Category: News

  • တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့်ပမာဏကို သတ်မှတ်

    တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့်ပမာဏကို သတ်မှတ်

    ယာဉ်၏စက်စွမ်းအား အပေါ် မူတည်၍ တစ်ပတ်အတွင်း စက်သုံးဆီ ဝယ်ယူခွင့်ပမာဏ သတ်မှတ်ပြီး တစ်ကြိမ် တည်းဖြစ်စေ၊ အများဆုံး ၂ ကြိမ်ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့် စနစ်ကို လာမည့် ရက်သတ္တပတ်တွင် စတင်မည်

    စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ယာဉ်၏စက်စွမ်းအား အပေါ် မူတည်၍ တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့်ပမာဏကို သတ်မှတ်ပြီး တစ်ပတ်အတွင်း တစ်ကြိမ် တည်းဖြစ်စေ၊ အများဆုံး ၂ ကြိမ်ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့် စနစ်ကို Bar Code နှင့် QR Code စနစ် အတွင်းထည့်သွင်း၍ လာမည့်ရက်သတ္တပတ်အတွင်း စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ယနေ့ မတ်လ ၂၂ ရက် ညပိုင်းမှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။

    အဆိုပါထုတ်ပြန်ချက်တွင် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်၊ ကြပ်မတ်၊ ထိန်းကျောင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း ပါရှိပါတယ်။

    ထို့အပြင် မတ်လ ၁၂ ရက်နေ့တွင် မော်တော်ယာဉ်များအတွက် Bar Code အား Scan ဖတ်ခြင်း၊ ဆိုင်ကယ်များအတွက် QR Code ထုတ်ပေးခြင်း စနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး တွေ့ကြုံရသည့် အခက်အခဲများအပေါ်တွင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးနေသကဲ့သို့ ပြည်သူလူထုအနေဖြင့် နားလည်မှုရှိစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ရှိရကြောင်းလည်း ဖော်ပြထားပါတယ်။

    ထို့သို့ဆောင်ရွက်နေစဉ်အတွင်း စက်သုံးဆီအရောင်းဆိုင်များသို့ ညွှန်ကြားချက်များ ထုတ်ပြန်ပြီး လိုက်နာဆောင်ရွက်ရန် စစ်ဆေးကြပ်မတ်လျက်ရှိသလို ပြည်သူလူထုအနေဖြင့် တိကျစွာတိုင်ကြားလာမှုများအပေါ်တွင် သက်ဆိုင်ရာအရောင်းဆိုင်များအား သွားရောက်စစ်ဆေးပြီး ရောင်းချခွင့်လိုင်စင်ပိတ်သိမ်းခဲ့တယ်လို့လည်း သိရပါတယ်။

    ဒါ့အပြင် နိုင်ငံတော်အနေဖြင့် စက်သုံးဆီဖူလုံမှု ရက် ၅၀ စာ သိုလှောင်ထားရှိပြီးဖြစ်ကာ ပုံမှန်တင်သွင်းနေသည့် လမ်းကြောင်းများအပြင် အခြားလမ်းကြောင်းများမှလည်း တင်သွင်းနိုင်ရန် ချိတ်ဆက်ဆောင်ရွက်ထားမှုများရှိပြီးဖြစ်သဖြင့် ပြည်သူလူထုအနေဖြင့် စိုးရိမ်ကြောင့်ကြ၍ ဝယ်ယူ မှုမပြုလုပ်ခြင်း၊ စက်သုံးဆီရောင်းချခြင်းနှင့်စပ်လျဉ်း၍ မမှန်ကန်မှုများတွေ့ရှိရပါက သက်ဆိုင်ရာ ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ တိကျစွာတိုင်ကြားမှုများ ပြုလုပ်ခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်လည်း စွမ်းအင်ဝန်ကြီးဌာနက အသိပေးမေတ္တာရပ်ခံထားပါတယ်။

    တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့်ပမာဏကို သတ်မှတ်ပြီး Bar Code နှင့် QR Code စနစ်အတွင်း ထည့်သွင်း၍ လာမည့်ရက်သတ္တပတ်အတွင်း စတင်ဆောင်ရွက်မည်

    အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်၊ ကြပ်မတ်၊ ထိန်းကျောင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

    အဆိုပါ ဆောင်ရွက်မှုအတွင်း စက်သုံးဆီအရောင်းဆိုင်များသို့ ညွှန်ကြားချက်များ ထုတ်ပြန်ပြီး လိုက်နာဆောင်ရွက်ရန် စစ်ဆေးကြပ်မတ်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့် တိကျစွာတိုင်ကြားလာမှုများအပေါ်တွင် သက်ဆိုင်ရာအရောင်းဆိုင်များအား သွားရောက်စစ်ဆေးပြီး ရောင်းချခွင့်လိုင်စင်ပိတ်သိမ်းခဲ့ကြောင်းလည်း သိရသည်။

    စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ယာဉ်၏စက်စွမ်းအား အပေါ် မူတည်၍ တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့်ပမာဏကို သတ်မှတ်ပြီး တစ်ပတ်အတွင်း တစ်ကြိမ် တည်းဖြစ်စေ၊ အများဆုံး ၂ ကြိမ်ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့် စနစ်ကို Bar Code နှင့် QR Code စနစ် အတွင်းထည့်သွင်း၍ လာမည့်ရက်သတ္တပတ်အတွင်း စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ချက်အရ သိရသည်။

    ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့တွင် မော်တော်ယာဉ်များအတွက် Bar Code အား Scan ဖတ်ခြင်း၊ ဆိုင်ကယ်များအတွက် QR Code ထုတ်ပေးခြင်း စနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး တွေ့ကြုံရသည့် အခက်အခဲများအပေါ်တွင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးနေသကဲ့သို့ ပြည်သူလူထုအနေဖြင့် နားလည်မှုရှိစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း သိရသည်။

    နိုင်ငံတော်အနေဖြင့် စက်သုံးဆီဖူလုံမှု ရက် ၅၀ စာ သိုလှောင်ထားရှိပြီးဖြစ်သည့်အပြင် ပုံမှန်တင်သွင်းနေသည့် လမ်းကြောင်းများအပြင် အခြားလမ်းကြောင်းများမှလည်း တင်သွင်းနိုင်ရန် ချိတ်ဆက်ဆောင်ရွက်ထားမှုများရှိပြီးဖြစ်သဖြင့် ပြည်သူလူထုအနေဖြင့် စိုးရိမ်ကြောင့်ကြ၍ ဝယ်ယူ မှုမပြုလုပ်ခြင်း၊ စက်သုံးဆီရောင်းချခြင်းနှင့်စပ်လျဉ်း၍ မမှန်ကန်မှုများတွေ့ရှိရပါက သက်ဆိုင်ရာ ဖုန်းနံပါတ်များသို ဆက်သွယ်၍ တိကျစွာတိုင်ကြားမှုများ ပြုလုပ်ခြင်းတိုဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် စွမ်းအင်ဝန်ကြီးဌာနက အသိပေးမေတ္တာရပ်ခံထားသည်။

  • နေပြည်တော်အဝင်ဂိတ်မှာ  အသေခံဒရုန်းနဲ့ တိုက်ခိုက်မှု ဖြစ်

    နေပြည်တော်အဝင်ဂိတ်မှာ အသေခံဒရုန်းနဲ့ တိုက်ခိုက်မှု ဖြစ်

    နေပြည်တော်အဝင် စစ်ဆေးရေးဂိတ်ကို အသေခံဒရုန်းဖြင့် တိုက်ခိုက်၊စစ်အုပ်စုဝင်၇ဦး ထိခိုက်ဟုဆို

    နေပြည်တော်ကောင်စီနယ်မြေ အဝင် ၊ရေနီမြို့၊ ရန်ကုန်-မန္တလေးလမ်းမကြီးပေါ်ရှိ အဖွဲ့စုံစစ်ဆေးရေး ဂိတ်ကို အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် ၇ ဦး ထိခိုက်မှုရှိကြောင်း သိရသည်။

    မတ်လ ၂၁ ရက်၊ နေ့လယ် ၁၂ နာရီခန့်တွင် နေပြည်တော် ကောင်စီနယ်မြေအဝင်၊ ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်ရှိ အဖွဲ့စုံစစ်ဆေးရေး စုပေါင်းဂိတ်ကို Anti Jamming FPV(လှိုင်းဖြတ်စက်များ ကျော် ဖြတ်နိုင်သည့်ဒရုန်း) ဒရုန်း ၂ စင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က Jammer(လှိုင်း ဖြတ်စက်) များ၊ Spoofer(လှိုင်း ၊ အချက်အလက်များ အတု‌ထုတ်လွှင့်စက်) များအပြင် လက်နက် ငယ် များနှင့်ပါ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပစ်မှတ်အား တိုက်ခိုက်နိုင်ခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့က ယနေ့(မတ်လ ၂၂ ရက်) မွန်းလွဲပိုင်း၌ သတင်းထုတ်ပြန်သည်။

    “အဖွဲ့စုံ စစ်ဆေးရေးဂိတ်ကမှ အစုံမှအစုံပဲ။ ရဲ ၊ စစ်တပ် ၊ လဝက ၊ နောက် စည်ပင် ၊ ထွေအုပ်လည်း ပါမယ်ထင်တယ်။ အဲလိုမျိုးစုံသွားတာပေါ့။ အဖွဲ့စုံဂိတ် အင်အားကတော့ ပုံမှန်အားဖြင့်တော့ သူတို့မှာ အမြဲတမ်းဆို ဒရုန်း ဗီဒီယိုထဲမှာလည်း တွေ့ပါလိမ့်မယ်ပေါ့နော်။ ကင်းမျှော်စင်လည်း ရှိတယ်။နောက် ပြီးကျလို့ရှိရင် အတွင်းထဲမှာလည်း ကျနော်တို့ ဒရုန်းဝင်တိုက်လိုက်တဲ့အခါကျတော့ ဘန်ကာလိုမျိုး လုပ်ထားတဲ့ သဲအိတ်တွေကာထားတဲ့ အတွင်းထဲမှာကို ဘန်ကာရှိတယ်လေ။ အဲဒါမျိုးဆိုတော့ လူက တော့ များတယ်ပေါ့”ဟု ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ဝရဇိန်တပ်ဖွဲ့၏ ဒရုန်းများသည် စစ်တပ်၏ Jammerများကို အလွယ်တကူ ကျော်လွှားနိုင်ပြီး ပစ်မှတ် ကို တိတိကျကျ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

    “ကားလမ်းပိတ်တာက ကျနော်တို့ နေပြည်တော်အဝင်ဘက်ကို ရန်ကုန်-မန္တလေးလမ်းကြီးကို ပိတ်ပစ်တယ်။ ပိတ်ပစ်ပြီး‌တဲ့အခါကျတော့ ရေနီမြို့ကြီးကို အဲဒီနေ့ lock down ချတယ်‌ပေါ့နော်။ ဒီမနက်ထိ ပုံမှန် အခြေအနေအတိုင်း မဖြစ်သေးဘူး။ lock down ချပြီးတဲ့အခါကျတော့ သူတို့ မြို့‌ ထဲမှာလည်း ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ရှိမယ် အထင်နဲ့ပေါ့လေ။ ဟိုရမ်းဒီရမ်း လိုက်စစ်နေ တယ်ပေါ့ နော်။ ဂိတ်က ပုံမှန်မဖွင့်တော့ပါဘူးဗျ။ ဂိတ်ကလည်း ဖွင့်လို့မရတော့ဘူးလေ။ သူတို့လမ်းပါ ပိတ် ထားပြီ‌ဆိုတော့ ဂိတ်က ဖွင့်လို့မရတော့ဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

    ယင်းတိုက်ခိုက်မှုအပြီးတွင် စစ်တပ်ကအထိနာ၍ မြေပြင်စစ်ကြောင်း ထိုးလာကြောင်းလည်း ထုတ်ပြန်ထားသည်။

    ” စစ်တောင်းမြစ်ရဲ့ အနောက်ဘက်ကမ်း၊ အရှေ့ဘက်ကမ်း အကုန်ထိုးတာပဲပေါ့။ သူတို့ ဘယ်က လာမှန်းလည်း မသိဘူးလေ။ ဘယ်ကလာမှန်းလည်း မသိဘူးဆိုတော့ ဘယ်ကိုထိုးရမှန်းလည်း မသိ ဘူး။ ရမ်းသန်းပြီးထိုးနေတယ်ပေါ့”ဟု ၎င်းက ရှင်းပြသည်။

    ယင်းတိုက်ခိုက်မှုကို ၀ရဇိန်တပ်ဖွဲ့နှင့် ဇာမဏီတပ်ဖွဲ့တို့က “Operation Fly Over Urban (Yae Ni)” အဖြစ် ပူးပေါင်းဆင်နွှဲခဲ့ကြောင်း သိရသည်။

    ပုံစာ – ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်ရှိ စုပေါင်းဂိတ်ကို ဒရုန်းဖြင့် တိုက်ခိုက်စဉ်။

  • ဇီးကုန်းတွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး

    ဇီးကုန်းတွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး

    ဇီးကုန်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ ဇီးကုန်းနယ်ထိန်းရဲခေါင်းဆောင် သက်မောင်မောင်နှင့်ပျူခေါင်းဆောင် ရဲမင်းအောင်တို့ သေဆုံး

    ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်တွင် စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ပဲခူးရိုးမ PDF – ဗျူဟာ ၂၂ မှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ယမန်နေ့ မတ်လ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ အနောက်ခြမ်း၊ ဇီးကုန်းမြို့နယ်မှ စစ်ကြောင်းထွက်လာသော ဆိုင်ကယ် ၁၂ စီးပါ စစ်တပ်စစ်ကြောင်းကို ဘဲအင်းလမ်းဆုံတွင် တော် လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ၊ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈ ဦး သေဆုံး၊ ၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းများ၊ စစ်သုံးဆက်စပ်ပစ္စည်းများနှင့် ဖုန်း ၃ လုံးသိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

    “ပြည်သူတွေကို အဓိကတော့ မှာချင်တာကတော့ ရန်သူ လေကြောင်းနဲ့ လက်နက်ကြီးတွေကို ဂရုစိုက်ကြပါလို့ပဲ မှာချင်ပါတယ် ၊သူတို့က အထိနာရင် ပြည်သူ့ ရွာတွေကိုပဲ ပစ်ခတ်ကြလို့ပါ” ဟု ပဲခူးရိုးမ PDF – ဗျူဟာ ၂၂ မှတာဝန်ရှိသူက ပြောဆိုသည်။

    ဇီးကုန်းမြို့နယ်မှ ရဲများ၊ စစ်သားများနှင့် ပျူစောထီးများပါသော စစ်ယာဉ်တန်းမှာ ဘဲအင်းကျေးရွာနှင့် စိန်ဘုံသာကျေးရွာအနီးရှိ လောင်းကစား၀ိုင်းများသို့ ဆက်ကြေး လာကောက်ကြခြင်းဖြစ်ပြီး တော် လှန်ရေးတပ်များ၏ တိုက်ခိုက်မှုအတွင်း ဇီးကုန်းမြို့နယ်၊ မြို့မခရဲစခန်းမှ နယ်ထိန်းရဲခေါင်းဆောင် ရဲတပ်ကြပ် သက်မောင်မောင်၊ နာမည်ဆိုးဖြင့် ဆိုးသွမ်းနေသော ပျူစောထီးခေါင်းဆောင် ရဲမင်းအောင် တို့ပါ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

    သေဆုံးသူ နယ်ထိန်းရဲ ခေါင်းဆောင် သက်သက်မောင်မောင်မှာ ပြည်သူများကို ညှဉ်းပန်းနှိပ်စက်နေသော ရဲဆိုးတစ်ဦးဖြစ်ပြီး ရဲစခန်းတွင် နိုင်ငံရေးအမှုနှင့်ပတ်သက်သော ပြည်သူများကို ဖမ်းဆီးနှိပ်စက်ရာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်ကြောင်း သိရှိရသည်။

    တိုက်ပွဲဖြစ်နေစဥ်အတွင်း စစ်တပ်မှ စစ်ကူလာသော ကား ၃ စီးကိုလည်း ဇီးကုန်းမြို့နှင့် ၁ မိုင်ခန့်အကွာ ရှိ မယင်းကုန်းမှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ နှစ်နေရာခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ စစ်ဆင်ရေး တိုက်ခိုက်မှုကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှူအောက်ရှိ ၊ သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း တပ်ခွဲ ၄ UGF Okpo နှင့် တပ်ခွဲ ၅ BTZM တို့ က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

  • အလင်းဝင်သည်ဟု ဝါဒဖြန့်ရန် စီစဉ်ထားသော်လည်း အရှက်ကွဲသွား၍ ခေတ္တရပ်ဆိုင်း

    အလင်းဝင်သည်ဟု ဝါဒဖြန့်ရန် စီစဉ်ထားသော်လည်း အရှက်ကွဲသွား၍ ခေတ္တရပ်ဆိုင်း

    စစ်ကော်မရှင်က PDF ရာနှင့်ချီ အလင်းဝင်သည်ဟု ဝါဒဖြန့်ရန် စီစဉ်ထားသော်လည်း အရှက်ကွဲသွား၍ ခေတ္တရပ်ဆိုင်းထား

    အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းသို့ ပြည်သူကာကွယ်ရေးတပ်မတော် (PDF) များအပါအဝင် တအာင်းတပ် (TNLA) နှင့်ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များပါ အလင်းဝင်လာသည်ဟု အလွန်အကျွံ ဝါဒဖြန့်ခဲ့ရာတွင် အမှားအယွင်းများစွာ ပေါ်ပေါက်ပြီး အရှက်ကွဲခဲ့ရသဖြင့် နောက်ထပ် အလင်းဝင်ပွဲ အစီအစဉ်များကို ခေတ္တရပ်ဆိုင်းထားကြောင်း သိရသည်။

    စစ်ကော်မရှင်သည် ၎င်းတို့၏ ရွေးကောက်ပွဲအတု လွှတ်တော် (ရွေးတုလွှတ်တော်) ခေါ်ယူမည့်အချိန်နှင့် တိုက်ဆိုင်ပြီး စစ်တိုင်းဌာနချုပ်အသီးသီးတွင် တော်လှန်ရေးအဖွဲ့များ အလင်းဝင်လာသည့် သတင်းများ ဆက်တိုက်ထုတ်ပြန်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

    သို့သော် ဝါဒဖြန့်မှုများမှာ မြေပြင်အခြေအနေနှင့် ကွဲလွဲကာ အရှက်ကွဲခဲ့သည့်အတွက် ထုတ်ပြန်ရန် စီစဉ်ထားမှုများကို ပြန်လည်စိစစ်နေကြောင်း တပ်သတင်းရင်းမြစ်များက ဆိုသည်။

    “PDF တပ်ဖွဲ့ဝင် ၅၀၆ ယောက် အလင်းဝင်တယ်ဆိုပြီး စိတ်ဓာတ်စစ်ဆင်ရေး လုပ်လိုက်တဲ့ဖြစ်စဉ်မှာ စစ်ကော်မရှင်ဘက်က ခွက်ခွက်လန်အောင် ထပ်ပြီး ရှုံးသွားပါတယ်။ ဒါကြောင့် အခြားတိုင်းစစ်ဌာနချုပ်တွေမှာ ဆက်တိုက်လုပ်ဖို့ ပြင်ဆင်ထားတာတွေကို စိစစ်ဆိုင်းငံ့ထားရပြီလို့ ကြားသိရပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က အတည်ပြုပြောကြားသည်။

    လပခတွင် ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့က AA၊ TNLA နှင့် PDF စုစုပေါင်း ၅၀၆ ဦး လက်နက်နှင့်အတူ အလင်းဝင်လာသဖြင့် ဆုကြေးငွေ ကျပ်သိန်း ၂၀၀၀ ခန့် ပေးအပ်ခဲ့သည်ဟု စစ်ကော်မရှင်က ဝါဒဖြန့်ခဲ့သည်။

    သို့သော် အဆိုပါပွဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်အဖြစ် သရုပ်ဆောင်သူများ ဝတ်ဆင်ထားသည့် ယူနီဖောင်း ဘတ်တံဆိပ်များမှာ လွဲမှားနေသည့်အပြင် သက်ကြီးရွယ်အို အမျိုးသမီးများပါဝင်နေသည်။ ဧရာဝတီတိုင်းမ်၏ စုံစမ်းချက်အရ တပ်မိသားစုဝင်များနှင့် ၎င်းတို့၏ သားသမီးများကိုပါ ထည့်သွင်းအသုံးပြုထားကြောင်း သိရသည်။

