Category: News

  • ရခိုင်တွင် အမျိုးသမီး ၁၁ ဦးအား အဓမ္မပြုကျင့်ခဲ့သူကို ထောင်ဒဏ် နှစ် ၄၀ ချမှတ်

    ရခိုင်တွင် အမျိုးသမီး ၁၁ ဦးအား အဓမ္မပြုကျင့်ခဲ့သူကို ထောင်ဒဏ် နှစ် ၄၀ ချမှတ်

    ရခိုင်ပြည်နယ် မြို့နယ် ၃ ခုမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အပါအဝင် အမျိုးသမီး ၁၁ ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသားတယောက်ကို အာရက္ခတပ်တော် (AA) ရဲ့ တရားရုံးက ထောင်ဒဏ် နှစ် ၄၀ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်နေ ဇော်ဇော်နိုင် (ခ) လဖြူချေ (၂၅ နှစ်) ဟာ ကျောက်တော်၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့က အမျိုးသမီး ၁၁ ယောက်ကို အလိုမတူဘဲ အတင်းအဓမ္မ ပြုကျင့်ခဲ့ပြီး အဲဒီအထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။

    လက်ရှိမှာ ကျောက်တော်မြို့နယ်က အမျိုးသမီး ၂ ယောက်နဲ့ မြောက်ဦးမြို့နယ်က အမျိုးသမီး ၂ ယောက်ကို အတင်းအဓမ္မပြုကျင့်မှုနဲ့ စက်တင်ဘာ ၁ ရက်မှာ မြောက်ဦးခရိုင်တရားရုံးက အမှု ၄ ခုအတွက် ထောင်ဒဏ် နှစ် ၄၀ ချမှတ်ထားပြီး နောက်ထက် ပြစ်မှု ၇ ခုအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “သူ့ရဲ့ စစ်ဆေးရေးမှတ်တမ်းတွေအရ သူက မြို့နယ် ၃ ခုက အမျိုးသမီး ၁၁ ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ဝန်ခံထားတာရှိတယ်။ အဲဒီအထဲမှာ ကျောက်တော်က အမျိုးသမီးနှစ်ဦး အမှုနဲ့ မြောက်ဦးက အမျိုးသမီးနှစ်ဦး အမှုသာ စစ်ဆေးရသေးပြီး ကျူးလွန်တာ ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ် နှစ် ၄၀ ချမှတ်ထားတယ်။ နောက်ထပ်အမှုတွေကို စစ်ဆေးပြီး ထိုက်သင့်တဲ့ ပြစ်မှုပြစ်ဒဏ်တွေ ချမှတ်သွားဖို့ရှိတယ်။”

    မြောက်ဦးခရိုင်တရားရုံးက ကျောက်တော်မြို့နယ်၊ လိပ်မရွာက အမျိုးသမီးတယောက်အမှု၊ မြင်းကြပ်ကျေးရွာက အမျိုးသမီး‌တယောက်၊ မြောက်ဦးမြို့ လက်ကောက်ဈေးက အမျိုးသမီးငယ် တယောက်နဲ့ မြောက်ဦးမြို့နယ်၊ ဆင်အိုးကြီးကျေးရွာက အမျိုးသမီးတယောက် စုစုပေါင်း ၄ ယောက်ကို အဓမ္မပြုကျင့်မှုအတွက် စစ်ဆေးခဲ့ပြီး ပြစ်မှုထင်ရှားတာကြောင့် ‌တယောက်ကို ရာဇသတ်ကြီးပုဒ်မ- ၃၆၆ နဲ့ အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်နဲ့ ရာဇသတ်ကြီးပုဒ်မ-၃၇၆ အတွက် အလုပ်နဲ့ထောင်ဒဏ် ၇ နှစ် စုစုပေါင်း ၁၀ နှစ်စီနဲ့ ၄ ယောက်အတွက် ထောင်ဒဏ် နှစ် ၄၀ ကို သီးခြားစီကျခံဖို့ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

    အခု အမျိုးသမီး ၁၁ ယောက်ကို အဓမ္မမှုကျူးလွန်တဲ့ ဇော်ဇော်နိုင်ဟာ ကျောက်တော်၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့က နွမ်းပါးတဲ့ အမျိုးသမီးတွေကို အလုပ်ရှာပေးမယ်လို့ လိမ်လည်ခေါ်ယူခဲ့ပြီး အဓမ္မပြုကျင့်မှုတွေကို အကြိမ်ကြိမ် ကျူလွန်းခဲ့တာဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    သက်ငယ်အမျိုးသမီးတွေ အပါအဝင် အမျိုးသမီး ၁၁ ယောက်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်ဆိုတာ အလွန်တရာ တုန်လှုပ်ဖွယ်ဖြစ်ပြီး လူထုရှေ့မှာ သေဒဏ်ပြစ်ဒဏ် ချမှတ်သင့်တယ်လို့ ရခိုင်က တက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီးတယောက်က မှတ်ချက်ပြုပါတယ်။

