Category: News

  • ထိုင်းမှာ သစ်သီးခြံထဲ ပုန်းနေတဲ့ မြန်မာနိုင်ငံသား ၇၀ ဦး အဖမ်းခံရ

    ထိုင်းမှာ သစ်သီးခြံထဲ ပုန်းနေတဲ့ မြန်မာနိုင်ငံသား ၇၀ ဦး အဖမ်းခံရ

    ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်ထဲမှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တရားမဝင် ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇၀ ကို သစ်သီးခြံတစ်ခြံထဲမှာ ဖမ်းမိတယ်လို့ ထိုင်းသတင်းဌာနတွေက ရေးသားထားပါတယ်။

    အဲဒီမြို့နယ်ထဲမှာပဲ ရေနစ်သေဆုံးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃ ဦးရဲ့ အလောင်းတွေကို အာဏာပိုင်တွေက တွေ့ခဲ့ပြီးတဲ့နောက်တစ်ရက်မှာ အခုဖမ်းဆီးမှု ထပ်ထွက်ပေါ်လာတာပါ။

    အမျိုးသား ၄၈ ဦးနဲ့ အမျိုးသမီး ၂၂ ဦးကို ဒေသခံတွေ စိုက်ပျိုးထားတဲ့ ကျွဲကောသီးခြံတစ်ခုမှာ ပုန်းနေတာကနေ တွေ့ရှိတာဖြစ်ပြီး တရားဝင် အထောက်အထားတွေလည်း မရှိကြဘူးလို့ သတင်းက ဆိုပါတယ်။

    ဒါ့ကြောင့် သူတို့ကို ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုနဲ့ တရားစွဲထားတယ်လို့ ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေက ဆိုပါတယ်။

    ဆန်ကလာဘူရီမြို့နယ်ထဲမှာပဲ ပြီးခဲ့တဲ့စက်တင်ဘာ ၁၂ ရက်တုန်းကလည်း ရွှေ့ပြောင်းလုပ် သား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာတွေ့ခဲ့ကြပါတယ်။

  • ဗန်းမော်မှာ တင့်ကားတပ် (၅၀၁၄) နဲ့ ခလရ ၂၃၆ တပ်နှစ်ခု လက်လွတ်လိုက်ရတယ်လို့ KIO အတည်ပြု

    ဗန်းမော်မှာ တင့်ကားတပ် (၅၀၁၄) နဲ့ ခလရ ၂၃၆ တပ်နှစ်ခု လက်လွတ်လိုက်ရတယ်လို့ KIO အတည်ပြု

    ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ တင့်ကားတပ် အမှတ် (၅၀၁၄) နဲ့ ခလရ ၂၃၆ တပ်နေရာတွေကို ပြန်လည် လက်လွတ်လိုက်ရတယ်လို့ KIO အတည်ပြုပါတယ်။

    “ဗန်းမော်နဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ တင့်ကားတပ်နဲ့ ခလရ ၂၃၆ ကို စစ်တပ်က ပြန်ရသွားတဲ့ အခြေအနေက မှန်ပါတယ်။ တခြားနေရာတွေမှာက ကျနော်တို့ဘက်က ဆက်ရှိနေပြီးတော့ တိုက်ပွဲတွေက ဆက်ဖြစ်နေပါသေးတယ်”လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။

    ဗန်းမော်မှာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ဗန်းမော်ကို စစ်သင်္ဘောတွေ အစီး ၂၀ ကျော်ဝင်ရောက်သွားတဲ့နောက်ပိုင်း စစ်တပ်ရဲ့ ထိုးစစ်ကြောင့် ဩဂုတ်လထဲကနေ ဒီကနေ့ စက်တင်ဘာလ ၁၂ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

    ၂၀၂၅ နှစ်ဆန်းပိုင်းအတွင်းကနေ သိမ်းပိုက်ရရှိထားပြီဖြစ်တဲ့ နေရာတစ်ချို့ကို ပြန်လည်လက်လွတ်လာရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

    “အဓိကတော့ သူတို့ရဲ့ စစ်သင်္ဘောတွေ ရောက်လာကတည်းက သင်္ဘောမှာ လက်နက်ကြီးတွေ၊ ဒရုန်တွေအများအပြားတင်လာတယ်။ ပြီးရင် စစ်အင်အားတွေလည်း ပြန်တိုးလာတဲ့အတွက် လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်ရဖို့ ပြင်းပြင်းထန်ထန် ကြိုးစားနေလို့ နေရာတစ်ချို့ကို ပြန်လက်လွတ်လိုက်ရတဲ့အခြေအနေဖြစ်လာတယ်”လို့ပြောပါတယ်။

    လက်ရှိ လက်လွတ်လိုက်ရတဲ့ တင့်ကားတပ် အမှတ် (၅၀၁၄) နဲ့ ခလရ ၂၃၆ တပ်နှစ်နေရာဟာ KIA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စကခ (၂၁) နေရာကို အဓိကထိန်းချုပ်ထားတဲ့ တပ်ရင်းနှစ်ခုလည်းဖြစ်ပါတယ်။

    ဒါကြောင့် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်နေတဲ့ စကခ (၂၁) တပ်နေရာကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ခက်ခဲလာနိုင်တယ်လို့လည်း စစ်ရေးသတင်းအရင်းအမြစ်တွေက သုံးသပ်လာကြပါတယ်။

    KIA ဘက်ကနေ အမှတ် (၅၀၁၄)တင့်ကားတပ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီး ခလရ ၂၃၆ တပ်ရင်းကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

    ဗန်းမော်မှာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ တပ်ဌာနချုပ်များ၊ တပ်စခန်းများနဲ့ ရပ်ကွက်ကျေးရွာတစ်ချို့ကို စစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်းလည်း စစ်တပ်ထောက်ခံတဲ့ သတင်းမီဒီယာတွေမှာ ပုံနဲ့တကွရေးသားဖော်ပြနေတာကို မြင်တွေ့ရပါတယ်။

    ဗန်းမော်တိုက်ပွဲရဲ့ စစ်ရေးအခြေအနေဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်သင်္ဘောတွေ ဗန်းမော်ကို မရောက်ခင်အထိ စစ်ရှုံးခဲ့တဲ့အပြင် တပ်နေရာအများပိုင်းကိုလည်း KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

    စစ်တပ်ရဲ့ စစ်အင်အားအပါ စစ်လက်နက်၊ စစ်ရိက္ခာတွေ တင်ဆောင်လာတဲ့ စစ်သင်္ဘောတွေ ဩဂုတ်လဆန်းပိုင်း ဗန်းမော်ကို ရောက်ရှိသွားပြီးနောက် စစ်တပ်က တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။

    ဒါကြောင့် လက်ရှိမှာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတစ်ချို့ကို ပြန်လည် လက်လွတ်လိုက်ရတဲ့ အခြေအနေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

    By – နော်ထွယ့်(ဟူးကောင့်)

  • “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”  သီချင်းကို နိုက်ကလပ်တွင် ဖွင့်၍ ကခုန်မှုအတွက် DJ Violet လင်မယား၊ ဆိုင်ပိုင်ရှင်တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် စစ်တပ်က အမှုဖွင့်ဖမ်းဆီး

    “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို နိုက်ကလပ်တွင် ဖွင့်၍ ကခုန်မှုအတွက် DJ Violet လင်မယား၊ ဆိုင်ပိုင်ရှင်တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် စစ်တပ်က အမှုဖွင့်ဖမ်းဆီး

    “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို နိုက်ကလပ်တွင် ဖွင့်၍ ကခုန်မှုအတွက် DJ Violet လင်မယား၊ ဆိုင်ပိုင်ရှင်တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီးလိုက်ကြောင်း စစ်တပ်က သတင်းထုတ် ပြန်သည်။

