Category: News

  • နတ်မောက်မြို့ ဟိန်း ဆီဆိုင်အနီးတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်သားနှင့် ပျူစောထီးများကို တိုက်ခိုက်

    နတ်မောက်မြို့ ဟိန်း ဆီဆိုင်အနီးတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်သားနှင့် ပျူစောထီးများကို တိုက်ခိုက်

    နတ်မောက်မြို့ ဟိန်း ဆီဆိုင်အနီးတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်သားနှင့် ပျူစောထီးများကို တိုက်ခိုက်မှု ၆ ဦးသေဆုံး

    မကွေးတိုင်း၊ နတ်မောက်မြို့၊ ဟိန်းဆီဆိုင်အနီးတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်သားနှင့် ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၆ ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၃ တပ်ရင်း- ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် နတ်မောက်မြို့၊ ဟိန်းဆီဆိုင်အနီးတွင် လူငယ်များကို စစ်မှုထမ်းစေခိုင်းရန် ကား ၂ စီးဖြင့် လှည့်ပတ်ပေါ်တာဆွဲနေသည့် အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၆ ဦးသေဆုံးကာ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာတွင် အသုံးပြုသည့် ကား ၂ စီးလည်း ပျက်စီးသွားကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    “ကားတွေရပ်ပြီး ပေါ်တာဆွဲနေတုန်း လက်ပစ်ဗုံးနဲ့ စတိုက်တာ၊ ပြီးမှ အပြန်အလှန် ပစ်ခတ်မှုဖြစ်တာ ပါ၊ ၁၅ မိနစ်လောက်ကြာတယ်၊ မြို့နဲ့ အရမ်းနီးတော့ စစ်ကူတွေကြောင့် လက်နက်က မရခဲ့တာ၊ ပျူ တွေ၊ စခ၊ ရခတွေရော အင်အားကများတယ်၊ ကား ၂ စီးနဲ့၊ ကား ၂ စီးလုံးပျက်စီးတယ်၊ သေတာက ၆ ယောက်၊ ဒဏ်ရာအပြင်းအထန်ရတာက ၂ ယောက်၊ ကျန်ဒဏ်ရာရတာတွေလည်းများတယ်၊ စစ်ကူ လာမှ စိုးလို့ ကျနော်တို့ ရဲဘော်တွေ မထိခိုက်စေရေး ဦးစားပေးပြီး ဆုတ်ခွာခဲ့ရတာ။ ပေါ်တာဆွဲတဲ့ အထဲမှာ နတ်မောက်ပျူခေါင်းဆောင် ခင်မောင်ဌေးကတော့ မပါဘူး။ သူ့သားပါလာတယ်၊ အခုတော့ အဲဒီပျူခေါင်းဆောင် ခင်မောင်ဌေးသားလည်း ငရဲရောက်သွားပြီ” ဟု သရက်ခရိုင် အမှတ် ၃ တပ်ရင်း- ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင်အမှတ် ၃ တပ်ရင်း -ငါးပြေမပြောက်ကျားတပ်ဖွဲ့၏ မြေပြန့်ကျား တပ်ခွဲ ၊ ရေနံချောင်း ပကဖ၊ နတ်မောက် ပကဖ၊ မင်းဘူးခရိုင် ပကဖ၊ Chauk Revolution Army – CRA နှင့် ဒေါဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

  • ကပစ ၂၂ ကို လာသည့် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို နေ့စဉ် မိုင်းခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးကျော်သေဆုံး

    ကပစ ၂၂ ကို လာသည့် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို နေ့စဉ် မိုင်းခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးကျော်သေဆုံး

    ပေါက်-ဆိပ်ဖြူ လမ်းပိုင်းမှ ကပစ ၂၂ ကို လာသည့် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို နေ့စဉ် မိုင်းခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးကျော်သေဆုံးပြီး ခြေပြတ်၊ လက်ပြတ်များကို လမ်းဘေးတွင် စွန့်ပစ်ခဲ့

    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ပေါက်-ဆိပ်ဖြူ လမ်းပိုင်းမှ ကပစ ၂၂ ကို လာသည့် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို နေ့စဉ် မိုင်းခွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၅ ဦးကျော်သေဆုံးပြီး ခြေပြတ်၊ လက်ပြတ်များကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ဩဂုတ်လ ၂၉ ရက်နေ့က စတင်ပြီး ပေါက်မြို့နယ် ကပစ ၂၄ မှ ထွက်လာသော ကားအစီးရေ ၁၀၀ ကျော်ပါဝင်သော စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ပေါက်-ဆိပ်ဖြူ လမ်းပိုင်းတွင် နေ့စဉ် နင်းမိုင်းများ၊ တိုက်မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်ထက်မနည်းရှိကြောင်း၊ ထိုမိုင်းခွဲ တိုက်ခိုက်မှုများအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော စစ်သားများ၏ ခြေပြတ်၊ လက်ပြတ်များကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း သိရှိရသည်။

    “စစ်ခွေး ရိက္ခာပို့ စစ်ကြောင်းက ပေါက်မြို့နယ် ကပစ ၂၄ ကနေ ထွက်လာတာပါ။ ပေါက်-ဆိပ်ဖြူ လမ်းပိုင်းကနေ ဆိပ်ဖြူ ကပစ ၂၂ ကို လာတာ အဲလိုလာတာကို လမ်းတလျောက်မှာ ကျနော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေက မိုင်းတွေ၊ နင်းမိုင်းတွေ လမ်းတလျောက်မှာ ထောင်ထားတာ အဲခွေးတွေက နင်းမိုင်းတွေ မိပြီး ဆက်တိုက်ကို ထိနာခဲ့တာ ကျနော်တို့ သတင်းရတာတော့ စစ်ခွေး ၁၅ ကောင်သေတယ်။ ထိခိုက်ဒဏ်ရာရတာ ၂၀ ကျော်တယ်။ စစ်ခွေးတွေက မိုင်းဆက်တိုက်ထိတော့ လမ်းဘေးကိုတောင် မဆင်းရဲတော့ဘူး။ အလေး အပေါ့ သွားတာတောင် ကတ္တရာ လမ်းပေါ်မှာပဲ သွားရတဲ့ အခြေအနေထိကို ဖြစ်သွားတာ” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ကပစ ၂၂ ကို ရောက်ရှိသွားပြီး ပခုက္ကူဘက်သို့ ဆက်လက် ထွက်ခွာနိုင်ကြောင်း သိရသည်။

  • ဟုမ္မလင်းမြို့နယ်ရှိ NUG အချုပ်ခန်းမှ သုံ့ပန်း ၁၁ဦး ထွက်ပြေး၊ ၅ ဦးပြန်ဖမ်းမိ

    ဟုမ္မလင်းမြို့နယ်ရှိ NUG အချုပ်ခန်းမှ သုံ့ပန်း ၁၁ဦး ထွက်ပြေး၊ ၅ ဦးပြန်ဖမ်းမိ

    စခန်းအချုပ်ခန်းအတွင်း ချုပ်နှောင်ထားသော သုံ့ပန်း ၁၁ ဦးသည် ထွက်ပြေးလွတ်မြောက်သွားရာ သုံးရက် အကြာတွင် ငါးဦး ပြန်ဖမ်းမိခဲ့သည်။

    စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အချုပ်ခန်းမှ သုံ့ပန်း ၁၁ ဦး ဩဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ငါးဦးကို ပြန်ဖမ်းမိခဲ့ကြောင်း သိရှိရသည်။

    သုံ့ပန်း ၁၁ ဦး ထွက်ပြေးလွတ်မြောက်သွားချိန်တွင် အချုပ်ခန်းလုံခြုံရေးကင်းစောင့်နေသော ကိုမိုးသီး ဆိုသူ ပြည်သူ့လုံခြုံရေး(ပလဖ)တပ်ဖွဲ့ဝင်တစ်ဦးလည်း ပျောက်ဆုံးသွားသည်ဟု ထိုဖြစ်စဉ်ကို သိရှိသည့် တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။

    ထွက်ပြေးလွတ်မြောက်သွားသူများမှာ ဟုမ္မလင်းမြို့နယ်၊ ကျွန်းကုန်းရွာတိုက်ပွဲနှင့် ရွှေပြည်အေးမြို့ တိုက်ပွဲအတွင်း ဖမ်းမိထားသော ပြည်သူ့စစ်(ပျူစောထီး)တပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။

    အသက် ၂၅ မှ ၅၈ နှစ်အတွင်း အမျိုးသားများဖြစ်ပြီး ၎င်းတို့မှာ သိန်းလွင်၊ ဋ္ဌေးလှိုင်ညွန့်၊ စောအောင်ဌေး၊ အောင်ပြန့်၊ ကျော်စိုး၊ ရဲဇော်၊ အောင်ကျော်သူ၊ ဇော်လွင်ဦး၊ နိုင်ရွှေဦး၊ စိုင်းဝင်းမြင့်နှင့် ကျော်ဝင်းထက်တို့ ဖြစ်သည်။ အသက် ၅၅ နှစ်အရွယ် ဦးဋ္ဌေးလှိုင်ညွန့်မှာ ကျွန်းကုန်းရွာ ပျူစောထီးခေါင်းဆောင်တစ်ဦး ဖြစ်သည်။

    ပလဖတပ်ဖွဲ့ဝင် ကိုမိုးသီး ကိုင်ဆောင်သော သေနတ်နှင့်စကားပြောစက်အား စခန်းတောင်ဘက် တောထဲ၌ ပြန်တွေ့သည်ဟု ထိုအခြေအနေကို သိရှိသည့် အထက်ပါနီးစပ်သူက ပြောသည်။

    ကိုမိုးသီး ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ၎င်းကိုယ်တိုင် အချုပ်ခန်းဖွင့်ပေးလိုက်ခြင်း (သို့မဟုတ်) သုံ့ပန်း များ၏လှည့်ဖျားမှုကို ခံရခြင်း ဟုတ်မဟုတ် သဲသဲကွဲကွဲ မသိရသေးပေ။

    ၎င်းသည် ကျွန်းကုန်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းမိခဲ့သော အစိုးရဝန်ထမ်း ဖြစ်ပြီး ပလဖအဖွဲ့ဝင်အဖြစ် ခန့်အပ်ထားခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

    သုံ့ပန်းများ ထွက်မပြေးခင် နာရီပိုင်းအလို ဩဂုတ်လ ၂၇ ရက်၊ နံနက် ၄ နာရီခွဲခန့်က အချုပ်ခန်းအနီးရှိ ဟုမ္မလင်းမြို့နယ်၊ ပလဖတပ်ဖွဲ့၏ နယ်မြေစခန်း(၃)နယ်မြေ နတ်နန်းရွာ ဈေးတန်းတွင် NUG ကွပ်ကဲမှု အောက်ရှိ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပစ်ခတ်မှုတစ်ခု ဖြစ်ခဲ့သေးသည်။

    ဟုမ္မလင်းမြို့နယ်အဆင့် အချုပ်ခန်းကို နတ်နန်းကျေးရွာရှိ ပလဖစခန်းအတွင်း ဆောက်ထားခြင်း ဖြစ်သည်။

    ထို့နောက် တစ်နာရီခန့်အကြာ နံနက် ၅ နာရီခွဲခန့်တွင် ပစ်ခတ်မှုများ ငြိမ်သွားပြီးနောက် စခန်းတာဝန်ခံ နှင့်အတူ ပလဖတပ်ဖွဲ့ဝင် ၁၀ဦးသည် စခန်းတောင်ခြေနှင့် ပစ်ခတ်မှုဖြစ်ခဲ့သည့် ဈေးတန်းဘက်သို့ လုံခြုံရေးစစ်ဆေးရန် ထွက်ခွာသွားခဲ့သည်။

    ပလဖတပ်ဖွဲ့ဝင် ကိုမိုးသီးအား သေနတ်တစ်လက်နှင့် စကားပြောစက်တစ်လုံးပေးကာ စခန်းရှိ အချုပ်ခန်း အတွင်းမှ သုံ့ပန်းများကို စောင့်ကြည့်ရန် ချန်ထားခဲ့သည်။

    ထို့နောက် နံနက် ၁၀ နာရီခန့်တွင် စခန်းတာဝန်ခံနှင့်ပလဖအဖွဲ့ဝင်များ စခန်းသို့ ပြန်ရောက်လာချိန် ကိုမိုးသီး အပါအဝင် အချုပ်ခန်းအတွင်းမှ သုံ့ပန်း ၁၁ ဦးမှာ မရှိတော့ကြောင်း သိရှိရခြင်းဖြစ်သည်။

    “အဓိကတော့ ပစ်ခတ်မှုဖြစ်တော့ စစ်တပ်က စစ်ကြောင်းထိုးတယ်ထင်ပြီးတော့ ဒီကောင်( သုံ့ပန်း) တွေက သူတို့ အသာဆိုပြီးတော့ အခွင့်ကောင်းယူပြီး ပြေးသွားကြတာ” ဟု အဆိုပါ နီးစပ်သူက ဆိုသည်။