    “အမျိုးသမီး ၁၁ ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တာဆိုတာ ကျမတို့ အမျိုးသမီးထုကို လုံးဝ တုန်လှုပ်စေတာတော့ အမှန်ပဲ။ ဒီလိုလူမျိုးကို ထောင်ဒဏ်ချမှတ်လိုက်တာထက် လူမြင်ကွင်းမှာ သေဒဏ်ချမှတ်သင့်တယ်။ အထူးသဖြင့် နောက်ထပ် အမျိုးသမီးတွေအပေါ် ဒီလိုဖြစ်စဉ်တွေ မကျူးလွန်ရဲကြအောင် ပုံစံပြသင့်နေပြီ။”

    ရခိုင်ပြည်နယ်မှာ ၂၀၂၅ ခုနှစ်အတွင်းမှာ သက်ငယ်မုဒိမ်းမှု ၂ ခု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူတချို့ကို ဖမ်းဆီးထားပေမဲ့ ပြစ်မှုပြစ်ဒဏ် ချမှတ်ထားခြင်းတော့ မရှိသေးပါဘူး။

    ရခိုင်ပြည်နယ်အတွင်း အဓမ္မကျူးလွန်သူတွေကို ထိရောက်တဲ့ပြစ်ဒဏ်တွေ ချမှတ်ပေးဖို့ကိုလည်း အာရက္ခတပ်တော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုထားကြပါတယ်။

  • ကျောက်မဲကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ပင်တိန်မှာပဲ သောင်တင်နေ

    ကျောက်မဲကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ပင်တိန်မှာပဲ သောင်တင်နေ

    တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်တွေက ရှေ့တိုးလာနိုင်ခြင်း မရှိသေးဘဲ နောင်ပိန်အုပ်စု ပင်တိန်ကျေးရွာမှာပဲ သောင်တင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    “အပြန်အလှန် ငါတို့ထိုးနေတာ။ လောလောဆယ် သူတို့ ငြိမ်နေတာ။ နောင်ပိန်ကို မကျော်နိုင်သေးဘူး။ ဒရုန်းတွေကတော့ နေ့တိုင်း သုံးလေးစင်း လွှတ်တာမျိုး။ အသေခံဒရုန်း လွှတ်တာမျိုးတွေတော့ ရှိတယ်။ ဗုဒ္ဓဟူးနေ့တုန်းက အဆိပ်ငွေ့ဗုံးပါ ပြန်သုံးနေတာ” လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက တရုတ် စီစဉ်ပေးတဲ့ ကူးမင်းဆွေးနွေးပွဲ မပြေလည်တာကြောင့် TNLA ဘက်က ကျောက်မဲမြို့ မကျရေး အင်အားဖြည့် ခုခံနေပြီး ဒီနေ့ စက်တင်ဘာ ၅ ရက်အထိ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေဟာလည်း နောင်ပိန်ကို မကျော်နိုင်သေးဘဲ သောင်တင်နေတယ်လို့ သိရပါတယ်။

    ဒါ့အပြင် စစ်တပ်က ပင်တိန်ကျေးရွာကို ရောက်ရှိလာဖို့ ဒရုန်း၊ လက်နက်ကြီး စတဲ့ လက်နက်မျိုးစုံကို အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် ပင်တိန်ကျေးရွာထဲက နေအိမ်တွေလည်း ပျက်စီးသွားခဲ့ပါတယ်။

    ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးက “ပျက်စီးတာ အတိအကျ မရေနိုင်ပါဘူး။ စကုဒ်ထောက်ကြည့်တာ တချို့ အမိုးတွေ ပေါက်ပြဲတာ။ တချို့ဆိုရင် မီးလောင်နေဆဲ” လို့ ပြောပါတယ်။

    စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်က စတင်ပြီး ရှမ်းတပ် SSPP စိုးမိုးထားတဲ့ နောင်ပိန်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ မြေပြင်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်တာတွေ လုပ်ဆောင်လာပါတယ်။

    ဓာတ်ပုံ – SAC (ဂုတ်ထိပ်တံတားပေါ် ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ)

