Category: News

  • တမူးတွင် ပလဖ ထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၃၄ ဦး အချုပ်ခန်းဖောက် ထွက်ပြေးသွားခြင်းအ​ပေါ် NUG ပြည်ထဲရေးဝန်ကြီးဌာန ဝေဖန်ခံရ

    တမူးတွင် ပလဖ ထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၃၄ ဦး အချုပ်ခန်းဖောက် ထွက်ပြေးသွားခြင်းအ​ပေါ် NUG ပြည်ထဲရေးဝန်ကြီးဌာန ဝေဖန်ခံရ

    တမူးမြို့နယ်အတွင်း တိုက်ပွဲများ၌ ဖမ်းမိထားပြီး တမူးမြို့နယ် ပြည်သူ့လုံခြုံ​ရေးအဖွဲ့(တမူးပလဖ)က ထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၃၄ ဦး ထွက်ပြေးလွတ်မြောက်သွားသည့်ဖြစ်ရပ်အတွက် အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊ ပြည်ထဲရေးဝန်ကြီးကို​ဝေဖန်​နေကြပြီးဖြေရှင်းပေးရန် ဒေသခံများကလိုလားနေကြသည်။

    တမူးမြို့နယ်မြို့သစ်မြို့သိမ်းတိုက်ပွဲ၊ သနန်ရဲဘက်စခန်းသိမ်းတိုက်ပွဲများ၌ ဖမ်းမိထားသည့် စစ်သုံ့ပန်း ၃၄ဦးသည် ဒီဇင်ဘာလ ၁၂ရက်ညက အချုပ်ခန်း‌ဖောက်၍ ထွက်ပြေးသွားခြင်းဖြစ်သည်။

    ” သတင်းကြားကြားချင်း စိတ်ပျက်ရတာပဲ။ လွတ်သွားတဲ့အထဲမှာ အရေးကြီးတဲ့ စစ်သုံးပန်းတွေပါတယ်။ အဲ့ဒီစစ်သုံ့ပန်းတွေကို ပလဖက အတွင်းစည်းက လုဲခြုံရေးယူထားပြီး ပကဖက အပြင်စည်းက လုံခြုံရေးယူတာ” ဟု စစ်အာဏာရှင်တော်လှန်ရေးတွင်ပါဝင်နေသည့် တမူး‌ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

    စစ်သုံ့ပန်းများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲနှင့် ပျူစောထီးများပါဝင်သည်။ ရဲCDM အယောင်ဆောင် တစ်ဦးက ပလဖအဖွဲ့ဝင်များအား အယုံသွင်း၍ အချုပ်‌ခန်းဖောက်ခန်း​ဖောက်သွားခဲ့ ခြင်းဖြစ်​ကြောင်း PDF ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

    ” ရဲ CDM အယောင်ဆောင် ဇေယျာထက်က အကုန်ခေါ်ထုတ်သွားတာ။ ပလဖရော၊ ပကဖရော ပေါ့ဆတယ်ဗျာ” ဟု ဒေသခံတစ်ဦးကပြောသည်။

    ယခုကဲ့သို့ စစ်သုံ့ပန်းလွတ်​မြောက်မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်လခန့်က စစ်သုံ့ပန်း ၅ ဦး ထွက်ပြေးဖူးသည်ဟု သတင်းရရှိသည်။

    “တော်တော်ကိုပေါ့လျော့တဲ့ကိစ္စဗျ။ စစ်သုံ့ပန်းတွေလွတ်သွားတာ အားလုံးအတွက်အန္တရာယ်ကြီးတယ်။ ဦးလွင်ကိုလတ်(NUG ပြည်ထဲ​ရေးဝန်ကြီး)အနေနဲ့ ဒါကို တာဝန်ယူဖြေရှင်းပေးဖို့ ကျတော်တို့မြို့ခံတွေ တိုက်တွန်းတယ်ဗျာ”ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

    စစ်သုံ့ပန်းများကို ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ခုနှစ် နှစ်ဆန်းပိုင်းတိုက်ပွဲများ၌ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် အချုပ်ခန်း၌ မထားဘဲ ပြင်ပတွင်သာ ‌နေ‌ထိုင်စေခဲ့သည်ဟု တမူးမြို့မှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တစ်ဦးကပြောသည်။ ထိုအခြေအနေကို အခွင့်ကောင်းယူကာ ထွက်ပြေးသွားခြင်းဟု ၎င်းက သုံးသပ်သည်။

    “လိုက်ရှာနေကြပေမယ့် နယ်စပ်ကနေတစ်ဆင့် အိန္ဒိယထဲဝင်ပြီး စစ်တပ်ထိန်းချုပ်ထားတဲ့မင်းသာရွာ၊ ကျွန်းပင်သာရွာဘက်ကို ရောက်သွားပြီလို့ကြားတယ်”ဟု ​ဒေသခံကာကွယ်​ရေးရဲဘော်တစ်ဦး‌ကပြောသည်။

    စစ်သုံ့ပန်းအများအပြား လွတ်မြောက်သွားသည့်ဖြစ်စဉ်အတွက် တမူးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် NUG ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်ကို မြို့ခံများက အပြင်းအထန် ဝေဖန်နေသည်။

    ပြည်သူ့လုံခြုံရေးအဖွဲ့၊ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်၌ ရှိသည်။ ထို့ကြောင့် ယခုဖြစ်စဉ်ကို ဦးလွင်ကိုလတ် ဖြေရှင်းပေးရန် မြို့ခံများက တောင်းဆို‌ကြသည်။

    တမူးခရိုင်အတွင်း ခါမ်းပတ်မြို့နှင့် မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထိန်းချုပ်ထားသည်။ စစ်ကောင်စီသည် တမူးမြို့ကိုသာ ထိန်းချုပ်ထားနိုင်သည့်အခြေအနေဖြစ်သည်။

    ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) တို့နှင့်ပတ်သက်ပြီး တိုင်ကြားမှုများ ရှိနေသည့် အခြေအနေတွင် စည်းကမ်းဖောက်ဖျက်မှုများ ရှိပါက မူဝါဒနှင့်ထိန်းကျောင်းခြင်း၊ ရဲဝံ့စွာ အရေးယူခြင်းတို့ ပြုလုပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီဇင်ဘာ ၁၀ ရင်​နေ့တွင်ပြုလုပ်​သော အစိုးရ အဖွဲ့အစည်းအဝေးတွင် ပြောကြားထားသည်။

    (တမူးမြို့နယ်၊ သနန်ကျေးရွာရှိအကျဉ်းစခန်းနှင့် စစ်ကောင်စီ လက်အောက်ခံ ကသည်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့ ဌာနချုပ်- UNLF/PLA ကို ​တော်လှန်​ရေးတပ်များက ၂၀၂၃ နိုဝင်ဘာလတွင် သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ- KNA Buma )

  • မိုးကောင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ် အထိနာပြီးပြန်ဆုတ်ခွာ

    ကချင်ပြည်နယ်၊မိုးကောင်းမြို့နယ်အတွင်းကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊တပ်မဟာ(၉)၊ တပ်ရင်း (၄၄) နယ်မြေကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီနှင့် ရှမ်းနီတပ်-SNA ပူးပေါင်းစစ်ကြောင်း အထိအခိုက်များစွာဖြင့် ပြန်လည်ဆုတ်ခွာသွားသည်။

    အင်အား ၃၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းသည် ဒီဇင်ဘာလ ၁၂ ရက် နံနက်တွင် စတင်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ KIA နှင့် PDF ပူးပေါင်းတပ်က ပြန်လည်တိုက်ခိုက်ရာ ဒီဇင်ဘာလ ၁၄ ရက် ညနေပိုင်းတွင် ပြန်လည်ဆုတ်ခွာသွားပြီဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

    “မိုးကောင်းဘက်ကိုပြန်ဆုတ်သွားတာဟုတ်တယ်။ ဒါပေမယ့် တိုက်ပွဲက မပြီးဘူးလို့ ကျနော်တို့သုံးသပ်တယ်။ စစ်ရေးအသင့်အနေအထားမှာရှိတယ်”ဟု မိုးကောင်းမြို့နယ်တွင် လက်ရှိ ‌ရှိနေသော အဆိုပါသတင်းရင်းမြစ်ကပြောသည်။

    စစ်ကောင်စီနှင့် SNA(ရှမ်းနီတပ်) ပူးပေါင်းစစ်ကြောင်းဘက်တွင် ထိခိုက်သေဆုံးမှုများရှိကြောင်းသိရသော်လည်း အသေးစိတ်ကိုမူမသိရှိရသေးပေ။

    တိုက်ပွဲသည် မိုးကောင်းမြို့နယ် ဆားမှော် နှင့် ကညင်မြိုင်ရွာအနီးတွင် အပြင်းထန်ဆုံးဖြစ်ခဲ့သည်ဟုဒေသခံများကပြောသည်။

    “မြို့ကနေ သေနတ်သံတွေအတိုင်းသားကြားနေရတယ်။ အရမ်းကြောက်ဖို့ကောင်းတယ်။ နောက်ပြီး စစ်ရေးအခြေအနေက သတိနဲ့နေဖို့ လိုနေပြီလို့ ခံစားလာရတယ်။ သတင်းမျိုးစုံထွက်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

    KIAတပ်မဟာ(၉)တပ်ရင်း(၄၄)နယ်မြေအတွင်းရှိ မိုးကောင်း ၈မိုင်ဂိတ်ကို ဒီဇင်ဘာ ၁၂ ရက်ကစစ်ကောင်စီနှင့် SNA ပူးပေါင်းအင်အား ၃၀၀ ခန့်နှင့် ထိုးစစ်ဆင်တိုက်ခိုက်လာ၍ နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု KIA သတင်းပြန်ကြားရေးဌာနက ဒီဇင်ဘာ ၁၃ ရက်တွင် ဖော်ပြသည်။

    စစ်ကောင်စီတပ် ခမရ(၃၈၁)၊ (၃၈၂)နှင့်ခလရ(၁၀၅) ၊ SNA ပြည်သူ့စစ်အဖွဲ့ ၊ ပျူစောထီးအဖွဲ့များ ပူးပေါင်းထိုးစစ်ဆင်လာ၍ KIA က ခုခံခဲ့ကြောင်း၊ စစ်ကောင်စီက လက်နက်ကြီး ပစ်ကူပေး တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ လက်နက်ကြီးကြောင့် ပြည်သူ ထိခိုက်မှုရှိကြောင်း အသိပေးထားသည်။

    KIAသည်ကချင်ပြည်နယ်အတွင်းဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာလ၄ရက်နေ့မှစတင်၍ တိုက်ခိုက်နေပြီး ဒီဇင်ဘာ ၁၄ ရက်အထိ တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်။ ဗန်းမော်ပြီးလျှင် မိုးကောင်းမြို့မှ စစ်ကောင်စီစခန်းများကို KIAက တိုက်ခိုက်နိုင်ခြေရှိကြောင်း တော်လှန်ရေးအတိုင်းအဝိုင်းတွင် မှန်းဆမှုများရှိနေသည်။

    (စစ်​ရေး​လေ့ကျင့်​နေ​သော KIA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-File Photo)

  • မုံရွာတွင် ကဗျာဆရာ ဦးစိန်ဝင်းကို မီးရှို့သတ်ဖြတ်ခဲ့သော စစ်တပ် သတင်းပေး အောင်ကိုလတ်ကို မုံရွာမြို့နယ် ပလဖ က အရှင်ဖမ်းမိ

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ကဗျာဆရာ ဦးစိန်ဝင်းကို မီးရှို့သတ်ဖြတ်ခဲ့သော အကြမ်းဖက် စစ်တပ် သတင်းပေး အောင်ကိုလတ်ကို အရှင်ဖမ်းမိခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်အတွက် သတင်းထောက်လှမ်းရေး ပြုလုပ်နေစဉ် အောင်ကိုလတ်ကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ ရဲဘော်များက အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ဖမ်းဆီးရမိသော စစ်တပ် သတင်းပေး အောင်ကိုလတ်ကို မုံရွာမြို့နယ် ပလဖ အဖွဲ့က စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်၍ အရေးယူမှု အပိုင်းများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

    ” စစ်ခွေးတွေနဲ့ ပတ်သက်မှုကတော့ အဲကောင်ကရှိတယ်။ အဲကောင်က ကိုစိန်ဝင်းကို သတ်ပြီးတော့ ဒလန် လုပ်နေတာ အဲကောင် ဒီနေ့ ထောက်လှမ်းရေး လာလုပ်ရင်းနဲ့ မိလာတာ သူ့ကို စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်။ အရေးယူမှုပိုင်းတွေလည်း ထုတ်ပြန်သွားမယ်” ဟု မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ၂၀၂၁ ခုနှစ် မေလ ၁၄ ရက်နေ့တွင် မုံရွာမြို့ စက်မှုဇုန် ခေါက်ဆွဲစက်တစ်ခု၌ ကဗျာဆရာ ဦးစိန်ဝင်းကို အကြမ်းဖက် စစ်တပ် သတင်းပေး အောင်ကိုလတ် ဆိုသူက မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ တရားခံ‌ အောင်ကိုလတ်၏ ဝန်ခံထွက်ဆိုချက်များကိုလည်း မုံရွာမြို့နယ် ပလဖ က ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

  • ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ပြစ်မှုပြစ်ဒဏ်မျှအောင် AA စီရင်မည်

    ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ပြစ်မှုပြစ်ဒဏ်မျှအောင် AA စီရင်မည်

    အာရက္ခတပ်တော် (AA) က လက်ရဖမ်းမိထားသည့် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခ-၁၅) ဗိုလ်မှူးချုပ် သူရိန်ထွန်းအား ပြစ်မှုပြစ်ဒဏ်မျှတအောင် စစ်ဆေးစီရင်သွားမည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

    ၎င်းက “သူ့ကို သေသေချာချာ စစ်ဆေးပြီးတော့မှ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုနဲ့ပြစ်ဒဏ် မျှတအောင်တော့ ကျနော်တို့ စီရင်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

    ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ ၎င်းကိုယ်ရေးအရာရှိနှင့် တပ်ဖွဲ့ဝင်များသည် မောင်တောမြို့ရှိ လက်ကျန်စခန်းဖြစ်သော အမှတ်-၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) အား AA မှ မသိမ်းပိုက်မီ ထွက်ပြေးခဲ့သော်လည်း AA က အရှင်ဖမ်းမိခဲ့ ခြင်း ဖြစ်သည်။

    စကခ-၁၅ သည် ဘူးသီးတောင်အခြေစိုက် ဖြစ်သော်လည်း စကခ-၁၅ ဌာနချုပ်အား AA က သိမ်းပိုက်ပြီးနောက် မောင်တောမြို့ရှိ နခခ-၅ သို့ ထွက်ပြေးပြောင်းရွှေ့ကာ အခြေစိုက်ခုခံခဲ့ပြီးနောက် ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းတွင် AA က နခခ-၅ ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။

    ဗိုလ်မှူးချုပ် သူရိန်ထွန်းအနေဖြင့် နခခ-၅ တွင် AA ၏ ထိုးစစ်အား ခုခံတိုက်ခိုက်ခဲ့စဉ် လက်နက်ချရန် ပြင်ဆင်ကြိုးပမ်းခဲ့ သည့် တပ်ဖွဲ့ဝင်အချို့အား ပစ်သတ်ခဲ့သောဖြစ်စဉ်များ ရှိခဲ့ကြောင်းလည်း ဦးခိုင်သုခက ပြောသည်။

    ၎င်းက “စခန်းထဲ တပ်ဖွဲ့ဝင်အချို့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်အချို့က နဂိုကတည်းက လက်နက်ချချင်တာ။ ဒါပေမယ့် သူတို့ရဲ့ တပ်မမှူး သူရိန်ထွန်းကနေ လက်နက်ချဖို့ ပြင်ဆင်တဲ့တချို့ကို ပစ်သတ်ခဲ့တာရှိတယ်။ ဒါကြောင့်မို့လို့ သူတို့ လက်နက်ချခွင့် မရဘဲနဲ့ အဲဒီအထဲမှာ ပိတ်လှောင်ပြီးမှ ဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေရှိတယ်” ဟု ဆိုသည်။

    အလုပ်သင်ဗိုလ်သင်တန်းအပတ်စဉ်-၂၂ ကျောင်းဆင်း ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ဗိုလ်မှူးကြီးရာထူးဖြင့် တိုင်းစစ်ဦးစီးချုပ်တာဝန်ယူခဲ့သူ ဖြစ်သည်။

    ၎င်းတိုင်းစစ်ဦးစီးချုပ် တာဝန်ယူထားစဉ် စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် ပြည်သူများကို အပြင်းအထန် ဖြိုခွင်းခဲ့ပြီး ဖမ်းဆီးထောင်ချမှုများ၊ စစ်ကြောရေးစခန်းများတွင် နှိပ်စက်ညှဉ်းပန်းမှုများအား ဦးစီးဦးဆောင်လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း ဆန္ဒပြသပိတ်အင်အားစုများက ဆိုသည်။

