Category: News

  • အသက်မပြည့်သူတွေကို ပေါ်တာဆွဲပြီး အသက်ပြည့်ကြောင်း မှတ်ပုံတင် တခါတည်း ထုတ်ပေးနေတဲ့ စစ်ကောင်စီ

    အသက်မပြည့်သူတွေကို ပေါ်တာဆွဲပြီး အသက်ပြည့်ကြောင်း မှတ်ပုံတင် တခါတည်း ထုတ်ပေးနေတဲ့ စစ်ကောင်စီ

    (အသက်မပြည့်ဘဲ စစ်တပ်ထဲ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြန်လည်လွတ်မြောက်လာသူ၏ ပြောပြချက်)

    စစ်ကောင်စီဟာ သူတို့ရဲ့ ချိနဲ့နေတဲ့ စစ်အင်အားကို ဖြည့်တင်းဖို့ စစ်မှုထမ်း လူသစ်စုဆောင်းရာမှာ အသက်မပြည့်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး အသက်ပြည့်မီသယောင် မှတ်ပုံတင်ပါ တခါတည်းထုတ်ပေးနေတယ်လို့ ပေါ်တာဆွဲခံရပြီးနောက် ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ အကူအညီနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ကိုအောင်ပိုင် (အမည်လွှဲ) ထံက သိရပါတယ်။

    ဧရာဝတီသားဖြစ်တဲ့ ကိုအောင်ပိုင် (အမည်လွှဲ) အသက် ၁၇ နှစ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လမှာ အပတ်စဉ် (၅) စစ်မှုထမ်းဖို့အတွက် အတင်းအဓမ္မတပ်သားသစ် စုဆောင်းရာမှာ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရသူဖြစ်ပါတယ်။

    ကိုအောင်ပိုင်ဟာ ရန်ကုန်မြို့မှာ အလုပ်လုပ်ကိုင်နေရင်း အလုပ်ကအပြန် ည ၉နာရီ – ၁၀နာရီဝန်းကျင်အချိန်မှာ ကင်းပတ်နေတဲ့ စစ်ကောင်စီကားနဲ့ တိုးပြီး ပေါ်တာဆွဲခံလိုက်ရတာ ဖြစ်တယ်လို့ ကိုအောင်ပိုင်က ပြောပြပါတယ်။

    “စစ်သားဝတ်စုံတွေနဲ့ပဲ။ လက်နက်တွေနဲ့ ကားပေါ်မှာ ၇ယောက်လောက်တော့ရှိမယ်ဗျ။ ပြီးတော့ လှိုင်သာယာ မြို့တော်ခန်းမကို ခေါ်သွားတာ။ ကျနော်နဲ့အတူ မြို့တော်ခန်းမမှာ ဖမ်းခံထားရတာ ၂/၃ယောက်လောက် ရှိတယ်ဗျ။” လို့ ကိုအောင်ပိုင်က ဆိုပါတယ်။

    အဲဒီနောက်အချုပ်ခန်းထဲမှာ တစ်ည နေလိုက်ရပြီး မနက်ရောက်တော့ ဖျာပုံ ၉၈ တပ်ရင်းကို ပို့ဆောင်ခံလိုက်ရကာ စက်တင်ဘာလ ၄ ရက်နေ့မှာတော့ ရန်ကုန်တိုင်းထဲက လှည်းကူး ရကတ-၂ တပ်ရင်းကို ထပ်မံ ပို့ဆောင်ခံလိုက်ရပြန်ပါတယ်။

    ကိုအောင်ပိုင်ဟာ ၁၇ နှစ်သာရှိသေးပေမယ့် ဖမ်းဆီးခံရချိန်မှာတော့ စစ်ကောင်စီတပ်တွေက အသက်မေးမြန်းခြင်းလည်း မရှိသလို နာမည်တောင် မေးခဲ့တာမျိုး မရှိခဲ့ပါဘူး။

    “ကျနော် စုဆောင်းရေးတပ်ကိုရောက်ပြီး သိပ်မကြာဘူး။ လဝကရုံးကို သွားပြီး သွေးတွေစစ်ပြီး မှတ်ပုံတင် တစ်ခါတည်း ရိုက်ပေးတယ်။ တကယ့်အသက်က ၁၇ ပါ..သူတို့ကတော့ အသက် ၁၉နှစ်နဲ့ ထည့်ပေးလိုက်တယ်။ မှတ်ပုံတင်ကတော့ ထွက်ပြေးလာတော့ သူတို့ဆီပဲ ကျန်ခဲ့ပြီ။” လို့ ဆိုပါတယ်။

    အဲဒီလို အသက်ခိုးပြီး မှတ်ပုံတင်ရိုက်ရတာဟာ ကိုအောင်ပိုင်တစ်ယောက်တည်းတော့ မဟုတ်ခဲ့ပါဘူး။ ကိုအောင်ပိုင်လိုပဲ အသက်လည်းမပြည့် မှတ်ပုံတင်လည်း မရှိတဲ့သူတွေအားလုံးကို စစ်ကောင်စီက အသက်ပြည့်ကြောင်း မှတ်ပုံတင်တွေ ပြုလုပ်ပေးခဲ့ပြီး အသက်မပြည့်သေးဘဲ ဖမ်းခဲ့တဲ့ မှတ်ပုံတင် ရှိပြီးသားသူတွေကိုတော့ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

    ကိုအောင်ပိုင်ဟာ ရကတ-၂ တပ်ရင်းမှာ ၃လ (၁၂ ပတ်) ပြည့်အောင် စစ်သင်တန်း တက်ခဲ့ရပြီး သူတက်ခဲ့တဲ့ စစ်သင်တန်းကျောင်းမှာ အသက် ၁၈ လို့ ပြောကြပေမယ့် အသက်ငယ်သေးပုံပေါ်တဲ့ ကောင်လေး အယောက် ၂၀ လောက်ကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

    “သူတို့ကိုယ် သူတို့တော့ ၁၈ လို့ပြောတာပဲ။ အကောင်လေးတွေက သေးသေးလေးတွေ ကလေးလေးတွေ ကျနေတာပဲ။ “ လို့ ဆိုပါတယ်။

    အခြေခံစစ်သင်တန်းကို တက်ရောက်ပြီးတဲ့ နောက်မှာတော့ ကိုအောင်ပိုင်ဟာ စစ်သင်တန်းကျောင်းမှာ ခင်မင်ခဲ့တဲ့ ဧရာဝတီသားလည်းဖြစ်တဲ့ ကိုနိုင်လင်းထက် (အမည်လွှဲ) (အသက် ၂၀ နှစ်)နဲ့ အတူတူ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပုခုက္ကူနယ်မြေ တပ်မ ၁၀၁ မှာ တာဝန်ကျခဲ့တာ ဖြစ်ပါတယ်။

    ကိုနိုင်လင်းထက် (အမည်လွှဲ) ကတော့ စစ်မှုထမ်းဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အိမ်မှာ လာရောက်ခေါ်ဆောင်သွားပြီးနောက် မြောင်းမြ ၉၃၊ အဲဒီကနေတဆင့် ရန်ကုန် လှည်းကူး ရကသ -၂ တပ်ရင်းကို အပို့ခံလိုက်ရပြီး ကိုအောင်ပိုင်နဲ့ အတူတူ စစ်သင်တန်း တက်ရောက်ခဲ့သူပါ။

    ကိုနိုင်လင်းထက်က စစ်သင်တန်းကျောင်းမှာ ခင်မင်ခဲ့တဲ့ တခြား သူငယ်ချင်းတစ်ယောက်ဆီက ရတဲ့ အဆက်အသွယ်နဲ့ ပြည်သူ့ရင်ခွင်ထံကို သူတို့ ထွက်ပြေးလာမယ်ဆိုတဲ့အကြောင်း ကြိုတင် ဆက်သွယ်ထားပြီး ဒီဇင်ဘာလ ၇ ရက်နေ့ ညနေပိုင်းမှာတော့ သူတို့ ၂ယောက် ထွက်ပြေးလာခဲ့တာ ဖြစ်ပါတယ်။

    “အဲဒီညနေက ဘောလုံးပွဲရှိတော့ သွားကြတာ။ အဲ့မှာ ကျနော်တို့ ၂ယောက်လည်း တိုင်ပင်ပြီး ၄နာရီ ကျော်ကျော်လောက်မှာ အနောက်ဘက်မှာ သေးသွားပေါက်မယ်ဆိုပြီး တပ်နောက်ကျောကနေ ကျော်ပြီး ပြေးလာခဲ့တာပဲ။ ကျနော်တို့ ပြေးလာတာကို သူတို့က မသိကြဘူး။ ၅နာရီ တန်းစီချိန်ရောက်တော့မှ ဖုန်းတွေ ခဏခဏ ခေါ်တယ်။ ကျနော်တို့လည်း မကိုင်တော့ဘူး” လို့ ကိုအောင်ပိုင်က ဆိုပါတယ်။

    သူတို့ ၂ယောက်လုံးဟာ ရကသ-၂ မှာ သင်တန်းတူတူ တက်စဉ်ကတည်းက ထွက်ပြေးဖို့ကို စဉ်းစားထားကြပေမယ့် တာဝန်ကျတဲ့ တပ်မ ၁၀၁ ကိုရောက်ပြီး ၆ ရက်အကြာမှာ ထွက်ပြေးလွတ်မြောက် လာခဲ့တာ ဖြစ်ပါတယ်။

