်က စစ်မှုထမ်းအတွက် လူစာရင်းတောင်းတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးမှ လူအစား ပိုက်ဆံနဲ့ ညှိတယ်ဆိုပြီး တစ်အိမ်ကို လူငယ် တစ်ဦး ရှိရင် ၃သောင်းကျပ် ၊ ၂ ဦးရှိရင် ငွေ ၆ သောင်းကျပ်ကောက်တယ်။ အုပ်ချုပ်ရေးမှူး နှင့် စစ်တပ်ပေါင်းပြီး ရိုက်စားလုပ်နေတာ” ဟု ဝမ်းတွင်းဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်

    အလားတူ မကွေးတိုင်း အောင်လံမြို့နှင့် မြို့နယ်တစ်ခုလုံးတွင်လည်း ပေါ်တာဆွဲဖမ်းဆီးမှုများနှင့် ရပ်ကွက်ကျေးရွာများအတွင်းသို့ ဝင်ရောက်၍ တပ်သားသစ်စုဆောင်းရန် လူငယ်များကို ရှာဖွေ ဖမ်းဆီးမှုများဖြစ်ပွားနေကြောင်း သိရှိရသည်။

    “အောင်လံမြို့ ပေါ်မှာ ပေါ်တာဆွဲတာက တော်တော်ဆိုးတယ်။ မနက် ၈ နာရီကနေ ၁၀ နာရီအတွင်းမှာ အောင်လံမြို့မှ မြောက်ဘက် မိုးကောင်းရွာ အထွက်နဲ့ ဘုရားတောင်ဗွေ ကျေးရွာအနီးမှာ ညှပ်ပီး ပေါ်တာဆွဲ ဖမ်းဆီးတယ်။ နံနက် ၁၀ နာရီထိုးမှာတော့ မြို့ထဲမှာ ပေါ်တာဆွဲတယ်။ မနက် ပိုင်း အောင်လံ မြို့ မြောက်ဘက် မိုးကောင်းရွာ အထွက်နဲ့ ဘုရားတောင် ဗွေ အနီးမှာ ပေါ်တာဆွဲတုန်းက လူငယ်တွေ ဆယ်ချီပြီးတော့ အဖမ်းခံရတယ်”ဟု အောင်လံဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

    ထို့အတူ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင်လည်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှု ဆိုးရွားလွန်းသည့်အတွက် လူငယ်များအားလုံး ညအိပ်ချိန်များတွင် တောထဲ (သို့မဟုတ်) ယာထဲတွင် သွားရောက် ပုန်းအောင်း နေထိုင်ရကြောင်း၊ စစ်တပ်နှင့်ရဲများကလည်း ယာထဲတောထဲအထိ လိုက်လံ ဖမ်းဆီးနေကြောင်း သိရသည်။