    ထို့နောက် ဗိုလ်မှူးချုပ်ရာထူးသို့ တိုးမြှင့်ခံရကာ စကခ-၁၅ ဌာနချုပ်မှူးဖြစ်လာခဲ့ပြီး ဘူးသီးတောင်၊ မောင်တောဒေသတွင်း ရိုဟင်ဂျာများအား ခြိမ်းခြောက်အင်အားစုဆောင်းပြီး စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးခြင်း၊ AA ကို ဆန့်ကျင် ကြောင်း ဆန္ဒပြခိုင်းခြင်းနှင့် ဒေသ၌ လူမျိုးရေးပဋိပက္ခဖြစ်ပွားစေရန် ဖန်တီလှုံ့ဆော်မှုများတွင် အဓိကတာဝန်ယူရှိသူ ဖြစ်ကြောင်းလည်း သိရသည်။

    ၎င်းနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးက “ရခိုင်ပြည်နယ် မြောက်ပိုင်းရဲ့ အခြေအနေတွေကို ရှုပ်ထွေးအောင်နဲ့ လူမျိုးစုနှစ်စုကြား တင်းမာမှုတွေ ပိုမိုဖြစ်လာအောင် စနစ်တကျ အကွက်ကျလုပ်ခဲ့သူ၊ ရိုဟင်ဂျာလူငယ်တွေကို စစ်သင်တန်းတက်ဖို့ ချော့လိုက်၊ ခြောက်လိုက်၊ သွေးဆောင်လိုက်နဲ့ ရိုဟင်ဂျာ လူငယ်အများအပြား စစ်သင်တန်းရောက်အောင် လုပ်ခဲ့သူ။ ရိုဟင်ဂျာတွေထဲက ရာဇဝတ်ဂိုဏ်းသားတွေ ခိုးဆိုးလုယက်၊ မူးယစ်မှောင်ခို၊ လူမှောင်ခိုအုပ်စုတွေကို လက်သပ်မွေးပြီး ရခိုင်ပြည်အရေးကို ရှုပ်ထွေးအောင်လုပ်ခဲ့သူ” ဟု မှတ်ချက်ပြု ထားသည်။

    လက်ရှိတွင် နခခ-၅ ဌာနချုပ်စခန်းအား သိမ်းပိုက်ကာ ဗိုလ်မှူးချုပ် သူရိန်ထွန်းအား လက်ရဖမ်းဆီးထားနိုင်ပြီ ဖြစ်သော် လည်း မောင်တောဒေသအတွင်း ထွက်ပြေးလွတ်မြောက်နေသေးသည့် စစ်တပ်နှင့် ပူးပေါင်းတိုက်ခိုက်နေသော အစွန်းရောက် အစ္စလာမ်လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဖမ်းဆီးနိုင်ရေး လက်ဆက်ဆောင်ရွက်နေကြောင်းလည်း ခိုင်သုခက ပြောထားသည်။

  • လေးရက်အတွင်း ပြည်သူ ၅၀ ပေါ်တာဆွဲ ဖမ်းဆီးခံရ

    လေးရက်အတွင်း ပြည်သူ ၅၀ ပေါ်တာဆွဲ ဖမ်းဆီးခံရ

    မုံရွာမှာ အလုပ်သွားအလုပ်ပြန်ချိန် စစ်အုပ်စုက ပေါ်တာဆွဲ၊ လေးရက်အတွင်း ပြည်သူ ၅၀ ပေါ်တာဆွဲ ဖမ်းဆီးခံရ

    စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့မှာ စစ်အုပ်စုက ပြည်သူတွေ အလုပ်သွား၊ အလုပ်ပြန်ချိန်ကို စောင့်ဆိုင်းကာ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်နေပြီး လေးရက်အတွင်း အမျိုးသား လူငယ် ၅၀ ၀န်းကျင် ပေါ်တာဆွဲ ဖမ်းဆီး စစ်သားသစ် စုဆောင်းခံလိုက်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဒီဇင်ဘာလ ၁၁ရက်ကနေ ဒီကနေ့ ၁၄ရက်အထိ လေးရက်တာအတွင်း မုံရွာ မြို့တွင်းနေရာအနှံ့နဲ့ မြို့အဝင်အထွက် လမ်းမတွေမှာ စစ်အုပ်စုက စောင့်ဆိုင်းကာ လူငယ်အမျိုးသားတွေကို အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်သားသစ် စုဆောင်းတာလို့ ဆိုပါတယ်။