    သူတို့ ၂ယောက်နည်းတူ စစ်သင်တန်းက အရမ်းပင်ပန်းတာကြောင့် ထွက်ပြေးသူတွေရှိခဲ့ပေမယ့် သင်တန်း(ခြံ)ဝင်းက အရမ်းကြီးလွန်းတာကြောင့် မလွတ်မြောက်ခဲ့သူတွေလည်း ရှိခဲ့ပါတယ်။

    “ပြန်မိရင် အရိုက်ခံရတယ်။ ဥပမာ သင်တန်းသား အယောက် ၂၀၀ ရှိရင် အချက်ပေါင်း ၂၀၀ အရိုက်ခံရတယ်။ သင်တန်းဆရာတွေက ထိုးတာ ကြိတ်တာတွေ ရှိပါတယ်။ ကျနော်ကတော့ လှည်းကူးမှာ သင်တန်းတက်နေရင်းနဲ့ပဲ ခင်ခဲ့တဲ့ တခြားသူငယ်ချင်းတစ်ယောက်ဆီကနေ ပြည်သူ့ရင်ခွင်က အစ်ကိုနဲ့ စကားပြောဖြစ်တယ်။ ပြီးတော့ အဲဒီအစ်ကိုကနေ တဆင့် ချိတ်ပေးလို့ အခုနေရာကို ရောက်လာခဲ့တာပါ” လို့ ကိုနိုင်လင်းထက်က ဆိုပါတယ်။

    သူတို့ ၂ယောက်ဟာ ကျန်ခဲ့တဲ့ မိသားစုတွေနဲ့ အတူတူ ပြန်နေချင်တဲ့ စိတ်ဆန္ဒတစ်ခုတည်းကြောင့် ထွက်ပြေးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ ဆက်သွယ်ချိတ်ဆက်မှုနဲ့အတူ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံမှာ ခိုလှုံလျက်ရှိတယ်လို့ သိရပါတယ်။

    ဘယ်ပုံ – အောင်ပိုင် (အမည်လွှဲ) အသက် ၁၇ နှစ်

    ညာပုံ – ကိုနိုင်လင်းထက် (အမည်လွှဲ) အသက် ၂၀ နှစ်

  • မတရားစစ်မှုထမ်းစုဆောင်းခံရသူများ စစ်တပ်မှစွန့်ခွာနိုင်ရေး ကူညီပေးမည်ဟု ပြည်သူ့ရင်ခွင်အဖွဲ့ ထုတ်ပြန်

    မတရားစစ်မှုထမ်းစုဆောင်းခံရသူများ စစ်တပ်မှစွန့်ခွာနိုင်ရေး ကူညီပေးမည်ဟု ပြည်သူ့ရင်ခွင်အဖွဲ့ ထုတ်ပြန်

    အာဏာသိမ်းစစ်ကောင်စီ၏ မတရားစစ်မှုထမ်းစုဆောင်းခံရသူများ စစ်တပ်မှ စွန့်ခွာနိုင်ရေး ကူညီဆောင်ရွက်ပေးမည်ဟု ပြည်သူ့ရင်ခွင် – People’s Embrace က ထုတ်ပြန်ကြေညာသည်။

    နိုင်ငံတစ်ဝန်းလုံးတွင် စစ်ရှုံးနေသောစစ်ကောင်စီက လူငယ်များအား ရုပ်ပျက်ဆင်းပျက် မတရားစုဆောင်းဖမ်းဆီး၍ စစ်မှုထမ်းစေသည့် ဖြစ်စဉ်များမြင့်တက်နေကြောင်း၊ မတရားစစ်မှုထမ်းစုဆောင်းခံရသူများအနက် ပြည်သူ့ရင်ခွင်သို့ လာရောက်ဆက်သွယ် အကူအညီ တောင်းခံမှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ EROs များနှင့် မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများပူးပေါင်း၍ ခေါ်ထုတ်ကယ်ဆယ်ခဲ့သော မတရားစစ်မှုထမ်း စုဆောင်းခံရသူများတွင် အသက်မပြည့်သော ကလေးသူငယ်များထိ ပါဝင်နေသည်ကို တွေ့ရှိရကြောင်း ပြည်သူ့ရင်ခွင် – People’s Embraceက အသိပေးသည်။

    ပြည်သူလူထုအများစုသည် မိမိတို့၏ ရင်သွေးများအပါအဝင် ချစ်ခင်တန်ဖိုးထားရသူများအား စစ်ကောင်စီတပ်က မတရားစုဆောင်းဖမ်းဆီးသွားသော်လည်း မည်သည့်အဖွဲ့အစည်းသို့ ဆက်သွယ် တိုင်ပင်ရမည်ကို မသိသောကြောင့် ကယ်တင်ပေးနိုင်သောအခြေအနေတွင်ရှိသည့် လူငယ်များသည် စစ်ကောင်စီ ယူနီဖောင်းများဝတ်ဆင်လျက်ဖြင့် အကြောင်းမဲ့ သိက္ခာမဲ့စွာ အသက်ဆုံးရှုံးနေရသည်ဟု ပြည်သူ့ရင်ခွင် – People’s Embraceက ထပ်မံအသိပေးသည်။

    ထို့ကြောင့် မတရားစစ်မှုထမ်းစုဆောင်းခံရသူများသည် ကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်များမှတဆင့် ဖြစ်စေ၊ ရင်းနှီးသူမိတ်ဆွေများမှ တဆင့်ဖြစ်စေ ပြည်သူ့ရင်ခွင်သို့ လာရောက်ဆက်သွယ် တိုင်ပင်နိုင်ပြီး စစ်ကောင်စီတပ်အား လက်နက်ဖြင့်၊လက်နက်မဲ့ စွန့်ခွာနိုင်ရေး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်သူ့ရင်ခွင် – People’s Embrace က အသိပေးသည်။

    ပြည်သူ့ရင်ခွင်အနေဖြင့် စစ်ရေးတင်းမာမှုနှင့် နယ်မြေအခြေအနေအရ လာရောက်ဆက်သွယ်သော လူငယ်တိုင်းအား ရာနှုန်းပြည့် ကယ်တင်ပေးနိုင်ခြင်းမရှိကြောင်း၊ သို့ရာတွင် ကယ်တင်နိုင်မည့်အခွင့်အရေးရှိပါက အကောင်းဆုံးကြိုးစားကယ်တင် ပေးသွားမည်ဖြစ်ကြောင်း ထပ်မံအသိပေးထားသည်။

    စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ အတည်ပြုခဲ့သည့် ယခုနှစ် ဖေဖော်ဝါရီအတွင်းကပင် ပြည်သူ့ရင်ခွင်သို့ ဆက်သွယ်တိုင်ပင်သူ သောင်းဂဏန်းရှိကြောင်း ပြည်သူ့ရင်ခွင်၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “ကျနော်တို့မှာ နိုင်ငံအနှံ့နေရာတော်တော်များများကို ချိတ်ဆက်ကယ်တင်နိုင်စွမ်းရှိပါတယ်။

    ဘယ်ကို ဆက်သွယ်ရမယ်ဆိုတာကို ပြည်သူလူကို ထပ်သိစေချင်တာပါ။ မသိသေးသူတွေကိုလည်း သိစေအောင်လက်ဆင့်ကမ်း အသိပေးပေးဖို့ပါ။”ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

    ပြည်သူ့ရင်ခွင်အဖွဲ့သည် စစ်ကောင်စီတပ်နှင့် ရဲအဖွဲ့အစည်းမှ စွန့်ခွာလိုသူများအတွက် ကူညီဆောင်ရွက်ပေးနေသော တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။ NUG၊ MOD၏ မိတ်ဖက်အဖွဲ့အစည်းအနေဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံခြင်းဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းလုပ်ဆောင်နေသည်။

    စစ်ကောင်စီသည် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်းတို့မှ ၎င်းတို့ထိန်းချုပ်ဒေသများတွင် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ဖမ်းဆီးမှုများရှိနေသည်။

    မန္တလေးမြို့တစ်မြို့တည်းမှာပင် ဒီဇင်ဘာ ၁ ရက်မှ ၉ ရက်အတွင်း နေအိမ်များနှင့် လမ်းမပေါ်တို့၌ လူငယ်များအား စစ်ကောင်စီတပ်က စစ်မှုထမ်းရန် လိုက်လံဖမ်းဆီးခဲ့ရာ လူငယ် ၄၁ ဦး ဖမ်းဆီးခံရကြောင်း Voice Of Mandalay အဖွဲ့က ထုတ်ပြန်ထားသည်။

    “အဖမ်းအဆီးသတင်းတွေကြားလို့ ညနေ ၆နာရီကျော်ရင် အိမ်ရှေ့ကိုထွက်မထိုင်ရဲဘူး။”ဟု မန္တလေးမြို့မြောက်ပြင်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

    ဖမ်းဆီးခံရမှုများသည် Voice Of Mandalay မှရရှိသောသတင်းများသာဖြစ်ပြီး မြေပြင်တွင်ယခုထက်ပိုနိုင်ကြောင်း ၎င်းအဖွဲ့က ဆိုသည်။

    အလားတူ ရန်ကုန်မြို့တွင်လည်း စစ်မှုထမ်းရန် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ ရပ်ကွက်ရုံးများနှင့်ဆက်သွယ်ကြရန် စစ်ကောင်စီက ဖိအားပေးနေသည်။

    အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စစ်သားစုဆောင်းပေးနေသည်။ လက်ရှိတွင် စစ်မှုထမ်းသင်တန်း အပတ်စဉ်(၈)ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး လူသစ်စုဆောင်း၍မရသောကြောင့် စစ်ကောင်စီက လိုက်လံဖမ်းဆီးနေခြင်းဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

    တပ်သားသစ်လိုအပ်ချက် ကြီးမားနေသော စစ်ကောင်စီသည် ယခင်လို ငွေညှစ်ပြီး ပြန်လွှတ်ပေးခြင်း၊ ငွေဖြင့် လူစားထိုးခြင်း၊ ရပ်ကျေးများမှ မဲနှိုက်ရွေးချယ်ခြင်းများ မရှိတော့ဘဲ ၎င်းတို့၏ တပ်ရင်းစခန်းများအတွင်းသို့ တိုက်ရိုက်ပို့ဆောင်ပြီး တပ်သားသစ်အဖြစ် စုဆောင်းနေကြောင်း MDY REVOLUTION က အသိပေးထားသည်။

    (စစ်မှုထမ်းရန် စုဆောင်းခံရသူများအား မေလအတွင်းက တွေ့ရစဥ်။ဓာတ်ပုံ – စကစ)

  • အမ်း နပခ ဝန်းထဲအထိ AA ထိုးဖောက်တိုက်ခိုက်နေ၍ တိုင်းမှူးနှင့် ဒုတိုင်းမှူးထွက်ပြေး

    အမ်း နပခ ဝန်းထဲအထိ AA ထိုးဖောက်တိုက်ခိုက်နေ၍ တိုင်းမှူးနှင့် ဒုတိုင်းမှူးထွက်ပြေး

    ရခိုင်ပြည် အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား အာရက္ခတပ်တော် AA က ခြံဝန်းအထိ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နေ၍ တိုင်းမှူးများနှင့် ကိုယ်ရေးအရာရှိများအားလုံး ထွက်ပြေးသွားကြပြီဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

    အာရက္ခတပ်တော် AA သည် အမ်းမြို့ထဲက လေဆိပ်၊ ဌာနဆိုင်ရာရုံးများအားလုံးနှင့် တပ်ရင်းတပ်စခန်း ၃၀ ကျော်ကို သိမ်းပိုက်ပြီး မြို့ပေါ်ကို ဒီဇင်ဘာ ၆ ရက်နေ့က ထိန်းချုပ်ပြီးနောက် နပခ ရုံးရှိရာ ခြံဝန်းမှ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

    အမ်းမြို့ပေါ်ကို အာရက္ခတပ်တော် AA က အပြည့်အဝထိန်းချုပ်ပြီးနောက် နပခ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးမှာ တိုက်ပွဲကိုထားပြီး ကျောက်ဖြူမြို့သို့ ထွက်ပြေးသွားခဲ့သည်။

    နပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းမှာလည်း မကွေးမြို့က တပ်မ ၈၈ သို့ ထွက်ပြေးသွားပြီး အမ်းနပခရုံးကို အုပ်ချုပ်ရန် ယာယီအနေဖြင့် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကို တာဝန်လွှဲပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

    “အမ်း နပခ ကို တိုင်းမှူး၊ ဒုတိုင်းမှူးတွေက ထားပြီး ထွက်ပြေးသွားတယ်။ တိုင်းစစ်ဦးစီးအဖြစ် ယာယီခန့်အပ်ခဲ့တဲ့ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းလည်း မနေ့က ထွက်ပြေးသွားပါတယ်။ ဘယ်ကို ထွက်ပြေးသွားတာလဲဆိုတော့ အတိအကျ မသိရဘူး။ စစ်လေယာဉ်နဲ့ ထွက်ပြေးသွားတာ။” ဟု ပြောသည်။

    လက်ရှိတွင် စစ်ကောင်စီ၏ နပခရုံးနှင့် မြေပြင်တပ်မှူးများကို တိုင်းမှူးများက ပြင်ပကနေ ကွက်ကဲညွှန်ကြားနေကြောင်းနှင့် AA ထိုးစစ်အရှိန် ပြင်းထန်မှုကြောင့် စစ်ကောင်စီ၏ နပခ တပ်သား အများအပြားကျဆုံးမှုရှိကြောင်း သတင်းရင်းမြစ်များက ပြောသည်။

    “အမ်းမှာ နပခ ခြံဝန်း တစ်ခုလောက်ပဲ ကျန်တာဆိုတော့ AA ကတော့ လေးဘက်လေးတန် ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေတယ်။ စစ်ကောင်စီက လေကြောင်းက ပစ်ကူပေးနေတာတော့ရှိတယ်။ ဒါပေမယ့် AA ထိုးစစ်က ရပ်မနေဘဲ တော်တော်လေးကို တိုက်ပွဲက ပြင်းထန်နေကြတာ။ မျက်နှာချင်းဆိုင် တိုက်ခိုက်နေကြတာဖြစ်တယ်။ စစ်ကောင်စီဖက်က အသေအပျောက်များတယ်လို့ သိထားတယ်။ မြေပြင်စစ်ကူက စစ်ကောင်စီမှာ လုံးဝ ပို့နိုင်တဲ့ အနေအထားမရှိဘူး။ လေကြောင်းလည်းက ဟန့်တားမှုတွေ ခံနေရတော့ အမ်း နပခ ရုံးကတော့ အခြေအနေ သိပ်မကောင်းတော့ဘူး။” ဟု ပြောသည်။

    ဒီဇင်ဘာလ ၆ ရက်နေ့ကတည်းက အမ်းမြို့ပေါ်ကို ထိန်းချုပ်ပြီးနောက် အမ်း နပခ တိုင်းမှူးနေအိမ်၊ ဒုတိုင်းမှူးနေအိမ်နှင့် တိုင်းစစ်ဦးစီးချုပ်အဖြစ် ယာယီခန့်အပ်ခြင်းခံခဲ့ရသည့် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ နေအိမ်များကို အာရက္ခတပ်တော် AA က ချိပ်ပိတ်လိုက်ပြီဟု သိရသည်။

    အခြားသော စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ၏ နေအိမ်များလည်းကို ချိပ်ပိတ်ထားကြောင်းနှင့် စစ်ကောင်စီနှင့် နီးစပ်သည့် စီးပွားရေးဆိုင်ရာ လုပ်ငန်းများကိုလည်း စစ်ဆေးနေကြကြောင်း သတင်းရင်းမြစ်များက ပြောသည်။

    အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အာဏာသိမ်း စစ်ကောင်စီသည် လေကြောင်းပစ်ကူများကို ယခင်ထက် နှစ်ဆက်တိုးမြှင့်တိုက်ခိုက်နေသလို မြေပြင်ထိုးစစ်ကိုလည်း မကွေးဘက်က ပို့ပြီး တရုတ် ဓာတ်ငွေ့ပိုက်လိုင်းများကို အကာအကွယ်ယူကာ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

    အာရက္ခတပ်တော် AA သည် ရခိုင်ပြည်ထဲက မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တော၊ ရမ်းဗြဲနှင့် ချင်းပြည်နယ်ထဲက ပလက်ဝမြို့ကို အပြည့်အဝ သိိမ်းပိုက်ထိန်းချုပ်ထားသည်။

    တိုက်ပွဲပြင်းထန်နေသော အမ်း၊ တောင်ကုတ်၊ ဂွ မြို့တို့တွင်လည်း တောင်ကုတ်မြို့ပေါ်နှင့် အမ်းမြို့ပေါ်တို့ကို AA က ထိန်းချုပ်သိမ်းပိုက်ထားကြောင်း ထုတ်ပြန်ထားသည်။

    တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မြို့တို့တွင်လည်း အာဏာသိမ်း စစ်ကောင်စီတပ်ရင်းတပ်စခန်းများကို အာရက္ခတပ်တော် AA က ဝိုင်းဝန်းပိတ်ဆို့ထားပြီး စစ်ရေးအရ တန့်လှပ်ထားကြောင်း သိရသည်။

  • ဗိုလ်မှူးချုပ် သူရိန်ထွန်း၏ ပထမ ဝန်ခံချက်

    ဗိုလ်မှူးချုပ် သူရိန်ထွန်း၏ ပထမ ဝန်ခံချက်

    “ကျနော်တို့က ရိက္ခာ နဲ့ အင်အား လိုအပ်ချက်တွေများလာလို့အာဆာ အာအက်စ်အို အေအာအေ အကြမ်းဖက်အဖွဲ့က ကူတိုက်ပေးဖို့ လက်နက် ၁၂၄ လက်၊ လောင်ချာ ၁၂ လက်၊ ခဲယမ်း ကျည်ဆံ ၇၅၀၀၊ RPG လောင်ချာဗုံးသီး ၈၄ လုံး၊ မြေမြုပ်မှိုင်း ၅၂ လုံးတို့ကို သူတို့ထံ ပေးအပ်ခဲ့သလို၊ ဆန်အိန် ၄၂ အိတ်၊ ပဲ ၉ အိတ် တို့ကိုလည်းပေးခဲ့ပါတယ်”လို့ ပထမဆုံး ဝန်ခံပါတယ်။

    သူရိန်ထွန်းနှင့်အတူ ဖမ်းဆီးရမိသော အာဆာအကြမ်းဖက်အဖွဲ့မှ တာဝန်ခံ နှစ်ဉီးအား မေးမြန်းစစ်ဆေးရာမှာလဲ တထပ်တည်း ဝန်ခံထားပါတယ်။

    ဒုတိယအချက်ကတော့ မောင်တော တောင်ကုတ် ဒေသက ရခိုင် အရပ်သားများကို ရသလောက် ပြန်ပေးဆွဲပြီး အာရက္ခ တပ်တော် အဆိုပါဒေသက ပြန်လည်ဆုတ်ခွာရန် ဖိအားပေးဖို့လည်း အစီစဉ်တွေ ချမှတ်ခဲ့သလို ရခိုင်အရပ်သားများအား အလစ်ငိုက်ဖမ်းဆီးရန်
    မြန်မာ စစ်တပ်ကပဲ အဝင်အထွက် လမ်းကြောင်းများကို ပြုလုပ် ပူးပေါင်းပေးခဲ့ကြောင်း သိရသည်။

  • လက်နက်ကိုင်နည်းလမ်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်နေကြတယ်လို့ စစ်ခေါင်းဆောင်ပြော

    လက်နက်ကိုင်နည်းလမ်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်နေကြတယ်လို့ စစ်ခေါင်းဆောင်ပြော

    တိုင်းရင်းသားပြည်သူတွေရဲ့ လူ့အခွင့်အရေးတွေကို လက်နက်ကိုင်နည်းလမ်းတွေနဲ့ ချိုးဖောက်နေကြတာလို့ စစ်ရာဇဝတ်မှုများစွာ ကျူးလွန်နေတဲ့ စစ်တပ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောပါတယ်။

    ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အ ခမ်းအနားမှာ စစ်ခေါင်းဆောင်က နိုင်ငံအတွင်း တည်ငြိမ်မှုပျက်ပြား‌အောင် လုပ်ဆောင်နေတာဟာ တိုင်းရင်းသားပြည်သူတွေရရှိမယ့် လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတွေကို ပျက်ပြားအောင် ဖျက်ဆီးနေတာလို့ ဆိုပါတယ်။

    မွန်ပြည်ကာကွယ်ရေးတပ် MSDF တပ်မှူး ဒေါက်တာသီရိမွန်ချမ်းက အာဏာသိမ်းပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတာဟာ စစ်ကောင်စီဆိုတာ အားလုံးကသိနေကြတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့သူတွေကို အပြစ်ပုံချတဲ့သဘောလို့ ပြောပါတယ်။

    “စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုခံရတဲ့ တိုင်းရင်းသားပြည်သူတွေကိုပြန်ပြီး အ ပြစ်ပုံချတဲ့သဘောပါပဲ။ သူတို့ရေးဆွဲထားတဲ့ အခြေခံဥပဒေကိုချိုးဖောက် လက်နက်အားကိုး အာ ဏာသိမ်းပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတာက စစ်ကောင်စီဆိုတာ တစ်တိုင်းပြည်လုံးရော တစ်ကမ္ဘာလုံးကပါ အတိအလင်းသိနေကြတယ်။ ဒါကြောင့်မို့ ၂၀၂၁ ဖေဖော်ဝါရီလကနေ ဒီကနေ့အထိ တိုင်းရင်းသားပြည်သူတွေရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ပြီး လွတ်လပ်ခွင့်ပျက်ပြားအောင် လုပ်ဆောင်နေတဲ့ အဓိကတရားခံက မင်း‌အောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီပါ”လို့ ဆိုပါတယ်။

    ဩဂုတ်လမှာ ထုတ်ပြန်ခဲ့တဲ့ IIMM ရဲ့ အစီရင်ခံစာအရ မြန်မာစစ်တပ်ဟာ နိုင်ငံတဝန်းမှာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ပိုမိုပြင်းထန်စွာ ကျူးလွန်နေတဲ့ အထောက်အထား အများအပြားရှိတယ်လို့ ဆိုထားပါတယ်။

    မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် အာဏာသိမ်းမှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း ဒီမိုကရေစီစနစ် ထွန်းကားခဲ့ပေမယ့် မဲမသမာမှုစွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်ကတစ်ကျော့ပြန် အာဏာသိမ်းယူခဲ့ပါတယ်။

