Category: News

  • အဆင့်မြင့် အိမ်ရာစီမံကိန်း ၃ ခု တည်ဆောက်ရေး ရင်းနှီးမြှုပ်နှံသူများကို စစ်ကောင်စီက ဖိတ်ခေါ်

    နေပြည်တော်တွင် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်များ ရယူထားသော မြေကွက်များအနီး အဆင့်မြင့် အိမ်ရာစီမံကိန်း ၃ ခု တည်ဆောက်ရေး ရင်းနှီးမြှုပ်နှံသူများကို စစ်ကောင်စီက ဖိတ်ခေါ်

    နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်များ ရယူထားသော မြေကွက်များအနီးတွင် အဆင့်မြင့် အိမ်ရာစီမံကိန်း ၃ ခု တည်ဆောက်ရေး ရင်းနှီးမြှုပ်နှံသူများကို စစ်ကောင်စီက ဖိတ်ခေါ်ထားသည်။

    နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မြေဧက ၁၀၀ နီးပါးတွင် အဆင့်မြင့် အိမ်ရာစီမံကိန်း ၃ ခု တည်ဆောက်ရန် လုပ်ငန်းရှင်နှင့် ကုမ္ပဏီများကို ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားလျှောက်ရန် စစ်ကောင်စီက ဖိတ်ခေါ်နေခြင်းဖြစ်သည်။

    နေပြည်တော်၊ ပျဉ်းမနား – တောင်ညိုလမ်း၏ အရှေ့ဘက် သုခတော်ဝင်အိမ်ရာအနီး မြေဧရိယာ ၃၀ ဧကခန့်ရှိ စီမံကိန်းနေရာ ၁ ၊ ပျဉ်းမနား- တောင်ညိုလမ်း၏ အရှေ့ဘက်၊ DENKO စက်သုံးဆီအရောင်းဆိုင်အနီး၊ မြေဧရိယာ ၃၀ ဧကခန့်ရှိ စီမံကိန်းနေရာ၂ နှင့် ဓနသိဒ္ဓိရပ်ကွက်၊ တော်ဝင်သီရိလမ်း၏ အနောက်ဘက်၊ သံတမန်ဇုန်အနီး၊ မြေဧရိယာ ၃၀ ဧကခန့်ရှိ စီမံကိန်းနေရာ ၃ တို့တွင် အဆင့်မြင့်အိမ်ရာစီမံကိန်း ၃ ခုကို တည်ဆောက်မည်ဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါ အိမ်ရာများကို အလုံးစုံ ရင်းနှီးမြှုပ်နှံတည်ဆောက်ရန် Developer လုပ်ငန်းရှင်/ကုမ္ပဏီများကို စစ်ကောင်စီက ဖိတ်ခေါ်ထားသော် လည်း ယင်းပတ်ပတ်လည်ရှိ မြေကွက်များကို စစ်ကောင်စီ၏ ဗိုလ်ချုပ်များက ရယူထားပြီးဖြစ်ကြောင်း နေပြည်တော်အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုသည်။

    “အခု စီမံကိန်း ၁ ၊ စီမံကိန်း ၂ နဲ့ စီမံကိန်း ၃ လုပ်မယ့်နေရာတွေက အရင် ဗိုလ်ချုပ်တွေရော အခု ဗိုလ်ချုပ်တွေရော မြေကွက်တွေက နေရာဦးပြီးသားနေရာတွေပါ။ ဥပမာ- သံတမန်ဇုန် ပတ်ပတ်လည်ဆိုရင် ကြံ့ခိုင်ရေး ဗိုလ်ချုပ်တွေနဲ့ လက်ရှိ ဗိုလ်ချုပ်ကြီးတွေရဲ့ မြေကွက်တွေ ၊ ပေ ၁၀၀ ပတ်လည်ကစလို့ ဧကချီပြီး ယူထားကြတာ။ ဦးထားကြတာ။ သူတို့ ယူလို့ ရပြီးတော့မှ အဲဒီအနားတွေမှာ စီမံကိန်းလုပ်တာပါ” ဟု နေပြည်တော်အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ချုပ်များ ရယူထားသော မြေကွက်များသည် စီမံကိန်းနေရာဖြစ်သော အချက်အချာကျသည့် နေရာများဖြစ်၍ အမှန်တကယ် စီမံကိန်းများ အသက်ဝင်လာပါက သိန်းသောင်းချီ တန်ကြေးရှိမည်ဖြစ်ကြောင်း နေပြည်တော်အိမ်ခြံမြေစျေးကွက် ကျွမ်းကျင်သူများက ဆိုကြသည်။

    “ဒီသံတမန်ဇုန်ဆိုတာက သံရုံးနဲ့ သံအမတ်နေအိမ်မြေနေရာတွေ။ အဲဒါတွေက အကောင်အထည်လည်းဖော်နေတယ်။ တကယ်တမ်းသံရုံးတွေ ဖွင့်လာရင် အဲဒီနေရာတွေက အရမ်းတန်ကြေးတက်မယ့်နေရာတွေ။ ပြောချင်တာက နေပြည်တော်မှာ မြေကွက်တွေကတော့ ဗိုလ်ချုပ်နဲ့ သူတို့ အသိုင်းအ၀ိုင်းလွတ်တဲ့မြေကွက်ဆိုတာမျိုးမရှိဘူးလို့တောင် ပြောရမယ်” ဟု နေပြည်တော် အိမ်ခြံမြေစျေးကွက်ကျွမ်းကျင်သူက ရှင်းပြသည်။

    သို့ရာတွင် အကြမ်းဖက်စစ်ကောင်စီက NLD အစိုးရလက်ထက် သမ္မတဦးဝင်းမြင့် အပါအဝင် NLD အစိုးရဝန်ကြီးများ အတွက် ချထားပေးခဲ့သည့် နေပြည်တော်ဥတ္တရသီရိနှင့် ဒက္ခိဏသီရိမြို့နယ်များရှိ မြေကွက် ၃၆ ကွက်၏ နှစ် ၃၀ မြေငှားစာချုပ်ဂရန်များကို ပယ်ဖျက်ကြောင်း နိုဝင်ဘာ၂၇ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာတွင် ကြေညာခဲ့သည်။

    ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်နှင့် ကြူကြူလှ။

  • ကတိုင်တိစခန်းမကျရေး စစ်ကောင်စီတပ် စစ်ကူအများအပြား ပို့ဆောင်နေ

    ကတိုင်တိစခန်းမကျရေး စစ်ကောင်စီတပ် စစ်ကူအများအပြား ပို့ဆောင်နေ

    ကရင်ပြည်နယ် ဖာပွန်ဒေသမှာ စစ်ရေးဗျူဟာအရ အရေးပါတဲ့ တောင်သုံးလုံးနဲ့ ဆင်စွယ်တပ်စခန်းတို့ တိုက်ခိုက်သိမ်းပိုက်ခံလိုက်ရပြီးနောက် စစ်ကောင်စီတပ်ဟာ အနီးနားရှိ ကတိုင်တိစခန်း မကျရေးအတွက် စစ်ကူအများအပြား ပို့ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဖာပွန်ခရိုင်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဆင်စွယ်စခန်းနဲ့ တောင်သုံးလုံးစခန် နှစ်ခုကို ပြီးခဲ့တဲ့ ဒီ ဇင်ဘာ ၇ ရက်နဲ့ ၁၁ ရက်နေ့တို့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာပါ။

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေဟာ တောင်သုံးလုံး၊ ဆင်စွယ်ကျေးရွာအောက်ဘက်က ကတိုင်တိတပ်စခန်းဆီကို ထွက်ပြေးသွားတယ်လို့ ခန့်မှန်းရပြီး ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ် သားတွေကို KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့က လိုက်လံရှင်းလင်းနေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

    လက်ရှိမှာတော့ စစ်ကောင်စီတပ်ရဲ့ ကတိုင်တိစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပစ် ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ လာရောက်တိုက် ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် အဲဒီသတင်းနဲ့ပတ်သက်လို့ အတည်မပြုနိုင်သေးကြောင်း ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။

    စစ်ကောင်စီတပ်ရဲ့ ကတိုင်တိစခန်းဟာ ဖာပွန်ခရိုင်ဖာပွန်မြို့နဲ့ ကမမောင်းမြို့အကြား ကတိုင်တိကျေးရွာမှာ တည်ရှိတာဖြစ်ပြီး စစ်တပ်စခန်းတစ်ခုအပြင် နယ်ခြားစောင့်တပ် BGF ရဲ့ တပ်ရင်း ၁၀၁၃ ဌာနချုပ်စခန်းလည်း တည်ရှိတာဖြစ်ပါတယ်။

    အခုရက်ပိုင်းထဲမှာ စစ်ကောင်စီတပ်က ကမမောင်းမြို့အခြေစိုက် ဗျူဟာစခန်းကနေ မိုင် ၃၀ ခန့်မှာရှိတဲ့ ကတိုင်တိကျေးရွာဘက်ကို ဦးတည်ပြီး မြေပြင်စစ်ကူတွေ ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။

