မုံရွာတွင် ကဗျာဆရာ ဦးစိန်ဝင်းကို မီးရှို့သတ်ဖြတ်ခဲ့သော စစ်တပ် သတင်းပေး အောင်ကိုလတ်ကို မုံရွာမြို့နယ် ပလဖ က အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ကဗျာဆရာ ဦးစိန်ဝင်းကို မီးရှို့သတ်ဖြတ်ခဲ့သော အကြမ်းဖက် စစ်တပ် သတင်းပေး အောင်ကိုလတ်ကို အရှင်ဖမ်းမိခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်အတွက် သတင်းထောက်လှမ်းရေး ပြုလုပ်နေစဉ် အောင်ကိုလတ်ကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ ရဲဘော်များက အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသော စစ်တပ် သတင်းပေး အောင်ကိုလတ်ကို မုံရွာမြို့နယ် ပလဖ အဖွဲ့က စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်၍ အရေးယူမှု အပိုင်းများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

” စစ်ခွေးတွေနဲ့ ပတ်သက်မှုကတော့ အဲကောင်ကရှိတယ်။ အဲကောင်က ကိုစိန်ဝင်းကို သတ်ပြီးတော့ ဒလန် လုပ်နေတာ အဲကောင် ဒီနေ့ ထောက်လှမ်းရေး လာလုပ်ရင်းနဲ့ မိလာတာ သူ့ကို စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်။ အရေးယူမှုပိုင်းတွေလည်း ထုတ်ပြန်သွားမယ်” ဟု မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

၂၀၂၁ ခုနှစ် မေလ ၁၄ ရက်နေ့တွင် မုံရွာမြို့ စက်မှုဇုန် ခေါက်ဆွဲစက်တစ်ခု၌ ကဗျာဆရာ ဦးစိန်ဝင်းကို အကြမ်းဖက် စစ်တပ် သတင်းပေး အောင်ကိုလတ် ဆိုသူက မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ တရားခံ‌ အောင်ကိုလတ်၏ ဝန်ခံထွက်ဆိုချက်များကိုလည်း မုံရွာမြို့နယ် ပလဖ က ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *