Category: News

  • ပလဖ ထံက ထွက်ပြေးသွားသည့် စစ်သုံ့ပန်း ၃၀ ကျော် တမူးသို့ရောက်ရှိ၊ တမူးတွင် စစ်ကောင်စီ အင်အားဖြည့်တင်း

    ပလဖ ထံက ထွက်ပြေးသွားသည့် စစ်သုံ့ပန်း ၃၀ ကျော် တမူးသို့ရောက်ရှိ၊ တမူးတွင် စစ်ကောင်စီ အင်အားဖြည့်တင်း

    တမူးမြို့နယ် အထက်ပိုင်းတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ထိန်းသိမ်းထားသည် စစ်သုံ့ပန်းများသည် ထွက်ပြေးလွတ်မြောက်သွားပြီး တမူးမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

    စစ်ကောင်စီ၏ ရဲစခန်းမှူးနှင့် ဒုရဲအုပ်နှစ်ဦးအပါ စစ်သုံ့ပန်း ၃၄ ဦးသည် CDM ပြုလုပ်ထားသည့် ရဲတပ်သားဇေယျာထိုက်၏ ကူညီမှုကြောင့် ဒီဇင်ဘာလ ၁၂ ရက် ညပိုင်းတွင် ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်သည်။

    ရဲတပ်သားဇေယျာထိုက်သည် သုံ့ပန်းများကို စောင့်ကြပ်နေသည့် တာဝန်ကျ ပြည်သူ့ကာကွယ်ရေးတပ်သားများကို အရက်သေစာတိုက်ကြွေးကာ ၎င်းတို့ အိပ်မောကျစဥ် သုံ့ပန်းများကို ကယ်ထုတ်သွားခြင်းဖြစ်သည်။

    “သူတို့ တမူးရောက်နေတာသေချာတယ်။ ပျော်ပွဲစားပွဲတောင် လုပ်ကြတယ်လို့ ကြားရတယ်၊ မင်းသာက စစ်ကြောင်းအပြန်မှာ ခေါ်သွားတာ” ဟု တမူးမြို့နယ်ရှိ ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးက ပြောသည်။

    ထိုစစ်သုံ့ပန်းများသည် အိန္ဒိယနိုင်ငံအတွင်း ထွက်ပြေးဝင်ရောက်ပြီးနောက် လက်နက်ကိုင်အဖွဲ့တခု ကူညီမှုဖြင့် မြန်မာနိုင်ငံ၊ မင်းသာရွာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ ယင်းနောက် တမူးမြို့သို့ စစ်အင်အားဖြည့်တင်းရန် လာသည့် စစ်ကောင်စီစစ်ကြောင်းက ဒီဇင်ဘာလ ၁၄ ရက်တွင် ၎င်းတို့ကို မင်းသာရွာမှတဆင့် တမူးမြို့သို့ ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

    မင်းသာရွာမှ ထွက်ခွာလာသည့် ထိုစစ်ကြောင်းသည် ဒီဇင်ဘာလ ၁၅ ရက်တွင် အရပ်သားတဦးကိုအကြောင်းမဲ့ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံကပြောသည်။

    “သူက စပါးသိမ်းပြီးလို့ စစ်ဘေးရှောင်တဲ့ရွာကအိမ်ကို လာပို့တဲ့အချိန် စစ်ကြောင်းနဲ့ တွေ့ပြီးအသတ်ခံသွားရတာ” ဟု ဆိုသည်။

    နောင်ကက်ရွာသစ်(ဒေသအခေါ် အောက်ဝက်ရှု့)တွင် နေထိုင်သူ ကိုဆေးထန် (၃၇နှစ်) ခန့်သည် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး အခြားတဦးကို ခြေထောက်ရိုက်ချိုး ထားခဲ့ကြောင်းသိရသည်။

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသိမ်းပိုက်ထားသည့် မြို့သစ်နှင့် သနန်မြို့များကို ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ကောင်စီက မြို့ကို ဝိုင်းဝန်းပိတ်ဆို့ထားသည်။ ထို့ပြင် ဟုမ္မလင်း မြို့ကို စစ်ကူ ပေးရန် တမူးမြို့မှနေ၍ စစ်ကောင်စီတပ်က လူ ၊ လက်နက်အင်များဖြည့်တင်းလျက် ရှိနေကြောင်း စစ်ရေးသတင်းမြစ်ထံကသိရသည်။

    တမူးမြို့နယ်အထက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့်အတူ ပျူစောထီး ၊ ရှမ်းနီ ၊ အိန္ဒိယ ကိုတော်လှန်နေသည့် နာဂနှင့် ကသဲလက်နက်ကိုင်များ စစ်ရေးလှုပ်ရှား နေကြ ကြောင်းသိရှိရသည်။

