Category: News

  • The Wailing

    The Wailing

    The Wailing (2024)

    အန်ဒရေဟာမက်ဒရစ်မြို့က ကျောင်းသူတစ်ယောက်ဖြစ်ပြီး သူ့ဘ၀မှန်ကိုမမျှော်လင့်ပဲသိရှိလိုက်ရတဲ့အတွက်စိတ်ထိခိုက်ကြေကွဲနေသူတစ်ဦးဖြစ်ပြီး သူ့ချစ်သူ ပေါ သူနဲ့ဗီဒီယိုကောပြောနေတုန်း အမည်မသိအရာတစ်ခုရဲ့ရက်စက်စွာသတ်ဖြတ်ခြင်းခံလိုက်ရချိန်မှာ သူ့စိတ်အခြေအနေဟာ ပိုမိုဆိုးရွားလာတဲ့နောက် သူ့ချစ်သူကိုသတ်သွားတဲ့ ဗီဒီယိုကင်မရာတွေထဲမှာသာပုံရိပ်ထင်ပြီး ပြင်ပမှာမမြင်နိုင်တဲ့ အရိပ်ဆန်ဆန်ပုဂ္ဂိုလ်တစ်ဦးကိုအစွဲအလန်းကြီးလာခဲ့ပါတယ်။

    မာရီဆိုတာကတော့ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကသူတို့နဲ့ထပ်တူကံကြမ္မာကြုံတွေ့ခဲ့ဖူးတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူကတော့ အာဂျင်တီးနားမှာနေထိုင်သူဖြစ်ပါတယ်။ ကာမီလာကတော့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးရင်းက မထင်မှတ်စွာနဲ့ အဲ့ဒီအနက်ရောင်သက်ကြီးအမျိုးသားသဏ္ဍာန်ကိုတွေ့ရှိခဲ့ရသူပါ။

    ဒီအမျိုးသမီးသုံးယောက်ဟာ မတူညီတဲ့ Timeline သုံးခု၊နေရာသုံးခုမှာနေထိုင်ကြတဲ့သူတွေဖြစ်ပြီး အမည်မသိသက်ကြီးအမျိုးသားသဏ္ဍာန်ရဲ့တိုက်ခိုက်မှု၊စိတ်ဒဏ်ရာ၊ လက်ဆင့်ကမ်းကူးစက်တတ်တဲ့ ကျိန်စာတွေကနေတစ်ဆင့်ဆက်စပ်နေကြသူတွေဖြစ်ပါတယ်။

    Jump scare တွေကောင်းကောင်းသုံးလို့ရတဲ့နေရာတွေအများကြီးရှိပေမယ့် သုံးမထားပဲ ဇာတ်ကောင်တွေခံစားနေရတဲ့ စိတ်ဖိစီးမှုတွေ၊လုံခြုံမှုကင်းမဲ့နေတဲ့ခံစားချက်၊ရှောင်ပုန်းမရနိုင်တဲ့မွန်းကျပ်မှုတွေကတစ်ဆင့်ကြည့်ရှုသူတွေကိုခြောက်ခြားလာစေမယ့်ခံစားချက်မျိုးအပြည့်အ၀ပေးနိုင်တဲ့ ဟော်ရာကားကောင်းတစ်ကားပါ။ (တစ်ချို့နေရာတွေ It Follows နဲ့ဆင်တူပါတယ်)

  • မင်းလှမြို့နယ်တွင် တပ်ချိန်းရန် လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သားအများအပြား သေဆုံး

    မင်းလှမြို့နယ်တွင် တပ်ချိန်းရန် လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သားအများအပြား သေဆုံး

    မင်းလှမြို့နယ်တွင် တပ်ချိန်းရန် လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သားအများအပြား သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားဟုဆို

    မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် တပ်ချိန်းရန် လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ ဗိုလ်မှူး ၁ ဦး အပါအဝင် ၂၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းမှ ရုံးတာဝန်ခံ ဆရာကျောင်းက ပြောဆိုသည်။

    အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် မလွန်ရွာရှိ ကပစ ၂ မှ တပ်အပြောင်းအလဲလုပ်ရန် ထွက်လာသော အင်အား ၆၀ ခန့်ပါသော စစ်ကား ၂ စီးကို မင်းလှမြို့နယ်၊ လက်ပံတံခါးကျေးရွာ၊ သရက်အုပ်လမ်းခွဲ ၊ စာသင်ကျောင်းအနီးတွင် ဒုတပ်ခွဲမှူး ၀ဿန် ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲမှာ ညနေ ၄ နာရီ ၅ မိနစ်အချိန်အထိ ဖြစ်ပွားခဲ့ကြောင်း ၊ အဆိုပါ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိကာ စစ်ကား ၂ စီးလည်းပျက်စီးသွားကြောင်း သိရှိရသည်။

    ထို့ပြင် တိုက်ပွဲတွင် ဒုတပ်ခွဲမှူး ဝဿန်မှာ ဒဏ်ရာရရှိထားပြီး မပြေးနိုင်တော့သဖြင့် လက်အောက်ငယ်သား တော်လှန်ရေးရဲဘော်များကို တပ်ပြန်ဆုတ်ခိုင်းခဲ့ကြောင်း၊ ဒဏ်ရာ အပြင်းအထန်ရရှိ၍ မပြေးနိုင်တော့သည့် ဒုတပ်ခွဲမှူး ၀ဿန်က စစ်တပ်ထံတွင် အဖမ်းမခံတော့ဘဲ လက်ပစ်မိုင်းကို ဖောက်ခွဲ၍ မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း သိရှိရသည်။

    ယင်း တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသူ ၂၆ ဦးထဲမှ တပ်တွင်း သတင်းရင်းမြစ် ပြောပြချက်အရ ၈ ဦး ထပ်သေဆုံးခဲ့ပြီး စစ်သားများ ချောဆွဲခံရသော ကားနှစ်စီးမှ ယာဉ်မောင်း ၁ ဦးဖြစ်သူလည်း လက်ပြတ်ထွက်သွားကြောင်း၊ ထပ်မ သေဆုံးသူများထဲတွင် မလွန်ရွာ ကပစ ၂ မှ စစ်ကြောင်းကို ဦးဆောင်လာသော ဗိုလ်မှူးအဆင့်ရှိ အရာရှိ ၁ ဦးလည်း ပါဝင်ကြောင်း သိရသည်။

    “မင်းလှမြို့နယ် အပိုင် လက်ပံတခါးကျေးရွာ သရက်အုပ်လမ်းခွဲထိပ်မှာ တပ်ချိန်းဖို့ လာတဲ့ ကျနော်တို့ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းက ဒုခွဲမှူး ဝသာန် ဦးဆောင်ပြီးတိုက်ခိုက်ခဲ့တာ မျက်မြင်တွေ့တာကတော့ ကားပေါ်ပါ စစ်ခွေး ၁၂ ကောင်သေတယ်။ ၂၆ ကောင် ဒဏ်ရာရရှိခဲ့တယ်။ တပ်တွင်း သတင်းရင်းမြစ် ပြောဆိုချက်အရ ထပ်သိရတာကတော့ ဒဏ်ရာရရှိထားတဲ့ စစ်ခွေး ၂၆ ကောင်ထဲက စစ်ခွေး ၈ ကောင်ထပ်သေတယ်။ စစ်ခွေးတွေရဲ့ ချောဆွဲခံရတဲ့ ယာဉ်မောင်း ၁ ဦးလည်း လက်ပြတ်သွားတယ်လို့ သိရတယ်” ဟု မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းမှ ရုံးတာဝန်ခံ ဆရာကျောင်းက ပြောဆိုသည်။

    တိုင်းပြည်နှင့် အဖိနှိပ်ခံ ပြည်သူအတွက် မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းက အကြမ်းဖက် စစ်အာဏာရှင်ပြုတ်ကျသည်အထိ ဆက်လက်၍ ချေမှုန်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကော်မရှင်၊ စစ်သား၊ ရဲများ၏အနီးပတ်ဝန်းကျင်တွင် နီးနီးကပ်ကပ် နေထိုင်သွားလာခြင်းမပြုကြပါရန် လေးစားစွာအသိပေးလိုကြောင်း မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းမှ ရုံးတာဝန်ခံ ဆရာကျောင်းက ဆက်လက် ပြောဆိုသည်။

