Myanmar News
ပုသိမ်မြို့ ၊အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းဆင်း တပ်သားသစ်များကို ရှမ်းပြည်နယ်သို့ ပို့ဆောင်စဉ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး တပ်သားသစ် ၈ ဦးသေဆုံး
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် ၆ စစ် အခြေခံ လေ့ကျင့်ရေးတပ်မှ စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းဆင်း တပ်သားသစ်များကို ရှမ်းပြည်နယ်သို့ ပို့ဆောင်စဉ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး တပ်သားသစ် ၈ ဦးသေဆုံးခဲ့ကြောင်း ပုသိမ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော ဆိုသည်။
ဒီဇင်ဘာလ ၇ ရက်နေ့ ပုသိမ်မြို့-အမှတ် ၆ စစ်အခြေခံ လေ့ကျင့်ရေးတပ် (ရွှေမြင်တင်) မှ ဗိုလ်ကြီး ကျော်ငွေ နှင့် ဗိုလ်ကြီး ဇော်ဇော် တို့ ဦးစီး သင်ကြားသော စစ်မှုထမ်း အပတ်စဉ် ၅ မှ သင်တန်းဆင်း တပ်သားများကို ရှမ်းပြည်နယ်သို့ ပို့ဆောင်စဉ် လမ်း တွင် မိုင်းဆွဲခံရပြီး ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ စစ်မှုထမ်းတပ်သားသစ် ၈ ဦးသည် ကန်ကြီးထောင့်မြို့နယ်မှ စစ်မှုထမ်းတပ်သားသစ် ၃ ဦး၊ မြောင်းမြမြို့နယ်မှ ၁ ဦး၊ ဝါးခယ်မမြို့နယ်မှ ၂ ဦး၊ ရေကြည်မြို့နယ်မှ ၂ ဦး တို့ဖြစ် ကြောင်း သိရှိရသည်။
အဆိုပါ အပတ်စဉ် ၅ သင်တန်းဆင်း ကျောင်းသားများကို နိုဝင်ဘာလ ၂၉ ရက်နှင့် ၃၀ ရက်နေ့တို့တွင် ခမရ-၁၀၄ (ကျိုက်မရော) ၊ ခမရ-၂၀၈ (မော်လမြိုင်) ၊ခမရ-၅၅၅ (ကရသူရိ) ၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ကို အင်အားများခွဲ၍ ပို့ဆောင်ခဲ့ပြီး တပ် သား သစ်များကို မိခင်တပ်ရင်း အဖြစ် ခံယူစေကာ ရှေ့တန်းပို့ပြီး ကျန်အင်အားများကို တပ်ရင်းတွင် ကင်းစောင့်ခိုင်းကြောင်း သိရသည်။
“သေဆုံးသူ ၈ ဦးထဲမှာ စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းခံရသူနဲ့ အခကြေးငွေနဲ့ အစားထိုးခံသူတွေပါတယ်။ ရှမ်း ပြည်နယ် လမ်းပိုင်းတစ်ခုမှ မိုင်းဆွဲ ခံရတာလို့ သိရတယ်။ ၇ ရက်နေ့ မိုင်းဆွဲခံရတာ” ဟု ပုသိမ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ကရင်နီတွင် မိုင်းဆွဲခံထားရသော အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
လွိုင်ကော်မြို့ပြင်တွင် ကင်းပုန်းဝပ်နေသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိ
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပြင်တွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNDF B14 တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့တွင် လွိုင်ကော်မြို့ ပြင် တစ်နေရာတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သွားရောက် တိုက်ခိုက်ရာ စစ်သား အလောင်း ၃ လောင်း၊ သေနတ် ၄ လက် ၊ ကျည်ဘောက် နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂ ရက်နေ့တွင်လည်း ကုန်းဆွတ်ပအိုဝ်းရွာအကျော်ရှိ ကျောက်ကြီးအနီးတွင် လမ်းလုံခြုံရေး လုပ်နေသော အကြမ်း ဖက် စစ်ကောင်စီ တပ်သားများကို KNDF B14 မှ တော်လှန်ရေး ရဲဘော်များက ပြောင်းခင်းများကြားမှ စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
“ကင်းပုန်း ဝပ်နေတဲ့ စစ်ခွေးတွေကို တိုက်ခိုက်ချေမှုန်းတာ စစ်ခွေး အလောင်း ၃ လောင်းနဲ့အတူ သေနတ် ၄ လက်နဲ့ ကျည်ဘောက် ကျည်ဆန်တွေ ရရှိပါတယ်။ ကျနော်တို့ဘက်က ထိခိုက်မှု တစုံတရာမရှိဘဲ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့တယ်။ နောက်ပြီး ကုန်းဆွတ်ပအိုဝ်းရွာအကျော် ကျောက်ကြီးနားမှာ လမ်းလုံခြုံရေး လုပ်နေသော စစ်ခွေးတွေကို ပြောင်းခင်းများကြားကနေ ကရင်နီ စနိုက်ပါ သမားတွေ ချောင်းပစ်လို့ စစ်ခွေး ၂ ကောင် ထပ်သေတယ်။ အဲတိုက်ခိုက်မှုမှာ ဖရူဆိုတပ်က ဒုအရာခံ ဗိုလ် အသက် ၅၅ နှစ်ပင်စင်ယူဖို့ ၂ နှစ်လိုတဲ့သူ လည်းသေပါတယ်” ဟု KNDF B14 တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
လက်ရှိ လွိုင်ကော်မြို့နယ်တစ်၀ိုက်တွင် ကရင်နီတော်လှန်ရေးတပ်များနှင့် အကြမ်းဖက် စစ်ကောင်စီတပ်များအကြား စစ်ရေးတင်းမာလျက်ရှိပြီး စစ်ကောင်စီ့ကလည်း စစ်ကြောင်းထိုးရန် စစ်အင်အားများဖြည့်တင်းလျက်ရှိကြောင်း သိရှိရသည်။
“ မောင်တောမြို့ နခခ-၅ ကို အာရက္ခတပ်တော်သိမ်းပိုက်ရရှိမှုဟာ နိုင်ငံရေးနဲ့ စစ်ရေးအရ အလွန်ကြီးမားတဲ့ အောင်ပွဲဖြစ်တယ်”လို့ စစ်ရေး နိုင်ငံရေးလေ့လာသုံးသပ်သူတွေပြောဆိုမောင်တောမြို့ ရဲ့ နောက်ဆုံး လက်ကျန် စခန်းတစ်ခုဖြစ်တဲ့ နယ်ခြားစောင့်ရဲတပ်ခွဲ နခခ (၅) ကို အာရက္ခတပ်တော်(AA) မှ သိမ်းပိုက်ရရှိခဲ့တာဟာ နိုင်ငံရးနဲ့ စစ်ရေးအရ အလွန်ကြီးမားတဲ့ အောင်ပွဲဖြစ်တယ်လို့ မြန်မာ့ စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီဟာ နခခ ၅ မကျစေရေးအတွက် လေကြောင်း၊ ရေကြောင်း၊ ကြည်းကြောင်းကိုပါ အသုံးပြုပြီး ခေတ်မီလက်နက်တွေကို ထုတ်သုံးကာ ကျားကုတ်ကျားခဲ ကြိုးပမ်းခဲ့ပေမယ်လည်း အာရက္ခတပ်တော်ဟာ (နခခ-၅) ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့၊ နံနက် (၉) နာရီ (၃၀) မိနစ်အချိန်တွင် အပြီးသတ်ချေမှုန်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။
မောင်တောမြို့ဟာ ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ချင်း ကပ်ရပ်တည်ရှိပြီး နိုင်ငံတကာကပါ အထူးအာရုံ စိုက်ခံထားရတဲ့ မြို့ဖြစ်တဲ့အပြင် ဘင်္ဂလားပင်လယ်အော်နဲ့ ဆက်စပ်တဲ့ နတ်မြစ်၀မှာ တည်ရှိတာကြောင့် စစ်ရေးနဲ့ ပထဝီအနေအထားအရပါ အလွန်အရေးပါတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။
ခုလိုမောင်တောမြို့နယ်အပါအဝင် ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေတဲ့ ကီလိုမီ၂၇၁ (၁၆၈ မိုင်) ရှည်လျားတဲ့ ဘင်္ဂလာ- မြန်မာ နယ်စပ် နယ်စပ်ကိုသာမက အိန္ဒိယနယ်စပ်ထိပါ အာရက္ခတပ်တော် (AA)က ထိန်းချုပ်လိုက်နိုင်တာဟာ နိုင်ငံရေး စစ်ရေးအရပါ ဂုဏ်သိက္ခာမြင့်မားတဲ့ အောင်ပွဲလို့ သုံးသပ်ပြောဆိုကြပါတယ်။
နိုင်ငံရေး စစ်ရေးလေ့လာသုံးသပ်သူဦးသန်းစိုးနိုင်က “စစ်ရေးအရတော့တော်တော်အောင်မြင်မှုပါ။ ဒါက ရခိုင်စီးပွားရေးမှာ အဓိကကြတဲ့နေရာကိုရတာပါ။ အဲလိုလုပ်နိုင်တော့ စစ်ကောင်စီအတွက်တော့ အတော် အကြပ်ရိုက်သွားပါတယ်။ ဒီဒေသကို ဒီလိုသိမ်းပိုက်ဖို့ အာရက္ခတပ်တော်ကလအချို့ ကြိုးပမ်း တိုက်ခိုက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ရေးအရအောင်ပွဲလည်းကြီးမားတယ်လို့ဆိုနိုင်ပါတယ်” လို့ ပြောပါတယ်။
နယ်စပ်မြို့ မောင်တောမြို့ကို သိမ်းပိုက်နိုင်ခဲ့တာဟာ နိုင်ငံရေး စစ်ရေး သာမက နိုင်ငံတကာရေး၊ စီးပွားရေး အတွက် လမ်းပွင့်သွားခဲ့တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့လည်း မလွဲမသွေ အေအေနဲ့ ထိတွေ့ ဆက်ဆံလာရမှာဖြစ်သလို နယ်စပ်ကုန်သွယ်ရေး လုံခြုံရေးအတွက်လည်း ဆွေးနွေးလာရမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ရခိုင်ကစစ်ကောင်စီရဲ့ နခခ၅ကို အေအေက သိမ်းပိုက်လိုက်ပြီဆိုတဲ့ အခါကျတော့ ရခိုင်မှာ စစ်ကောင်စီ ကင်းစင်ရေး ဆိုတဲ့ အရက္ခတပ်တော်ရဲ့ရည်မှန်းချက် တဆင့်ပြည့်မှီသွားတာပေါ့ဗျာ။ အဲ့ဒါကြောင့် မောင်တောက ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ နယ်စပ်ဒေသကုန်သွယ်ရေးဖြစ်တဲ့ အခါကျတော့ အဲ့ဒါတွေအတွက် ဒေသဆိုင်ရာ ညှို့နှိုင်းမှုတွေ၊ ဆွေးနွေးမှုတွေ ဆက်လုပ်ကြလိမ့်မယ်လို့ထင်ပါတယ်။ ဒေသဆိုင်ရာ ဆွေးနွေးမှုတွေတော့ လုပ်ရတော့မှာပါ။”
အာရက္ခတပ်တော်က မောင်တောမြို့အား သိမ်းပိုက်ရရှိမှုဟာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအပါအဝင် အဘက်ဘက်က အောင်မြင်မှုရရှိလိုက်တာ ဖြစ်ပြီး စစ်ကောင်စီကတော့ ကြီးမားဆုံး ရှုံးမှုလို့ CDMဗိုလ်ကြီးဇင်ယော်က ပြောဆိုပါတယ်။
“စစ်ရေးအရ တစ်ခုတည်း ပြောရမယ်ဆိုရင်တော့ အရက္ခတပ်တော်ရဲ့ အောင်မြင်မှုက ၁၀၀ရာခိုင်နှုန်းအောင်မြင်မှုပါ။ နခခ၅ကို သူတို့ စစ်တပ်က ခံစစ်ပေါ့နော်။ တကယ် အင်အား တောင့်တင်းတဲ့နေရာပါ။ မြေပြင်အနေအထားအရ ဆိုရင်လည်းတောင့်တင်းတယ်။ လေကြောင်းကဆိုရင်လည်း ထောက်ပံ့မှုတွေရှိခဲ့တယ်။ ပြီးရင်ရေကြောင်းလည်း ရှိတယ်ပေါ့နော်။ မြေပြင်ကတော့ ထောက်ပံ့မှုတွေ မရှိတော့ဘူးပေါ့။ တကယ်တန်းပြောရမယ ဆိုရင် စစ်ကောင်စီက စစ်ရှုံးနေပါပြီ”လို့ ပြောပါတယ်။
စစ်ကောင်စီဟာ နခခ (၅) ကို စွန့်လွှတ်လိုက်ရတဲ့အတွက် စစ်ရေးသာမက နိုင်ငံရေးဂုဏ်သိက္ခာပါထိခိုက်ကာ စစ်စရိတ်သုံးစွဲမှုကလည်း ကုဋေနဲ့ချီပြီး အသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ကတော့ အဲ့လိုပဲ တွက်တာပေါ့။ နိုင်ငံရေး၊ စစ်ရေး ဂုဏ်သိက္ခာကိုပါ ထိခိုက်တဲ့အပြင် တိုက်တဲ့ စစ်စရိတ်ကလည်း အကြီးအကျယ် ကုန်ကျခံခဲ့တာပေါ့နော်။ အပါ်က လေယာဉ်နဲ့ ပို့လိုက်တဲ့ ဆန်တအိတ် ကျည်ဆံတွေထက် လေယာဉ် ဆီဖိုးက ပိုများတယ်။ အကြိမ်ရေများစွာပို့ရတော့ အကြီးအကျယ် ကုန်ကျများတဲ့ စစ်ပွဲဘဲ။ လေယာဉ်နဲ့ ဟင်းထုတ်တွေကိုတောင်လာပို့ရတော့ ကုန်ကျတဲ့ လေယာဉ်ဆီဖိုး တန်ကြေးက အရမ်းများခဲ့ပါတယ်။ ဒါကြောင့် စစ်ကောင်စီက စစ်စရိတ်ကို ပြန်တွက်တာပေါ့နော်။ ဘယ်လောက်ထိ ကြီးမားခဲ့တယ်ဆိုတာ သိပါလိမ့်မယ်။”
အာရက္ခတပ်တော်ဟာ မောင်တော နခခ – ၅ စခန်းသိမ်းတိုက်ပွဲအတွင်းမှ ထွက်ပြေးသွားခဲ့တဲ့ အမှတ် ၁၅ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ အရာရှိအများအပြားကိုလည်း လက်ရ ဖမ်းဆီးရမိထားပြီး လက်နက်အများအပြားကိုလည်း သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။ နခခ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကတော့ အနည်းဆုံး စစ်သည်အား ၄၆၀ ကျော် ကျဆုံးခဲ့ပြီး ဖမ်းဆီးခံရတာလည်း ရာနဲ့ ချီပြီး ရှိတယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော်ဟာ နခခ (၅) စခန်းအား လွန်ခဲ့တဲ့ နှစ်လခန့်ကတည်းက ဝိုင်းရံပိတ်ဆို့ထားကာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ရက်ပေါင်း (၅၅) ရက်အကြာ ဒီဇင်ဘာ ၈ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။အာရက္ခတပ်တော်ဟာ မောင်တောမြို့နယ် ထိုးစစ်ဆင်တိုက်ခိုက်မှုကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့မှာ စတင်ခဲ့ပြီး မောင်တောမြို့နယ်မြောက်ပိုင်းက ဒုံးညို”နယ်ခြားစောင့်တပ်စခန်းကို နိုဝင်ဘာ ၁၇ ရက်နေ့မှ ဗွေဆော်ဦး သိမ်းပိုက်ခဲ့ပါတယ်။အဲဒီ နောက် မောင်တောမြို့နယ်ရှိ စစ်စခန်းတွေအားလုံးကို သိမ်းပိုက်ပြီး နခခ (၅)ကို ရက်ပေါင်း (၅၅) ရက်အကြာ ၀ိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါတယ်။အာရက္ခတပ်တော် လက်ရှိမှာ မောင်တောမြို့နယ် အပါအဝင် ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ သံတွဲနဲ့ ပလက်၀ စသည့်မြို့နယ်တွေကို အာရက္ခတပ်တော်က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။
အသက်အာမခံလုပ်ငန်းများနှင့် လေယာဉ်ကွင်းပါသည့်ဆေးရုံကြီးကို သားဖြစ်သူနာမည်ဖြင့် ပိုင်ဆိုင် ထားသည့် စစ်ခေါင်းဆောင်က အဂတိလိုက်စားမှုများကို အရေးယူမည်ဟုပြော
မလျော်ဩဇာသုံးပြီး ကိုယ်ကျိုးအတ္တရယူခြင်းသည် အဂတိမှုပင်ဖြစ်သည့်အတွက် အဂတိ လိုက်စား သူများ ကို အရေးယူပြီး ပိုင်ဆိုင်မှုများကို သိမ်းယူသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အခမ်း အနားတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
အဂတိလိုက်စားမှုကို လာဘ်ပေးလာဘ်ယူမှုဟုသာ ထင်မှတ်ကြသော်လည်း အမှန်တကယ်တွင် လူ့ဘောင်လောက၌ ကျယ်ပြန့်နက်ရှိုင်းသည့် မကောင်းမှုကြီးဖြစ်ပြီး အဂတိလိုက်စားမှု ကျူးလွန်သူများကို တရားစွဲဆို အရေးယူရုံသာမက အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာသည့် ငွေကြေးနှင့်ပစ္စည်းများ ပြည်သူ့ဘဏ္ဍာဖြင့် သိမ်းယူသွားမည်ဟု စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်သူပိုင်ပစ္စည်းငွေကြေးများကို ကိုယ်ကျိုး အတွက် မသင့်မလျော် သုံးစွဲခြင်းသည်လည်း အဂတိမှုပင်ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ၎င်း၏ သားနှင့်သမီး၊ ခယ်မစသည်တို့၏ နာမည်ဖြင့် ရင်း နှီးမြုပ်နှံမှုလုပ်ငန်းများစွာ ပိုင်ဆိုင်ထားသည်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံတွင် စစ်မှုထမ်းများနှင့် ရဲဝန်ထမ်းများ၏ အသက်အာမခံလုပ်ငန်း၊ သွင်းကုန်ထုတ်ကုန် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ၊ အခြား ပိုင်ဆိုင်မှုလုပ်ငန်းများအပြင် ထင်ရှားသည့်ပိုင်ဆိုင်မှုအဖြစ် လေယာဉ်ကွင်းပါထည့်သွင်း တည်ဆောက် ထားသည့် ကန်သာယာကဲ့သို့ ဆေးရုံကြီးများကိုပါ ပိုင်ဆိုင်ထားသည်။
အဆိုပါ ပိုင်ဆိုင်မှုများသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာသည့်အချိန်တွင် တပြိုင်နက်တည်း ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ သမီးဖြစ်သူ ခင်သီရိ သက်မွန်သည်လည်း ရုပ်ရှင်ကုမ္ပဏီများ၊ အစုရှယ်ယာ လုပ်ငန်းများနှင့် သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ၊ အိမ်ခြံမြေလုပ်ငန်းများကိုပါ အချိန်တိုအတွင်း ပိုင်ဆိုင်လာခဲ့သည်။