    စစ်သုံ့ပန်းများလွတ်မြောက်သွားမှုအပေါ် တာဝန်ရှိသူများကို အရေးယူသွားမည်ဖြစ်ပြီး ဖြစ်စဥ်ကို ဗဟိုသို့ တင်ပြထားကြောင်း ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တမူးမြို့တာဝန်ခံက ပြောကြားထားသည်။

    ပုံအညွှန်း – မေလ၁၁ရက်နေ့က သိမ်းပိုက်ခဲ့သည့် မြို့သစ်မြို့တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သည့် ရဲစခန်းမှူးအပါအဝင်သုံ့ပန်းနှင့်လက်နက်ခဲယမ်းများ။ ဓါတ်ပုံ – အမှတ်(၁) စစ်ဒေသ

  • လီဆူ တိုင်းရင်းသား အများစု ပါဝင်လို့ Lisu – National Liberation Army ကိုပါ ဖွဲ့စည်း

    လီဆူ တိုင်းရင်းသား အများစု ပါဝင်လို့ Lisu – National Liberation Army ကိုပါ ဖွဲ့စည်း

    လီဆူ တိုင်းရင်းသား အများစု ပါဝင်လို့ Lisu – National Liberation Army ကိုပါ ဖွဲ့စည်း

    လီဆူ တိုင်းရင်းသားတွေ အများစု ပါဝင်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ ၂၂၂ တပ်ရင်းရဲ့ အပတ်စဉ် ၂ အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၀ ရက်က လွတ်မြောက်နယ်မြေ တနေရာမှာ ကျင်းပခဲ့ပါတယ်။

    PLA တပ်ရင်း ၂၂၂ ဟာ လီဆူ တိုင်းရင်းသားတွေ အများစု ပါဝင်တဲ့ တပ်ရင်း တစ်ခု ဖြစ်သလို လီဆူ လူမျိုးစုတွေ အများစု နေထိုင်တဲ့ ဒေသတွေမှာ စစ်ရေးလှုပ်ရှားတာကြောင့် သင်တန်းဆင်းပွဲနဲ့အတူ လီဆူ တိုင်းရင်းသား တပ်ဖွဲ့ Lisu – National Liberation Army ကိုပါ ဖွဲ့စည်းခဲ့တယ်လို့ PLA တပ်ရင်း ၂၂၂ ရဲ့ စစ်နယ်မြေမှူးက ပြောပါတယ်။

    “ဗမာပြည်မှာ လီဆူ လူမျိုးစုတွေ အများစုက စစ်ကောင်စီနဲ့ပဲ ပေါင်းတယ်လို့ ပြောတယ်၊ တကယ်တော့ မဟုတ်ဘူး၊ ဒီဘက်မှာလည်း လီဆူ လူမျိုးစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ရွပ်ရွပ်ချွံချွံ အသက်ပေး၊ ဘဝပေး ပြီးတော့မှ ဒီဘက်မှာ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အကြောင်းပေါ့နော။ သူတို့ကို ဂုဏ်ပြုတဲ့ အနေနဲ့ရော၊ ကျဆုံးခဲ့တဲ့ ရဲဘော်တွေအတွက် ဂုဏ်ပြုတဲ့ အနေနဲ့ ရော ဒီ လီဆူ အမျိုးသား လွတ်မြောက်ရေး တပ်မတော်ဆိုတဲ့ ကျွန်တော်တို့ရဲ့ PLA ရဲ့ လီဆူတပ်တစ်ခု အဖြစ်ပေါ့နော၊ ထူထောင်ထားရခြင်း၊ ဖွဲ့စည်းပေးထားရခြင်း ဖြစ်တယ်”

    စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ လီဆူတိုင်းရင်းသား ရဲဘော်တွေ အနေနဲ့ PLA ရဲ့ နိုင်ငံရေး လမ်းစဉ် မျှော်မှန်းချက်၊ လူမျိုးစုငယ် လွတ်မြောက်ရေးမှသည် တတိုင်းတပြည်လုံး လူမျိုးပေါင်းစုံ လွတ်မြောက်ရေး၊ ပြည်သူ့ လွတ်မြောက်ရေး အတွက် ရောက်ရာနေရာမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲ ဝင်နေကြတယ်လို့လည်း PLA တပ်ရင်း ၂၂၂ စစ်နယ်မြေမှူးက ပြောပါတယ်။

    PLA တပ်ရင်း ၂၂၂ ဟာ မန္တလေးတိုင်း၊ မိုးကုတ်နဲ့ သပိတ်ကျင်းမြို့နယ်မှာ အဓိက လှုပ်ရှားပြီး လက်ရှိမှာ မဟာမိတ်တွေဖြစ်တဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော်-TNLA ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF ၊ မိုးကုတ် ဗျူဟာ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ၊ PDF ၅၁၃ တပ်ရင်း စတဲ့ တပ်တွေနဲ့ ပူးပေါင်းကာ စစ်အုပ်စုကို တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

