Category: News

  • တာမွေရှိ ဈေးရုံးတာဝန်ခံအမျိုးသမီးက လမ်းဘေးဈေးသည်များကို ရိုင်းစိုင်းစွာဆက်ဆံ၍ မောင်းထုတ်

    တာမွေရှိ ဈေးရုံးတာဝန်ခံအမျိုးသမီးက လမ်းဘေးဈေးသည်များကို ရိုင်းစိုင်းစွာဆက်ဆံ၍ မောင်းထုတ်

    ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ ဈေးရုံးတာဝန်ခံအမျိုးသမီးတစ်ဦးက လမ်းဘေးဈေးသည်များကို ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုဆက်ဆံပြီး မောင်းထုတ်ခဲ့ကြောင်း ဈေးသည်များထံမှ သိရသည်။

    မေတ္တာညွန့်ရပ်ကွက်ရှိ မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနရှိ အမျိုးသမီးက စျေးသည်များကိုမောင်းထုတ်နေခြင်းဖြစ်ပြီး ယနေ့ စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းကလည်း ထိုသို့မောင်းထုတ်ခဲ့ကြောင်း သိရသည်။

    “အဲဒီအမျိုးသမီးက ဈေးရုံးတာဝန်ခံပါ။ ဈေးသည်တွေကို ရိုင်းရိုင်းစိုင်းစိုင်း၊ မောက်မောက်မာမာ ပြောတယ်၊ ဆူတယ်၊ ကြိမ်းမောင်းတယ်။ ကြက်ဥရောင်းတဲ့နေ့ဆိုရင် ကားကြီးကို လမ်းမှာပိတ်ရပ် တယ်။ ဈေးသည်တွေကိုတော့ လာရောင်းခွင့်မပြုဘူးလို့ ပြောပါတယ်” ဟု ဈေးသည်တစ်ဦးက ပြောသည်။

    ထို့အပြင် စစ်ကော်မရှင်လက်အောက်ခံ ဈေးတာဝန်ခံရုံးအမျိုးသမီးသည် ၎င်း၏ရုံးရှိ ဝန်ထမ်းများ ကိုလည်း နေ့စဉ် မောက်မောက်မာမာဆက်ဆံနေမှုကြောင့် ဝန်ထမ်းများကလည်း မကျေနပ်မှုများ ရှိကြောင်း မေတ္တာညွန့်ရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုသည်။

    ပုံစာ- ဈေးရုံးတာဝန်ခံအမျိုးသမီး(အင်္ကျီအပြာဝမ်းဆက်ဝတ်ဆင်ထားသူ)၊ လမ်းပေါ်တက်၍ ရောင်းချနေသည့် ကြက်ဥကား

  • မိုးကုတ်မီလီယံနာသူကြွယ်ကြီးယောဆက် ၁၄ နှစ်ကျော်အိမ်တွင်းအကြမ်းဖက်မှု သမီးဖြစ်သူဖွင့်ချ

    မိုးကုတ်မီလီယံနာသူကြွယ်ကြီးယောဆက် ၁၄ နှစ်ကျော်အိမ်တွင်းအကြမ်းဖက်မှု သမီးဖြစ်သူဖွင့်ချ

    ကျောက်သူဌေးကြီး ယောဆက်ဆိုလျှင် တနိုင်ငံလုံးမသိသူမရှိကြပေ။

    သူသည်လီဆူအမျိုးသား ကျောက်မျက် ရတနာသူကြွယ်ကြီး၊ရန်ကုန် ဗဟန်းမြို့နယ်နှင့် ပတ္တမြားမြေ မိုးကုတ်မြို့ရှိရွှေလိပ်ပြာ ဟိုတယ်များ၏ပိုင်ရှင်ဖြစ်သည်။

    ဦးယောဆက်သည် နဝတခေတ်တွင် ကျောက်လုပ်ငန်းဖြင့်အလွန်ကြီးပွားချမ်းသာလာပြီး မိုးကုတ်မြို့၏လက်တဆုပ်စာထိပ်သီးသူကြွယ်စာရင်းဝင်ဖြစ်သည်။

    ဦးယောဆက်သည် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များ အသင်း(MEEA)၏ ဥက္ကဋ္ဌ တာဝန်ယူဖူးသည်။

    ယနေ့ စက်တင်ဘာ ၂၀ ညပိုင်းတွင် ဦးယောဆက်၏သမီးဖြစ်သူ ဂျူလီယာဆက်က ဖခင်ဖြစ်သူ၏ ဆယ်စုနှစ်ကြာ အိမ်တွင်းအကြမ်းဖက်မှု ကိုဖွင့်ချလာသည်။ ဦးယောဆက်သည် ဇနီးဖြစ်သူနှင့် သားသမီးများ ကိုအကြမ်းဖက်ရိုက်နှက် သူဖြစ်ကြောင်း လူမှုကွန်ရက်တွင် ဗီဒီယိုဖိုင်နှင့်တကွ ဖွင့်ချလာခဲ့သည်။

    ဂျူလီယာဆက်သည် ဖက်ရှင်လောကတွင် ကာလာပညာရှင်၊ အရောင်ပညာရှင် (Image consultant)အဖြစ် နာမည်ရလာသည့်အမျိုးသမီးငယ်ဖြစ်သည်။

    “ ၂၀၁၁ ကနေ ၂၀၂၅ အထိ ၁၄ နှစ်တိုင်တိုင်ပါ။ ကလေးဘဝမှာ ဘာမှမကယ်နိုင်ပဲ အမေအရိုက်ခံရတာကိုကြည့်ပြီးကူရာမဲ့ဖြစ်ခဲ့ ကြိုးစားပြီးအခုကိုယ့်ဟာကိုပိုက်ဆံရှာနိုင်မှဇူလိုင် ၂၀၊၂၀၁၅ မခံနိုင်လို့ အိမ်ပေါ်ကနေ အမေကိုရအောင်ကယ်ထုတ်ပြီး သားအမိသုံးယောက်ထွက်ပြေးခဲ့တာပါ.. ရိုက်နှက်ခံထားရတဲ့သက်သေတွေလဲရှိပါတယ် ဒီ video က ကျွန်မအဖေရိုက်လို့ခံခဲ့ရတဲ့ video တစ်ခုကိုတင်လိုက်တာပါ” ဟု ဂျူလီယာဆက်ကရေးသားခဲ့သည်။

    အထက်ပါအကြောင်းအရာကို အတည်ပြုရန် ရွှေလိပ်ပြာဟော်တယ်နှင့် မိုးကုတ်မြို့မှ နီးစပ်သူများကို စုံစမ်းခဲ့သော်လည်း တိကျစွာ အတည်ပြုနိုင်ခြင်းမရှိပါ။

    သို့သော် ဦးယောဆက်နှင့် ဂျူလီယာဆက်မှာ သားအဖ တော်စပ်ကြောင်းကိုအတည်ပြုနိုင်ခဲ့သည်။

    ဦးယောဆက်သည် အသက် ၆၈ နှစ်ရှိပြီဖြစ်ပြီး နောက်ပိုင်းကာလများတွင် မြန်မာနိုင်ငံ၏ ထိပ်သီးသူကြွယ်စာရင်းမှ ဖယ်ပေးခဲ့ရသည်။

    သူ၏နောက်တွင် ခရိုနီသူဌေးများစွာနေရာယူလာပြီး စစ်တပ်နှင့်ပလဲနံသင့်သော ဦးတေဇနှင့်ဦးအောင်ကိုဝင်း တို့က ပို၍ကျော်ကြားလာခဲ့သည်။

    ပြီးခဲ့သည့် ဇူလိုင်လကမိုးကုတ်မြို့ရှိ၎င်း၏ ရွှေလိပ်ပြာဟိုတယ်သည်လည်းစစ်အုပ်စုမှ လေကြောင်းဗုံးကျဲ၍ပျက်စီးခဲ့သည်။

    သို့သော် ဦးယောဆက်သည်ကျောက်မျက်လုပ်ငန်းရှင်များစွာအိမ်မက်ရသည့်သူကြွယ်ဘဝကို လက်တွေ့ ပိုင်ဆိုင်ထားသည့် ကံကောင်းသောသူကြွယ်ဖြစ်သည်။

    သူ၏ ချမ်းသာကြွယ်ဝလာမှုတွင် ကံကြောင့်လည်းအများကြီးပါဝင်ကြောင်းဦးယောဆက်က ၂၀၁၃ ခုနှစ်ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးတွင်ယခုလို ပြောဆိုခဲ့ဖူးသည်။

    “ဗုဒ္ဓဘာသာလို ပြောမယ်ဆိုရင်တော့ ကံ ပေါ့။ ခရစ်ယာန်လိုပြောမယ်ဆိုရင်တော့ ဘုရားသခင်ရဲ့ကျေးဇူးပေါ့ဗျာ။ သူများထက်စာရင် ကျနော် နည်းနည်း ပိုကံကောင်းတယ်လို့ပဲ ခံယူတာပေါ့” ဦးယောဆက်၏ ကျောက်တလုံးသည် ၁၉၉၃ ခုနှစ်က ဒေါ်လာငါးသန်းရှစ်သိန်းနှင့်လေလံ အောင်ဖူးသည်ဟု ၎င်းကိုယ်တိုင်ပြောကြားဖူးသည်။

    သူဌေးကြီး ဦးယောဆက်သည်အိမ်ထောင် နှစ် ဆက်ကျခဲ့ပြီး ၎င်း၏ လက်ရှိ ဇနီးသည်မှာ ဒီပဲယင်းဇာတိဖြစ်ပြီး မသီတာဟု သိရသည်။

    ပထမအိမ်ထောင်နှင့် သားသမီး ၇ ဦးထွန်းကားခဲ့ပြီး ဒုတိယ အိမ်ထောင်နှင့် ၃ ဦးဖြစ်သည်။

    ဦးယောဆက်သည် ၁၉၉၉ ခုနှစ်အတွင် သစ်လုပ်ငန်းနှင့် ထောင်ဒဏ် ၁၂ နှစ်ကျခဲ့ပြီး ထိုနှစ်များအတွင်း ဇနီးသည်က ပုံမှန်ဂရုစိုက်ပေးခဲ့သည်ဟု ကျေးဇူးတင်စကား ဆိုဖူးသည်။

    “ ကျနော့်အမျိုးသမီး အငယ် (ဒုတိယအိမ်ထောင်) က အများကြီး ပေးဆပ်လာခဲ့တယ်။ထောင်သက် ၁၂ နှစ်မှာ ထောင်ဝင်စာကို မပျက်အောင် လာတဲ့ သူ့ရဲ့ ကျေးဇူးတွေ ရှိတယ်။ သူ့ကျေးဇူးကို ကျနော် မမေ့ဘူး။ သူ့ကိုလည်း ပြောပြပါတယ်၊ လူတယောက်က ကျေးဇူးတရားကို သိဖို့တော့ လိုတာပေါ့။ ကျနော် အပျော်အပါး ဆိုတဲ့ဟာကို စိတ်တောင် မကူးချင်တော့ဘူး” ဟု ဦးယောဆက် ၂၀၁၃ ခုနှစ်ကဆိုခဲ့သည်။

    လက်ရှိတွင်တော့ ဦးယောဆက်၏ သမီးဂျူလီယာဆက်က တရားဥပဒေအရဆက်လက်ဆောင်ရွက်ဖို့ ပြင်ဆင်နေပြီး ၎င်းတို့ မိသားစုကို ဝိုင်းဝန်းကူညီကြရန် လူမှုကွန်ရက်ပေါ်မှ အကူအညီတောင်းခံထားသည်။

    “ ပိုက်ဆံဂုဏ်ဒြပ် အာဏာတွေရှိပြီး ပြန်မလုပ်နိုင်တဲ့သူတွေ ကို မတရား အနှိုင်ကျင့်တာတွေကို မခံတော့ဘူးရှင့်” လို့ ဂျူလီယာဆက်က ရေးသားထားသည်။

    ဂျူလီယာဆက် ရေးသားမှု အပြည့်အစုံ

    ကျွန်မအဖေ မိုးကုတ်ရွှေလိပ်ပြာဟိုတယ် ပိုင်ရှင် ဦးယောဆက်သည် အိမ်တွင်းအကြမ်းဖက် နှိုပ်စက်ပြီး အမေ့ကို သွေးထွက်သံယို ဖြစ်အောင် အကြိမ်ကြိမ် ရိုက်နှိက်ဆဲဆို နှိုပ်စက် အကြမ်းဖက်ခဲ့တာက(2011) ကနေ (2025) အထိ 14 နှစ်တိုင်တိုင်ပါ။

    ကလေးဘဝမှာ ဘာမှမကယ်နိုင်ပဲအမေအရိုက်ခံရတာကိုကြည့်ပြီးကူရာမဲ့ဖြစ်ခဲ့ ကြိုးစားပြီးအခုကိုယ့်ဟာကိုပိုက်ဆံရှာနိုင်မှ July 20 2025 မခံနိုင်လို့ အိမ်ပေါ်ကနေ အမေကို ရအောင် ကယ်ထုတ်ပြီး သားအမိ သုံးယောက် ထွက်ပြေးခဲ့တာပါ ရိုက်နှက်ခံထားရတဲ့သက်သေတွေလဲရှိပါတယ်

    ဒီ video က ကျွန်မအဖေရိုက်လို့ခံခဲ့ရတဲ့ video တစ်ခုကိုတင်လိုက်တာပါ

    အခုအဖေက အမေက ပစ္စည်းတွေ ခိုးသွားပါတယ် ဆိုပြီး မဟုတ်မမှန်တဲ့ စွတ်စွဲမှု တွေနဲ့ လိုက်နှောက်ယှက်တယ်သူနဲ့မပေါင်းရင် ဒုက္ခမရောက်ရောက် အောင် လုပ်နေပါတယ် အမှုဖွင့်ထားလို့ရင်ဆိုင်ရတော့မှာပါ။

    ဒီနေ့လဲ စခန်းထိရောက်ပြီး ဖြေရှင်း နေတုန်း ပုန်းရှောင်နေတဲ့ Mercure ဟိုတယ်အခန်းထဲက အမေ့ပစ္စည်း တွေ အကုန် လုံး ကို Mercure hotel ဝန်ထမ်းတွေကို ပိုက်ဆံပေး သိမ်းခိုင်းပြီး အဖေက အတင်းအဓမ္မအာလုံးယူသွားပါတယ် ညီမလေးကိုလဲပြန်ခေါ်သွားပါတယ်

    အခု အမေက အဝတ်တထည် ကိုယ့်တစ်ခု နဲ့ တစ်ပြားတစ်ချက်မှ မရှိပဲ အမှုတွေကို ရင်ဆိုင်ရတော့မှာပါ

    ‼️သမီး တို့ကို တရားဥပဒေ နားလည်တဲ့သူတွေ ရှိရင် ကူညီ အကြံပေးကြပါရှင့် ‼️

    ‼️နောက်ဆုံး မကူနိုင်ရင်တောင် သမီးတို့ တင်တဲ့ Post တွေကို လူတွေ တွေ့အောင် Share ပေးကြပါရှင့်

    ❌ပိုက်ဆံဂုဏ်ဒြပ် အာဏာတွေရှိပြီး ပြန်မလုပ်နိုင်တဲ့သူတွေ ကို မတရား အနှိုင်ကျင့်တာတွေကို မခံတော့ဘူးရှင့် ❌

    ခံခဲ့ရတာတွေအရမ်းများတာတွေတစ်ခါမှမပြောခဲ့ဘူး အခုအစအဆုံးတင်ပါတော့မယ်။

  • ထီးဖြူဆောင်း ပလ္လင်ပေါ်မှာထိုင်ပြီး တရားဟောတဲ့ ပိဋကတ်သုံးဘုံမယ်တော်ကြီး ဆိုတဲ့အမျိုးသမီးကို ဖမ်းဆီး

    ထီးဖြူဆောင်း ပလ္လင်ပေါ်မှာထိုင်ပြီး တရားဟောတဲ့ ပိဋကတ်သုံးဘုံမယ်တော်ကြီး ဆိုတဲ့အမျိုးသမီးကို ဖမ်းဆီး

    ထီးဖြူဆောင်း ပလ္လင်ပေါ်မှာထိုင်ပြီး တရားဟောတဲ့ ပိဋကတ်သုံးဘုံမယ်တော်ကြီး ဆိုတဲ့အမျိုးသမီးကို ဖမ်းဆီး

    မွန်ပြည်နယ်၊မုဒုံမြို့နယ် ၊နှီးပဒေါရွာမှာ သာသနာ့အဆောက်အဦးတွေ တည်ဆောက်ပြီး ထီးဖြူဆောင်းကာ ပလ္လင်ပေါ်တက်ပြီး တရားဟောတဲ့ “ပိဋကတ် သုံးဘုံမယ်တော်ကြီး “ဆိုတဲ့အမျိုးသမီးကြီးကို စက်တင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းမှာ သက်ဆိုင်ရာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။

    အဆိုပါ အမျိုးသမီးကို လက်ရှိမှာ မုဒုံမြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး သာသနာညှိုးနွမ်း ပုဒ်မ ၂၉၅ နဲ့ အမှုဖွင့်တရားစွဲဆိုဖို့ မြို့နယ် သာသနာရေးဌာနက ဆက်လက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။

    ဖမ်းဆီးထိန်းသိမ်းခြင်းမပြုလုပ်ခင် ဒီနေ့ ၁၂ နာရီအချိန်မှာ မြို့နယ်သံဃနာယကအဖွဲ့ရုံးကို လာရောက်ဖို့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှတဆင့်စာပို့အကြောင်းကြားခဲ့ပေမယ့် ရောက်မလာခဲ့တဲ့အပြင် ဖုန်းဆက်သွယ်ရာမှာလည်း လက်ခံဖြေဆိုတာမရှိတဲ့အတွက် ထွက်ပြေးတိမ်းရှောင်မှာစိုးရိမ်တာကြောင့် ညနေပိုင်းမှာ ချက်ခြင်းဖမ်းဆီးထိန်းသိမ်းလိုက်ရတာဖြစ်တယ်လို့သိရပါတယ်။

    ” မဖြစ်သင့်တဲ့ကိစ္စမို့အချိန်မီတားဆီးလိုက်တာပါ။ သူတိမ်းရှောင်သွားမှာစိုးလို့ အရင်ထိန်းသိမ်းလိုက်တာ။ အစည်းအဝေးပွဲဖိတ်ထားတာဘာလို့မလာလဲဆိုတော့ လာစရာမလိုဘူး ။ဘုန်းကြီးတွေက သူ့လောက်အဆင့်မရှိဘူးလို့ပြောတယ်။ သူ့ဆီသွားတဲ့ ဒကာဒကာမတွေကိုလည်း သူကပြောတယ်တဲ့ သူကဘုရားမယ်တော်ဖြစ်တယ်။ နောက်ပွင့်မယ့်ဘုရားဖြစ်တယ်။ဘုန်းကြီးကျောင်းသွားစရာမလိုဘူးပြောတယ်။သူ့ဆီပဲနေပေါ့ ။သူ့ဆီကိုရွာကလူတွေမသွားဘူး။ နယ်ကလူတွေက စွဲစွဲလန်းလန်းဖြစ်ပြီးတကောက်ကောက်လိုက်နေကြတာ။” လို့ ပါဝင်ဆောင်ရွက်နေတဲ့ မုဒုံမြို့ လမင်းဆရာတော်က မိန့်ပါတယ်။

    အဆိုပါ အမျိုးသမီးက သာသနာရေးဌာနရဲ့ခွင့်ပြုချက်မရှိဘဲ သာသနာမြေမဟုတ်တဲ့နေရာမှာ ဘုရားစေတီကျောင်းဆောက်လုပ်နေထိုင်ခြင်း ၊ ဧည့်စာရင်းမတိုင်ဘဲ ကျူးကျော်နေထိုင်ခြင်း ၊ ရဟန်းသံဃာအစစ်ဆိုတာမရှိကြောင်း ၊ ဘုန်းကြီးတွေကို ရှိမခိုးသင့်ကြောင်း စတဲ့ အဓမ္မဝါဒ​တွေကိုဟောပြောနေတာကြောင့် အရေးယူလိုက်တာဖြစ်တယ်လို့မိန့်ပါတယ်။

