Category: News

  • လက်နက်ကိုင်နည်းလမ်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်နေကြတယ်လို့ စစ်ခေါင်းဆောင်ပြော

    လက်နက်ကိုင်နည်းလမ်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်နေကြတယ်လို့ စစ်ခေါင်းဆောင်ပြော

    တိုင်းရင်းသားပြည်သူတွေရဲ့ လူ့အခွင့်အရေးတွေကို လက်နက်ကိုင်နည်းလမ်းတွေနဲ့ ချိုးဖောက်နေကြတာလို့ စစ်ရာဇဝတ်မှုများစွာ ကျူးလွန်နေတဲ့ စစ်တပ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောပါတယ်။

    ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အ ခမ်းအနားမှာ စစ်ခေါင်းဆောင်က နိုင်ငံအတွင်း တည်ငြိမ်မှုပျက်ပြား‌အောင် လုပ်ဆောင်နေတာဟာ တိုင်းရင်းသားပြည်သူတွေရရှိမယ့် လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတွေကို ပျက်ပြားအောင် ဖျက်ဆီးနေတာလို့ ဆိုပါတယ်။

    မွန်ပြည်ကာကွယ်ရေးတပ် MSDF တပ်မှူး ဒေါက်တာသီရိမွန်ချမ်းက အာဏာသိမ်းပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတာဟာ စစ်ကောင်စီဆိုတာ အားလုံးကသိနေကြတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့သူတွေကို အပြစ်ပုံချတဲ့သဘောလို့ ပြောပါတယ်။

    “စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုခံရတဲ့ တိုင်းရင်းသားပြည်သူတွေကိုပြန်ပြီး အ ပြစ်ပုံချတဲ့သဘောပါပဲ။ သူတို့ရေးဆွဲထားတဲ့ အခြေခံဥပဒေကိုချိုးဖောက် လက်နက်အားကိုး အာ ဏာသိမ်းပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတာက စစ်ကောင်စီဆိုတာ တစ်တိုင်းပြည်လုံးရော တစ်ကမ္ဘာလုံးကပါ အတိအလင်းသိနေကြတယ်။ ဒါကြောင့်မို့ ၂၀၂၁ ဖေဖော်ဝါရီလကနေ ဒီကနေ့အထိ တိုင်းရင်းသားပြည်သူတွေရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ပြီး လွတ်လပ်ခွင့်ပျက်ပြားအောင် လုပ်ဆောင်နေတဲ့ အဓိကတရားခံက မင်း‌အောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီပါ”လို့ ဆိုပါတယ်။

    ဩဂုတ်လမှာ ထုတ်ပြန်ခဲ့တဲ့ IIMM ရဲ့ အစီရင်ခံစာအရ မြန်မာစစ်တပ်ဟာ နိုင်ငံတဝန်းမှာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ပိုမိုပြင်းထန်စွာ ကျူးလွန်နေတဲ့ အထောက်အထား အများအပြားရှိတယ်လို့ ဆိုထားပါတယ်။

    မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် အာဏာသိမ်းမှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း ဒီမိုကရေစီစနစ် ထွန်းကားခဲ့ပေမယ့် မဲမသမာမှုစွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်ကတစ်ကျော့ပြန် အာဏာသိမ်းယူခဲ့ပါတယ်။

    အဲဒီနောက်ပိုင်း လူ့အခွင့်အရေးအခြေအနေဟာ ပိုမိုဆိုးရွားလာခဲ့ပြီး စစ်ကောင်စီတပ်ဟာ အရပ် သားတွေကို လက်နက်ကိုင်တိုက်ခိုက်တာ၊သတ်ဖြတ်တာ၊အစုလိုက်အပြုံလိုက် ဖမ်းဆီးချုပ်နှောင်တာ၊ညှဉ်းပန်းနှိပ်စက်တာစတာတွေကို ဆက်တိုက်ကျူးလွန်လာပါတယ်။

    ISP Myanmar ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း အရပ်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ အစုအပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ် ၆၅ ခုထက်မနည်း ရှိခဲ့ပြီး အရပ် သား ၁,၃၀၇ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ အောက်တိုဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

