Category: News

  • သံတောင်ကြီး၊ ဘုရင့်နောင်စစ်သင်တန်းကျောင်းကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်

    သံတောင်ကြီး၊ ဘုရင့်နောင်စစ်သင်တန်းကျောင်းကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်

    သံတောင်ကြီး၊ ဘုရင့်နောင်စစ်သင်တန်းကျောင်းကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားပြီး အရာရှိနေအိမ်နှင့် သင်တန်းသား အိပ်ဆောင်တချို့ မီးလောင်ဟုဆို

    ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဘုရင့်နောင် စစ်သင်တန်းကျောင်း ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားပြီး ဒုကျောင်းအုပ်ကြီးနေအိမ်၊ သင်တန်းသား အိပ်ဆောင် ၂ ခု မီးလောင်မှုအပါ အဝင်အများအပြား ထိခိုက်ပျက်စီးသွားကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

    ဩဂုတ်လ ၂၆ ရက် နံနက် ၁၀ နာရီ ၄၃ မိနစ်က သံတောင်ကြီးမြို့ရှိ တပ်မတော် (ကြည်း) တိုက်ခိုက် ရေး ကျောင်း (ဘုရင့်နောင်) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၉ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၉ လုံးလုံး ယင်းတိုက်ခိုက်ရေး ကျောင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သား ၂၀ ဦး ထက်မနည်း ပွဲချင်း ပြီး သေဆုံးကာ ၅၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ထို့အပြင် သင်တန်းကျောင်းရှိ လက်နက်ကြီး အထိုင်နေရာ ၂ ခု ထိမှန် ပျက်စီးခဲ့ပြီး စာသင်ဆောင် အတွင်းသို့ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် စာသင်ဆောင် ၊ သင်ကြားရေး ပစ္စည်းများ နှင့် ပရိဘောဂများပျက်စီးမှုရှိခဲ့သည့်အပြင် ကား ၃ စီး ထိခိုက်ပျက်စီးခဲ့ကြောင်း အလားတူ ဒုကျောင်း အုပ်ကြီး၏ နေအိမ်၊ သင်တန်း အိပ်ဆောင် နှစ်ခု မီးလောင်ခဲ့ကြောင်း သိရသည်။

    အလားတူ ဘုရင့်နောင်သင်တန်းကျောင်း၏ ဒုကျောင်းအုပ်ကြီး ပြင်းထန်ဒဏ်ရာရရရှိပြီး အဆိုပါ အိမ်ရှိ စစ်သား ၃ ဦးလည်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    “အခုရရှိတဲ့ ထိခိုက်ပျက်စီးမှုအခြေအနေကလည်း ကျနော်တို့ ချိန်ရွယ်ပစ်ခတ်ခဲ့တဲ့ ပစ်မှတ်တွေ ချည်း ဖြစ်နေတာကြောင့် ဒါကိုယုံကြည်စွာနဲ့ထုတ်ပြန်ပေးရခြင်းဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ တော်လှန် ရေးမှာ တတ်နိုင်သမျှ အစွမ်းကုန် ဆက်လက်တိုက်ခိုက်သွားမှာမို့ ပြည်သူတွေလည်း တော်လှန်ရေး မှာ ဆက်ဝန်းရံပေးနေကြဖို့တိုက်တွန်းချင်ပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) အဖွဲ့နှင့် KNLA တပ်မဟာ ၂ ၊ တပ်ရင်း ၅ တို့ပူးပေါင်းကာ BWM mission 44 အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ဘုရင့်နောင် တပ်မတော်ကြည်း တိုက်ခိုက်ရေး ကျောင်းသည် မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ အာဏာသိမ်းစစ်အုပ်စု၏ အဓိက သက်ရှိဒေါက်တိုင်များဖြစ်သော စစ်တပ်စုမှူး၊ တပ်ခွဲမှူးနှင့် တပ်ရင်းမှူး သင်တန်း များကို အဓိကပေးသည့် တိုက်ခိုက်ရေး သင်တန်းကျောင်း ဖြစ်သည့်အတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အပြင် ဩဂုတ် လ ၂၅ ရက်တွင် ပြန်လည်စတင်သောသင်တန်းတွင် စခ အရာရှိ ၄၀၀ ဦး ကျော် သင်တန်းတက် ရောက်သည်ကို အအတိအကျရထားသည့်အတွက် သင် တန်း ချိန်တွင် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

    စစ်ကောင်စီ၏ ဩဇာကိုခံ၍ ပြည်သူလူထုကို နည်းမျိုးစုံဖြင့် နှိပ်စက်သတ်ဖြတ်နေသော စခသန္ဓေစစ် အရာရှိများအား ပြည်သူ့ကိုယ်စား တန်ပြန်တိုက်ခိုက်ခြင်းဖြစ်ပြီး စကစနောက်လိုက်တို့ သည်လည်း အချိန်မရွေး အတိုက်အခိုက်ခံရ၊ နေရာမရွေး အသက်ဆုံးရှုး နိုင်သည်ဟူသော စိတ်မလုံခြုံသည့် ခံစား ချက်ကို ခံစားစေရန် ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

    ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်က တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဘုရင့်နောင်) သင်တန်းကျောင်းသို့ သွားရောက်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

  • ရန်ကုန်လေဆိပ်၌ ဝင်ရောက်လာသူများ၏ ခရီးဆောင်အိတ်များကို တင်းကျပ်စစ်ဆေးနေ

    ရန်ကုန်လေဆိပ်၌ ဝင်ရောက်လာသူများ၏ ခရီးဆောင်အိတ်များကို တင်းကျပ်စစ်ဆေးနေ

    ပြည်ပနိုင်ငံတွေကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ဝင်ရောက်လာသူတွေရဲ့ ခရီးဆောင်အိတ်တွေနဲ့ သယ်ယူလာတဲ့ တခြားအိတ်တွေကိုပါ လေဆိပ်က ဝန်ထမ်းတွေက တင်းကျပ် စစ်ဆေးနေကြောင်း လေဆိပ်မှာ ကိုယ်တိုင်ကြုံခဲ့ရသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

    ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာပဲ လေဆိပ်က သယ်ခွင့်မရှိတဲ့ တားမြစ်ပစ္စည်းတွေနဲ့ အကောက်ခွန်ဦးစီးဌာနကို အခွန်ဆောင်ပြီး သယ်ယူခွင့်ရှိတဲ့ ပစ္စည်းတွေစာရင်း လူမှုကွန်ရက်တွေမှာ ပျံ့နှံ့လာပြီးနောက်မှာ အခုလို တင်းကျပ်စစ်ဆေးလာတာပဲ ဖြစ်ပါတယ်။

    ဩဂုတ်လ နောက်ဆုံးပတ်က ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို ပြန်လာခဲ့စဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကိုယ်တိုင်ကြုံခဲ့ရသူတယောက်က “အခု လိုင်းပေါ်ပျံ့နေတဲ့ တားမြစ်ပစ္စည်း ဘာညာနဲ့ တခြားရွှေထည်ပစ္စည်းတွေ ဝတ်သွားတဲ့အတိုင်း ပြန်ယူလာရမယ် ဆိုတာက အရင်ကတည်းက ကြေညာထားတာလို့ လေဆိပ်က ဝန်ထမ်းက ပြောတယ်။ ဒါပေမဲ့ ကိုယ်တွေကြုံခဲ့တာကတော့ ရန်ကုန်အဝင်လေဆိပ်မှာ အိတ်တွေ အကြီးတွေရော အိတ်အသေးတွေ အသေစစ်တယ်။ ပစ္စည်းအသစ်တွေ ဝယ်လာတာတွေ့ရင် အများကြီးပါလာတာဆိုရင် သူတို့ စကားအတော်ပြောယူရတယ်၊ တော်တော်လေးရစ်တယ်၊ ကိုယ်တွေ‌ရှေ့ကလူကိုဆိုရင် အလှကုန်ပစ္စည်းတွေ တခုချင်းစီ ထုတ်စစ်တယ် အကုန်။ သူများတွေတော့ မသိဘူး၊ ကိုယ်တွေလို ဆိုင်ရာပိုင်ရာမဟုတ်တဲ့ သာမန်ပြည်သူတွေ ကြုံနေရတဲ့ ဒုက္ခတွေပေါ့။ လေဆိပ်က ဝန်ထမ်းတွေအတွက်ကတော့ ငွေရပေါက်တခုလို ဖြစ်နေတာပေါ့” လို့ ပြောပါတယ်။

    ပြည်ပဆိုက်ရောက် ခရီးသည်တွေအပေါ် ဆောင်ရွက်နေတဲ့ တားမြစ်ပစ္စည်းတွေနဲ့ ကတိဝန်ခံချက်တွေအပြင် နိုင်ငံခြားသုံးငွေနဲ့ လက်ဝတ်ရတနာများ ယူဆောင်ခြင်းဆိုင်ရာ ခွင့်ပြုချက် စတဲ့ ကြေညာချက်တွေက လေဆိပ်မှာ ဟိုးအရင်တွေကတည်းက ကြေညာထားတာ ဖြစ်ကြောင်း လေဆိပ်ဝန်ထမ်းတွေဆီက စုံစမ်းသိရပါတယ်။

    ဒါပေမဲ့ ကြေညာချက်တွေကို လတ်တလော ထုတ်ပြန်ချက်ပုံစံဖြစ်အောင် ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ မျှဝေနေကြတာလည်း ဖြစ်ပါတယ်။

    ဒီအတွက်ကြောင့် မကြာခင် မိသားစုနဲ့အတူ ပြည်ပထွက်ဖို့ ပြင်ဆင်နေသူတယောက်ကတော့ စိုးရိမ်ပူပန်နေကြောင်း ပြောပါတယ်။

    “အာဏာသိမ်းပြီးကတည်းက အခွင့်အရေးတွေ အားလုံးကို သူတို့စိတ်ကြိုက် လုပ်နေတာပဲလေ။ အခုလို ထုတ်ပြန်တာ လုပ်နေတာ သိပ်တော့လည်း မထူးဆန်းဘူး။ ဒါပေမဲ့ လူ့အခွင့်အရေးတွေကိုတော့ တအားချိုးဖောက်တာ အရမ်းများနေပြီ။ ကိုယ်ပိုင်တဲ့ ပစ္စည်းတွေကို ကိုယ့်စိတ်ကြိုက် လုပ်ပိုင်ခွင့် မရှိဘူး ဆိုတာကတော့ သိပ်တော့မဟုတ်တော့ဘူး။ ယူသွားတဲ့ လက်ဝတ်ရတနာအတိုင်း ပြန်မပါလာရင်ရော သူတို့က အရေးယူမှာလား။ ဒီဆွဲကြိုးလေးကြိုက်လို့ နားကပ်လေးကြိုက်လို့ ကိုယ်ဝယ်လာရင်ရော သူတို့က သိမ်းမှာလား။ အဓိက သူတို့က သိမ်းချင်တာ။ သူတို့ တခုခု ထုတ်ပြန်တယ် ဆိုကတည်းက ပြည်သူတွေဘက်ကတော့ အနေကျပ် အစားကျပ်နဲ့ ဒုက္ခရောက်သွားတာပဲ ရှိပါတယ်၊ အဆင်ပြေသွားတယ်လို့ တခါမှ မရှိပါဘူး။”

    ၂၀၁၉ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အကောက်ခွန်ဦးစီးဌာနရဲ့ အမိန့်ကြေညာချက်အရ ပြည်ပထွက်ခွာမယ့်သူတွေ အနေနဲ့ အကောက်ခွန်က မျက်မြင် ဖွင့်ဖောက်စစ်ဆေးခွင့်ရှိတာ၊ တကိုယ်ရေသုံး ကင်းလွတ်ခွင့်ရှိမယ့် ပစ္စည်းတွေကအပ အခွန်ဆောင်ရမှာဖြစ်ကြောင်းနဲ့ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ထက် မပိုတဲ့ ငွေသား၊ မြန်မာကျပ်ငွေ သိန်း ၁၀၀ ထက်မပိုတဲ့ လက်ဝတ်ရတနာတွေကို လေဆိပ်က အကောက်ခွန်မှာ ကြေညာခဲ့ရမှာဖြစ်ပြီး ပြည်ပက ပြန်လည်ရောက်ရှိလာချိန်မှာ ကြေညာထားခဲ့တဲ့အတိုင်း ပြန်လည်ယူဆောင်လာရမှာ ဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

    ✍ဝေဝေ

  • ရေတာရှည်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

    ရေတာရှည်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

    ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ပဒဲကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မဟာမိတ်တွေနဲ့အတူ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဝရဇိန်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    ယမန်နေ့ သြဂုတ် ၃၁ ရက်မွန်းတည့် ၁၂ နာရီလောက်က အင်အား ၁၅၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ပဒဲကျေးရွာအနီးစစ်ကြောင်းထိုးလာချိန် ဝရဇီန်တပ်ဖွဲ့နဲ့ မဟာမိတ်တွေဖြစ်တဲ့ ဖိုက်တာစားခဲ၊ ပုဝါနီစစ်ကြောင်း၊ သမန်း ကျား စတဲ့တပ်ဖွဲ့တွေက ၁နာရီကြာ ခုခံတိုက်ခိုက်ခဲ့တယ် လို့ ဖော်ပြပါတယ်။

    တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းက ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ထိခိုက်သေဆုံးမှုအတိအကျကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

    အလားတူ သြဂုတ် ၂၇ ရက် ညပိုင်းကလည်း အထက်ပါ အင်အား ၁၅၀ပါစစ်ကြောင်းဟာ ပဒဲကျေးရွာဘက်ကို စစ်ကြောင်းသုံးကြောင်းခွဲပြီး စစ်ကြောင်းထိုးလာစဥ်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဝရဇီန်တပ်ဖွဲ့က အသိပေးပါတယ်။

    “၂၇ ရက်နေ့က သူတို့ညဘက်ပိုင်းလောက် စစ်ကြောင်းထိုးလာတာဗျ။ သူတို့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ”လို့ တပ်ဖွဲ့တာဝန်ရှိသူတဦးက လူထုနွေဦးကို ပြောပါတယ်။

    ပဒဲကျေးရွာဘက် နှစ်ကြိမ်ဆက်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ တိုက် ခိုက်ခံရတာကြောင့် နှစ်ကြိမ်စလုံး တပ်ပြန်ဆုတ်သွားခဲ့ပြီး ဘယ်နေရာကို တပ်ပြန်ဆုတ်သွားတယ်၊ ဘယ်လိုစစ်ရေးပြင်ဆင်နေတယ်ဆိုတဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မသိရသေးဘူးလို့ အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။

    တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ပဒဲကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းအသုံးပြု ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် နေအိမ်တွေထိခိုက်ပျက်စီးမှုရှိခဲ့သလို ပြည်သူထိခိုက်တာတွေလည်း ရှိခဲ့ဖူးပါတယ်။

    (ရေတာရှည်မြို့နယ်၊ ပဒဲကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးရဲဘော်တစ်ဦးက ပစ်ခတ်တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ – ဝရဇိန်)

  • မဲဆောက်မြို့နယ်၌ တရားမဝင် မြန်မာလုပ်သား ၃၂ ဦးဖမ်းဆီးခံရ

    မဲဆောက်မြို့နယ်၌ တရားမဝင် မြန်မာလုပ်သား ၃၂ ဦးဖမ်းဆီးခံရ

    ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမား ၃၂ ယောက်ကို ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းစစ်တပ် အရာရှိတယောက်က ပြောပါတယ်။

    စက်တင်ဘာ ၁ ရက်က မြဝတီမြို့နယ်ကနေ မဲဆောက်ဘက်ကို တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၃ ယောက်ကို ဖုတ်ဖရရွာမှာ ဖမ်းဆီးမိခဲသလို ဩဂုတ် ၃၁ ရက်ညကလည်း လှိုင်းဘွဲမြို့နယ်ကနေ ထိုင်းဘက်ကို တရားမဝင် ဝင်လာပြီး နွားတင်ကားနဲ့ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၁၉ ယောက်ကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

    ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃၂ ယောက်ဟာ ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ ကယ်ရီခ ဘတ်ငွေ ၁၅၀,၀၀ စီး ပွဲစားကို ပေးခဲ့ရတယ်လို့ ထွက်ဆိုခဲ့ကြပါတယ်။

  • နှစ်ဦးသဘောတူ လိင်ဆက်ဆံပြီးနောက် မိမိတောင်းသည့်ငွေကို အမျိုးသားက မပေးသဖြင့် အဓမ္မကျင့်ခံရဟု လိမ်လည်တိုင်တန်းခဲ့ဟု စင်္ကာပူအမျိုးသမီး ဝန်ခံ

    နှစ်ဦးသဘောတူ လိင်ဆက်ဆံပြီးနောက် မိမိတောင်းသည့်ငွေကို အမျိုးသားက မပေးသဖြင့် အဓမ္မကျင့်ခံရဟု လိမ်လည်တိုင်တန်းခဲ့ဟု စင်္ကာပူအမျိုးသမီး ဝန်ခံ

