ဂွမြို့အနီး တိုက်ပွဲများတွင် စစ်တပ်ဘက်မှ အလင်းဝင်လာမှုများ တောက်လျှောက်ရှိနေ

ဂွမြို့အနီး တိုက်ပွဲများတွင် စစ်တပ်ဘက်မှ အလင်းဝင်လာမှုများ တောက်လျှောက်ရှိနေပြီး တောင်ကုတ်စကခ ၅ တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

ရခိုင်ပြည်၊ ဂွမြို့အနီးတိုက်ပွဲများတွင် စစ်တပ်ဘက်မှ အလင်းဝင်လာမှုများ တောက်လျှောက်ရှိနေကြောင်း AA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

အောက်တိုဘာလဆန်းပိုင်းမှစတင်၍ ဂွမြို့အနီးသို့ AA တပ်များက ထိုးစစ်ဆင်လာခဲ့ကြောင်း၊ နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှုများ အမြဲမပြတ် လုပ်ဆောင်လျက်ရှိကြောင်း၊ တိုက်ပွဲများမှာ ၂ လနီးပါး ကြာမြင့်လာကြောင်း၊ လက် ရှိ တွင် တိုက်ပွဲများမှာ ဂွမြို့နှင့်အနီးဆုံးတွင် ရောက်ရှိနေပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ တပ်သားသစ်များ နှင့် တပ်ဖွဲ့ဝင်များ တောက် လျှောက်ဆိုသလို လက်နက်ချ အလင်းဝင်လျက်ရှိကြောင်း သိရှိရသည်။

“ဂွမြို့‌နှင့်အနီးဆုံးမှာတိုက်ပွဲဖြစ်နေတုန်းမှာ နေဗီက လက်နက်ကြီးပစ်ကူပေးနေတယ်။ စကစဖက်ကတော့ အကျအဆုံးတွေနဲ့ တပ်ဆုတ်နေတယ်။ ဂွမြို့အနားထိရောက်သွားပါပြီ။ အလောင်းတွေ လက်နက်တွေ သုံ့ပန်းတွေ သိမ်းဆည်းရမိထားတယ်။ တချို့ တပ်သားသစ်တွေ တပ်သားဟောင်းတွေ အလင်း၀င်လာတာလည်းရှိတယ်။ ဂွမြို့က တပ်ရင်းတွေကိုအလံဖြူထောင်းခိုင်းပေမယ့် အခုအချိန်ထိတော့ အကြောင်း ပြန်တာမရှိဘူး” ဟု AA သတင်းရင်းမြစ်က ရှင်းပြသည်။

ထို့ပြင် တောင်ကုတ်မြို့နယ်ရှိ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကိုလည်း AA ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နေရာတချို့ကို သိမ်းပိုက်ရရှိကြောင်း၊ တိုက်ပွဲများမှာမူ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိသော စစ်သုံ့ပန်းများ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *