ထီးဖြူဆောင်း ပလ္လင်ပေါ်မှာထိုင်ပြီး တရားဟောတဲ့ ပိဋကတ်သုံးဘုံမယ်တော်ကြီး ဆိုတဲ့အမျိုးသမီးကို ဖမ်းဆီး
မွန်ပြည်နယ်၊မုဒုံမြို့နယ် ၊နှီးပဒေါရွာမှာ သာသနာ့အဆောက်အဦးတွေ တည်ဆောက်ပြီး ထီးဖြူဆောင်းကာ ပလ္လင်ပေါ်တက်ပြီး တရားဟောတဲ့ “ပိဋကတ် သုံးဘုံမယ်တော်ကြီး “ဆိုတဲ့အမျိုးသမီးကြီးကို စက်တင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းမှာ သက်ဆိုင်ရာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။
အဆိုပါ အမျိုးသမီးကို လက်ရှိမှာ မုဒုံမြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး သာသနာညှိုးနွမ်း ပုဒ်မ ၂၉၅ နဲ့ အမှုဖွင့်တရားစွဲဆိုဖို့ မြို့နယ် သာသနာရေးဌာနက ဆက်လက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။

ဖမ်းဆီးထိန်းသိမ်းခြင်းမပြုလုပ်ခင် ဒီနေ့ ၁၂ နာရီအချိန်မှာ မြို့နယ်သံဃနာယကအဖွဲ့ရုံးကို လာရောက်ဖို့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှတဆင့်စာပို့အကြောင်းကြားခဲ့ပေမယ့် ရောက်မလာခဲ့တဲ့အပြင် ဖုန်းဆက်သွယ်ရာမှာလည်း လက်ခံဖြေဆိုတာမရှိတဲ့အတွက် ထွက်ပြေးတိမ်းရှောင်မှာစိုးရိမ်တာကြောင့် ညနေပိုင်းမှာ ချက်ခြင်းဖမ်းဆီးထိန်းသိမ်းလိုက်ရတာဖြစ်တယ်လို့သိရပါတယ်။
” မဖြစ်သင့်တဲ့ကိစ္စမို့အချိန်မီတားဆီးလိုက်တာပါ။ သူတိမ်းရှောင်သွားမှာစိုးလို့ အရင်ထိန်းသိမ်းလိုက်တာ။ အစည်းအဝေးပွဲဖိတ်ထားတာဘာလို့မလာလဲဆိုတော့ လာစရာမလိုဘူး ။ဘုန်းကြီးတွေက သူ့လောက်အဆင့်မရှိဘူးလို့ပြောတယ်။ သူ့ဆီသွားတဲ့ ဒကာဒကာမတွေကိုလည်း သူကပြောတယ်တဲ့ သူကဘုရားမယ်တော်ဖြစ်တယ်။ နောက်ပွင့်မယ့်ဘုရားဖြစ်တယ်။ဘုန်းကြီးကျောင်းသွားစရာမလိုဘူးပြောတယ်။သူ့ဆီပဲနေပေါ့ ။သူ့ဆီကိုရွာကလူတွေမသွားဘူး။ နယ်ကလူတွေက စွဲစွဲလန်းလန်းဖြစ်ပြီးတကောက်ကောက်လိုက်နေကြတာ။” လို့ ပါဝင်ဆောင်ရွက်နေတဲ့ မုဒုံမြို့ လမင်းဆရာတော်က မိန့်ပါတယ်။

အဆိုပါ အမျိုးသမီးက သာသနာရေးဌာနရဲ့ခွင့်ပြုချက်မရှိဘဲ သာသနာမြေမဟုတ်တဲ့နေရာမှာ ဘုရားစေတီကျောင်းဆောက်လုပ်နေထိုင်ခြင်း ၊ ဧည့်စာရင်းမတိုင်ဘဲ ကျူးကျော်နေထိုင်ခြင်း ၊ ရဟန်းသံဃာအစစ်ဆိုတာမရှိကြောင်း ၊ ဘုန်းကြီးတွေကို ရှိမခိုးသင့်ကြောင်း စတဲ့ အဓမ္မဝါဒတွေကိုဟောပြောနေတာကြောင့် အရေးယူလိုက်တာဖြစ်တယ်လို့မိန့်ပါတယ်။
“သူနေတဲ့နေရာက ကျူးကျော်ဆောက်ထားတာတွေ၊ ခွင့်ပြုချက်မရှိဘဲ သာသနာအဆောက်အဦးတွေဆောက်ထားတာက ဖြိုဖျက်ပစ်ရမယ့်အရာတွေဖြစ်တယ်။ သူနဲ့အပေါင်းအပါတွေရှိသေးတယ်။ သူတို့ကဒီနေရာကနေထွက်ခွာပေးရမှာဖြစ်တယ်။သားနဲ့ ယောကျ်ားလည်းရှိတယ်။ ဒါကအရပ်ဖက်ဆိုင်ရာလုပ်ရမယ့်ကိစ္စတွေပေါ့။ ဘုန်းဘုန်းတို့ကမရှင်းလင်းခဲ့ဘူး။ နိုင်ငံတော်ကလည်းထုတ်ထားပြီးသား။သာသနာမြေမကျတဲ့နေရာတွေမှာဆောက်ခွင့်မရှိဘူး။ဆောက်ရင်မြို့နယ်သံဃနာယကကိုတင်ပြရတယ်။”လို့ ဘုန်းဘုန်းက တဆက်တည်း မိန့်ပါတယ်။
ထီးဖြူဆောင်းထားတဲ့ ပလ္လင်ပေါ်တက်ထိုင်ပြီး တရားဟောနေတဲ့ အဆိုပါအမျိုးသမီးကြီးရဲ့ရုပ်သံဖိုင်ကို သူရဲ့သားဖြစ်သူက လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြခဲ့ရာမှတဆင့် မုဒုံမြို့နယ်မှဆရာတော်တွေအပါအဝင် လူသိများပြီး ပြည်သူတွေအကြား ဝေဖန်မှုမြင့်တက်ခဲ့ပြီးနောက်မှာ ယခုလို ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။

ကနဦးအနေနဲ့ သာသနာရေးဌာနက ပုဒ်မ ၂၉၅ နဲ့ အမှုဖွင့် တရားစွဲဖို့လုပ်နေပြီး ထပ်တိုးတရားစွဲမယ့် ပုဒ်မတွေလည်း ရှိသေးတယ်လို့သိရပါတယ်။
အဆိုပါ အမျိုးသမီးကြီးဟာ အရင်ကလည်း ရေးမြို့နယ်နဲ့ ချောင်းဆုံမြို့နယ်ဘက်မှာ ယခုလိုပဲ အဓမ္မဝါဒတွေ ဟောပြောပြသခဲ့မှုကြောင့် နယ်နှင်ဒဏ်ပေးခံခဲ့ရသူဖြစ်တယ်လို့သိရပါတယ်။
စက်တင်ဘာ ၁၁ ရက်ကလည်း သရဏံသုံးပါး ဓမ္မတေးသီချင်းကို ကလပ်မှာ Dj တီးခတ်ဖျော်ဖြေကာ ကခုန်ခဲ့တဲ့ Dj Violet နဲ့ မန်နေဂျာ အပါအဝင် သီးချင်းဖွင့်ခဲ့တဲ့ မန္တလေးက Cover Club ပိုင်ရှင်နဲ့မန်နေဂျာတို့ကို ဖမ်းဆီးပြီး အမှုဖွင့်အရေးယူထားပါတယ်။


Leave a Reply