    စင်္ကာပူနိုင်ငံမှ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတဦးသည် သူ့အသက်ထက် နှစ်ဆကျော်ပိုကြီးသည့် အမျိုးသားတဦးနှင့် dating အက်ပလီကေးရှင်းတခုပေါ်တွင် သိကျွမ်းပြီး ယင်းနောက် အပြင်တွင် ချိန်းတွေ့ကာ ညစာစားသောက်ပြီးနောက် နှစ်ဦးသဘောတူမှုဖြင့် လိင်ဆက်ဆံခဲ့ကြသည်။

    ယင်းနောက် အမျိုးသမီးက သူ့အား စင်္ကာပူဒေါ်လာ ၁,၂၀၀ (အမေရိကန်ဒေါ်လာ ၉၃၅) ပေးရန် အသက် ၄၃ နှစ်အရွယ် အမျိုးသားကို တောင်းခဲ့ချိန် အမျိုးသားက ယင်းတောင်းသည့်ပမာဏအတိုင်းပေးရန် ငြင်းဆန်ပြီး စင်္ကာပူဒေါ်လာ ၅၀၀ သာ ပေးမည်ဟု ပြောခဲ့သည်။ ထိုအခါ စိတ်ဆိုးဒေါသထွက်သွားသည့် အမျိုးသမီးက ရဲခေါ်ကာ သူ အဓမ္မပြုကျင့်ခံရသည် ဆိုပြီး လိမ်လည်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

    အစိုးရဝန်ထမ်းတဦးထံ မမှန်မကန် သတင်းအချက်အလက်ပေးမှု စွဲချက်၊ အဓမ္မပြုကျင့်မှုဖြင့် ရဲထံ တိုင်တန်းမည်ဟု ခြိမ်းခြောက်မှု စွဲချက် စသည့် စွဲချက်နှစ်ခုအတွက် အပြစ်ရှိကြောင်း လင်မင်ရူ အမည်ရှိ အမျိုးသမီးက စက်တင်ဘာ ၁ ရက်တွင် ဝန်ခံခဲ့သည်။

    ဖြစ်စဉ်တွင် လင် သည် အသက် ၄၃ နှစ်ရှိ အမျိုးသားနှင့် dating ပလက်ဖောင်း Sugarbook ပေါ်မှတဆင့် သိကျွမ်းခဲ့ကြောင်း တရားရုံး၌ ကြားနာသိခဲ့ရသည်။ ၎င်းတို့သည် တယ်လီဂရမ်ဖြင့် အဆက်အသွယ် စလုပ်ခဲ့ပြီး ယခုနှစ် မတ်လ ၁၈ ရက်၌ အပြင်တွင် လူချင်းတွေ့ဆုံရန် သဘောတူခဲ့ကြသည်။ ထိုသို့ ချိန်းတွေ့ခြင်းအတွက်

    အမျိုးသားက မူလကနဦးတွင် လင်ကို စင်္ကာပူဒေါ်လာ ၂၀၀ ပေးမည်ဟု သဘောတူထားခဲ့သည်ဟု တရားရုံး၌ ကြားနာသည်။

    ၎င်းတို့ နှစ်ဦး ဘားတခုသို့ သွားပြီး ယင်းနောက် ဟိုတယ်တခုသို့ ဆက်လက်ဦးတည်ခဲ့ကြကာ ယင်းတွင် ၎င်းတို့ နှစ်ဦးသဘောတူ လိင်ဆက်ဆံခဲ့သည်။

    ယင်းနောက် လင်က သူ့ကို စင်္ကာပူဒေါ်လာ ၁,၂၀၀ ပေးပါ ဆိုပြီး ချိန်းတွေ့ဘက်ဖြစ်သည့် အမျိုးသားကို တောင်းခဲ့သည်။ အမျိုးသားက မပေးဘူးဆိုပြီး ငြင်းဆန်ခဲ့သည်။

    ထိုအခါ လင်က ဆူပူကြိမ်းမောင်းခဲ့ပြီးနောက် အသက် ၄၃ နှစ်ရှိ အမျိုးသားက စင်္ကာပူဒေါ်လာ ၅၀၀ ပေးမည် ဆိုပြီး ကမ်းလှမ်းသည်။ သို့သော် လင်က ထိုပမာဏကို လက်မခံခဲ့ပေ။

    ယင်းနောက် နောက်တနေ့ မတ်လ ၁၉ ရက်တွင် လင်က သူ အဓမ္မကျင့်ခံရသည် ဆိုပြီး ရဲထံ တိုင်တန်းမည်ဟု အမျိုးသားအား ခြိမ်းခြောက်ပြောဆိုခဲ့သည်။

    အဓမ္မကျင့်ခံရသည် ဆိုပြီး ရဲထံ လှမ်းတိုင်တန်းပြီးနောက် လင်သည် အမျိုးသားထံ ရိုင်းပျခြိမ်း​​ခြောက်သည့် စာသားတခု ပေးပို့ခဲ့သည်။ အသက် ၄၃ နှစ်အရွယ် အမျိုးသားလည်း ထိတ်လန့်သွားခဲ့သည်။

    ရဲတဦး ဟိုတယ်သို့ ရောက်လာရာတွင် လင်က သူ အရက်မူးနေခဲ့စဉ် သူနှင့်ချိန်းတွေ့ခဲ့သည့် အမျိုးသားက မိမိကို အဓမ္မပြုကျင့်ခဲ့သည် ဆိုပြီး တိုင်တန်းပြောဆိုခဲ့သည်။

    ယင်းနေ့ မနက် ၂ နာရီခန့်တွင် နောက်ထပ် ရဲတဦး ထပ်ရောက်လာချိန်တွင်လည်း လင်က အလားတူအတိုင်း တိုင်တန်းခဲ့သည်။

    ရဲများက ဟိုတယ်မှ စီစီတီဗွီ ရုပ်သံမှတ်တမ်းကို ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် လင် ပြောဆိုသည့် အဖြစ်အပျက်ပုံစံများနှင့် ရုပ်သံမှတ်တမ်းမှ မြင်ရသည်တို့နှင့်က အပ်စပ်ညီညွတ်မှုမရှိဟု ပြောခဲ့သည်။

    ယင်းနောက် အဆိုပါနေ့ မနက် ၂ နာရီ ၁၀ မိနစ်ခန့်တွင် လင်က သူ အဓမ္မကျင့်ခံရသည် ဆိုပြီး လိမ်လည်တိုင်တန်းခဲ့ခြင်း သာဖြစ်ကြောင်း၊ အကြောင်းမှာ သူနှင့် တွေ့ဆုံခဲ့သည့် အမျိုးသားက စင်္ကာပူဒေါ်လာ ၁,၂၀၀ ပေးရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဝန်ခံခဲ့သည်။

    ယခုအမှုတွင် မိမိ၏ အမှုသည်အတွက်က ခံဝန်ချုပ်ဖြင့် လွှတ်ခြင်းက သင့်တော်သည့် ပြစ်ဒဏ် ဖြစ်လိမ့်မည်ဖြစ်ကြောင်းနှင့် ဖြစ်စဉ်သည် လင်အတွက်က အလွန်နာကျင်ဖွယ် သင်ခန်းစာတခု ရခဲ့ခြင်းသာ ဖြစ်ခဲ့ကြောင်း တရားခံရှေ့နေ ရိုဟစ် ကူးမား ဆင်းဂ်က ပြောသည်။

    ခံဝန်ချုပ်ဖြင့်လွှတ်ခြင်းနှင့် ပြစ်ဒဏ်စီရင်မှု ရွှေ့ဆိုင်းခြင်းကို လင် ရထိုက်ခြင်းရှိမရှိ အကဲဖြတ်ရန် အစီရင်ခံစာတရပ် တင်သွင်းရန် တရားသူကြီးက တောင်းခံထားသည်။

    အစိုးရဝန်ထမ်းတဦးကို မမှန်ကန်သည့် သတင်းအချက်အလက်ပေးခြင်းအတွက် လင် အနေဖြင့် အများဆုံး ထောင်ဒဏ် နှစ်နှစ်၊ ငွေဒဏ် သို့မဟုတ် ပြစ်ဒဏ်နှစ်ခုစလုံး ချမှတ်ခံရနိုင်သည်။

    ထိတ်လန့်မှုဖြစ်စေရန် ခြိမ်းခြောက် စကားအသုံးအနှုန်း သုံးခြင်းအတွက်လည်း သူသည် အများဆုံး ထောင်ခြောက်လ၊ ဒဏ်ငွေ စင်္ကာပူဒေါ်လာ ၅,၀၀၀ သို့မဟုတ် ပြစ်ဒဏ်နှစ်ခုစလုံး ချမှတ်ခံရနိုင်သည်။

    (CNA မှ Woman admits making false rape report because man refused to pay her S$1,200 after sex အား ကိုလူအေး ဘာသာပြန်သည်)