    လူ ၁၀ ဦးနဲ့အထက် အစုအပြုံလိုက် သတ်ဖြတ်ခံရမှုတွေထဲက ၉၂ ရာခိုင်နှုန်းကို ပျူစောထီးအပါအ ဝင် စစ်ကောင်စီတပ်တွေနဲ့ သစ္စာခံတပ်တွေက ကျုးလွန်ခဲ့ကြတာပါ။ ဖြစ်စဉ်အနေနဲ့ ၆၀ ခုထက်မ နည်းရှိခဲ့ပြီး အရပ်သား ၁,၂၁၀ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

    ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ KHRW တာဝန်ရှိသူတစ်ဦးက စစ်ကောင်စီဟာ ပြည်သူတွေနေတဲ့နေရာတွေမှာ ဗုံးကြဲတာ ပစ်ခတ်တာနဲ့ မတရားဖမ်းဆီးသတ်ဖြတ်တာတွေ အမြဲတမ်းလုပ် ဆောင်နေတာလို့ ပြောပါတယ်။

    “စစ်ကောင်စီကတော့ ပြည်သူလူထုအပေါ်မှာ တိုက်လေယာဉ် ဗုံးကြဲချတာ၊ စစ်ရှောင်တွေနေတဲ့ စခန်းတွေမှာ စောင့်ကြည့်တာမျိုး။ ပြည်သူတွေ နေတဲ့နေရာတွေမှာ လက်နက်ဗုံးကြဲတိုက်ခိုက်တာတွေ အမြဲတမ်းရှိပါတယ်။ ပြီးတော့ မတရားဖမ်းဆီးတာတွေ အမျိုးသမီးတွေကို အကြမ်းဖက်တာတွေပေါ့။ မတရား သတ်ဖြတ်တာတွေ လည်း အမြဲတမ်း ရှိပါတယ်။ ဒီ ၂ နှစ် ၃ နှစ် ၄ နှစ်ကာလအတွင်းမှာ သူကတော့ အမြဲတမ်းလုပ်ဆောင်နေပါတယ်” လို့ ဆိုပါတယ်။

    စစ်ကောင်စီကတော့ နိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူတွေရဲ့ အခွင့်အရေးတွေ တန်းတူညီမျှရေးနဲ့ ငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသလို ရွေး‌ကောက်ပွဲ ကျင်းပနိုင်ရေး အလေးထားလုပ်ဆောင်နေတယ်လို့ ဝါဒဖြန့်ပါတယ်။

    ငြိမ်းချမ်းသာယာမှုနဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ပြီး လူ့အခွင့်အရေးစံနှုန်းမြင့်မားတဲ့ နိုင်ငံဖြစ် လာဖို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေနဲ့ စစ်ကောင်စီနဲ့အတူ လက်တွဲပူးပေါင်းသွားကြဖို့ စစ်ခေါင်းဆောင်က တိုက်တွန်းခဲ့ပါတယ်။

    တစ်ဘက်မှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် သူ့ကို ဖမ်းဝရမ်းထုတ်ပေးဖို့ နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC ရှေ့နေက လျှောက်တင်ထားတာပါ။

    ဒီအပေါ် လူ့အခွင့်အရးချိုးဖောက်မှုတွေကို အမြန်ဆုံးရပ်တန့်ဖို့ စစ်ကောင်စီကို ICC ကဖမ်းဝရမ်း ထုတ်ပြန်ပြီး ချက်ချင်းအရေးယူဆောင်ဖို့အချိန်ရောက်ရှိကြောင်း ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ KHRW က ထောက်ပြပါတယ်။

    အလားတူ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ကလည်း နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အားလုံး အဆုံးသတ်ဖို့ လူ့အခွင့်အရေးနဲ့ မြန်မာပြည်သူတွေရဲ့ အနာဂတ်ကို အကာအကွယ်ပေးဖို့ တောင်းဆိုထားပါတယ်။

  • ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာဘက်မှ ကွန်ဂိုနှင့်အိုင်ယာလန်နိုင်ငံတို့ ပါဝင်လာ

    ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာဘက်မှ ကွန်ဂိုနှင့်အိုင်ယာလန်နိုင်ငံတို့ ပါဝင်လာ

    ICJ တရားရုံးတွင် မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာဘက်မှ ကွန်ဂိုနှင့်အိုင်ယာလန်နိုင်ငံတို့ ပါဝင်လာပြီး ဂမ်ဘီယာနှင့်အတူ ရပ်တည်သော နိုင်ငံပေါင်း ၁၀ ခုရှိလာ

    ကမ္ဘာ့ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ကွန်ဂိုနှင့် အိုက်ယာလန်နိုင်ငံတို့ကပါ ပါဝင်ရန် လျှောက်ထားနေပြီဖြစ်ပြီး ဂမ်ဘီယာနှင့်အတူ ရပ်တည်သော နိုင်ငံပေါင်း ၁၀ ခု ရှိလာကြောင်း ICJ တရားရုံး၏ သတင်းထုတ်ပြန်ချက်နှင့် အိုင်ယာလန်အစိုးရ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

    ဒီဇင်ဘာလ ၁၁ ရက်နေ့ တွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) က တရားလိုဂမ်ဘီယာဘက်မှ ရပ်တည်ပါဝင်ရန် Article 63 အရ လျှောက်ထားလာကြောင်း ICJ တရားရုံးက သတင်းထုတ်ပြန်သည်။

    ထို့ပြင် အိုင်ယာလန်အစိုးရကလည်း ICJ တရားရုံးရောက်ရှိနေသော ဂမ်ဘီယာနှင့်မြန်မာအမှုတွင် ဂမ်ဘီယာဘက်မှ ကြားဝင်ပါဝင် စွက်ဖက်မည်ဖြစ်ကြောင်း အိုင်ယာလန်အစိုးရဘက်က သတင်းထုတ်ပြန်သည်။

    မူလကတည်းက တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ပါဝင်ခွင့်ပြုထားသော နိုင်ငံ ၈ ခု ရှိနေပြီဖြစ်ပြီး ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်၊ ဆလိုဗေးနီးယားနှင့် မော်လ်ဒိုက်တို့ဖြစ်ကြောင်း၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) နှင့် အိုင်ယာလန်တို့ပါ ဂမ်ဘီယာဘက်မှ တရားဝင် ပါဝင်လာပါက စုစုပေါင်း မြန်မာကို ICJ တရားရုံးတွင် ဂမ်ဘီယာအပါအဝင် တရားစွဲဆိုထားသော ပြည်ပနိုင်ငံပေါင်း ၁၁ ခုရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။

    မွတ်စလင်အများစုနေထိုင်သည့် အနောက်အာဖရိကနိုင်ငံဖြစ်သည့် ဂမ်ဘီယာက မြန်မာနိုင်ငံရှိ လူနည်းစုမွတ်စလင်အုပ်စုဖြစ်သည့် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သည်ဟု စွပ်စွဲကာ ICJ တွင် မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်တွင် တရားစွဲဆိုခဲ့ကြောင်း သိရှိရသည်။

    မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ၇၃၀,၀၀၀ ဦးကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်းထုတ်ခဲ့သည့် ၂၀၁၇ ခုနှစ် စစ်ရေးလှုပ်ရှားမှုတွင် “လူမျိုးတုံးသတ်ဖြတ်မှု” ပါဝင်ကြောင်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က ကောက်ချက်ချခဲ့သည်။

    မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုကို ငြင်းဆိုထားပြီး ကုလသမဂ္ဂ၏ တွေ့ရှိချက်များကို “ဘက်လိုက်မှုနှင့် ချို့ယွင်းချက်” အဖြစ် ငြင်းဆိုထားပြီး စစ်တပ်က ၎င်း၏ ဖြိုခွင်းမှုမှာ ရိုဟင်ဂျာ သူပုန်များကို တိုက်ခိုက်ရန် ရည်ရွယ်သည်ဟု ထုတ်ပြန်ပြောဆိုထားသည်။

    ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တရားစွဲမှုအပေါ် မြန်မာ၏ကန့်ကွက်ချက်ကို ကမ္ဘာ့တရားရုံးက ပယ်ချခဲ့ပြီး အမှုကို ဆက်လက်ကြားနာစစ်ဆေးနေဆဲဖြစ်သည်။

    ဓာတ်ပုံ- ICJ တရားရုံး၏ တရားစီရင်မှု မြင်ကွင်းတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