    ထို့အပြင် မတ်လ ၂၀ ရက်နေ့ကလည်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တောင်ငူမြို့) တွင် AA အဖွဲ့ဝင် တစ်ဦးနှင့် PDF ၂၂ ဦး အလင်းဝင်လာကြောင်း စစ်ကော်မရှင်က ထပ်မံထုတ်ပြန်ခဲ့သည်။

    ထိုသို့ အလင်းဝင်ရောက်လာကြသူများသည် ပဲခူးတိုင်းအတွင်းရှိ ညောင်လေးပင်၊ ရွှေကျင်၊ ရွှေတောင်၊ ရေတာရှည်၊ ပန်းတောင်း၊ အုတ်ဖို၊ မင်းလှ၊ ဖြူးနှင့် ပေါက်ခေါင်းမြို့နယ်တို့မှဖြစ်ပြီး ငွေကျပ်သိန်း ၅၀၀ ကျော် ပေးအပ်ကာ မိဘများထံ ပြန်လည်အပ်နှံသည့် ပုံစံမျိုးဖြင့် ဝါဒဖြန့်ခဲ့ခြင်း ဖြစ်သည်။

    ပုံစာ-PDF ၊AA၊ TNLA နှင့် PDF တပ်ဖွဲ့ဝင် ၅၀၆ ဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း ဝါဒဖြန့်ထားသည်ကိုတွေ့ရစဉ်

  • ဟော်မုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း ပြန်ဖွင့်မပေးပါက အီရန်လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို “ချေမှုန်းပစ်မည်” ဟု ထရမ့် ခြိမ်းခြောက်

    ဟော်မုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း ပြန်ဖွင့်မပေးပါက အီရန်လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို “ချေမှုန်းပစ်မည်” ဟု ထရမ့် ခြိမ်းခြောက်

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း အပြည့်အဝ ပြန်မဖွင့်ပေးပါက အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို “ချေမှုန်းပစ်မည်” ဟု စနေနေ့ (မတ်လ ၂၁ ရက်) တွင် ခြိမ်းခြောက်ပြောကြားလိုက်ပြီး စစ်ပွဲအရှိန် “လျှော့ချတော့မည်” ဟု ပြောကြားခဲ့ပြီး တရက်အကြာတွင်ပင် စစ်ရေးအခြေအနေကို ရုတ်တရက် အရှိန်မြှင့်တင်လိုက်ခြင်း ဖြစ်သည်။

    “အီရန်အနေနဲ့ အခုအချိန်ကစပြီး ၄၈ နာရီအတွင်း ဟော်မုဇ်ရေလက်ကြားကို ခြိမ်းခြောက်မှုကင်းကင်းနဲ့ အပြည့်အဝ ပြန်ဖွင့်မပေးဘူးဆိုရင် အမေရိကန်ဟာ အီရန်ရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံအသီးသီးကို အကြီးဆုံးတခုကနေ စပြီးတော့ တိုက်ခိုက်ချေမှုန်းပစ်မှာ ဖြစ်ပါတယ်” ဟု ထရမ့်က လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

    အီရန်၏ တိုက်ခိုက်မှုတခုကြောင့် အစ္စရေး၏ နျူကလီးယားစခန်းနှင့် မလှမ်းမကမ်းတွင် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပြီးနောက် အီရန်တပ်ဖွဲ့များသည် အရှေ့အလယ်ပိုင်းဒေသကို ကျော်လွန်၍ တိုက်ခိုက်နိုင်စွမ်းရှိသော တာဝေးပစ်ဒုံးကျည်များကို ပထမဆုံးအကြိမ် ပစ်ခတ်ခဲ့ကြောင်း အစ္စရေးအရာရှိများက ပြောကြားခဲ့သည်။