စစ်ခေါင်းဆောင်သည် ၎င်းနှင့်စစ်အရာရှိများ၏ ဝင်ငွေထွက်ငွေနှင့် ပိုင်ဆိုင်မှုများ၊ လုပ်ငန်းများ စစ်ဆေးခွင့်ကို လက်မခံဘဲ အစိုးရ အဆက်ဆက်ပယ်ချခဲ့သည်။ထိုသို့ စစ်အရာရှိတစ်စုသည် ဝင်ငွေ ထွက်ငွေသက်သေမပြနိုင်ဘဲ ချမ်းသာကြွယ်ဝနေပြီး နိုင်ငံတော် ဘဏ္ဍာနှင့် ပြည်သူပိုင်ပစ္စည်းများ ခွဲဝေသုံးစွဲနေမှုအပေါ် ပြည်သူအများသိပြီးဖြစ်သော်လည်း စစ်ခေါင်း ဆောင်က အဂတိလိုက်စားမှုကို တိုက်ဖျက်သွားမည်ဟု ပြောဆိုခဲ့သည်။
မကြာသေးမီကာလက ဒေါ်လာဘီလီယံချီသော အဂတိလိုက်စားမှုဖြင့် စစ်ဗိုလ်ချုပ်ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ကိုဖမ်းဆီး၍ ပိုင်ဆိုင်မှုများ သိမ်းယူခဲ့ရာတွင် နိုင်ငံတော် အာဏာကို ထိပါးလာသည့် လုပ်ဆောင်မှုများကို ထိန်ချန်ပြီး အဂတိမှုဖြင့် ခေါင်းစဉ်တပ်ခဲ့ခြင်း ဖြစ်ကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။ဓာတ်ပုံ-စစ်ကောင်စီ
ဂွမြို့အနီး တိုက်ပွဲများတွင် စစ်တပ်ဘက်မှ အလင်းဝင်လာမှုများ တောက်လျှောက်ရှိနေပြီး တောင်ကုတ်စကခ ၅ တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ
ရခိုင်ပြည်၊ ဂွမြို့အနီးတိုက်ပွဲများတွင် စစ်တပ်ဘက်မှ အလင်းဝင်လာမှုများ တောက်လျှောက်ရှိနေကြောင်း AA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။
အောက်တိုဘာလဆန်းပိုင်းမှစတင်၍ ဂွမြို့အနီးသို့ AA တပ်များက ထိုးစစ်ဆင်လာခဲ့ကြောင်း၊ နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှုများ အမြဲမပြတ် လုပ်ဆောင်လျက်ရှိကြောင်း၊ တိုက်ပွဲများမှာ ၂ လနီးပါး ကြာမြင့်လာကြောင်း၊ လက် ရှိ တွင် တိုက်ပွဲများမှာ ဂွမြို့နှင့်အနီးဆုံးတွင် ရောက်ရှိနေပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ တပ်သားသစ်များ နှင့် တပ်ဖွဲ့ဝင်များ တောက် လျှောက်ဆိုသလို လက်နက်ချ အလင်းဝင်လျက်ရှိကြောင်း သိရှိရသည်။
“ဂွမြို့နှင့်အနီးဆုံးမှာတိုက်ပွဲဖြစ်နေတုန်းမှာ နေဗီက လက်နက်ကြီးပစ်ကူပေးနေတယ်။ စကစဖက်ကတော့ အကျအဆုံးတွေနဲ့ တပ်ဆုတ်နေတယ်။ ဂွမြို့အနားထိရောက်သွားပါပြီ။ အလောင်းတွေ လက်နက်တွေ သုံ့ပန်းတွေ သိမ်းဆည်းရမိထားတယ်။ တချို့ တပ်သားသစ်တွေ တပ်သားဟောင်းတွေ အလင်း၀င်လာတာလည်းရှိတယ်။ ဂွမြို့က တပ်ရင်းတွေကိုအလံဖြူထောင်းခိုင်းပေမယ့် အခုအချိန်ထိတော့ အကြောင်း ပြန်တာမရှိဘူး” ဟု AA သတင်းရင်းမြစ်က ရှင်းပြသည်။
ထို့ပြင် တောင်ကုတ်မြို့နယ်ရှိ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကိုလည်း AA ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နေရာတချို့ကို သိမ်းပိုက်ရရှိကြောင်း၊ တိုက်ပွဲများမှာမူ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိသော စစ်သုံ့ပန်းများ။