  • ဗန်းမော်မြို့ ဧရိယာ အများစု KIA ထိန်းချုပ်၊ စကခ(၂၁)နှင့် ခလရ(၄၇)ကိုဆက်လက်ခိုက်​နေ

    ဗန်းမော်မြို့ ဧရိယာ အများစု KIA ထိန်းချုပ်၊ စကခ(၂၁)နှင့် ခလရ(၄၇)ကိုဆက်လက်ခိုက်​နေ

    ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်များက ဗန်းမော်မြို့သိမ်း တိုက်ပွဲဆင်နွှဲလျက်ရှိရာ မြို့ဧရိယာ အများစုကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ကချင်စစ်​ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

    ဒီဇင်ဘာ ၄ ရက်မှစတင်၍ ဗန်းမော်မြို့သိမ်းတိုက်ပွဲနှင့် မံစီ မြို့နယ်ရှိ စစ်ကောင်စီ လက်ကျန်စခန်းများကို KIAနှင့် မဟာမိတ်တပ်များက တပြိုင်တည်း ထိုးစစ်ဆငိတိုက်ခိုက်နေခြင်းဖြစ်သည်။မြို့သိမ်းတိုက်ပွဲ ၉ ရက်ရှိလာချိန်တွင်စစ်ကောင်စီတပ်စွဲရာနေရာအများအပြားကို KIAက သိမ်းပိုက်ထားနိုင်ပြီဖြစ်​ကြောင်း စုံစမ်းသိရသည်။

    “မြို့တွင်း ၇၅ရာခိုင်နှုန်းလောက်ပဲ သိမ်းနိုင်သေးတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ဗန်းမော်မြို့ရဲ့ အဓိက စကခ(၂၁)နဲ့ ခလရ(၄၇) တော့ ဝင်ရောက်နိုင်တာ မကြားသေးပါဘူး။ တိုက်ပွဲ ဆက်ဖြစ်နေဆဲ။ မြေပြင် အခြေအနေကို စောင့်ကြည့်နေဆဲပါ” ဟု ကချင်စစ်ရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။

    အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တဦးကလည်း ဒီဇင်ဘာ ၁၁ရက် တိုက်ပွဲတွင် KIA သိမ်းပိုက်ထားပြီးဖြစ်သည့် ဗန်းမော် တက္ကသိုလ်မှ ရှေ့ဆက်တိုးနိုင်ခဲ့ပြီး ၊မြို့တွင်း အောင်မြေချဲ့နေဗကာ စစ်သုံ့ပန်းနှင့် လက်နက်များထပ်မံရရှိခဲ့ကြောင်း ဖော်ပြသည်။ ၎င်းက ဗန်​မော်မြို့သိမ်းတိုက်ပွဲအ​ခြေအ​နေကို​နေ့စဥ် ​အသိ​ပေး​နေခြင်းဖြစ်သည်။

    ဒီဇင်ဘာ ၁၀ရက် တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ် ခြေကုပ် ယူထားသည့် နေရာ ၈နေရာကိုသိမ်းထားနိုင်ခဲ့ပြီး စစ်ကောင်စီ ခြေကုပ်ယူရာ ဟိုတယ်အချို့ကိုလည်း ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု အထက်ပါစစ်​ရေးရင်းမြစ်ကဆိုသည်။

    ဗန်းမော်-မိုးမောက်ကြားတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ အလောင်းနှင့်ခဲယမ်းများ ရရှိခဲ့ဟုလည်း သိရသည်။

    KIA အနေဖြင့် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေစဉ် တရုတ်အစိုးရသည် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကို တရုတ်နိုင်ငံ ကူမင်းမြို့သို့ ဖိတ်ခေါ်ပြီး ဆွေးနွေးခဲ့သည်။KIO ဥက္ကဋ္ဌ၏ တရုတ်ခရီးစဉ် ဆွေးနွေးမှု အခြေအနေများကိုဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ တရုတ်အစိုးရသည် မြစ်ကြီးနားနှင့် ဗန်းမော်ကို တိုက်ခိုက်ခြင်းမပြုရန် KIA အား ဖိအားပေးမှု ရှိခဲ့ကြောင်း သတင်းရင်းမြစ်အချို့က ယခင်ပြောကြားထားသည်။