    အဲဒီနောက်ပိုင်း လူ့အခွင့်အရေးအခြေအနေဟာ ပိုမိုဆိုးရွားလာခဲ့ပြီး စစ်ကောင်စီတပ်ဟာ အရပ် သားတွေကို လက်နက်ကိုင်တိုက်ခိုက်တာ၊သတ်ဖြတ်တာ၊အစုလိုက်အပြုံလိုက် ဖမ်းဆီးချုပ်နှောင်တာ၊ညှဉ်းပန်းနှိပ်စက်တာစတာတွေကို ဆက်တိုက်ကျူးလွန်လာပါတယ်။

    ISP Myanmar ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း အရပ်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ အစုအပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ် ၆၅ ခုထက်မနည်း ရှိခဲ့ပြီး အရပ် သား ၁,၃၀၇ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ အောက်တိုဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

    လူ ၁၀ ဦးနဲ့အထက် အစုအပြုံလိုက် သတ်ဖြတ်ခံရမှုတွေထဲက ၉၂ ရာခိုင်နှုန်းကို ပျူစောထီးအပါအ ဝင် စစ်ကောင်စီတပ်တွေနဲ့ သစ္စာခံတပ်တွေက ကျုးလွန်ခဲ့ကြတာပါ။ ဖြစ်စဉ်အနေနဲ့ ၆၀ ခုထက်မ နည်းရှိခဲ့ပြီး အရပ်သား ၁,၂၁၀ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

    ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ KHRW တာဝန်ရှိသူတစ်ဦးက စစ်ကောင်စီဟာ ပြည်သူတွေနေတဲ့နေရာတွေမှာ ဗုံးကြဲတာ ပစ်ခတ်တာနဲ့ မတရားဖမ်းဆီးသတ်ဖြတ်တာတွေ အမြဲတမ်းလုပ် ဆောင်နေတာလို့ ပြောပါတယ်။

    “စစ်ကောင်စီကတော့ ပြည်သူလူထုအပေါ်မှာ တိုက်လေယာဉ် ဗုံးကြဲချတာ၊ စစ်ရှောင်တွေနေတဲ့ စခန်းတွေမှာ စောင့်ကြည့်တာမျိုး။ ပြည်သူတွေ နေတဲ့နေရာတွေမှာ လက်နက်ဗုံးကြဲတိုက်ခိုက်တာတွေ အမြဲတမ်းရှိပါတယ်။ ပြီးတော့ မတရားဖမ်းဆီးတာတွေ အမျိုးသမီးတွေကို အကြမ်းဖက်တာတွေပေါ့။ မတရား သတ်ဖြတ်တာတွေ လည်း အမြဲတမ်း ရှိပါတယ်။ ဒီ ၂ နှစ် ၃ နှစ် ၄ နှစ်ကာလအတွင်းမှာ သူကတော့ အမြဲတမ်းလုပ်ဆောင်နေပါတယ်” လို့ ဆိုပါတယ်။

    စစ်ကောင်စီကတော့ နိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူတွေရဲ့ အခွင့်အရေးတွေ တန်းတူညီမျှရေးနဲ့ ငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသလို ရွေး‌ကောက်ပွဲ ကျင်းပနိုင်ရေး အလေးထားလုပ်ဆောင်နေတယ်လို့ ဝါဒဖြန့်ပါတယ်။

    ငြိမ်းချမ်းသာယာမှုနဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ပြီး လူ့အခွင့်အရေးစံနှုန်းမြင့်မားတဲ့ နိုင်ငံဖြစ် လာဖို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေနဲ့ စစ်ကောင်စီနဲ့အတူ လက်တွဲပူးပေါင်းသွားကြဖို့ စစ်ခေါင်းဆောင်က တိုက်တွန်းခဲ့ပါတယ်။

    တစ်ဘက်မှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် သူ့ကို ဖမ်းဝရမ်းထုတ်ပေးဖို့ နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC ရှေ့နေက လျှောက်တင်ထားတာပါ။

    ဒီအပေါ် လူ့အခွင့်အရးချိုးဖောက်မှုတွေကို အမြန်ဆုံးရပ်တန့်ဖို့ စစ်ကောင်စီကို ICC ကဖမ်းဝရမ်း ထုတ်ပြန်ပြီး ချက်ချင်းအရေးယူဆောင်ဖို့အချိန်ရောက်ရှိကြောင်း ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ KHRW က ထောက်ပြပါတယ်။

    အလားတူ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ကလည်း နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အားလုံး အဆုံးသတ်ဖို့ လူ့အခွင့်အရေးနဲ့ မြန်မာပြည်သူတွေရဲ့ အနာဂတ်ကို အကာအကွယ်ပေးဖို့ တောင်းဆိုထားပါတယ်။