လေဖိအားနည်းရပ်ဝန်း အဖြစ်ကနေ ဆိုင်ကလုန်း မုန်တိုင်းတွေအထိ အသွင်ပြောင်းလဲနိုင်တဲ့ အလားအလာ အလွန်မြင့်မားနေတယ်လို့ဆို
မိုးလေဝသပညာရှင် ဦးဝင်းနိုင်ရဲ့ ဒီကနေ့ ညနေ ၃ နာရီ ခန့်မှန်းချက်တွေအရ “အီကွေတာအနီးမှ လေစီးကြောင်းများ ဆုံစည်းရာ လေဖိအားနည်းဇုန်” လို့ ခေါ်တဲ့ ITCZ ဟာ မြန်မာနိုင်ငံအတွက် မုတ်သုံလေစနစ်၊ မိုးရွာမှု၊ မုန်တိုင်းဖွဲ့စည်းမှုအပေါ် တိုက်ရိုက် သက်ရောက်နေတယ်လို့ ဆိုပါတယ်။
နွေရာသီအကုန်မှာ လေဖိအားနည်းဇုန် ဟာ မြောက်ဘက်သို့ တဖြည်းဖြည်း ရွေ့လျားလာပြီး ဘင်္ဂလားပင်လယ်အော်နှင့် မြန်မာနိုင်ငံပေါ်သို့ ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
လေဖိအားနည်းဇုန်အတွင်းမှာ လေထုမငြိမ်မသက်မှု အမြဲရှိနေပြီး ဇုန်အတွင်း လေဝဲတွေ ဖြစ်ပေါ်လာပါက လေဖိအားနည်းရပ်ဝန်း အဖြစ်ကနေ ဆိုင်ကလုန်း မုန်တိုင်းတွေအထိ အသွင်ပြောင်းလဲနိုင်တဲ့ အလားအလာ အလွန်မြင့်မားနေတယ်လို့ ဆိုပါတယ်။
လေဖိအားနည်းဇုန်ဟာ နောက်လာမယ့် ၅ ရက် မှ ၁၀ ရက်အတွင်း မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလာပြီး မြန်မာနိုင်ငံ၏ မိုးရာသီကို အစပျိုးစေမှာ ဖြစ်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ မေလ ၆ ရက် ဒီကနေ့ ညနေ ၄ နာရီ တိုင်းထွာချက်တွေအရ တိုင်းဒေသကြီး ၄ ခုမှာ နေ့အပူချိန် အနည်းငယ် တိုးလာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး မနက်ဖြန် မနက်အထိခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့မှာ နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့မှာ နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၄ ပေမှ ၆ ပေခန့် ရှိနိုင်တယ်လို့ဆိုပါတယ်။
နောက် ၂ ရက်အတွက် ခန့်မှန်းချက်ကတော့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့မှာ နေ့အပူချိန် အနည်းငယ် တိုးလာနိုင်တယ်လို့ ဆိုပါတယ်။
နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန် မနက်အထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန် မနက်အထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။


Leave a Reply