    ဇူလိုင်လ ၃၁ရက်နေ့ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၆ လမ်းနှင့် ၃၆ x ၅၃ လမ်းထောင့်ရှိ Cover Club ဆိုင်တွင် DJ Violet (ခ) ခင်ထွေးထွေးမွန်နှင့် DJ မန်နေဂျာဖြစ်သူ ဖြိုးဟိန်းကိုကို (ခ)မင်းထိုက်နှင့် Dice (ခ)ဉာဏ်လင်းထက်တို့ ဦးဆောင်၍ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို DJ တီး၍ ကခုန်ခဲ့ကြောင်း သိရှိရသည်။

    စက်တင်ဘာ ၁၁ ရက်နေ့ ည ၁၁ နာရီ မိနစ် ၃၀ ခန့်အချိန် DJ တီးခတ်သူ DJ Violet (ခ) ခင်ထွေးထွေးမွန် နှင့် DJ မန်နေဂျာဖြစ်သူ ဖြိုးဟိန်းကိုကို(ခ)မင်းထိုက် တို့ကို ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်၊ နနွင်းကုန်းရပ်ကွက်နေအိမ်တွင်လည်းကောင်း၊ ဆိုင်ပိုင်ရှင် သက်လွင်အောင်(ခ)မျိုးအောင်၊ ဆိုင်မန်နေဂျာ ဇင်စုရနှစ်တို့ကို မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၆ လမ်းနှင့် ၃၆ x ၅၃ လမ်းထောင့်ရှိ Cover Club ဆိုင်တွင် လည်း ကောင်း စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

    ယင်းနောက် Cover Club ဆိုင်အတွင်းမှ DJ စက်နှင့် ဆက်စပ်ပစ္စည်းများအား သက်သေများနှင့်အတူသိမ်းဆည်းကာ Cover Club ဆိုင်အား ချိတ်ပိတ်လိုက်ကြောင်း၊ DJ Violet (ခ) ခင်ထွေးထွေးမွန်၊ DJ မန်နေဂျာဖြစ်သူ ဖြိုးဟိန်းကိုကို(ခ)မင်းထိုက်၊ Dice (ခ)ဉာဏ်လင်းထက်၊ ဆိုင်ပိုင်ရှင်သက်လွင်အောင် (ခ)မျိုးအောင်၊ ဆိုင်မန်နေဂျာဇင်စုရတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ဖမ်းဆီးထားသည်ဟု စစ်တပ်က သတင်းထုတ် ပြန်သည်။

  • ထိုင်း-မြန်မာနယ်စပ် သိန်းခွန်းကျေးရွာအနီးသို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်

    တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထိုင်း – မြန်မာနယ်စပ် သိန်းခွန်းကျေးရွာအနီး ဝင်ရောက်လာ သော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNU-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်း ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

    စက်တင်ဘာလ ၁၁ ရက်နေ့ KNU-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ် နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ် (တနင်္သာရီ) ထိုင်း-မြန်မာ မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်း‌ကျေးရွာအနီးဝန်းကျင်သို့ ဝင်ရောက်လာသော အာဏာသိမ်း အကြမ်း ဖက်စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်း ထိ ခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

    ထို့အပြင် အာဏာသိမ်းအကြမ်းဖက်စစ်သားများထံမှ MA1 အမျိုးအစားသေနတ် ၂ လက်၊ MA3 အမျိုးအစား သေတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး ၊ ကျည်ဆံ ၆၅၉ တောင့် ၊ ခွဲဗုံး ၂ လုံးနှင့် ကျည် ဘောက်၂၁ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို K.N.L.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ ၄ လက် အောက်ခံ၊ တပ်ရင်း ၁၁ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထို့အပြင် အာဏာသိမ်းအကြမ်းဖက်စစ်သားများထံမှ MA1 အမျိုးအစားသေနတ် ၂ လက်၊ MA3 အမျိုးအစား သေတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး ၊ ကျည်ဆံ ၆၅၉ တောင့် ၊ ခွဲဗုံး ၂ လုံးနှင့် ကျည် ဘောက်၂၁ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ- K.N.L.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ သိမ်းဆည်းရရှိသော အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏လက်နက်ခဲယမ်းများ။

