ငဖဲတွင် စစ်ကောင်စီထွေအုပ်ရုံးနှင့် ရဲစခန်း တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ငဖဲမြို့ စစ်ကောင်စီ ထွေအုပ်ရုံးနှင့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းက တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

ထိုတိုက်ခိုက်မှုကြောင့် ငဖဲမြို့နယ်ရှိ စစ်ကောင်စီ အထွေထွေအုပ်ချုပ်ရေးမှူးရုံး နှင့် ငဖဲမြို့နယ်ရဲစခန်းတို့အတွင်း ပေါက်ကွဲမှုများကြားခဲ့ရကြောင်း ဒေသခံအချို့ကပြောသည်။

သို့သော် စစ်ကောင်စီလက်အောက်ခံတပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကိုမူ မသိရသေးကြောင်းလည်း ၎င်းတို့ကပြောသည်။

“မိုင်းကွဲသံလား၊ လက်နက်ကြီးပစ်သံလားမသိဘူး။ မနက်အစောကြီးမှာ အသံအကျယ်ကြီးကြားလိုက်ရတယ်။ ဒီလိုမျိုးတခါမှ မကြားဖူးဘူးဆိုတော့လန့်သွားတာပေါ့”ဟုဒေသခံတစ်ဦးကပြောသည်။

ထိုတိုက်ခိုက်မှုသည် PDF များကဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားနေကြပြီး ထွေအုပ်ရုံးအတွင်း ပေါက်ကွဲမှုကြောင့် မြို့နယ် ဒုဦးစီးမှုးအဆောင်ထဲနားကို ကျရောက်ပေါက်ကွဲခဲ့သည်ဟုလည်းဆိုသည်။

ရဲစခန်းအတွင်းကျရောက်သည့် ဗုံးသီးမှာမပေါက်ကွဲကြောင်းလဲ စစ်ကောင်စီဘက်ကဝါဒဖြန့်ထားသည်။

အဆိုပါတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်က ငဖဲမြို့နယ်အတွင်း အင်အားဖြည့်တင်းနေသည်ဟုလည်း ဒေသခံများကပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *