ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာတွင် အခိုင်အမာတပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ တပ်ဆုတ်ထွက်ပြေး
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများ ပြင်းထန်နေပြီး AA ၏ တန်ပြန်ထိုးစစ်များကြောင့် စစ်ကော်မရှင်တပ်များက တပ်စွဲထားသည့်နေရာ အချို့ကို လက်လွှတ်ကာ နောက် ဆုတ်ပေးနေရကြောင်း သိရသည်။
လိပ်ခမော်ကျေးရွာတွင် တပ်စွဲပြီး ထိုးစစ်ဆင်နေသည့် စစ်ကော်မရှင်တပ်ကို AA က တန်ပြန်ထိုးစစ်ဖြင့် ယမန်နေ့ ဩဂုတ် ၂၈ ရက်နေ့တွင် တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်များက တပ်ဆုတ်ထွက်ပြေး ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
“တိုက်ပွဲက ပြန့်နေတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကြောင်းနှစ်ကြောင်း နောက်ဆုတ်ခဲ့ရတယ်။ အခု လိပ်ခမော်ကပါ ထပ်ဆုတ်ပေးရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း AA က လက်လွှတ်ခဲ့ရသည့် ပျားတဲ၊ သပြုတောင်၊ မလကျွန်းနှင့် လိပ်ခမော် ကျေးရွာများကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးပြီး ပြန်လည်နေရာဝင်ယူခဲ့သည်။ AA သည် ဩဂုတ်လ ၂၆ရက်မှစတင်ကာ တပ်စွဲနေရာများကို လက်မလွှတ်တော့ဘဲ တန်ပြန်တိုက်စစ်ဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကော်မရှင်တပ်များ နောက်ဆုတ်ပေးနေရကြောင်း သိရသည်။
စစ်ကြောင်း လေးကြောင်းဖြင့် ထိုးစစ်ဆင်နေသည့် စစ်ကော်မရှင်တပ်မှာ ၃၂ ရဲတပ်ရင်းနှင့် သပြုတောင် အထိ ပြန်ဆုတ်ပေးခဲ့ရပြီးနောက် လိပ်ခမော်ကိုပါ လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း သိရသည်။
မင်းတပ်တောင်ကိုထိုးစစ်ဆင်နေသည့် စစ်ကော်မရှင်အဖွဲ့မှာလည်း ပိတ်ဆို့တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီအရာရှိပိုင်းများ AA စနိုက်ပါလက်ချက်ဖြင့် ထိခိုက်သေဆုံးမှုများနေကြောင်း little rabbitထံမှ သိရသည်။
ပုံစာ-စစ်ကော်မရှင် တပ်ဖွဲ့ဝင်များ လိပ်ခမော်တွင် ဝင်ရောက်တပ်စွဲထားသည်ကို တွေ့ရစဉ်။
Category: News
-

လိပ်ခမော်ကျေးရွာတွင် အခိုင်အမာတပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ တပ်ဆုတ်ထွက်ပြေး
-

ဂုတ်ထိပ်တံတား ပျက်စီးမှု ယူနက်စကိုထံ NUG စာပို့
ကမ္ဘာကျော် ဂုတ်ထိပ်တံတား ပျက်စီးမှုကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNESCO ) ထံ စာပို့ကာ အသိပေး အကြောင်းကြားထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့(IBHA) အတွင်းရေးမှူးက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်က ရှမ်းပြည်မြောက်ပိုင်း၊ မန္တလေး – လားရှိုးရထားလမ်းပေါ်ရှိ ထိုတံတား မိုင်းခွဲ ဖျက်ဆီးခံခဲ့ရသည်။ နှစ်ပေါင်း ၁၂၅ နှစ် သက်တမ်းရှိသည့် ဂုတ်ထိပ် ရထားတံတားကို TNLA နှင့် PDF တို့က ဖျက် ဆီးသည်ဟု စစ်အုပ်စုက စွပ်စွဲထားပြီး ထိုသို့မဟုတ်ကြောင်းလည်း TNLA ကငြင်းဆိုထားသည်။