  • အောင်ဇေယျစစ်ကြောင်း အာရှလမ်းသစ်နဲ့ လမ်းဟောင်းကစစ်ကြောင်းထိုးပေမယ့် အထိနာပြီး ရှေ့မရောက်

    အောင်ဇေယျစစ်ကြောင်း အာရှလမ်းသစ်နဲ့ လမ်းဟောင်းကစစ်ကြောင်းထိုးပေမယ့် အထိနာပြီး ရှေ့မရောက်

    နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီမြို့ကို ချီတက်ဖို့ စစ်တပ်က အာရှလမ်းမကြီး လမ်းဟောင်းနဲ့ လမ်းသစ်ကနေ စစ်ကြောင်းထိုးနေလို့ တိုက်ပွဲတွေပြင်းထန်နေရာ စစ်တပ်အထိနာနေပြီး ရှေ့တိုးမလာဘူးလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    စက်တင်ဘာ ၂ရက်က အာရှလမ်းမကြီးဘေးက ထီးမူထရွာအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက စစ်သားတွေကျွံဝင်လာလို့ ထိခိုက်သေဆုံးမှုများတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    စက်တင်ဘာ ၃ ရက်မှာလည်း ထီးမူထရွာနားမှာ တနေကုန်တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ၎င်းကဆက်ပြောပါတယ်။

    ဒါ့အပြင် ဒီကနေ့(စက်တင်ဘာ ၄ရက်)မှာလည်း အာရှလမ်းဟောင်းနားက တောင်သုံးလုံးရွာနားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး အောင်ဇေယျစစ်ကြောင်း သေဆုံးမှုများခဲ့တယ်လို့ ကော့ကရိတ်ဒေသက PDF စစ်ကြောင်းမှူးတဦးက ပြောပါတယ်။

    “တိုက်ပွဲကတော့ တောင်သုံးလုံးနားမှာ အတော်ကြမ်းတယ်။ အောင်ဇေယျကတော့ သေဆုံးတာ အတော်များတယ်။ ရှေ့တိုးလို့ မရဘူးသူတို့ (အောင်ဇေယျ)”လို့ PDF စစ်ကြောင်းမှူးတဦးက ပြောပါတယ်။

    စက်တင်ဘာ ၄ ရက် ညပိုင်းမှာလည်းမြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ(၂၇၅) တပ်ရင်းကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “၂၇၅ ကနေ သင်္ဃန်းညီနောင်ဘက်ကို ပစ်နေတာ”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အာရှလမ်းမဘေးက သင်္ဃန်းညီနောင်ဒေသဟာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

    လမ်းပိုင်း၂ခုကနေ စစ်ကြောင်းထိုးနေတဲ့ အောင်ဇေယျစစ်ကြောင်းက စစ်သားတွေ စစ်ကျွံဝင်လာတာတွေရှိနေလို့ စောင့်ဆိုင်းတိုက်ခိုက်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “အဲ့လိုလာအောင်စောင့်နေရတာ ဘယ်လောက်တောင်ကြာနေပြီလဲ။ ခုလာတော့ တီးယုံပေါ့”လို့ ၎င်းကပြောပါတယ်။

    အာရှလမ်းပိုင်းမှာ ပိတ်မိနေတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ PDFပူးပေါင်းတပ်တွေဟာ တားဆီးတိုက်ခိုက်နေတာဖြစ်ပါတယ်။

    သြဂုတ် ၃၁ရက်ကလည်း မြဝတီ- ကော့ကရိတ်အာရှလမ်းပိုင်းမှာ ထောက်ပို့ အတွက် အဓိကကျတဲ့ ကော့နွဲ့တံတား ပြင်ဆင်နေချိန်မှာ တော်လှန်ရေးတပ်တွေက အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ တဦးသေဆုံးပြီး ၈ဦးဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

    ဒါ့အပြင်ဩဂုတ် ၂၅ ရက်လောက်က တိုက်ပွဲမှာလည်း တော်လှန်ရေးတပ်တွေက အောင်ဇေယျရဲ့ ကုန်းတကုန်းကို သိမ်းရထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်သား အလောင်းငါးလောင်းနဲ့ လက်နက် ငါးလက်လည်း တော်လှန်ရေးတပ်တွေက ရခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    စစ်တပ်က စက်တင်ဘာ၄ ရက် မနက်မှာလည်း ကရင်ပြည်နယ်၊မြန်မာ−ထိုင်းနယ်စပ်မျဉ်းဘေးက ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ထိန်းချုပ်ရာ ကျောက်ခတ်ကျေးရွာက ဆေးရုံဟောင်းနေရာကို ကာမီကာဇီဒရုန်း ၂စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

    ၂၀၂၄ မတ်လနဲ့ ဧပြီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ PDF ပူးပေါင်းတပ်တွေက မြဝတီမြို့နားက သင်္ဃန်းညီနောင်ဗျူဟာနဲ့ တပ်ရင်းတွေ၊ လေးကေ့ကော်နဲ့ မြဝတီမြို့စောင့်တပ်ခမရ(၂၇၅)တပ်ရင်းတွေတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

    အဲဒီနေရာတွေကို ပြန်လည်ထိန်းချုပ်မယ်လို့ဆိုကာ အာဏာသိမ်း ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲတဲ့ နိုင်ငံတော်အဆင့် “အောင်ဇေယျစစ်ဆင်ရေး”လို့ အမည်ပေးပြီး တပ်မ(၅၅)ဦးဆောင်တဲ့ အင်အား ၁၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းဟာ ၂၀၂၄ ဧပြီ ၉ရက်ကစလို့ မော်လမြိုင်က ချီတက်လာခဲ့ပါတယ်။

    လေးရက်နဲ့ မြဝတီမြို့ကို အရောက်ချီတက်မယ်လို့ ကြွေးကြော်ခဲ့ပေမယ့် တနှစ်ခွဲနီးပါးကြာတဲ့အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်မှာ ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေပါတယ်။

    KNLA နဲ့ PDF ပူးပေါင်းတပ်တွေဟာ ၂၀၂၄ နှစ်ကုန်ပိုင်းလောက်စပြီး အောင်ဇေယျစစ်ကြောင်းရဲ့ အလယ်ကနေဖြတ်တောက်ပြီး ပိတ်ဆို့ထားလိုက်ပါတယ်။ အဲလိုဖြတ်တောက် ပိတ်ဆို့မှုကြောင့် ဒေါနတောင်ပေါ် တောနောရေတံခွန်နားက အောင်ဇေယျအဖွဲ့ဟာ ပိတ်ဆို့ဖြတ်တောက်ခံရတာကြောင့် အစာရေစာငတ်ပြတ်တဲ့အထိဖြစ်ကာ အလင်းဝင်လာသူတွေ အများအပြားရှိခဲ့ပါတယ်။

    အဲဒီလိုပိတ်မိ​နေတာမို့ စစ်ကူ​တွေအများအပြားထပ်ပို့ရင်းမိုင်(၂၀)လောက်ပဲ ကွာဝေးတော့တဲ့ နယ မြဝတီကို ရက်(၉၀)နဲ့ အရောက်ချီတက်မယ့်ခရီးဆိုပြီးဩဂုတ်လဆန်းက စတင်ခဲ့တာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒါ​ပေမယ့်တစ်လ​လောက်ကြာတဲ့အထိ​ ရှေ့မတိုးနိုင်ပဲဖြစ်​နေတာပါ။

    (​၂၀၂၄ ခုနှစ်မှာ အောင်​ဇေယျ စစ်​ကြောင်းကို တိုက်ခိုက်​နေတဲ့​တော်လှန်​ရေးတပ်ဖွဲ့ဝင်တဦး။ ဓါတ်ပုံ-Cobra Column)

  • ဝိုင်း‌မော်တိုက်ပွဲ စစ်တပ်စစ်ကြောင်း အထိနာ

    စစ်သုံ့ပန်းအချို့ကို KIA၊ KPDF ဖမ်းမိ

    စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးအပြင်းအထန်တိုက်ခိုက်နေသည့် ဝိုင်းမော်မြို့နယ်၊ လမြန်ရွာတိုက်ပွဲတွင် စစ်တပ်ထိခိုက်သေဆုံးမှုများပြားပြီး ဗိုလ်အပါအဝင်ရှစ်ဦးကို KIA၊ KPDF ကအရှင်ဖမ်းမိခဲ့ကြောင်းသတင်းရရှိသည်။

    KIA ထိန်းချုပ်ထားသည့် လမြန်ရွာကို စစ်ကောင်စီတပ်က ဩဂုတ်၂၇ရက်မှစတင် ထိုးစစ်ဆင်ခဲ့ပြီး တိုက်ပွဲပြင်းထန်‌နေသည်။

    စက်တင်ဘာလဆန်းပိုင်း၌ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး စစ်ကောင်စီ ထိခိုက်သေဆုံးမှုများပြားခဲ့ခြင်းဖြစ်​ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