    “သူနေတဲ့နေရာက ကျူးကျော်ဆောက်ထားတာတွေ၊ ခွင့်ပြုချက်မရှိဘဲ သာသနာအဆောက်အဦးတွေဆောက်ထားတာက ဖြိုဖျက်ပစ်ရမယ့်အရာတွေဖြစ်တယ်။ သူနဲ့အပေါင်းအပါတွေရှိသေးတယ်။ သူတို့ကဒီနေရာကနေထွက်ခွာပေးရမှာဖြစ်တယ်။သားနဲ့ ယောကျ်ားလည်းရှိတယ်။ ဒါကအရပ်ဖက်ဆိုင်ရာလုပ်ရမယ့်ကိစ္စတွေပေါ့။ ဘုန်းဘုန်းတို့ကမရှင်းလင်းခဲ့ဘူး။ နိုင်ငံတော်ကလည်းထုတ်ထားပြီးသား။သာသနာမြေမကျတဲ့နေရာတွေမှာဆောက်ခွင့်မရှိဘူး။ဆောက်ရင်မြို့နယ်သံဃနာယကကိုတင်ပြရတယ်။”လို့ ဘုန်းဘုန်းက တဆက်တည်း မိန့်ပါတယ်။

    ထီးဖြူဆောင်းထားတဲ့ ပလ္လင်ပေါ်တက်ထိုင်ပြီး တရားဟောနေတဲ့ အဆိုပါအမျိုးသမီးကြီးရဲ့ရုပ်သံဖိုင်ကို သူရဲ့သားဖြစ်သူက လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြခဲ့ရာမှတဆင့် မုဒုံမြို့နယ်မှဆရာတော်တွေအပါအဝင် လူသိများပြီး ပြည်သူတွေအကြား ဝေဖန်မှုမြင့်တက်ခဲ့ပြီးနောက်မှာ ယခုလို ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။

    ကနဦးအနေနဲ့ သာသနာရေးဌာနက ပုဒ်မ ၂၉၅ နဲ့ အမှုဖွင့် တရားစွဲဖို့လုပ်နေပြီး ထပ်တိုးတရားစွဲမယ့် ပုဒ်မတွေလည်း ရှိသေးတယ်လို့သိရပါတယ်။

    အဆိုပါ အမျိုးသမီးကြီးဟာ အရင်ကလည်း ရေးမြို့နယ်နဲ့ ချောင်းဆုံမြို့နယ်ဘက်မှာ ယခုလိုပဲ အဓမ္မဝါဒတွေ ဟောပြောပြသခဲ့မှုကြောင့် နယ်နှင်ဒဏ်ပေးခံခဲ့ရသူဖြစ်တယ်လို့သိရပါတယ်။

    စက်တင်ဘာ ၁၁ ရက်ကလည်း သရဏံသုံးပါး ဓမ္မတေးသီချင်းကို ကလပ်မှာ Dj တီးခတ်ဖျော်ဖြေကာ ကခုန်ခဲ့တဲ့ Dj Violet နဲ့ မန်နေဂျာ အပါအဝင် သီးချင်းဖွင့်ခဲ့တဲ့ မန္တလေးက Cover Club ပိုင်ရှင်နဲ့မန်နေဂျာတို့ကို ဖမ်းဆီးပြီး အမှုဖွင့်အရေးယူထားပါတယ်။

  • ထားဝယ်မြို့နယ်၊ ပကာရီရွာ ယက္ကန်းစင် ဘုန်းကြီးကျောင်းတွင် ယာယီတပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်

    ထားဝယ်မြို့နယ်၊ ပကာရီရွာ ယက္ကန်းစင် ဘုန်းကြီးကျောင်းတွင် ယာယီတပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်

    ထားဝယ်မြို့နယ်၊ ပကာရီရွာ ယက္ကန်းစင် ဘုန်းကြီးကျောင်းတွင် ယာယီတပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီရွာ ယက္ကန်းစင် ဘုန်းကြီးကျောင်းတွင် ယာယီတပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၇ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။

    စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ ထားဝယ် – ထီးခီးလမ်းပိုင်းရှိ ပကာရီကျေးရွာ ယက္ကန်းစင် ဘုန်းကြီးကျောင်း အတွင်း ယာယီတပ်စွဲထားသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထိုထိတွေ့တိုက်ပွဲသည် ၂ ရက်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ကြပ်ကြီး အဆင့်ရှိသူ ၂ ဦးအပါအဝင် ၇ ဦး သေဆုံးခဲ့ပြီး ဒုတိယ ဗိုလ်မှူးကြီး ၁ ဦး အပါအဝင် ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများထံမှ MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ 79 ဗုံး ၂ လုံး၊ ၆၀ မမ ၂ လုံး နှင့် 5.56 ကျည် ၂၀၀ ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် တော်လှန်ရေး ရဲဘော် ၁ ဦးလည်း မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရှိရသည်။

    “ယာယီ တပ်စွဲထားတဲ့ နေရာမှာ စစ်ခွေး အင်အား ၁၀၀ ဝန်းကျင်လောက်ရှိပါတယ်။ တပ်ကြပ်ကြီး ၂ ဦးရယ်။ တပ်ကြပ် ၂ ရယ်၊ စစ်မှုထမ်း ၃ ရယ် သေပါတယ်။ ဒဏ်ရာရတာကတော့ ၄၀၆ တပ်ရင်းက ဒုတိယဗိုလ်မှူးကြီး အပါအဝင် ၆ ဦးလို့ သိရတယ်။ လက်နက်ကြီးပစ်ကူ လေယဥ်ပစ်ကူရောနဲ့ ပစ်ကူပေးပါတယ်။ သူတို့ဘက်ကတော့ စစ်ကြောင်းပျက်ပြီး ပြန်ဆုတ်သွားခဲ့ပါတယ်” ဟု ဒူရက စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

    ထို တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း ၊ ထားဝယ်ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့(TPLF) ၊ဧဒင်မှူးပျောက်ကျားတပ်ဖွဲ့၊ က္လားသစ္ဆတ်(ကျားသစ်နက်)၊ ဘိလုံးပျောက်ကျားတပ်ဖွဲ့၊ Dawei Guerrilla Revolutionary Force (DGRF)၊ ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ဒေါနတပ်ခွဲ (၇) ၊ထားဝယ်အရှေ့တောတပ်ဖွဲ့ (DEF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေး အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန်ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန်နှင့် လေကြောင်းအသုံးပြု တိုက်ခိုက်မှုများ ရှိနိုင်သောကြောင့် လေကြောင်းရန် ကာကွယ်ရေးနှင့်ပက်သက်သည့် သတင်းအချက်အလက်များကို လိုက်နာကျင့်ကြရန် ဒူရကစစ်ကြောင်းက မေတ္တာရပ်ခံထားသည်။

  • မန္တလေးအိုးဘို​ေထာင်တွင် ပေါက်ကွဲမှုဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ ထိခိုက်သေဆုံးခဲ့ရ

    မန္တလေးအိုးဘို​ေထာင်တွင် ပေါက်ကွဲမှုဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ ထိခိုက်သေဆုံးခဲ့ရ

    မန္တလေးအိုးဘို​ေထာင်တွင် ပေါက်ကွဲမှုဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ ထိခိုက်သေဆုံးခဲ့ရမှု အမှန်တကယ် ဖြစ် ပွားခဲ့ဟု PPNM က အစီရင်ခံစာ ထပ်မံထုတ်ပြန် အတည်ပြု

    မန္တလေးမြို့၊ အိုးဘို​ေထာင်တွင် ပေါက်ကွဲမှုဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ ထိခိုက်သေဆုံးခဲ့ရမှု အမှန်တကယ် ဖြစ် ပွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM က ယနေ့ အစီရင်ခံစာထုတ်ပြန် ထပ်မံ အတည်ပြုသည်။

    ဩဂုတ်လ ၈ ရက်နေ့တွင် အိုးဘိုအကျဉ်းထောင်တွင် ဗုံးပေါက်ကွဲမှုကြောင့် နိုင်ငံရေးအကျဉ်းသား ၁၇ ဦးနှင့် အခြားရာဇဝတ်အကျဉ်းသားအနည်းဆုံး ၄ ဦးသေဆုံးခဲ့ရကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး ၁၀ ဦးရှိသည့်အနက် အရေးပေါ်ဆေးဝါးကုသမှုခံယူနေရသူ ၅ ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဗဟို ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။