    “မြို့ပေါ်မှာရော ရွာတွေမှာရော မြင်ရင် မြင်သလို လူငယ်တွေကို စစ်တပ်နဲ့ရဲက ဖမ်း​နေတာ။ ကြက်သွန်ခင်းရေဖျန်းနေတဲ့ လူငယ်လည်း ဖမ်းတာပဲ။ အလုပ်လျှောက်ဖို့ ရဲစခန်းကို ထောက်ခံစာ သွာလုပ်တဲ့ လူငယ်လည်း ပြန်မလွှတ်ဘဲ စစ်မှုထမ်းဖို့ အဖမ်းခံရတယ်။ ရေနံချောင်း မြို့မှာ အတော်ကို ဆိုးရွာနေပါတယ်။ စစ်တပ်နဲ့ရဲက အရပ်၀တ်နဲ့ ပတ်ပြီး ဖမ်းနေကြတာပ။ါ ကျေးရွာတွေနဲ့ လယ်ထဲ ကိုင်းထဲ သွားတဲ့ လူငယ်တွေကိုလိုက် ဖမ်းနေကြတာပါ။ အခု ဒီဇင်ဘာလ ၁၅ ရက်အတွင်း လူငယ်ပေါင်း ၁၀၀ ကျော် အဖမ်းခံထားရပါတယ်” ဟု ရေနံချောင်းမြို့နယ်၊ ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ထို့ပြင် ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့တွင်လည်း အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ ပေါ်တာဆွဲဖမ်းဆီးရေး အဖွဲ့ဖွဲ့ကာ ငွေကျပ် သိန်းရာချီ ငွေညှစ်မှုများ လုပ်ဆောင်နေကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးများက စစ်တပ်နှင့်ပူးပေါင်း၍ စီးပွားဖြစ် ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ပြည်မြို့ မှော်ဇာအုပ်စု တောင်လုံးညိုရွာ အုပ်ချုပ်ရေးမှုးအေးထွန်း၊ မကျီးတိုက်ကျေးရွာမှ ဝင်းနိုင် ၊ ကုလားကန်ရွာမှ အေးမင်း ၊ မုဌောရွာမှ ဇော်အေး၊ ရွှေကြို့ပင်ရွာမှ အေးရွှေ ၊ မှုတ်ရှည်ရွာမှ သိန်းသန်းအောင် အဲ့ဒီအုပ်ချုပ်ရေးမှုးတွေနဲ့ ရာအိမ်မှုး၊ ဆယ်အိမ်မှုး စစ်ခွေး ရဲခွေးတွေ ပေါင်းပြီး ညတိုင်းလိုလို ပေါ်တာဆွဲနေပါတယ်။ ဖမ်းဆီးလို့ရတဲ့သူတွေဆီက ငွေညှစ်တယ်၊ သိန်းရာချီတောင်းတယ် သူတို့အချင်းချင်း Viber ဂရု ဖွဲ့ပြီး၊ လမ်းတွေပိတ်ပြီး ပေါ်တာဆွဲ ဖမ်းဆီးနေကြတာပါ။ နောက်ပြီး အိမ်တွေထဲအထိလိုက်ဆွဲပါတယ်” ဟု ပြည်မြို့မှ စီးပွားရေးသမားတစ်ဦးက ဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၈ အတွက် တပ်သားသစ်စုဆောင်းမရသဖြင့် နိုင်ငံတစ်ဝန်း စစ်မှုထမ်းရန် ဖမ်းဆီးမှုများသည် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ညီညွတ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

  • အမိန့်မရဘဲ ဆုတ်ခွာခဲ့သူ ဒုတိုင်းမှူး ဗိုလ်မှူးကြီး သောင်းထွန်း ဖမ်းဆီး စစ်ဆေးခံနေရ

    အမိန့်မရဘဲ ဆုတ်ခွာခဲ့သူ ဒုတိုင်းမှူး ဗိုလ်မှူးကြီး သောင်းထွန်း ဖမ်းဆီး စစ်ဆေးခံနေရ

    အမ်းမြို့ ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရိက္ခာလာပို့သည့် ရဟတ်ယာဉ်ပေါ် အတင်းတက်၍ အမိန့်မရဘဲ ဆုတ်ခွာခဲ့သူ ဒုတိုင်းမှူး ဗိုလ်မှူးကြီး သောင်းထွန်း ဖမ်းဆီး စစ်ဆေးခံနေရဟုဆို

    ရခိုင်ပြည်၊ အမ်းမြို့ ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရိက္ခာလာပို့သည့် ရဟတ်ယာဉ်ပေါ် အတင်းတက်၍ အမိန့်မရဘဲဆုတ်ခွာခဲ့သူ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးသောင်းထွန်း ဖမ်းဆီး စစ်ဆေးခံနေရကြောင်း တပ်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

    နိုဝင်ဘာလနှောင်းပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရိက္ခာပို့လာသည့် Mi-17 ရဟတ်ယာဉ်ပေါ်သို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး သောင်းထွန်းက အတင်းတက်၍ လိုက်ပါခဲ့ကြောင်း၊ အမိန့်မရဘဲ နပခမှ စွန့်ခွာခြင်းဖြစ်၍ ရိက္ခာပို့ ရဟတ်ယာဉ် မကွေးလေတပ် စခန်းသို့ ပြန်လည်ရောက်ရှိချိန်တွင် အမိန့်မရဘဲ စခန်းစွန့်ခွာမှုဖြင့် နပခ ဒုတိယတိုင်းမှူးကို ဖမ်းဆီးအချုပ်ချထားကြောင်း သိရှိရသည်။

    “ဒုတိုင်းမှူး ဖမ်းဆီးခံထားရတယ်လို့တော့ သိရတယ်။ အကြောင်းအရင်းကတော့ သေချာမသိရသေးပါဘူး။ အဖမ်းခံရတာတော့မှန်ပါတယ်” ဟု တပ်သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