    အီရန်သည် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ အမေရိကန်-ဗြိတိန် စစ်အခြေစိုက်စခန်းဖြစ်သော ဒီယေဂိုဂါစီယာ (Diego Garcia) အားပစ်မှတ်ထား၍ ကီလိုမီတာ ၄,၀၀၀ အကွာအဝေးထိ ရောက်ရှိနိုင်သော ပဲ့ထိန်းဒုံးကျည် နှစ်စင်း ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်ဦးစီးချုပ် အီယယ်လ်ဇမီရ်က ပြောကြားခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အီရန်မှ တာဝေးပစ်ဒုံးကျည်များကို အသုံးပြုခြင်းမှာ “ပထမဆုံးအကြိမ်” ဖြစ်ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။

    “ဒီဒုံးကျည်တွေဟာ အစ္စရေးကို တိုက်ခိုက်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ သူတို့ရဲ့ ပစ်ခတ်နိုင်တဲ့ အကွာအဝေးဟာ ဘာလင်၊ ပဲရစ်နဲ့ ရောမမြို့တွေလို ဥရောပမြို့တော်တွေအထိ ရောက်ရှိနိုင်ပြီး အဲဒီမြို့တွေအားလုံးဟာ တိုက်ရိုက်ခြိမ်းခြောက်မှုအောက်မှာ ရှိနေပါတယ်” ဟု ဇမီရ်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

    အီရန်ဒုံးကျည်စခန်းများကို တိုက်ခိုက်ရန် ဗြိတိန်စစ်အခြေစိုက်စခန်းများကို အသုံးပြုခွင့်ပေးကြောင်း ဗြိတိန်အစိုးရက သောကြာနေ့တွင် အမေရိကန်ကို တရားဝင်ခွင့်ပြုချက် မပေးမီကပင် အဆိုပါတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းမြစ်တခုက ပြောကြားခဲ့သည်။

    အမေရိကန်နှင့် အစ္စရေးတို့ တိုက်ခိုက်မှု စတင်ခဲ့ပြီးနောက်ပိုင်း အီရန်နိုင်ငံတွင် လူပေါင်း ၂,၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။ အစ္စရေးနိုင်ငံတွင်မူ စစ်ပွဲစတင်ကတည်းက အီရန်၏ တိုက်ခိုက်မှုများကြောင့် လူ ၁၅ ဦး သေဆုံးခဲ့သည်။

    စနေနေ့နှောင်းပိုင်းတွင် အီရန်ဒုံးကျည်များသည် အစ္စရေးတောင်ပိုင်းရှိ ဒီမိုနာနှင့် အာရဒ်မြို့များကို ထိမှန်ခဲ့ပြီး ကလေးငယ်များအပါအဝင် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့က အစ္စရေးတောင်ပိုင်းရှိ “စစ်ရေးအဆောက်အအုံများ” နှင့် လုံခြုံရေးဗဟိုဌာနများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တနင်္ဂနွေနေ့အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

    အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အက်ဖီဒက်ဖရင်က နိုင်ငံ၏ လေကြောင်းကာကွယ်ရေးစနစ်များ အလုပ်လုပ်နေသော်လည်း အဆိုပါတိုက်ခိုက်မှုများကို ကြားဖြတ်မဟန့်တားနိုင်ခဲ့ကြောင်း X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ “ဒီဖြစ်စဉ်ကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး သင်ခန်းစာယူသွားမှာပါ” ဟု ၎င်းက ဆိုသည်။

    အစ္စရေး၏ လျှို့ဝှက်နျူကလီးယားဓာတ်ပေါင်းဖိုသည် ဒီမိုနာမြို့၏ အရှေ့တောင်ဘက် ၁၃ ကီလိုမီတာခန့်တွင် တည်ရှိသည်။ အဆိုပါ မြို့နှစ်မြို့လုံးသည် နိုင်ငံ၏ အကြီးဆုံးလေတပ်စခန်းများထဲမှ တခုဖြစ်သော Nevatim လေတပ်စခန်းအပါအဝင် စစ်ရေးနယ်မြေများစွာနှင့် နီးကပ်စွာ တည်ရှိနေသည်။

    “ကျွန်တော်တို့ဟာ ရန်သူတွေကို စစ်မျက်နှာအားလုံးမှာ ဆက်လက်တိုက်ခိုက်သွားဖို့ ဆုံးဖြတ်ထားပါတယ်” ဟု အာရဒ်မြို့ တိုက်ခိုက်ခံရပြီးနောက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ပြောသည်။