  • သပိတ်ကျင်းမြို့နယ် ညောင်ပင်သာရွာကို စစ်ကောင်စီဗုံးကြဲ

    သပိတ်ကျင်းမြို့နယ် ညောင်ပင်သာရွာကို စစ်ကောင်စီဗုံးကြဲ

    ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

    မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ညောင်ပင်သာရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတချို့က ရွှေဖီမြေကို ပြောပါတယ်။

    ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လည် ၁၂ နာရီ ၄၀ မိနစ်မှာ ညောင်ပင်သာရွာထဲကို စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ​ဖြစ်ပါတယ်။

    “သေဆုံးတာက လူကြီး ၄ ယောက်၊ ကလေးတစ်ယောက်သေတယ်။ အဲထဲမှာ အမျိုးသမီး ၂ ယောက်၊ အမျိုးသား ၁ ယောက်၊ ကလေးတစ်ယောက်သေတယ်။ ကျန်တာတော့ သေသေချာချာ မသိရသေးဘူး။ ညောပင်သာရွာကတော့ ရှေ့တန်းစစ်မြေပြင်နဲ့ အရမ်းနီးတဲ့ရွာပေါ့” လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက်မှာ သပိတ်ကျင်းမြို့နယ်ထဲက ကျေးရွာတွေကို ဗုံးဆက်တိုက်ကြဲနေပြီး ဒီနေ့ နေ့လည် ၄ နာရီဝန်းကျင်မှာလည်း လမ်းလယ်ကျစ်ကျေးရွာအနီးတစ်ဝိုက်ကို Y-12 လေယာဥ်နဲ့ ဗုံးဆက်တိုက်ကြဲနေတယ်လို့ သူကဆက်ပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေအပြင် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတဲ့အပြင် မြေပြင်ထိုးစစ်ဆင်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် နေ့လည် ၃ နာရီ ၁၅ မိနစ်မှာလည်း စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့နယ် ကမ်းပါနီကျေးရွာထဲကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့ပါတယ်။

    ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်မှာလည်း သပိတ်ကျင်း မြို့နယ် ကျောက်ဖြူကျေးရွာထဲက စာသင်ကြားနေတဲ့ နေအိမ်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရပြီး ကလေးငယ်(၁)ဦး သေဆုံးခဲ့ပြီး ကလေးငယ် (၅)ဦးအပါအဝင် အရပ်သား (၇)ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

    စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ဇရပ်ကွင်းကျေးရွာအနီးရှိ ကျေးရွာတွေနဲ့ ၇ မိုင်ဘက်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲ ဆက်ဖြစ်နေပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

    စစ်ကောင်စီတပ်ဘက်ကတော့ သပိတ်ကျင်းမြို့နယ်ထဲမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

    လေကြောင်းတိုက်ခိုက်မှုသတင်း

    သပိတ်ကျင်း

    13.9.2025 ရက်နေ့တွင် သပိတ်ကျင်းနယ် လမ်းလယ်ကျစ် အနီးသို့ တံတားဦးတက် Y12 တစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု့ ( 10 ) ကြိမ်ပြုလုပ်သွားပြီး ဗုံးသီးအလုံးရေ ( 31 )လုံးကျဲချသွားကြောင်းသတင်းရရှိပါသည်။

    1As 3:51 = 3လုံး

    2As3:54 = 3လုံး

    3As3:58 = 3လုံး

    4As4:09= 5လုံး

    5As4:13 = 3လုံး

    6As4:21 = 5လုံး

    7As4:27 = 3လုံး

    8As4:32 = 3လုံး

    9As4:38 = 2လုံး

    10As4:44 = 1လုံး

    13.9.2025, 4:52 pm

    ✈️Takhon✈️