  • ငဖဲတွင် စစ်ကောင်စီထွေအုပ်ရုံးနှင့် ရဲစခန်း တိုက်ခိုက်ခံရ

    ငဖဲတွင် စစ်ကောင်စီထွေအုပ်ရုံးနှင့် ရဲစခန်း တိုက်ခိုက်ခံရ

    မကွေးတိုင်း၊ ငဖဲမြို့ စစ်ကောင်စီ ထွေအုပ်ရုံးနှင့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းက တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

    ထိုတိုက်ခိုက်မှုကြောင့် ငဖဲမြို့နယ်ရှိ စစ်ကောင်စီ အထွေထွေအုပ်ချုပ်ရေးမှူးရုံး နှင့် ငဖဲမြို့နယ်ရဲစခန်းတို့အတွင်း ပေါက်ကွဲမှုများကြားခဲ့ရကြောင်း ဒေသခံအချို့ကပြောသည်။

    သို့သော် စစ်ကောင်စီလက်အောက်ခံတပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကိုမူ မသိရသေးကြောင်းလည်း ၎င်းတို့ကပြောသည်။

    “မိုင်းကွဲသံလား၊ လက်နက်ကြီးပစ်သံလားမသိဘူး။ မနက်အစောကြီးမှာ အသံအကျယ်ကြီးကြားလိုက်ရတယ်။ ဒီလိုမျိုးတခါမှ မကြားဖူးဘူးဆိုတော့လန့်သွားတာပေါ့”ဟုဒေသခံတစ်ဦးကပြောသည်။

    ထိုတိုက်ခိုက်မှုသည် PDF များကဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားနေကြပြီး ထွေအုပ်ရုံးအတွင်း ပေါက်ကွဲမှုကြောင့် မြို့နယ် ဒုဦးစီးမှုးအဆောင်ထဲနားကို ကျရောက်ပေါက်ကွဲခဲ့သည်ဟုလည်းဆိုသည်။

    ရဲစခန်းအတွင်းကျရောက်သည့် ဗုံးသီးမှာမပေါက်ကွဲကြောင်းလဲ စစ်ကောင်စီဘက်ကဝါဒဖြန့်ထားသည်။

    အဆိုပါတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်က ငဖဲမြို့နယ်အတွင်း အင်အားဖြည့်တင်းနေသည်ဟုလည်း ဒေသခံများကပြောသည်။

  • ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ နှင့် ခလရ ၂၅၁၊ ၂၅၂ တပ်ရင်းများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

    ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ နှင့် ခလရ ၂၅၁၊ ၂၅၂ တပ်ရင်းများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

    မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ အကြမ်းဖက် စစ်တပ်၏ တပ်မ ၁၀၁ နှင့် ခလရ ၂၅၁၊ ၂၅၂ တပ်ရင်းများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း COBRA ONE အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ပခုက္ကူမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ်-၁၀၁ ခြေမြန်တပ်မဌာနချုပ် အပါအဝင် လက်အောက်ခံ တပ်ရင်းများဖြစ်သော ခလရ ၂၅၁နှင့် ခလရ ၂၅၂ တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်း တိုက်ခိုက်မှု အတွင်း ရော့ကတ်များသည် အကြမ်းဖက် စစ်တပ် တပ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

    “တပ်မ ၁၀၁ နဲ့ လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ၂၅၁တပ်ရယ် ၂၅၂ တပ် တွေကို တာဝေးပစ် rocket ၈ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ပစ်လွှတ်လိုက်တဲ့ rocket အားလုံး ရန်သူ့တပ်တွင်း ကျရောက်ပေါက်ကွဲခဲ့တယ်။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှု ရှိမရှိကိုတော့ ဆက်လက်ဆုံစမ်းနေဆဲဖြစ်ပါတယ်” ဟု COBRA ONE အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ထိုသို့ တိုက်ခိုက်ရခြင်းသည် ပခုက္ကူမြို့ပေါ်၌ အတင်းအဓမ္မ ပေါ်တာဆွဲပြီး တပ်သားသစ်စုဆောင်းခြင်းနှင့် ပခုက္ကူ တပ်မ ၁၀၁ တပ်က ပခုက္ကူမြို့နယ် အနောက်ခြမ်းရှိ ထန်းတပင်ကျေးရွာနှင့် ရေလာကြီးကျေးရွာများကို အင်အား အလုံး အရင်းဖြင့် စစ်ကြောင်းထိုးမီးရှို့ နေခြင်းများကြောင့် ပြန်လည် တိုက်ခိုက်ခြင်းဖြစ်ကြောင်း COBRA ONE အဖွဲ့မှ တာဝန်ရှိသူ ရှင်းပြသည်။