    ထိုသို့ တရုတ်ဘက်က ဖိအားရှိသော်လည်း KIA အနေဖြင့် ဗန်းမော် အပါအဝင် မြစ်ကြီးနား၊ ဖားကန့်၊ ဝိုင်းမော်မြို့များကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်နိုင်ခြေရှိကြောင်း ကချင်စစ်ရေးလေ့လာသူ ဦးဇော်ဆန်ကသူ၏အမြင်ကိုပြောသည်။

    “တရုတ် ဘာပြောပြော KIO ဘက်ကတော့ သူလုပ်စရာရှိတာကို ဆက်လုပ်သွားလိမ့်မယ်လို့ သုံးသပ်ပါတယ်။ တရုတ်အစိုးရရဲ့ ဖိအားနဲ့ လွှမ်းမိုးမှုဟာ ဘယ်လောက်အထိ သက်ရောက်မှု ရှိမရှိဆိုတာ ဗန်းမော်တိုက်ပွဲ အခြေအနေ ကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ သိနိုင်မှာ ဖြစ်တယ်။” ဟု ဦးဇော်ဆန်က ဆက်ပြောသည်။

    KIA အနေဖြင့် ဗန်းမော်မြို့သိမ်းတိုက်ပွဲနှင့်အတူ ဆင်နွှဲနေသည့် မံစီမြို့ လက်ကျန် စစ်ကောင်စီတပ်များကိုလည်း ပိတ်ဆို့တိုက်ခိုက်နေဆဲဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။

    (ဗန်း​မော်မြို့ကို Google Earth တွင်​တွေ့ရပုံ)

  • လွယ်ဂျယ်နယ်စပ်ဂိတ် တရုတ်ဘက်ကဖွင့်သော်လည်း KIA ပိတ်ထား

    လွယ်ဂျယ်နယ်စပ်ဂိတ် တရုတ်ဘက်ကဖွင့်သော်လည်း KIA ပိတ်ထား

    ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သိမ်းပိုက်ထားသည့် လွယ်ဂျယ်မြို့ရှိ နယ်စပ်ဂိတ်ကို တရုတ်အစိုးရဘက်က ဒီဇင်ဘာ ၁၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

    လွယ်ဂျယ်မြို့အပါအဝင် KIA ထိန်းချုပ်နယ်မြေရှိ နယ်စပ်ဂိတ်များကို တရုတ်ဘက်က ပြီးခဲ့သည့် လပိုင်းများအတွင်း တဖက်သတ်ပိတ်ပင်ခဲ့ပြီးနောက် KIA ဘက်ကလည်း အတားအဆီးများ ပြန်လည်ချထားခဲ့ခြင်းဖြစ်သည်။

    တရုတ်ဘက်က ဂိတ်ပြန်ဖွင့်သော်လည်း KIAဘက်က ဖွင့်ပေးခြင်းမရှိသေးဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ယနေ့(ဒီဇင်ဘာ ၁၂ ရက်) ပြောသည်။

    ကချင်စစ်ရေးနိုင်ငံရေးလေ့လာသူ တစ်ဦးကလည်း “လွယ်ဂျယ်ဂိတ်ကျတော့ တရုတ်ဘက်က မနေ့ကနေ စပြီးဖွင့်ထားတာတော့ရှိတယ်။ ဒါပေမဲ့ ဒီဘက်က KIA ဘက်က ဖွင့်လှစ်ထားခြင်းမရှိသေးဘူးလို့ ဒေသခံတစ်ဦးက ပြောဆိုထားတာရှိပါတယ်”ဟု ပြောသည်။

    KIOဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လအား တရုတ်အစိုးရက ဖိတ်ခေါ်ခဲ့ရာ ဗိုလ်ချုပ်ကြီး အင်ဘန်လသည် ဒီဇင်ဘာ ၈ရက်တွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ယခု တရုတ်ဘက်က နယ်စပ်ဂိတ် ပြန်ဖွင့်ခြင်းသည် KIOဥက္ကဋ္ဌ ခရီးစဉ်နှင့် သက်ဆိုင်မှုရှိ၊မရှိ မသိရဘဲ ဗိုလ်ချုပ်ကြီး အင်ဘန်လ ခရီးစဉ်အတွင်း တရုတ်နှင့် ဆွေးနွေးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။