    “သေဆုံးတဲ့ စစ်သားအ‌ရေအတွက်အတိအကျမသိဘူး။ အရှင်မိထားတာက ရှစ်ယောက် ဟုတ်တယ်။ တိုက်ပွဲနောက်ဆုံးအခြေအနေက မြေပြင်မှာထက် လက်နက်ကြီး အဓိကပစ်နေတယ်။ တင့်ကားတွေနဲ့ကော ပစ်နေတာ” ဟု ၎င်းကပြောသည်။

    စက်တင်ဘာ ၄ ရက်ည​နေ ၆ နာရီခန့်အထိ စစ်ကောင်စီက လက်နက်ကြီးများပစ်ခဲ့ပြီး ညပိုင်းတွင် တိုက်ပွဲငြိမ်သက်နေသည်ဟုသိရသည်။

    ဩဂုတ်လ‌နှောင်းပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်က လမြန်ရွာအပါအဝင် ဘေးပတ်ဝန်းကျင်စွာများကို လေကြောင်းမှ မကြာခဏ ဗုံးကြဲခဲ့သည်။

    ဝိုင်း‌မော်မြို့နယ်၊ နမ့်ဝါရွာကို ဩဂုတ်လ ၃၁ ရက်နေ့ ညနေက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့၍ စစ်ဘေးရှောင်မိသားစုဝင်ငါးဦးဒဏ်ရာရခဲ့ပြီး အသက် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။

    တိုက်ပွဲသည် ဝိုင်းမော်မြို့ပေါ်မှ ဆယ်မိုင်ခန့်အကွာတွင်ဖြစ်နေခြင်းဖြစ်သည်။ လမြန်ရွာပတ်ဝန်းကျင်ကို လေကြောင်းအပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှနေ၍ လက်နက်ကြီးများနေ့စဉ်ပစ်ခတ်နေသည်။

    စစ်ကောင်စီသည် ပြည်သူလူထုကို ပစ်မှတ်ထား၍ လက်နက်ကြီးများအသုံးပြုပြီး ရမ်းသမ်းပစ်ခတ်မှုများ ပိုမို လုပ်ဆောင်နေသည်ဟု Kachin Human Rights Watch – KHRW ကလည်း ထုတ်ပြန်ထားသည်။

    ဝိုင်းမော်ဒေသတိုက်ပွဲသတင်းကို KIAက အသေးစိတ်ထုတ်ပြန်ခြင်းမရှိသေးသော်လည်း စစ်ကောင်စီက လေကြောင်းနှင့်ဘလက်နက်ကြီး အင်အားသုံးပစ်
    ခတ်နေ၍ လုံခြုံရေးသတိပြုကြရန် ဒေသခံများအား သတိပေးထားသည်။

  • အမရပူရမှာ အဖေနဲ့ဦးလေးရန်ဖြစ်တာကို ဝင်တားတဲ့ရှစ်တန်းကျောင်းသားဓားထိုးခံရပြီးသေဆုံး

    အမရပူရမှာ အဖေနဲ့ဦးလေးရန်ဖြစ်တာကို ဝင်တားတဲ့ရှစ်တန်းကျောင်းသားဓားထိုးခံရပြီးသေဆုံး

    မန္တလေးမြို့ ၊အမရပူရမြို့နယ် ၊တမုတ်ဆိုးကျေးရွာမှာ ယမန်နေ့ (စက်တင်ဘာ လ ၄ ရက် ) က အဖေ နဲ့ ဦးလေး ဖြစ်သူတို့ ရန်ဖြစ်တာကို ဝင်တားတဲ့ ရှစ်တန်း ကျောင်းသား ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

    အဲဒီဖြစ်စဉ်ဟာ မုတ်ဆိုးကျေးရွာမှာ မနေ့ ညနေပိုင်း ၃ နာရီခွဲ အချိန်က ဖြစ်ပွားခဲ့တာပါ။

    ဖခင်နဲ့ဦးလေးဖြစ်သူတို့ စကားများရန်ဖြစ်ချိန် ဦးလေးက ဖခင်ကို ဓားနဲ့ထိုးတာကို ဝင်တားတဲ့ ၁၆နှစ်အရွယ် ရှစ်တန်းကျောင်းသား ဓားထိုးခံရတာလို့ တမုတ်ဆိုးရွာခံတစ်ဦးကပြောပါတယ်။

    ဓားထိုးခံရတဲ့ ကလေးကို တမုတ်ဆိုး တိုက်နယ် ဆေးရုံ ဆီပို့ဆောင်ချိန်မှာပဲ လမ်းမှာ သေဆုံးသွားတာလို့ သိရပါတယ်။

    ဓားနဲ့ထိုးခဲ့တဲ့ ဦးလေးဖြစ်သူကိုတော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။