    ထွက်ပြေးသွားသူ သုံ့ပန်း ၁၁ ဦးအနက် ငါးဦးကို ဟုမ္မလင်းမြို့နယ်နှင့် ထိစပ်နေသည့် ဖောင်းပြင်မြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့က ၎င်းတို့နယ်မြေအတွင်း ဩဂုတ်လ ၃၀ ရက်တွင် ပြန်လည်ဖမ်းမိခဲ့သည် ဟုလည်း အထက်ပါ သတင်းရင်းမြစ်ထံက သိရသည်။

    ပြန်လည်ဖမ်းမိသူများမှာ ဋ္ဌေးလှိုင်ညွန့်၊ ဇော်လွင်ဦး၊ ကျော်ဝင်းထက်၊ စောအောင်ဌေးနှင့် ကျော်ဝင်းမြင့်တို့ ဖြစ်ပြီး ၎င်းတို့ကို ဟုမ္မလင်းမြို့နယ်၊ ပြည်သူ့လုံခြုံရေး(ပလဖ)တပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းပြီးဖြစ်သည် ဟု သိရသည်။

    HPDF 124 မှ တပ်ဖွဲ့ဝင်များ။

    အချုပ်ဖောက်မှုမတိုင်မီ ပစ်ခတ်မှု

    အချုပ်ခန်းတွင်းမှ သုံ့ပန်းများ ထွက်မပြေးခင် နာရီပိုင်းအလိုတွင် ဟုမ္မလင်းမြို့နယ်တွင် အခြေစိုက်သော HPDF 124 တပ်ဖွဲ့၏ ခေါင်းဆောင်နှင့် တပ်ဖွဲ့ဝင်အချို့ကို NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသမှ တပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့သည်။

    ထိုဖြစ်စဉ်တွင် HPDF 124 တပ်ဖွဲ့ခေါင်းဆောင်ဖြစ်သူ အသက် ၃၀ခန့်အရွယ် ကိုစိုင်းအောင် အပါအဝင် အဖွဲ့ဝင် ၂၀ ဦးခန့် ဖမ်းဆီးခံထားရသည်ဟု သိရသည်။

    ရှမ်းနီလူငယ်များ စုစည်းကာ PDF တပ်ဖွဲ့အသစ် တည်ထောင်မည်ဟု သတင်းရသဖြင့် အမှတ်(၁) စစ်ဒေသ က HPDF 124 တပ်ဖွဲ့ဝင်များကို လာရောက်ဖမ်းဆီးခြင်း ဖြစ်သည် ဟု ထိုအခြေအနေကို သိရှိသူ ဟုမ္မလင်းဒေသခံ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “HPDF 124 စဖွဲ့ကတည်းကပါတာ တပ်ရင်းတွေနဲ့ အဆင်မပြေဘူးထင်တယ်။ ရှမ်းနီကလေးတချို့နဲ့ ခွဲထွက်ဖို့လုပ်တဲ့အချိန်မှာခရိုင်တပ်ရင်းတွေက ပြန်ဝိုင်းတဲ့သဘောပေါ့။ ၂၀ လောက် ဖမ်းထားတယ် ပြောတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သည့် ဟုမ္မလင်းဒေသခံက ဆိုသည်။

    “လူအင်အား ၂၀၀ လောက်နဲ့ဝိုင်းတော့ ပစ်ကြခတ်ကြတယ်ထင်တယ်။ SNA (ရှမ်းနီတပ်မတော်) နဲ့ ပေါင်းဖို့တော့ မဟုတ်လောက်ဘူး။ သူတို့ကနဂိုတည်းက SNA နဲ့မတည့်ဘူးရယ်။ နာဂ PDF ရှိတယ်။ ချင်းတွေမှာလည်း CDF တွေရှိတယ်။ ရှမ်းနီကို သူတို့က လူမျိုးစုပုံစံနဲ့ဖွဲ့ချင်တာ။ အဲ့ဒါကိုမကြိုက်ကြတာ” ဟု အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

    PDF တပ်ဖွဲ့ဝင်အချင်းချင်းဖြစ်ပွားသည့် အထက်ပါပဋိပက္ခနှင့်ပတ်သက်၍ NUG ဝန်ကြီးချုပ်ရုံး‌ ပြောခွင့်ရ ဦးနေဘုန်းလတ်ထံ ဆက်သွယ်မေးမြန်းရာ “ကျွန်တော့ဆီ သတင်းမဝင်သေးပါဘူးဗျ၊ မေးထားတုန်းပါ” ဟု ပြန်လည်ဖြေကြားသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေပြည်အေး၊ ခမ်းပတ်၊ မြို့သစ်၊ မော်လူး၊ ပင်လည်ဘူး၊ အင်းတော်မြို့ ၆မြို့နှင့် မန္တလေးတိုင်းအတွင်းရှိ စဉ့်ကူးနှင့် တကောင်းမြို့တို့ကို သိမ်းပိုက်၊ ထိန်းချုပ်ထားသည်။

    စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အများအပြားတွင်လည်း မြို့ပေါ်မှလွဲ၍ ကျေးလက်ဒေသအများစုကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားကာ အုပ်ချုပ်ရေးယန္တယား ထူထောင်လည်ပတ်နေသည်။

  • ကျားဖြန့်‌ တွေဆေးခန်းပါဖွင့်နေကြပြီ

    ကျားဖြန့်‌ တွေဆေးခန်းပါဖွင့်နေကြပြီ

    သတိ ကျားဖြန့်‌ တွေဆေးခန်းပါဖွင့်နေကြပြီ

    ဟုတ်ပါတယ် စာမှားမဖတ်မိပါဘူး ကျားဖြန့်ဆေးခန်းပါ။

    အတော်များများသိပြီးပြီလားမသိပေမယ့် မသိကြသေးတဲ့သူတွေသတိထားရအောင် မမနုက တီးခေါက်ပေးလိုက်ပါတယ်။

    ဆေးခန်းက ခုအွန်လိုင်းပေါ်မှာဂယက်ထနေတဲ့ ဆေးခန်းတစ်ခုတည်းမဟုတ်ပါဘူး။မမနု သိရှိရသလောက် ဆေးခန်းတွေကိုဝေမျှပေးသွားပါမယ်နော်။

    (၁)မြင့်မြတ်အမျိုးသမီးရောဂါအထူးကု (အမှတ် – ၁၆၆ (အေ)ကြည့်မြင်တိုင်ကမ်းနားလမ်း (အလုံလမ်းထောင့်)

    (၂) Myint Myat Clinic Yangon – အမှတ် – ၁၆၆ (အေ)ကြည့်မြင်တိုင်ကမ်းနားလမ်း (အလုံလမ်းထောင့်)

    (၃) Yangon Sunny Clinic – အမှတ် (၁၃၇၀)သံသုမာလမ်းမကြီး နဲ့ ဒေဝဒဟ ( ၃၈ )လမ်း ၊ တောင်ဥက္ကလာပ မြို့နယ်။

    (၄)အမျိုးသားအမျိုးသမီး ကျန်းမာရေးဆိုင်ရာဆေးခန်း – အမှတ် (၁၃၇၀)သံသုမာလမ်းမကြီး နဲ့ ဒေဝဒဟ ( ၃၈ )လမ်း ၊ တောင်ဥက္ကလာပ မြို့နယ်။

    (၅)Myat Yadanar Lin Clinic – အမှတ် (၂၁၃) ပါရမီလမ်း (၅)ရပ်ကွက် ၊ တောင်ဥက္ကလာပ မြို့နယ်။

    (၆)Min Special Clinic – အမှတ် (၆)(၅) ရပ်ကွက် ၊ပြည်လမ်း ၊ မရမ်းကုန်းမြို့နယ်။

    (၇)Thein Special Clinic – ဓမ္မစေတီလမ်း နှင့် ဦးဝိစာရလမ်း‌ထောင့်၊စမ်းချောင်းမြို့နယ်။

    ဒီနေရာမှာကြည့်လိုက်ရင် ထူးခြားတာနှစ်ခုတွေ့ရပါလိမ့်မယ်။

    အဲ့တာဘာလဲဆို နံပါတ်(၁) ‌-ဆေးခန်းနာမည်နှစ်ခု ကိုမှ လိပ်စာကတစ်ခုတည်းတူနေတာတွေပါ။

    အပေါ်ကဆိုရင်( မြင့်မြတ်အမျိုးသမီးရောဂါအထူးကု / Myint Myat Clinic Yangon ) နဲ့ (Yangon Sunny Clinic /
    အမျိုးသားအမျိုးသမီး ကျန်းမာရေးဆိုင်ရာဆေးခန်း )

    နံပါတ် (၂) – အပေါ်မှာပြောထားတဲ့ကျားဖြန့်ဆေးခန်းအတော်များများဟာ ကျားမလိင်အင်္ဂါနဲ့ပတ်သတ်တဲ့ရောဂါတွေကိုအဓိကထားကုကြတာပါ။

    လိပ်ခေါင်းရောဂါတို့ ၊ ကာလသားရောဂါတို့ ၊ လိင်အင်္ဂါကြွက်နို့တို့ ၊ ဂနို ရောဂါတို့စသဖြင့်တွေပေါ့။

    သူတို့ကသူတို့ဖွင့်ထားတဲ့ဆေးခန်းတစ်ခုကဒီနာမည်နဲ့ နာမည်‌ဆိုးထွက်ပြီးကျားဖြန့်မှန်းသိသွားရင် ၊ သူတို့လုပ်စားလို့မရတော့ရင် အခြားနာမည်တွေပြောင်းပစ်တာပါ။

    အဲ့တာကြောင့်လည်း အပေါ်မှာ ဆေးခန်းနာမည်နှစ်ခုနဲ့လိပ်စာကတော့တစ်ခုတည်းတွေဖြစ်နေတာပါ။

    ဆေးကုတာထက် လူနာတွေကို မတရားငွေညှစ်နေတဲ့ တရုတ်ကျားဖြန့်ဆေးခန်း‌ တွေဆိုပိုမှန်ပါလိမ့်မယ်။

    Privacy မရှိ လူနာရဲ့အခန်းထဲကိုလူတကာဝင်ထွက်သွားလာတယ်၊ သွေးတွေအတင်းစစ်ခိုင်းပြီး ငွေကို (၃)သိန်းလောက်တောင်း မရှိတဲ့ရောဂါတွေကိုအရှိလုပ်ပြီး အတင်းကုသခိုင်းပြီး ငွေညှစ်၊ တောင်းတဲ့ပိုက်ဆံကလည်း တခါတောင်းရင် သိန်းဂဏန်းအောက်က ဘယ်တော့မှမဆင်းပါဘူး။

    ဒါ့ထက်ဆိုးတာက လာပြတဲ့ အမျိုးသား အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအထိ ထိပါးနှောင့်ယှက်တာပါ။‌

    ဆေးကုသခဲ့တဲ့လူနာအမျိုးသမီးတွေကိုဆိုလည်း အမျိုးသမီးလိင်အင်္ဂါကိုပါ ဓာတ်ပုံရိုက်ယူထားတာ‌တွေအထိပါ။

    ဒါကလိုင်းပေါ်ရောက်လာတဲ့အကြောင်းအရာတွေ၊ လိုင်းပေါ်ရောက်မလာပဲ အဲ့ဆေးခန်းမှာပဲအခုလို ခံနေရတဲ့လူနာတွေ ဒုနဲ့ဒေးရှိနေကြတယ်။

    အဲ့တော့လေ ကျားဖြန့်ဆိုတာဂျိုနဲ့လားဟေ့ လို့တောင်မေးယူရမယ့်အဆင့်ထိဖြစ်နေကြပြီ အရပ်ကတို့ရေ။

    အရာရာမှာ သွားသတိ၊ လာသတိ၊ စားသတိ၊ အိပ်သတိ၊ အခုဆို ဆေးခန်းပြ‌တာတောင် သတိကပ်ပြီးပြနေရပြီ။

    ခေတ်ကာလကြီးများ တစ်ရက်ထက် တစ်ရက်ကြောက်ဖို့ကောင်းလာလိုက်တာလေ။ လိမ်နည်းမျိုးစုံတွေနဲ့။

    အဲ့လိုကလိမ်ကကျစ် ကျားဖြန့်တရုတ်တွေကြ ဘဘကြီးတို့ကမဖမ်းဘူးတော့ အတော်လည်းတရားကျစရာကောင်းပါ့။

    ဘယ်လောက်တောင်ပေးထားကျွေးထားသလဲမသိ ဒါမျိုးတွေကျ စောက်ပေါက်တွေကပိတ်နေရော။

    အဲ့တာကြောင့်ဘယ်သူမှလာအရေးယူမှာမဟုတ်တဲ့အတွက် ကိုယ့်အချင်းချင်းကြား အပြန်အလှန်သတိပေးကြရင်း sharing လုပ်ကြဖို့တိုက်တွန်းလိုက်ရပါတယ်ရှင်။

    ✍နန်းမတော် မနု

  • မြဝတီမြို့နယ်တွင် ထိုင်းပြန်စစ်တပ်က   စစ်ကြောင်းထိုးလာ

    မြဝတီမြို့နယ်တွင် ထိုင်းပြန်စစ်တပ်က စစ်ကြောင်းထိုးလာ

    မြဝတီမြို့နယ်တွင် ထိုင်းပြန်စစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်လေယာဉ်များက ဗုံးများကျဲချ စစ်ကူပေးနေ

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ နို့ဖိုးရွာနှင့် ထီးမူထရွာဘက်သို့ ထိုင်းမှ ထွက် ပြေးပြီး ပြန်ဝင်ရောက်လာသော စစ်သားများ စုပေါင်းထားသော စစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်လေယာဉ်များကလည်း ဗုံးများကျဲချခြင်းဖြင့် စစ်ကူပေးနေကြောင်း ကရင် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် BGF မှ ဗိုလ်မုတ်သုန် လက်အောက်ခံအဖွဲ့က သယ်ပို့ပေးမှုဖြင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးပြီး မြဝတီသို့ ပြန်လည်ရောက်ရှိလာသော ခလရ ၂၇၅ တပ်ရင်းမှ အကြမ်းဖက် စစ်သား ၁၀၀ ခန့်မှာ နို့ဖိုးရွာ နှင့် ထီးမူးထရွာ ဘက်သို့ စစ်ကြောင်းထိုးလာကြောင်း၊ ထိ စစ်ကြောင်းကို KNLA မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်နေ၍ စစ်ကြောင်း တစ်ခုလုံး ပိတ်မိကာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ်သည် ပိတ်မိနေသော စစ်ကြောင်းကို ဖောက်ထွက်နိုင်ရန် ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်း အထိ လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်နေကာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် နို့ဖိုးရွာနှင့် ထီးမူးထရွာသား ၁ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    “တိုက်ပွဲက ဖြစ်နေတုန်းပဲ KNLA မဟာမိတ်တွေ ပိတ်ဆို့ တိုက်ခိုက်နေလို့ စစ်ခွေး စစ်ကြောင်းက ပိတ်မိနေတယ်။ ဒီနေ့ ၃ ရက်နေ့ နံနက်ကြီးပိုင်း အထိ လက်နက်ကြီးပစ်ကူပေးပြီး ပိတ်မိနေတဲ့ စစ်ကြောင်း ကို ဖောက်ထွက်ဖို့ လုပ်နေပေမယ့် KNLA မဟာမိတ်တပ်ဖွဲ့ တွေ ချေမှုန်းနေတုန်းပဲ သင်္ဃန်းညီနောင်ကို စစ်ခွေး စစ်ကြောင်းရောက်တယ်ဆိုတာ သတင်း အမှားပါ။ ဘယ်နေရာမှ မဆုတ် ပေး ရသေးပါဘူး။ ကိုယ့်ဘက်က အပိုင် ပစ်ကွင်းတွေ ကနေ ပစ်နေရလို့ စစ်မှုထမ်း တပ်သားသစ်တွေ သေတာအများကြီးပဲ တော်လှန်ရေး တပ်ဖွဲ့ဘက်ကတော့ ၄၊ ၅ ယောက် ဒဏ်ရာရတာ ရှိပါတယ်။ သေတာ မရှိသေးပါဘူး” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် အကြမ်းဖက်စစ်တပ်၏ စစ်လေယာဉ်များက မြ၀တီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသော နေရာများသို့ ဗုံးများကျဲချခဲ့ကြောင်း သိရှိရသည်။

    အလားတူ ကော့ကရိတ် နှင့် မြဝတီ အကြား အာရှလမ်းမကြီးပေါ်ရှိ တောနော် ရေတံခွန်ဘက်တွင်လည်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ တပ်လှန်ကာ အကြိမ်ကြိမ် ပြန်လည် ဆုတ်ခွာနေရကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် မြေပြင်တွင် အသားစီး ရနေသည့် ပုံစံဖြင့် စိတ်ဓာတ် စစ်ဆင်ရေးများ လုပ်ဆောင်နေပြီး တိုက်ပွဲအတွင်း ဒရုန်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။

    ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်စစ်ကြောင်းများကို ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သော ကော်ဘရာစစ်ကြောင်းမှ တော်လှန်ရေး တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)