    အဆိုပါသတင်းကို စစ်တပ်က ဩဂုတ်လ ၁၆ ရက်နှင့် ၁၇ ရက်နေ့များတွင် သတင်းမှား ဖြစ်သည်ဟု စစ်တပ်က ဝါဒဖြန့်ခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်အတွင်း နိုင်ငံရေးအကျဉ်းသားများ သေဆုံးရမှုဖြစ်စဉ်နှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအခြေအနေ စိစစ်အတည်ပြုထားသည့် အစီရင်ခံစာကို PPNM က ယနေ့စက်တင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ဒီအစီရင်ခံစာ ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်က ရိုးရှင်းပါတယ်။ ဒီသေဆုံးမှုတွေ ဖြစ်ခဲ့တာကို တကယ် မဖြစ်ခဲ့သယောင် ဖန်တီးခံလိုက်ရတယ်။ အသက်တွေ ဆုံးရှုံးလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ၊ မိမိရဲ့ မိသားစုဝင်တွေကို ‌ဆုံးရှုံးလိုက်ရမှုတွေကို ရေငုံနှုတ်ပိတ်နေရတဲ့ အခြေအနေတစ်ခုမှာ ကျွန်တော်တို့ အသံထုတ်နိုင်တဲ့ အခြေ အနေတစ်ခုမှာ ရှိတဲ့ လူတွေက ဒီသေဆုံးမှုတွေ အလဟဿ မဖြစ်ဖို့နဲ့ ကျဆုံးသွားတဲ့ လူတွေကို လွယ်လွယ်လေးနဲ့ သတင်းမှားဆိုပြီး သေဆုံးမှုတွေ အလဟဿဖြစ်သွားမှာကို မလိုလားတဲ့ အတွက် ကျဆုံးသွားတဲ့ လူတွေရဲ့ ဂုဏ် သိက္ခာကို အဓိက တန်ဖိုးထားသောအားဖြင့် ဒီထုတ်ပြန်ချက်ကို တစ်လတာ အချိန်ထပ်မံယူပြီးမှ သတင်းရင်းမြစ်ပေါင်း အနည်းဆုံး ၁၂ ခုလောက်ကို ထပ်မံ Confirm အတည်ပြုချက်တွေ ဆက်လုပ်ပြီးမှ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက သုံးသပ်သည်။

    PPNM အနေဖြင့် အိုးဘိုထောင် ဗုံးပေါက်ကွဲမှုကြောင့် နိုင်ငံရေးအကျဉ်းသားများထိခိုက်သေဆုံးရမှုအတွက် ၁ လခန့်အချိန်ယူကာ ခိုင်လုံသော သက်သေအချက်အလက်များ စုဆောင်းခြင်း ၊ သတင်းအရင်းအမြစ် အသီးသီးထံမှ အတည်ပြုချက်ရယူခြင်း ၊ သက်သေအချက်အလက်များအား ထိန်းသိမ်းခြင်း၊ စနစ်တကျစိစစ်ခြင်း တို့ကို ပြုလုပ်ပြီးမှသာ အစီရင်ခံစာ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

    “အကျဉ်းဦးစီးဌာနကရော စစ်တပ်ကရော အကျဉ်းထောင်တွေ သေဆုံးမှုတွေ အပြင်မပေါက်အောင် စနစ်တကျလုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ ဒါဟာ စစ်တပ်နဲ့ အကျဉ်းဦးစီးက သူတို့ရဲ့ အားနည်းချက်တွေကို ပြင်ဆင်လာတယ်လို့ သုံးသပ်ပါတယ်။ သူတို့ ဘယ်လိုပဲ ပြင်ဆင်နေပါစေ အမှန်တရားဟာ ဘယ်တော့မှ ပျောက်ကွယ်မသွားဘူး ရတဲ့ နည်းနဲ့ ရတဲ့ အချိန်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သတင်းထုတ်ပြန်ချက်ကို မှားတယ်လို့ ယူဆတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေ အနေနဲ့ရော စစ်တပ်အနေနဲ့ရော ကျွန်တော်တို့ ထုတ်ပြန်လိုက်တဲ့ အထဲမှာ နာမည် ၊ အဖနာမည် ၊ ပုဒ်မ၊ တရားရုံးတွေက အစ ထည့်ထားပါတယ်”ဟု ကိုသိုက်ထွန်းဦးက ပြောကြားသည်။

    ကျဆုံးသွားသူများ၏ အသက်၊ ဂုဏ်သိက္ခာနှင့် တရားမျှတမှု အရေးကြီးသည့်အတွက် PPNM အနေဖြင့် စုံစမ်းစစ်ဆေးမှု အသေးစိတ်ကို သတ္တိရှိရှိ ထပ်မံ၍ အစီရင်ခံစာထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ကိုသိုက်ထွန်းဦးက်ရှင်းပြသည်။