    ဓာတ်ပုံ- ကရင်နီပြည်တွင် စစ်တပ်စစ်ကြောင်းတစ်ခုကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

  • ခမောက်ကြီး၊ လုံးဖောရွာရှိ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ၂ ဦးကို အရှင်ဖမ်းမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် ၃ ဦးလုံးသေဆုံး

    ခမောက်ကြီး၊ လုံးဖောရွာရှိ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ၂ ဦးကို အရှင်ဖမ်းမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် ၃ ဦးလုံးသေဆုံး

    လက်နက်ခဲယမ်းနှင့်စကားပြောစက်များ သိမ်းဆည်းရရှိ

    တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်၊ လုံးဖောရွာရှိ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ၂ ဦးကို အရှင်ဖမ်းမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် ၃ ဦးလုံးသေဆုံးကာ လက်နက်ခဲယမ်းနှင့်စကားပြောစက်များ သိမ်းဆည်းရရှိခဲ့ကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျားကြီးက ပြောဆိုသည်။

    အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ခမောက်ကြီးမြို့နယ်၊ လုံးဖောကျေးရွာအတွင်းကို တော်လှန်ရေး တပ်ဖွဲ့များက ရှောင်တခင် ဝင်ရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဝင်းမြင့်နှင့် ကျေးရွာ ပျူစောထီး ခေါင်းဆောင် အေးစိုးတို့ကို လုံခြုံသည့်တစ်နေရာတွင် စစ်ဆေးမေးမြန်းညှိနှိုင်းပြီး ပြန်လွှတ်ရန် အတွက် အုပ်ချုပ်ရေးမှူး ဝင်းမြင့်၏ ကားကိုပါ ယူဆောင်လာပြီး ဖမ်းဆီးလာကြောင်း၊ ထို့နောက် လုံးဖောကျေးရွာအလွန် တစ်နေရာတွင် နမ္မနွယ်ကျေးရွာမှ ပျူစောထီး ခေါင်းဆောင် သက်ဦးကို ထပ်မံတွေ့ရှိသောကြောင့် ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။

    ထို့နောက် ယင်းနေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် လမ်းခုလပ် တစ်နေရာအရောက်၌ နေ့လည်စာ စားနေချိန်တွင် ပျူစောထီး သက်ဦးသည် ၎င်းတွင် အသင့်ပါလာသော မက်(ဂ်)နန်း ပစ္စတိုဖြင့် ပစ်ခတ်ခုခံပြီး ၃ ဦးလုံး ထွက်ပြေးခဲ့သောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ ပစ်ခတ်ဖမ်းဆီးစဉ် ၃ ဦးလုံးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    ယင်းသို့ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ပျူစောထီး သက်ဦး ပစ်ခတ်သောကျည်ဆန်သည် တော်လှန်ရေး ရဲဘော် ၁ ဦး၏ ညာဘက်ပေါင်ကို ကျည်ရှပ်ထိ ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ ၃ ဦးထံမှ စကားပြောစက် ၄ လုံး၊ ဖုန်း ၄ လုံး၊ ကိုးလုံးကျည် ခေါက်ချိုးအရှည် ၁ လက်၊ ၎င်းကျည် ၃ တောင့်၊ မက်(ဂ်)နန်းပစ္စတို ၁ လက်၊ ၎င်းကျည် ၅ တောင့်၊ ပြည်သူ့စစ် စိစစ်ရေးကဒ်ပြားများနှင့် Hilux Vigo ကားတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    “အမှန်တရားကို မြင်တဲ့လူ ပြည်သူနဲ့ အတူ တစ်သားတည်းရှိတဲ့ လူတွေဟာ ဒီအချိန်မှာ အများကြီး ပြောစရာမလိုတော့ပါဘူး။ အခုချိန်ထိ ပြည်သူကို မျက်နှာမမူတဲ့ လူတွေအတွက်ကလည်း သူတို့သွားရမယ့်လမ်းက ရှိနေပြီးသားပါလို့ပဲ ပြောချင်ပါတယ်” ဟု ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျားကြီးက ပြောဆိုသည်။

    ထို့ပြင် နောက်နောင်တွင် ယခုကဲ့သို့ဖြစ်စဉ်များ ထပ်မံမဖြစ်စေရန် ကော့သောင်းမြို့နယ် အတွင်းရှိ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များနှင့် ပျူအဖွဲ့များသည် တော်လှန်ရေးအင်အားစုများမှ ခေါ်ယူပြောဆိုရာတွင် ကောင်းမွန်စွာ ပြန်လည်ဆက်ဆံကြပြီး ပြည်သူနှင့်အတူ ပူးပေါင်းပါဝင် ရပ်တည်သွားကြရန် တိုက်တွန်းအပ်ကြောင်း၊ ပြည်သူ့ဘက်မရပ်တည်သော မည်သည့်အဖွဲ့ဖြစ်စေ၊ မည်သူတစ်ဦးတစ်ယောက်ကိုဖြစ်စေ စစ်ကော်မရှင်နှင့် အပေါင်းအပါမှန်သမျှကို ကော့သောင်းခရိုင် တော်လှန်ရေးအင်အားစုများမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျားကြီးက ထပ်မံ ပြောဆိုသည်။

  • စစ်ခေါင်းဆောင်က ပညာသင်ဖို့ပြောသော်လည်း စာသင်ကျောင်းများ ဗုံးကြဲခံနေရ

    စစ်ခေါင်းဆောင်က ပညာသင်ဖို့ပြောသော်လည်း စာသင်ကျောင်းများ ဗုံးကြဲခံနေရ

    တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) ဆယ်နှစ်ပြည့်အတွက် အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပသည့် နေပြည်တော်ပွဲ၌ စစ်ခေါင်းဆောင်က နိုင်ငံတကာသံတမန်များ၊ စစ်တပ်နှင့်ငြိမ်းချမ်းရေးလိုလားသူများရှေ့တွင် ကလေးငယ်များ ကျောင်းတက်ခွင့်ရရေး၊ ပညာရေး မြှင့်တင်ရေးတို့အား လုပ်ဆောင်နေကြောင်း ဆိုသည်။

    “ဒီမှာတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေအားလုံးလည်း ကျောင်းနေခဲ့ကြတဲ့သူတွေဖြစ်ပါတယ်၊ သားသမီးချင်း ကျောင်းသားချင်း၊ မိဘချင်း စာနာဖို့လိုပါတယ်၊ ပညာရေးနဲ့ပတ်သက်ပြီး ကျန်ခဲ့လို့ မရပါဘူး” ဟု သူက ပြောခဲ့သည်။

    သို့သော် လက်တွေ့တွင် ၎င်းဦးဆောင်သည့်စစ်တပ်က စာသင်ကျောင်းများအားဗုံးကြဲတိုက်ခိုက်နေမှုကြောင့် ကလေးငယ်များ သေဆုံး၊ ဒဏ်ရာရမှု ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

    ပညာတတ်ဖို့လိုကြောင်း စစ်ခေါင်းဆောင်ပြောအပြီး ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲများ ဆက်လက်ကျင်းပနေစဉ် အောက်တိုဘာ ၁၇ ရက် မနက် ၈ နာရီခန့်က နမ့်ဆန်မြို့ အ.ထ.က(၁) ကျောင်းအား စစ်တပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ဆရာမ ၄ ဦးဒဏ်ရာရကာ စာသင်ကျောင်းဆောင် နှစ်ခုပျက်စီးခဲ့ရကြောင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က သတင်းထုတ်ပြန်ခဲ့သည်။

    အလားတူ ယင်းနေ့တွင်ပင် နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာကိုလည်း စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် အသက် ၁၅ နှစ်အရွယ်အမျိုးသမီးငယ်နှစ်ဦးနှင့် အမျိုးသားတဦးတို့သေဆုံးကာ အမျိုးသမီးနှစ်ဦးဒဏ်ရာရခဲ့ကြောင်း TNLA က ဖော်ပြထားသည်။

    ရှမ်းပြည်နယ်မြောက်ပိုင်း TNLA ထိန်းချုပ်ရာဒေသများအား တန်ပြန်ထိုးစစ်ဆင်နေသည့်စစ်တပ်သည် မြေပြင် တိုက်ပွဲ မရှိသော မြို့ရွာများရှိ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်း၊ စစ်ဘေးရှောင်များနေထိုင်ရာနေရာများအား နေ့စဉ်နီးပါး ဗုံးကြဲနေပြီး အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

    ၎င်းက “ ပြည်သူကို အကြောက်တရားနဲ့ စာသင်လို့မရအောင်၊ လုံခြုံမှုမရှိအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာဖြစ်တယ်၊ စစ်ခေါင်းဆောင်က အများအမြင်ကောင်းအောင် ပြောနေတာဖြစ်ပြီး NCA ဆယ်နှစ်ပြည့်အခမ်းအနားမှာပြောနေချိန်မှာပဲ ကျမတို့ဒေသက စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်တာဖြစ်ပါတယ်၊ စစ်တပ်က အပြောသက်သက်သာ ဖြစ်တယ်” ဟု ပြောသည်။

    စစ်တပ်သည် TNLA ထိန်းချုပ်ဒေသအပါအဝင် ၎င်းတို့လက်လွှတ်ထားရသည့် ဒေသများအား ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်လုပ်ဆောင်နေပြီး အောက်တိုဘာ ၈ ရက်နေ့နှင့် ၁၃ ရက်နေ့ကလည်း ချင်းပြည်နယ် မင်းတပ်မြို့နယ်နှင့် ဟာခါးမြို့တို့တွင် စာသင်ကျောင်းများ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကျောင်းသား၊ကျောင်းသူ ၅ ဦးထက်မနည်း သေဆုံးခဲ့သလို ကလေးငယ်များနှင့် ဆရာမများအပါအဝင် အရပ်သားများစွာဒဏ်ရာရကာ စာသင်ကျောင်းများလည်း ပျက်စီးခဲ့ကြောင်း သက်ဆိုင်ရာမြို့နယ်ပညာရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

    စစ်တပ်အနေဖြင့် ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ လက်လွှတ်ထားရသည့်မြို့နယ်များပြန်ရရေး စာသင်ကျောင်း များအပါအဝင် အရပ်သားများအား ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုများကြောင့် ချင်းပြည်နယ်နှင့် တအာင်းဒေသများရှိ ကိုယ်ထူ ကိုယ်ထ စာသင်ကျောင်းများပိတ်ထားရန် သက်ဆိုင်ရာပညာရေးအဖွဲ့အစည်းများက ကြေညာထားကြသည်။

    ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်နေ့ကလည်း အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားသည့် ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာရှိ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းဗုံးကြဲခံရပြီး စာသင်ကြားနေသည့် ကျောင်းသား၊ကျောင်းသူ ၂၀ ဦးသေဆုံးကာ ၂၀ ကျော်ဒဏ်ရာရခဲ့ပြီး အဆောက်အဦအချို့လည်း ပျက်စီးခဲ့ရသည်။

    အလားတူ ယခုနှစ် မေလ ၁၂ ရက်ကလည်း ဂျက်တိုက်လေယာဉ်တစီးသည် ကလေးငယ် ၁၀၀ ခန့် ပညာသင်ကြား နေသည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေး ရွာ စာသင်ကျောင်းကို ဗုံးကြဲခဲ့သဖြင့် ကလေးငယ် ၂၂ ဦးနှင့် ဆရာမ ၂ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့သည်။

    တအာင်းပြည်ပညာရေးကောင်စီ(TLEC) က စစ်ကောင်စီသည် စာသင်ကျောင်းနှင့် အရပ်သားပြည်သူ နေထိုင်သည့်နေရာ များကို ရည်ရွယ်ချက်ရှိရှိဦးတည်၍ ဗုံးကြဲတိုက်ခိုက်နေပြီး နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေတို့ကို ချိုးဖောက်ကာ စစ်ရာဇဝတ်မှု ကျူးလွန်နေသည်ဟု ပြောထားသည်။

    စစ်တပ်အာဏာသိမ်းနောက် အကြမ်းမဖက် အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု(CDM)တွင် ပါဝင်သည့် ဆရာ/ဆရာမများ အား ဖမ်းဆီးခြင်း၊ စာသင်ကျောင်းများအား ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် စစ်ရေးပဋိပက္ခများကြောင့် ပညာသင်ကြားရေး အခွင့် အလမ်း များ ဆုံးရှုံးနေရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ပြောသည်။