    KIAသည် တရုတ်-မြန်မာ တရားဝင်ကုန်သွယ်ရေးဂိတ်များဖြစ်သော လွယ်ဂျယ်နှင့် ကန်ပိုက်တီ အပါအဝင် နယ်စပ်မြို့များကို ယခုနှစ်အတွင်း သိမ်းပိုက်နိုင်ခဲ့သည်။ အထူးသဖြင့် စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁) တစ်ခုလုံးကို ယခုနှစ်ကုန်ပိုင်းတွင်သိမ်းပိုက်ပြီး ကချင်အထူးဒေသ(၁) သတ်မှတ်ချက်ကို ပယ်ဖျက်ခဲ့သည်။ ထိုသို့ သိမ်းပိုက်ရာတွင် ပန်ဝါ၊ ဖီမော် နယ်စပ်မြို့များလည်း ပါဝင်ပြီး အဆိုပါ နယ်စပ်ဂိတ်များကိုလည်း တရုတ်ဘက်က ပိတ်ထားသည်။

    ကချင်အထူးဒေသ(၁)ကို ပယ်ဖျက်လိုက်ပြီးနောက် ယခင် အထူးဒေသ(၁) အောက်တွင် ရှိခဲ့သော ဌာနေပြည်သူများ၊ ရင်းနှီးမြှုပ်နှံသူများအားလုံး စိုးရိမ်စိတ်မထားရှိဘဲ KIOနှင့် ပူးပေါင်းကာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ တည်ဆောက်ရန် နိုဝင်ဘာ ၂၈ရက်တွင် KIO ဗဟိုကော်မတီက ကြေညာချက် ထုတ်ပြန် ဖိတ်ခေါ်ထားသည်။

    (တရုတ် − မြန်မာနယ်စပ် လွယ်ဂျယ်ဂိတ်ရှေ့ တွေ့ရသော KIA ရဲဘော်တစ်ဦး။ ဓာတ်ပုံ − CJ)

  • လွိုင်ကော်မြို့ အဝင်၊အထွက်ရှိ စစ်ကောင်စီကင်းပုန်းအချို့ကို KNDF တိုက်ခိုက်

    လွိုင်ကော်မြို့ အဝင်၊အထွက်ရှိ စစ်ကောင်စီကင်းပုန်းအချို့ကို KNDF တိုက်ခိုက်

    စစ်သားအချို့သေဆုံးပြီး လက်နက်များသိမ်းရဟု KNDFပြော

    ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အဝင်၊အထွက်ရှိ ကင်းပုန်းအချို့ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားအချို့ သေဆုံးပြီး လက်နက်များရရှိကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)မှ တာဝန်ရှိသူက ပြောသည်။

    လွိုင်ကော်မြို့ကို စစ်ကောင်စီက ထိန်းချုပ်ပြီးနောက် တော်လှန်ရေးတပ်များ ပြန်လည်ထိုးစစ်ဆင်မှုကိုစောင့်ကြည်ရန် အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းအစပ်ရှိ ဆီဆိုင်နှင့် မိုးဗြဲမြို့များမှ စစ်ကောင်စီတပ်က မြေပြင်အင်အား ဖြည့်တင်းရန် လွိုင်ကော်မြို့အဝင်၊အထွက် နေရာများတွင် ကင်းပုန်းများနှင့် ဝပ်ကင်းများချထားသည်ဟု ဆိုသည်။

    “လွိုင်ကော်မြို့ အဝင်၊အထွက်မှာရှိတဲ့ စစ်ကောင်စီရဲ့တပ်စွဲထားတဲ့ ကင်းပုန်းတွေ၊ဝပ်ကင်းတွေ တော် လှန်ရေးတပ်ဖွဲ့ဘက်က ခြုံခိုတိုက်ခိုက်နေပါတယ်။စစ်ကောင်စီဘက်က သေဆုံးတာတွေရှိနေသလို လက်နက်တွေရတာတွေ ရှိပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

    စစ်ကောင်စီကင်းပုန်းနှင့် ဝပ်ကင်းများ တိုက်ခိုက်ခံရမှုသည် လင်းဖုံလေးနှင့် ကုန်းဆွတ်ကျေးရွာတို့တွင်ဖြစ်ကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။

    “လင်းဖုံလေးက မိုးဗြဲ- လွိုင်ကော်လမ်းပိုင်းမှာရှိတယ်။ ကုန်းဆွတ်ရွာက ဆီဆိုင်-လွိုင်ကော်လမ်းပိုင်း ပေါ်မှာရှိတယ်။တိုက်ပွဲကတော့ ကြီးကြီးမားမားရယ် မရှိသေးဘူး။သက်ဆိုင်ရာလမ်းပိုင်းတွေကိုတော့ သူရှင်း ကိုယ်ရှင်း အနေအထားမျိုးပဲ”ဟု ကရင်နီအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

    စစ်ကောင်စီသည် ကရင်နီပြည်နယ်ကို ထိန်းချုပ်ရေး ယခုနှစ်လယ်ပိုင်းကစ၍ ဆီဆိုင်-လွိုင်ကော်နှင့် ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ -လွိုင်ကော် လမ်းပိုင်းများမှ မြေပြင်စစ်အင်အား ၃,၀၀၀ခန့် ဖြည့်တင်းထားသည်။

    နိုဝင်ဘာ ၂၆ ရက်က မိုးဗြဲနှင့် လွိုင်ကော်လမ်းပိုင်းထိန်းချုပ်ရန် ကြိုးပမ်းသည့် စစ်ကောင်စီ၏ တပ်မ (၆၆)လက်အောက်ခံ ခလရ(၈၀)တပ်ရင်းကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၆ ဦးထက်မနည်းသေဆုံးပြီး ငါးဦး အရှင်ဖမ်းမိခဲ့သည်။ ထို့အပြင် လက်နက် ၂၀ ကျော်သိမ်းဆည်းရရှိခဲ့သေးသည်။

    စစ်ကောင်စီ၏ ကရင်နီပြည်ကို ပြန်လည်ထိုး စစ်ဆင်မှုကို နှစ်ဆင့်တွေ့ရသည်။ယခုနှစ် မေနှင့် ဇွန်လ တို့တွင် ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့မှ ကရင်နီပြည် လွိုင်ကော်မြို့သို့ မြေပြင်နှင့် ဝေဟင် ပူးတွဲ စစ်ကြောင်းစထိုးခဲ့သည်။

    ထိုစစ်ကြောင်းသည် လွိုင်ကော် အခြေစိုက်တပ်များနှင့် ဇူလိုင်အတွင်းပေါင်းစပ်နိုင်ခဲ့ပြီး ကရင်နီတပ်ပေါင်းစုများ၏ ထိန်းချုပ်နေရာအချို့ကို ပြန်လည်ရယူနိုင်ခဲ့သလို လွိုင်ကော်မြို့ကိုပါ စစ်အုပ်ချုပ်ရေးယန္တရားများ လည်ပတ်ရန် ကြိုပမ်းနေသည်။

    ထို့နောက် စက်တင်ဘာလဆန်းပိုင်းတွင် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ကတဆင့် ဖယ်ခုံ နှင့် မိုးဗြဲ မြို့မှ ၎င်းတို့ဆုံးရှုံးထားသည့် တပ်စခန်းနေရာများနှင့် မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်ထိုးစစ်ဆင်ခဲ့သည်။

    စစ်ကောင်စီ၏ ဖယ်ခုံနှင့် မိုးဗြဲ မြို့ကိုတိုက်ခိုက်မှုသည် “မြေလှန် လှုပ်ရှားမှု”ဟု ကရင်နီစစ်​ရေးလေ့လာသူများက သုံးသပ်သည်။မြေလှန်လှုပ်ရှားမှုဆိုသည်မှာ အရပ်သားပြည်သူနှင့် အိုးအိမ်များပါမချန် ရှင်းလင်းခြင်းဟု ၎င်းတို့က သတ်မှတ်သည်။

    (လွိုင်ကော်မြို့အဝင်၊အထွက်ရှိ စစ်ကောင်စီကင်းပုန်းများ တိုက်ခိုက်ပြီးနောက် သိမ်းဆည်းရရှိသော လက်နက်များ တွေ့ရစဥ်။ ဓာတ်ပုံ − Arker MgLay)