    အဆိုပါ တိုက်ခိုက်မှုကို Burma Revolution Rangersတပ်ဖွဲ့ ၊ BA NYEIN GUERRILLA Force တပ်ဖွဲ့၊ TaTy pku pdf တပ်ဖွဲ့တို့နှင့်အတူ COBRA ONE Pakokku တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

  • ဂွမြို့တွင်း တိုက်ပွဲပြင်းထန်နေ

    ဂွမြို့တွင်း တိုက်ပွဲပြင်းထန်နေ

    ဂွမြို့တွင်း တိုက်ပွဲပြင်းထန်နေပြီး AA က ခမရ ၅၆၃ တိုက်ခိုက်ကာ ခမရ ၅၆၂ကို AAပိတ်ဆို့ထား

    ဂွမြို့ပေါ်တွင် တိုက်ပွဲပြင်းထန်နေပြီး AA က ဂွမြို့ အခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၆၃ကို AA က ဝင်ရောက်တိုက်ခိုက်နေပြီး ကျန်ရှိသည့် ခမရ ၅၆၂ကိုလည်း ပိတ်ဆို့ထားပြီဖြစ်ကြောင်း သိရသည်။

    ယနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့က ဂွမြို့ လေယာဉ်ကွင်းဟောင်းနှင့် ကမ်းခြေဦးရပ်ကွက်တို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး ခမရ ၅၆၃ တပ်ရင်းအတွင်း အဆောက်အဦးများလက်နက်ကြီးကျည်ထိမှန် ပျက်စီးမှုများရှိကြောင်း သိရသည်။

    “ခမရ ၅၆၃ထဲ မီးတွေလောင်နေပါတယ်။ ‌တပ်မိသားစုတွေတော့မရှိတော့ဘူး။ ရဟိုင်းကွင်းရွာတွေကို AA မရောက်ခင်ကတည်းက တပ်မိသားစုတွေကို စစ်တပ်က ငသိုင်းချောင်းဘက်ရွှေ့လိုက်တာ။ တိုက်ပွဲက ပိုပြင်းထန်လာတယ် စစ်တပ်ခံစစ်က အသုံးမဝင်ဘူး” ဟု ရခိုင်သတင်းရင်းမြစ်က ပြောသည်။

    စစ်ကောင်စီ၏ ခံစစ်ပြင်ဆင်ထားမှုမှာ မြို့အရှေ့ဘက်တွင်မဟုတ်ဘဲ ဧရာဝတီတိုင်းဘက်ကို စစ်ရေး မကူးစက်ရေး အဓိကပြင်ဆင်ထားသည့်အတွက် နှစ်ခုတည်းသာရှိသော တပ်ရင်းမှာ အလွယ်တကူ ကျသွားနိုင်ကြောင်း စစ်ရေးလေ့လာစောင့်ကြည်သူများက ဆိုသည်။

    စစ်ကောင်စီသည် ခံစစ်ကို တိုက်ပွဲပြင်းထန်နေသည့် ဂွမြို့တွင်သာမက ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်း မြို့နယ်တွင်ပါ အင်အားတိုးချဲ့ပြင်ဆင်ထားကြောင်း သိရသည်။

    စစ်ကောင်စီသည် ဧရာ၀တီတိုင်း ငသိုင်းချောင်းမှ စစ်ကူအင်အားရာချီပါနိုင်သည့် စစ်ကားအစီး ၂၀ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ရက်နေ့က ဂွရှိ တပ်ရင်း နှစ်ခုထံသို့ ပို့ဆောင်ခဲ့ကာ တိုက်ပွဲအတွင်း ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ကျော်ကိုလည်း ငသိုင်းချောင်းမြို့ ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

    ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဂွမြို့မရဲစခန်းအတွင်းမှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များသည် မကျီးငူမှတစ်ဆင့် ဧရာဝတီတိုင်း သာပေါင်းမြို့သို့ စခန်းစွန့်ခွာကာ ထွက်ပြေးသွားကြောင်း သိရသည်။

    “စောစော အလံဖြူထောင်ရင် စောစော အသက်ရှင်ကျန်ရစ်စေမယ်။ မိသားစု၊ ဆွေမျိုးတို့ နှင့် စောစော တွေ့ဆုံရလိမ့်မယ်” ဟု ယမန်နေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ ညပိုင်းက ထုတ်ပြန်သည့် AA ၏ ရုပ်သံမှတ်တမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အသိပေးထားသည်။