    လက်ရှိတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးမှာလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ရှိမနေကြောင်း၊ နပခအတွင်း တပ်မိသားစုများ၊ နောက်ဆုံးလက်ကျန် စစ်အင်အား ရာချီ ရှိနေဆဲဖြစ်ပြီး ဆက်လက် ခုခံတိုက်ခိုက်မှုများရှိနေဆဲဖြစ်ကြောင်း၊ မောင်တောမြို့ရှိ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲစခန်းဌာနချုပ် သိမ်းပိုက်ခံရစဉ် ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA က လက်ရ ဖမ်းဆီးလိုက်မှုကြောင့် နပခမှ ဗိုလ်ချုပ်များအကြား အလွန်စိုးရိမ်ထိတ်လန့်နေကြကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    ထို့ပြင် AA က ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ၎င်းကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ စစ်ဆေးနေသည်ဟု သတင်းထုတ်ပြန်ထားသဖြင့် နပခ ဗိုလ်ချုပ်များအကြား အဖမ်းမခံရရေး အတွက် ကြိုတင်ပြင်ဆင်မှုများလည်းရှိနေကြောင်း သိရှိရသည်။

    ဓာတ်ပုံ- အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အခမ်းအနားတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

  • မာနယ်ပလောဒေသက စစ်ကောင်စီနို့ဒေးတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

    KNU ဌာနချုပ်ဟောင်း မာနယ်ပလောဒေသက စစ်ကောင်စီနို့ဒေးတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ‌တပ်ဖွဲ့ဝင်အားလုံးနီးပါးသေဆုံး

    KNU တပ်မဟာ၇နယ်မြေ KNU ဌာနချုပ်ဟောင်း မာနယ်ပလောဒေသရှိ ၉၁၃(နို့ဒေး)စစ်ကောင်စီတပ်စခန်း ကို KNLAပူးပေါင်းတပ်ဖွဲ့မှ ဒီဇင်ဘာလ ၁၆ရက်နေ့ညနေ ၄နာရီခွဲခန့်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့ KNLAတပ်မှူးတစ်ဦးက ပြောပါတယ်။

    အဆိုပါစခန်းတိုက်ခိုက်မှုတွင် စစ်ကောင်စီ‌တပ်ဖွဲ့ဝင်အားလုံးနီးပါးသေဆုံးသွားပြီး လက်နက်ခဲယမ်း အမြောက်အများရရှိတယ်လို့ အဆိုပါတပ်မှူးကဆိုပါသည်။

    စခန်းသိမ်းတိုက်ခိုက်စဉ်တွင် စစ်ကောင်စီဘက်မှလေယာဉ်ဖြင့် ၂ ကြိမ်လာရောက်ပြီး ပေါင် ၅၀၀ ဗုံးသီး၄လုံးလာရောက်ကျဲချခဲ့တယ်လို့တပ်မှူးကဆိုပါတယ်။

    စခန်းသိမ်းပိုက်ရာတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့နံနက် ၁၀နာရီမှစတင်တိုက်ခိုက်ခဲ့ပြီး ညနေ၄နာရီခွဲခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းရှိလက်နက်ခဲယမ်းပစ္စည်းများကို ညဘက်တွင်အပြီးသတ် သယ်ထုတ်ရှင်းလင်းနိုင်ခဲ့သည်။

    စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် KNLA,KNDO,PDF,ABSDF (ဒရုန်း၊စနိုက်ပါ)တပ်ဖွဲ့များလည်း ပါဝင်တိုက်ခိုက်ခဲ့ပြီး KNLA တပ်မှူး ကော်လာဟေးကျဆုံးခဲ့တယ်လို့သိရှိရသည်။

  • စစ်ခေါင်းဆောင် ကမ္ဘာ့ဝရမ်းပြေးဖြစ်နေပြီဆိုသည့်အမြင်မျိုး တပ်တွင်းတွင် ရိုက်ခတ်

    စစ်ခေါင်းဆောင် ကမ္ဘာ့ဝရမ်းပြေးဖြစ်နေပြီဆိုသည့်အမြင်မျိုး တပ်တွင်းတွင် ရိုက်ခတ်

    စစ်ခေါင်းဆောင်ဟာ ICC ရဲ့စွဲချက်နဲ့ ကမ္ဘာ့ဝရမ်းပြေးဖြစ်နေပြီဆိုတဲ့အမြင်မျိုး တပ်တွင်းမှာရိုက်ခတ်မှုတွေရှိနေတယ်လို့ CDM တပ်မတော်အရာရှိတွေက ပြောပါတယ်။

    ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရှေ့နေချုပ် ကရင်မ်ခန်းက ICC ကို နိုဝင်ဘာ ၂၇ ရက်နေ့မှာ ဦးတိုက်လျှောက်ထားခဲ့တာပါ။

    ICC က စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်မယ့်ကိစ္စဟာ ၂၀၁၉ ခုနှစ်က နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံကတရားစွဲတုန်းက အခြေအနေနဲ့မတူတော့ဘဲ တပ်တွင်းမှာ ရိုက်ခတ်မှုတွေရှိနေတယ်လို့ CDM တပ်မတော်အရာရှိတွေက ပြောပါတယ်။

    ICJ မှာ တရားစွဲခံရတုန်းက နိုင်ငံတကာက ဘာသာရေးလူမျိုးရေးအကြောင်းပြပြီး စစ်တပ်ကို မတရားစွပ်စွဲတာဖြစ်တယ်လို့ စစ်ခေါင်းဆောင်တွေက ဝါဒဖြန့်ခဲ့ပြီး တပ်တွင်းမိသားစုတွေဟာ သတင်းမှန်မရခဲ့ကြဘူးလို့ CDM တပ်မတော်အရာရှိ ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။

    “စစ်တပ်ထဲက လက်ရှိထွက်လာတဲ့ သတင်းစကားအရတော့ အရင်တုန်းကနဲ့ မတူတော့ဘူးပေါ့နော်။ ICJ မှာ တရားစွဲခံရတဲ့အခြေအနေနဲ့ မတူတော့ဘဲနဲ့ ICC မှာ ဝရမ်းထုတ်ခံရတာသည် မင်းအောင်လှိုင်ကိုယ်တိုင် ဝရမ်းပြေးဖြစ်လာပြီဆိုတဲ့အသံတွေ စစ်တပ်ထဲမှာ ထွက်နေတာကတော့ တပ်တွင်းဖရဲသီးတွေဆီကနေ ကျနော်တို့ သိရတယ်ပေါ့။ အဲ့ဒီတော့ စစ်တပ်အပေါ် အရင်ကနဲ့မတူ ရိုက်ခတ်မှုက တော်တော်လေးရှိတယ်။ စစ်ခေါင်းဆောင်တွေရဲ့ လုပ်ဆောင်မှုတွေအပေါ် လက်အောက်အရာရှိ စစ်သည်တွေအနေနဲ့ မေးခွန်းတွေ ပြန်ထုတ်လာတာတွေရှိတယ်။ ဒါက မှန်လား မှားလားဆိုတဲ့ ဝေဖန်မှုတွေ ပြန်လုပ်လာတာတွေလည်းရှိတယ်။ ချုပ်ပြောရမယ်ဆိုရင်တော့ ICC ရဲ့ ဖမ်းဝရမ်းသည် စစ်တပ်အပေါ်ရိုက်ခတ်မှုတွေအများကြီးရှိတယ်။ လက်ရှိခေါင်းဆောင်နေတဲ့ မင်းအောင်လှိုင်သည် ကမ္ဘာ့ဝရမ်းပြေးဖြစ်သွားပြီဆိုတဲ့ အမြင်မျိုးက စစ်တပ်ထဲမှာပိုပြီး များလာတယ်ဆိုတာကတော့ ကျနော်တို့ သိထားရပါတယ်ဗျ။”

    ကုလသမဂ္ဂမှာဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) မှာ CDM တပ်မတော်အရာရှိတချို့ စစ်ခေါင်းဆောင်ကို စွဲချက်တင်နိုင်ဖို့ သက်သေထွက်ဆိုချက်တွေ ပေးထားတယ်လို့ ဆိုပါတယ်။

    IIMM တာဝန်ရှိသူတွေနဲ့လူချင်းတွေ့ဆုံပြီး အချက်အလက်တွေနဲ့ ထွက်ဆိုချက်တွေ ပေးခဲ့ရတယ်လို့ သိရပါတယ်။ CDM တပ်တော်အရာရှိတွေဟာ ပြည်တွင်းကတိုက်ပွဲတွေမှာ သတင်းအချက်အလက်နဲ့ စစ်ရေးနည်းပညာတွေ ပြန်ဝေမျှခဲ့ကြသလို တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ခေါင်းဆောင်ကို နည်းလမ်းစုံ နဲ့ အရေးယူနိုင်ရေးကိစ္စတွေမှာ ပူးပေါင်းပါဝင်ခဲ့ကြတာပါ။

    NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က “မင်းအောင်လှိုင်လို အကြမ်းဖက်စစ်အာဏာရှင်လည်း ထွက်ပြေးတာထက် တရားဥပဒေအရ တရားစီရင်မှုကို ခံရမှာဖြစ်ပါတယ်။ အရှုံးနဲ့ထွက်ပြေးတဲ့ဟာ ရှိကောင်းရှိမယ်၊ ဒါပေမဲ့ တရားဥပဒေအရစီရင်မှုကတော့ ဘယ်တော့မှပြေးလွတ်မှာမဟုတ်ဘူး။ သူ့တသက်မှာ ဝရမ်းပြေးအနေနဲ့ နေပြီးတော့ အဖမ်းခံရတဲ့ကဏ္ဍတော့ တချိန်မဟုတ်တချိန်ရောက်လာမှာပါ” လို့ ပြောပါတယ်။

    စစ်ခေါင်းဆောင်ကို ဖမ်းဆီးမှုလျှောက်ထားတာကနေ စစ်ကောင်စီထိပ်တန်းအရာရှိတွေ သိနားလည်ထားသင့်တာက ဥပဒေဟာ အားလုံးရဲ့အထက်မှာရှိပြီး စစ်ခေါင်းဆောင်တွေဟာ တရားဥပဒေကို လိုက်နာရမှာဖြစ်တယ်လို့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရှေ့နေချုပ် ကရင်မ်ခန်းက DVB နဲ့တွေ့ဆုံရာမှာ ပြောဆိုထားပါတယ်။

    မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေနဲ့ ရိုဟင်ဂျာတွေအပေါ် ဘာတွေပြုမူခဲ့တယ်ဆိုတာကို တကမ္ဘာလုံးကစောင့်ကြည့်နေပြီး စစ်တပ်ထိပ်တန်းခေါင်းဆောင်တွေကို ဖမ်းဆီးမိန့်တွေ နောက်ထပ်တင်သွင်းနိုင်ဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့ သူကပြောဆိုထားပါတယ်။

    ICC ရှေ့နေချုပ်ရဲ့ စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ တောင်းဆိုချက်ကို ရခိုင်ပြည်နယ်အရေး မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံ စမ်းစစ်ဆေးမှုယန္တရား (IIMM)၊ Burma Campaign UK၊ မြန်မာရိုဟင်ဂျာအသင်း (BROUK) စတဲ့ အဖွဲ့အစည်းတွေက ကြိုဆိုကြောင်း ကြေညာချက်တွေ ထုတ်ပြန်ထားကြပါတယ်။

  • AA က  အလံဖြူထောင်လက်နက်ချသူများ၏ ရုပ်သံနှင့်တကွ ထုတ်ပြန် သတိပေး

    AA က အလံဖြူထောင်လက်နက်ချသူများ၏ ရုပ်သံနှင့်တကွ ထုတ်ပြန် သတိပေး

    အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် “စောစောစီစီး အလံဖြူထောင် လက်နက်မချလျှင် ပျော်ရွှင်စရာနှစ်သစ် ရှိလိမ့်မည်မဟုတ်”ဟု AA က အလံဖြူထောင်လက်နက်ချသူများ၏ ရုပ်သံနှင့်တကွ ထုတ်ပြန် သတိပေး (ရုပ်/သံ)

    ရခိုင်ပြည် အမ်းမြို့နယ်တွင် နောက်ဆုံးကျန်ရှိနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တပ်ရင်းအနေဖြင့် အမြန်ဆုံး လက်နက်ချရန် အာရက္ခတပ်တော် AA က ဗီဒီယိုဖိုင်နှင့်တကွ ထုတ်ပြန် သတိပေးသည်။

    ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အာရက္ခတပ်တော် AA သည် အမ်း နပခ ပကတိ မြေပြင်အခြေအနေဟု ဆိုကာ စစ်ကောင်စီတပ်သားများ ရာနှင့်ချီ လက်နက်ချ အလင်းဝင်၊ အလံဖြူထောင် မြင်ကွင်းကို ဗီဒီယိုနှင့်တကွ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

    “စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ်၊ မိသားစု ဆွေမျိုးတို့နှင့် စောစောတွေ့ဆုံရလိမ့်မယ်” ဟု အာရက္ခတပ်တော် AA က မြန်မာလိုရေးသားထားပြီး အင်္ဂလိပ်လိုအားဖြင့် No Early Surrender in White Flag , No Happy New Year “စောစောစီစီး အလံဖြူထောင် လက်နက်မချလျှင် ပျော်ရွှင်စရာနှစ်သစ် ရှိလိမ့်မည်မဟုတ်”ဟု သတိပေးထားသည်။

    ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ၏ ပကတိ မြေပြင်အခြေအနေ