    “အဓိကတော့ ညနေပိုင်း အလုပ်ပြန်တဲ့ အချိန် ဖမ်းတာ များတယ်။ မြို့ပြင်ထွက်တဲ့ လမ်းမကြီး နေရာတွေက စောင့်ဖမ်းတာတို့၊ အရက်ဆိုင်တို့ ၀င်ဆွဲတာတို့၊ လုပ်တာ၊ ဒီရက်ပိုင်းကို တော်တော်များများ ပါသွားတယ်”လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

    ဒီဇင်ဘာလ ၁၁ရက် တစ်ရက်တည်းမှာကိုပဲ မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်အနီး၊ ရွှေဇလုပ်ရပ်ကွက် တောင်ဘက်က ကွမ်းခြံ အလုပ်သမား ငါးဦး၊ မုံရွာမြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်တဲ့ အင်းရွာသစ်ရပ်ကွက်က လူငယ် ၂၀ ဦး ပေါ်တာဆွဲ ဖမ်းဆီးခံရကာ စစ်သားသစ် စုဆောင်းခံရသလို ဒီဇင်ဘာလ ၁၂ရက် ညနေပိုင်းမှာလည်း မုံရွာမြို့ ဇလုပ်ရပ်ကွက်က ပြည်သူ ငါးဦ ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ဒီဇင်ဘာလ ၁၂ရက် ညနေပိုင်းမှာလည်း မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက် ချင်းတွင်မြစ်ကမ်းအနီး အရက်ဆိုင်ကို စစ်အုပ်စုက စီးနင်းကာ အလုပ်က အပြန် အရက်ထိုင်သောက်နေတဲ့ လူငယ် ၂၀ ၀န်းကျင်ကိုလည်း ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

    “ဇလုပ်တောင်ဘက် ကွမ်းခြံထဲအထိ ၀င်ဖမ်းခံရတာ ရှိတယ်။ ပြီးတော့ ဇလုပ်ကပဲ အလုပ်ပြန် ဖမ်းခံရတာ သုံးယောက်၊ ရွာထဲ ဖမ်းခံလိုက်ရတာက နှစ်ယောက်။ အဲ့ဒီ နှစ်ယောက်ကတော့ ပြန်လွတ်လာတယ်” လို့ ဒေသခံ ပြည်သူတစ်ဦးက ပြောပါတယ်။

    မုံရွာမြို့ ဇလုပ်အဝိုင်းပတ်မှာ ဖမ်းဆီးမိရသူတွေကို စီးပွားရေးတက္ကသိုလ်အတွင်း ထားရှိပြီး မြို့တွင်းမှာ ဖမ်းဆီးခံရသူတွေကိုတော့ မြို့တော်ခန်းမမှာ ယာယီထိန်းသိမ်းကာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခထဲ ကို ပို့တာဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

    မုံရွာမှာ စစ်အုပ်စုက လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီးတိုင်း ငွေနဲ့ ရွေးထုတ်သူကို လွှတ်ပေးကာ ငွေမပေးနိုင်သူကိုသာ စစ်သားသစ် စုဆောင်းလေ့ ရှိပေမယ့် ယခုတစ်ကြိမ်မှာတော့ ငွေနဲ့အရွေးမခံဘဲ ငွေမလိုတော့ဘဲ လူလိုနေတာလို့ ပြောဆိုကာ ပေါ်တာဆွဲ ဖမ်းဆီးထားသူတွေရဲ့ မိသားစုတွေကို အ၀တ်အစားနဲ့ မှတ်ပုံတင်တွေ ပို့ဆောင်ခိုင်းတာ ရှိတယ်လို့လည်း မြို့ခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

    စစ်အုပ်စုဟာ မတ်လက စလို့ နိုင်ငံတဝန်းက လူငယ်လူရွယ်တွေကို စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပြီး မုံရွာမြို့မှာတော့ သင်္ကြန်ကာလအပြီး မေလက စတင်ကာ ပေါ်တာဆွဲဖမ်းဆီး၊ စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပြီး ယခုလတွေအတွင်း ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ပိုမို ပြုလုပ်နေတယ်လို့ ဆိုပါတယ်။