    ၎င်းက “လုံခြုံတဲ့ဝန်းကျင်ကောင်းတွေ မရှိဘူး၊ နိုင်ငံမှာ ပညာသင်ကြားရေးက၊ စာသင်ကျောင်းတွေ ဗုံးကြဲတာတွေ၊ စာသင်ရင်တောင် ဖမ်းတာတွေ၊ ဆရာမဖြစ်စေ၊ကျောင်းသားဖြစ်စေ စာသင်လို့ဖမ်းတာဆိုတာ ဘယ်နိုင်ငံမှ မရှိဘူး၊ မြန်မာနိုင်ငံမှာပဲရှိတာ၊ ဒီအနေအထားမျိုးတွေကြောင့် ပညာသင်ကြားခွင့်အခွင့်အလမ်းတွေ တော်တော်ဆုံးရှုံးရတယ်” ဟု ပြောသည်။

    ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့ကပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးနှင့် အပြန်အလှန် ဆွေးနွေးမှုတွင် ကုလ သမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ယခုနှစ်အတွင်း အရပ်သားသေဆုံးမှု ဆက်လက်မြင့်တက်နေပြီး စစ်တပ်ကလေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ တိုးချဲ့ လုပ်ဆောင်လာကြောင်းနှင့် ပြည်သူများအတွက် စာသင်ကျောင်းများ၊ ဆေးရုံများနှင့် နေရပ်စွန့်ခွာသူများ ယာယီနေထိုင်ရာ (IDP)စခန်းများမှာ လုံခြုံမှု မရှိတော့ဘဲ စစ်အုပ်စုမှ ပစ်မှတ်ထားတိုက်ခိုက်သည့်နေရာများ ဖြစ်လာခဲ့ကြောင်း ပြောခဲ့သည်။

    မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်နှင့် ၂၄ နှစ်ကြား လူငယ် ငါးသန်းကျော်သည် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် ပဋိပက္ခနှင့် စီပွားရေးအခက်အခဲများကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)က အောက်တိုဘာလ ၆ ရက်တွင် ထုတ်ပြန်သည်။

    အဆိုပါ အသက်အရွယ်ကြား လူငယ် လေးဦးအနက် သုံးဦးသည် အတားအဆီးအမျိုးမျိုးကို ရင်ဆိုင်နေရသဖြင့် ပညာရေး သို့မဟုတ် သင်တန်းတခုခု တက်ရောက်သင်ကြားမှု မရှိတော့ကြောင်း အစီရင်ခံစာက ဆိုသည်။

    အထူးသဖြင့် စစ်ရေးမတည်ငြိမ်သော စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ကျောင်းထွက်နှုန်း အမြင့်ဆုံးဖြစ်နေပြီး ကျေးလက်နေ လူငယ်အများစုမှာ အတားအဆီးအမျိုးမျိုးကို ပို၍ ရင်ဆိုင်နေကြရကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

  • ပုဏ္ဏားကျွန်းဘက် စစ်တပ်က ခံစစ်အခိုင်အမာပြင်

    ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ စစ်တွေကို ကာကွယ်ရန် စစ်တပ်က ၂၂ မိုင်ခန့်ဝေးသည့် ပုဏ္ဏားကျွန်း မြို့နယ်ဘက် စစ်ကြောင်းထိုးပြီး ကွမ်းတောင်နှင့် အမြင့်ကျွန်းရွာများအနီး ခံစစ်စည်းများ အသေအချာ ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။

    “မင်းချောင်းတံတားကို ပြင်တယ်။ ပြီးရင် ပုဏ္ဏားကျွန်းမြို့နယ်ထဲက ကွမ်းတောင်ရွာဘက်ကို ဆင်းလာတာ။ ဘန်ကာ အကြီးတွေ သုံးလေးဆင့်တောင် လုပ်ထားတယ်။ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တောက်လျောက်ပစ်ပြီးတော့ ချဲ့လာတာ။ အေအေဘက်ကလည်း အဲဒီနားကနေ နည်းနည်းပြန်ဆုတ်ပေးရတဲ့ အခြေအနေဖြစ်နေတယ်” ဟု စစ်ရေးနှင့်နီးစပ်သည့် မြေပြင်သတင်းရင်းမြစ်တဦးက ပြောသည်။

    အာရက္ခတပ်တော် (AA)တပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်းပိတ်ဆို့ခံထားရသည့် စစ်ကော်မရှင်တပ်သည် စစ်တွေမြို့ပတ်လည် ပုဏ္ဏား ကျွန်းမြို့နယ်နှင့် အနီးစပ်ဆုံးနေရာများတွင် ရှေ့တန်းကာကင်းစခန်းကြီးများ အခိုင်အမာတည်ဆောက်၍ အင်အားဖြည့်နေခဲ့ ရာမှ ယခုအခါ ပုဏ္ဏားကျွန်းနှင့် စစ်တွေအစပ် မင်းချောင်း (အမြင့်ကျွန်း)တံတားပေါ်နှင့် တံတားအောက် ပုဏ္ဏားကျွန်းမြို့နယ် ဘက်ခြမ်းသို့ပါ ထိုးစစ်ဆင်ပြီး ကာကင်းများတိုးချလာခြင်း ဖြစ်သည်။

    စစ်တပ်သည် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေချိန် ပြီးခဲ့သည့် ၂၀၂၄ ဖေဖော်ဝါရီ လဆန်းကတည်းက ပုဏ္ဏားကျွန်းမှ စစ်တွေမြို့သို့လာရာ ကားလမ်းမပေါ်ရှိ မင်းချောင်းတံတားကို ချိုးဖျက်ခဲ့ပြီး ယခုအခါ ပြန်လည်ပြုပြင်ခြင်း ဖြစ်သည်။

    အထက်ပါသတင်းရင်းမြစ်က “ဒီလမ်းကနေဝင်ပြီး စစ်တွေတပ်ရင်းတွေကို လာတိုက်မှာစိုးလို့ ချိုးထားတာ။ အခုတော့ တံတားကို ပြန်လုပ်တယ်၊ ကာကင်းကြီးတွေ ဆောက်တယ်။ စစ်တွေကို အလွယ်တကူဝင်လို့မရအောင် ရှေ့ထွက်ကာကင်း ကြီး တိုးဆောက်မယ်ပေါ့။ စစ်တွေကိုကာဖို့ ခံတပ်လုပ်တဲ့သဘောလို့ပဲ ထင်ပါတယ်” ဟု ပြောသည်။

    ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ် သုံးခုကိုသာ ထိန်းချုပ်နိုင်တော့သည့် စစ်ကော်မရှင်သည် ကျောက်ဖြူမြို့နယ်ရှိ တပ်စခန်းများ ဆက်တိုက်လက်လွှတ်ခဲ့ရချိန် ယခုနှစ်ဇူလိုင်လကတည်းက စစ်တွေမြို့နယ်မှ ရှေ့တန်း ကာကင်းစခန်းများဖြစ်သော ဇော်မတက်၊ ကန့်ကော်ကျွန်း၊ သုံးဆောင်ရွာနှင့် ပါဒလိတ်၊ အမြင့်ကျွန်းတပ်ရင်းများသို့ အင်အား လက်နက်ဖြည့်တင်းမှုများ ပြုလုပ်ခဲ့သည်။

    ထို့ပြင် ၂၀၂၄ ခုနှစ် မတ်လကတည်းက AA သိမ်းပိုက်ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ပါ မင်းချောင်းတံတား မှတဆင့် နယ်မြေချဲ့ ထိုးစစ်ဆင်ရန် ကြိုးစားလာကာ လက်နက်ကြီး၊ ဒရုန်းများနှင့်လည်း နေ့စဉ်ရက်ဆက် ပစ်ခတ်မှုများရှိနေ ကြောင်း ဒေသခံများက ဆိုသည်။

    “လက်နက်ကြီးကတော့ နေ့တိုင်းပစ်နေကြတာပဲ၊ အပြန်အလှန်ပစ်တယ်၊ ထိတွေ့တိုက်ပွဲတွေလည်း ရံဖန်ရံခါ ဖြစ်နေတာ တလနီးပါးရှိပြီ။ အဓိကတော့ ပုဏ္ဏားကျွန်းအစပ်တွေမှာ ဖြစ်ကြတာ” ဟု AA နှင့် နီးစပ်သည့် နောက်ထပ် သတင်းရင်းမြစ် တဦးက ပြောသည်။

    AA နှင့် စစ်ကော်မရှင်တပ်တို့သည် ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်၊ ကံကော်ကျွန်းအနီးဝန်းကျင်နှင့် ပါဒလိတ်တပ်ရင်း များအနီးဝန်းကျင်တို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်လေ့ရှိကြောင်း၊ ပြင်းပြင်းထန်ထန် ဖြစ်ခြင်းမျိုးမဟုတ်ဘဲ နေ့စဉ် လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ခြင်းမျိုးဖြစ်ကြောင်း စစ်တွေ ဒေသခံတဦးက ပြောသည်။

    အောက်တိုဘာ ၁၅ ရက် AA ထုတ်ပြန်ချက်တွင်လည်း စစ်တွေမြို့အနီးဝန်းကျင်၌ လက်နက်ကြီး၊ ဒရုန်း အပြန်အလှန်တိုက် ခိုက်မှုများ ပိုမိုပြင်းထန်နေကြောင်း ဆိုထားသည်။

    စစ်ကော်မရှင်တပ်သည် AA တပ်ဖွဲ့ဝင်များရှိမည်ဟု ယူဆသည့်နေရာများဆီ လက်နက်ကြီး၊ ဒရုန်းများနှင့် ပစ်ခတ်မှုများ ရှိနေသလို အရပ်သားများနေထိုင်ရာ ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ် ကျေးရွာများသို့ပါ လက်နက်ကြီးပစ်ခတ်လျက် ရှိရာ အရပ်သား ထိခိုက်၊ သေဆုံးမှုများ ရှိနေသည်။

    “လက်နက်ကြီးသံ မကြားရတဲ့နေ့မရှိဘူး။ ဒီနေ့လည်း ပေါက်တောဘက်ကို သုံးလေးလုံးကျတယ်။ ဘယ်ရွာမှာကျလဲ ဆိုတာတော့ မသိရသေးဘူး” ဟု စစ်တွေမြို့နယ်နှင့် ထိစပ်နေသည့် ပေါက်တောမြို့နယ်မှ ဒေသခံအမျိုးသားတဦးက ပြောသည်။

    စစ်တွေမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသလို စစ်တွေမြို့တွင်း၌လည်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP)တပ်ဖွဲ့ဝင်များက နေအိမ်များကို ဝင်ရောက်စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း မြို့ခံများက ပြောသည်။

    စစ်တပ်သည် စစ်တွေမြို့အနီးပတ်လည် ကျေးရွာပေါင်းနှစ်ဆယ်ခန့်မှ အရပ်သားများကို မြို့ထဲအတင်းအကျပ်နှင်ထုတ်၍ အဝင်အထွက်ပိတ်ထားပြီး လူသားတံတိုင်းလုပ်ထားသဖြင့် စစ်တွေမြို့တွင်း ပိတ်မိနေသူများမှာ စားဝတ်နေရေး အကျပ် အတည်းဖြစ်နေကြောင်း သိရသည်။

    စစ်တွေမြို့တွင် စစ်ကော်မရှင်က ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ထားပြီး ဒေသစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (ဒကစ စစ်တွေ) လည်း အထိုင်ချထားသည်။ ထို့ပြင် အမ်းမှ တပ်ဆုတ်ပြေးလာရသည့် လက်ကျန်တပ်သားများနှင့်စုဖွဲ့ကာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုလည်း စစ်တွေ၌ အထိုင်ချထားပြီး ရေတပ်ဌာနချုပ်၊ လက်ရုံးတပ်များ အပါအဝင် အခြေစိုက်တပ်ရင်း တဆယ်ကျော် ရှိနေသည်။

    ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် ၁၄ ခု၊ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသော AA သည် ရခိုင် ဒေသတခုလုံးကို အပြီးသတ်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း မကြာခဏ အသိပေးထုတ်ပြန်လျက်ရှိသည်။