    ကတိုင်တိဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ရေးအခြေအနေတွေကြောင့် ကတိုင်တိ၊ ဘောကြိုလယ် စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ကမမောင်းကို ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာနေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

  • တမူးတွင် ပလဖ ထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၃၄ ဦး အချုပ်ခန်းဖောက် ထွက်ပြေးသွားခြင်းအ​ပေါ် NUG ပြည်ထဲရေးဝန်ကြီးဌာန ဝေဖန်ခံရ

    တမူးတွင် ပလဖ ထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၃၄ ဦး အချုပ်ခန်းဖောက် ထွက်ပြေးသွားခြင်းအ​ပေါ် NUG ပြည်ထဲရေးဝန်ကြီးဌာန ဝေဖန်ခံရ

    တမူးမြို့နယ်အတွင်း တိုက်ပွဲများ၌ ဖမ်းမိထားပြီး တမူးမြို့နယ် ပြည်သူ့လုံခြုံ​ရေးအဖွဲ့(တမူးပလဖ)က ထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၃၄ ဦး ထွက်ပြေးလွတ်မြောက်သွားသည့်ဖြစ်ရပ်အတွက် အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊ ပြည်ထဲရေးဝန်ကြီးကို​ဝေဖန်​နေကြပြီးဖြေရှင်းပေးရန် ဒေသခံများကလိုလားနေကြသည်။

    တမူးမြို့နယ်မြို့သစ်မြို့သိမ်းတိုက်ပွဲ၊ သနန်ရဲဘက်စခန်းသိမ်းတိုက်ပွဲများ၌ ဖမ်းမိထားသည့် စစ်သုံ့ပန်း ၃၄ဦးသည် ဒီဇင်ဘာလ ၁၂ရက်ညက အချုပ်ခန်း‌ဖောက်၍ ထွက်ပြေးသွားခြင်းဖြစ်သည်။

    ” သတင်းကြားကြားချင်း စိတ်ပျက်ရတာပဲ။ လွတ်သွားတဲ့အထဲမှာ အရေးကြီးတဲ့ စစ်သုံးပန်းတွေပါတယ်။ အဲ့ဒီစစ်သုံ့ပန်းတွေကို ပလဖက အတွင်းစည်းက လုဲခြုံရေးယူထားပြီး ပကဖက အပြင်စည်းက လုံခြုံရေးယူတာ” ဟု စစ်အာဏာရှင်တော်လှန်ရေးတွင်ပါဝင်နေသည့် တမူး‌ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

    စစ်သုံ့ပန်းများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲနှင့် ပျူစောထီးများပါဝင်သည်။ ရဲCDM အယောင်ဆောင် တစ်ဦးက ပလဖအဖွဲ့ဝင်များအား အယုံသွင်း၍ အချုပ်‌ခန်းဖောက်ခန်း​ဖောက်သွားခဲ့ ခြင်းဖြစ်​ကြောင်း PDF ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

    ” ရဲ CDM အယောင်ဆောင် ဇေယျာထက်က အကုန်ခေါ်ထုတ်သွားတာ။ ပလဖရော၊ ပကဖရော ပေါ့ဆတယ်ဗျာ” ဟု ဒေသခံတစ်ဦးကပြောသည်။

    ယခုကဲ့သို့ စစ်သုံ့ပန်းလွတ်​မြောက်မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်လခန့်က စစ်သုံ့ပန်း ၅ ဦး ထွက်ပြေးဖူးသည်ဟု သတင်းရရှိသည်။

    “တော်တော်ကိုပေါ့လျော့တဲ့ကိစ္စဗျ။ စစ်သုံ့ပန်းတွေလွတ်သွားတာ အားလုံးအတွက်အန္တရာယ်ကြီးတယ်။ ဦးလွင်ကိုလတ်(NUG ပြည်ထဲ​ရေးဝန်ကြီး)အနေနဲ့ ဒါကို တာဝန်ယူဖြေရှင်းပေးဖို့ ကျတော်တို့မြို့ခံတွေ တိုက်တွန်းတယ်ဗျာ”ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

    စစ်သုံ့ပန်းများကို ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ခုနှစ် နှစ်ဆန်းပိုင်းတိုက်ပွဲများ၌ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် အချုပ်ခန်း၌ မထားဘဲ ပြင်ပတွင်သာ ‌နေ‌ထိုင်စေခဲ့သည်ဟု တမူးမြို့မှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တစ်ဦးကပြောသည်။ ထိုအခြေအနေကို အခွင့်ကောင်းယူကာ ထွက်ပြေးသွားခြင်းဟု ၎င်းက သုံးသပ်သည်။

    “လိုက်ရှာနေကြပေမယ့် နယ်စပ်ကနေတစ်ဆင့် အိန္ဒိယထဲဝင်ပြီး စစ်တပ်ထိန်းချုပ်ထားတဲ့မင်းသာရွာ၊ ကျွန်းပင်သာရွာဘက်ကို ရောက်သွားပြီလို့ကြားတယ်”ဟု ​ဒေသခံကာကွယ်​ရေးရဲဘော်တစ်ဦး‌ကပြောသည်။

    စစ်သုံ့ပန်းအများအပြား လွတ်မြောက်သွားသည့်ဖြစ်စဉ်အတွက် တမူးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် NUG ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်ကို မြို့ခံများက အပြင်းအထန် ဝေဖန်နေသည်။

    ပြည်သူ့လုံခြုံရေးအဖွဲ့၊ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်၌ ရှိသည်။ ထို့ကြောင့် ယခုဖြစ်စဉ်ကို ဦးလွင်ကိုလတ် ဖြေရှင်းပေးရန် မြို့ခံများက တောင်းဆို‌ကြသည်။

    တမူးခရိုင်အတွင်း ခါမ်းပတ်မြို့နှင့် မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထိန်းချုပ်ထားသည်။ စစ်ကောင်စီသည် တမူးမြို့ကိုသာ ထိန်းချုပ်ထားနိုင်သည့်အခြေအနေဖြစ်သည်။

    ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) တို့နှင့်ပတ်သက်ပြီး တိုင်ကြားမှုများ ရှိနေသည့် အခြေအနေတွင် စည်းကမ်းဖောက်ဖျက်မှုများ ရှိပါက မူဝါဒနှင့်ထိန်းကျောင်းခြင်း၊ ရဲဝံ့စွာ အရေးယူခြင်းတို့ ပြုလုပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီဇင်ဘာ ၁၀ ရင်​နေ့တွင်ပြုလုပ်​သော အစိုးရ အဖွဲ့အစည်းအဝေးတွင် ပြောကြားထားသည်။

    (တမူးမြို့နယ်၊ သနန်ကျေးရွာရှိအကျဉ်းစခန်းနှင့် စစ်ကောင်စီ လက်အောက်ခံ ကသည်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့ ဌာနချုပ်- UNLF/PLA ကို ​တော်လှန်​ရေးတပ်များက ၂၀၂၃ နိုဝင်ဘာလတွင် သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ- KNA Buma )

  • မိုးကောင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ် အထိနာပြီးပြန်ဆုတ်ခွာ

    ကချင်ပြည်နယ်၊မိုးကောင်းမြို့နယ်အတွင်းကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊တပ်မဟာ(၉)၊ တပ်ရင်း (၄၄) နယ်မြေကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီနှင့် ရှမ်းနီတပ်-SNA ပူးပေါင်းစစ်ကြောင်း အထိအခိုက်များစွာဖြင့် ပြန်လည်ဆုတ်ခွာသွားသည်။

    အင်အား ၃၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းသည် ဒီဇင်ဘာလ ၁၂ ရက် နံနက်တွင် စတင်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ KIA နှင့် PDF ပူးပေါင်းတပ်က ပြန်လည်တိုက်ခိုက်ရာ ဒီဇင်ဘာလ ၁၄ ရက် ညနေပိုင်းတွင် ပြန်လည်ဆုတ်ခွာသွားပြီဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

    “မိုးကောင်းဘက်ကိုပြန်ဆုတ်သွားတာဟုတ်တယ်။ ဒါပေမယ့် တိုက်ပွဲက မပြီးဘူးလို့ ကျနော်တို့သုံးသပ်တယ်။ စစ်ရေးအသင့်အနေအထားမှာရှိတယ်”ဟု မိုးကောင်းမြို့နယ်တွင် လက်ရှိ ‌ရှိနေသော အဆိုပါသတင်းရင်းမြစ်ကပြောသည်။

    စစ်ကောင်စီနှင့် SNA(ရှမ်းနီတပ်) ပူးပေါင်းစစ်ကြောင်းဘက်တွင် ထိခိုက်သေဆုံးမှုများရှိကြောင်းသိရသော်လည်း အသေးစိတ်ကိုမူမသိရှိရသေးပေ။

    တိုက်ပွဲသည် မိုးကောင်းမြို့နယ် ဆားမှော် နှင့် ကညင်မြိုင်ရွာအနီးတွင် အပြင်းထန်ဆုံးဖြစ်ခဲ့သည်ဟုဒေသခံများကပြောသည်။

    “မြို့ကနေ သေနတ်သံတွေအတိုင်းသားကြားနေရတယ်။ အရမ်းကြောက်ဖို့ကောင်းတယ်။ နောက်ပြီး စစ်ရေးအခြေအနေက သတိနဲ့နေဖို့ လိုနေပြီလို့ ခံစားလာရတယ်။ သတင်းမျိုးစုံထွက်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

    KIAတပ်မဟာ(၉)တပ်ရင်း(၄၄)နယ်မြေအတွင်းရှိ မိုးကောင်း ၈မိုင်ဂိတ်ကို ဒီဇင်ဘာ ၁၂ ရက်ကစစ်ကောင်စီနှင့် SNA ပူးပေါင်းအင်အား ၃၀၀ ခန့်နှင့် ထိုးစစ်ဆင်တိုက်ခိုက်လာ၍ နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု KIA သတင်းပြန်ကြားရေးဌာနက ဒီဇင်ဘာ ၁၃ ရက်တွင် ဖော်ပြသည်။

    စစ်ကောင်စီတပ် ခမရ(၃၈၁)၊ (၃၈၂)နှင့်ခလရ(၁၀၅) ၊ SNA ပြည်သူ့စစ်အဖွဲ့ ၊ ပျူစောထီးအဖွဲ့များ ပူးပေါင်းထိုးစစ်ဆင်လာ၍ KIA က ခုခံခဲ့ကြောင်း၊ စစ်ကောင်စီက လက်နက်ကြီး ပစ်ကူပေး တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ လက်နက်ကြီးကြောင့် ပြည်သူ ထိခိုက်မှုရှိကြောင်း အသိပေးထားသည်။

    KIAသည်ကချင်ပြည်နယ်အတွင်းဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာလ၄ရက်နေ့မှစတင်၍ တိုက်ခိုက်နေပြီး ဒီဇင်ဘာ ၁၄ ရက်အထိ တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်။ ဗန်းမော်ပြီးလျှင် မိုးကောင်းမြို့မှ စစ်ကောင်စီစခန်းများကို KIAက တိုက်ခိုက်နိုင်ခြေရှိကြောင်း တော်လှန်ရေးအတိုင်းအဝိုင်းတွင် မှန်းဆမှုများရှိနေသည်။

    (စစ်​ရေး​လေ့ကျင့်​နေ​သော KIA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-File Photo)

  • မုံရွာတွင် ကဗျာဆရာ ဦးစိန်ဝင်းကို မီးရှို့သတ်ဖြတ်ခဲ့သော စစ်တပ် သတင်းပေး အောင်ကိုလတ်ကို မုံရွာမြို့နယ် ပလဖ က အရှင်ဖမ်းမိ

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ကဗျာဆရာ ဦးစိန်ဝင်းကို မီးရှို့သတ်ဖြတ်ခဲ့သော အကြမ်းဖက် စစ်တပ် သတင်းပေး အောင်ကိုလတ်ကို အရှင်ဖမ်းမိခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်အတွက် သတင်းထောက်လှမ်းရေး ပြုလုပ်နေစဉ် အောင်ကိုလတ်ကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ ရဲဘော်များက အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ဖမ်းဆီးရမိသော စစ်တပ် သတင်းပေး အောင်ကိုလတ်ကို မုံရွာမြို့နယ် ပလဖ အဖွဲ့က စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်၍ အရေးယူမှု အပိုင်းများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

    ” စစ်ခွေးတွေနဲ့ ပတ်သက်မှုကတော့ အဲကောင်ကရှိတယ်။ အဲကောင်က ကိုစိန်ဝင်းကို သတ်ပြီးတော့ ဒလန် လုပ်နေတာ အဲကောင် ဒီနေ့ ထောက်လှမ်းရေး လာလုပ်ရင်းနဲ့ မိလာတာ သူ့ကို စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်။ အရေးယူမှုပိုင်းတွေလည်း ထုတ်ပြန်သွားမယ်” ဟု မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ၂၀၂၁ ခုနှစ် မေလ ၁၄ ရက်နေ့တွင် မုံရွာမြို့ စက်မှုဇုန် ခေါက်ဆွဲစက်တစ်ခု၌ ကဗျာဆရာ ဦးစိန်ဝင်းကို အကြမ်းဖက် စစ်တပ် သတင်းပေး အောင်ကိုလတ် ဆိုသူက မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ တရားခံ‌ အောင်ကိုလတ်၏ ဝန်ခံထွက်ဆိုချက်များကိုလည်း မုံရွာမြို့နယ် ပလဖ က ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။