“သဘာဝဘေးငလျင်ဖြစ်တုန်းကလည်း စာပို့ထားတာရှိပါတယ်။ တိုင်ကြားတယ်ဆိုတာထက် သတင်းအချက် အလက် ခိုင်ခိုင်မာမာနဲ့ တောင်းဆိုတာဖြစ်ပါတယ်” ဟု အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့(IBHA)၏ အတွင်းရေးမှူးကဆိုသည်။
ဂုတ်ထိပ်တံတားနှင့် တံတားအနီး သဘာဝဝန်းကျင်ကို ရှမ်းပြည်မြောက်ပိုင်း၏ ကြားကာလအမွေအနှစ်စာရင်း – ၁ တွင် စက်မှုအမွေအနှစ်နှင့် သဘာဝအမွေအနှစ် အဖြစ် NUGက သတ်မှတ်ထားသည်။ အမွေအနှစ်ဆိုင်ရာကြား ကာလစီမံအုပ်ချုပ်မှု ဗဟို (NUG) က ၂၀၂၄ ဩဂုတ် ၂၀ ရက် ရက်စွဲဖြင့် ကြေညာထားခြင်းဖြစ်သည်။
“ပစ်မှတ်ဖြစ်နိုင်တဲ့ အမွေအနှစ်တွေကို ယခင်ကာလများတည်းက တွက်ချက်စုစည်းပြီးဖြစ်ပါတယ်။ ကာကွယ်ဖို့အတွက်လည်း ကြေညာချက်တွေထွက်ရှိထားပါတယ်။ မြေပြင်မှာ ချက်ချင်းဆောင်ရွက်နိုင်တာကတော့ အမွေ အနှစ်ကာကွယ်ရေးနဲ့ပတ်သက်ပြီး ဒေသခံ PDF များနဲ့ ဆောင်ရန်၊ ရှောင်ရန်၊ ရင်ဆိုင်ရန်များကို ဆွေးနွေးပို့ချပြီးဖြစ်ပါတယ်”ဟု NUG အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့(IBHA)၏ အတွင်းရေးမှူးက ပြောသည်။
ထို့အပြင် ပြန်လည်ထူထောင်ရေးကာလတွင်လည်း မဖြစ်မနေ ဦးစားပေးလုပ်ဆောင်ရမည့် ကိစ္စများအတွက် နည်းပညာ၊ငွေကြေးနှင့် စွမ်းရည်များကို UNESCO ကိုလည်း တောင်းဆိုထားသလို အနာဂတ်ဦးဆောင်မည့် သူများကိုလည်း စွမ်းရည်မြှင့်တင်ရေးအစီအစဉ်(capacity building plan)များ ကြိုတင်လုပ်ဆောင်နေဟု ၎င်းကဆိုသည်။
UNESCO အနေဖြင့် စစ်ကော်မရှင်ကို အရေးယူနိုင်သည့် အခွင့်အာဏာမရှိသော်လည် အရေးယူမှုများ ဆောင်ရွက်နိုင်သည့် သက်ဆိုင်ရာအစုအဖွဲ့များအား တိုက်တွန်းမှုများ လုပ်ဆောင်နိုင်ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့(IBHA)ကလည်း စစ်ကော်မ ရှင်တပ်သည် ယဉ်ကျေးမှု အမွေအနှစ်များကို စနစ်တကျ ဖျက်ဆီးနေသည်ဟု ယနေ့ (သြဂုတ်လ ၂၉ ရက်တွင် ) ထုတ်ပြန်ထားသည်။ ၂၀၂၂ ခုနစ် ဖေဖော်ဝါရီ ၂၈ ရက်မှ ၂၀၂၄ ခုနစ် ဩဂုတ် ၁၅ ရက် အတွင်း စစ်ကော်မ ရှင်တပ်၏ တိုက်ခိုက်မှု ၂၃၁ ကြိမ်တွင် ရှေးဟောင်းအမွေအနှစ်နှင့် သာသနိက အဆောက်အဦ ၂၃၁ ခု ပျက်စီးခဲ့ကြောင်း NUG၏ မှတ်တမ်းအရ သိရသည်။
၂၀၂၄ ဇွန်လကုန် အတွင်း ရှမ်းပြည်မြောက်ပိုင်းရှိ ခိုလိတ်ရထားလမ်းတံတား၊ မန်စံရေကျကြိုးတံတား၊ မန်ပွဲတံတား၊ စွတ်လန်းတံတား များအား စစ်ကော်မရှင်တပ်က ဗုံးခွဲဖျက်ဆီးခဲ့ပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်းရှိ ကျေးရွာများအား မီးရှို့ခြင်း၊ ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း လေကြောင်းပစ်ခတ်မှုများ စစ်ကော်မရှင်တပ်က ပြုလုပ်ခဲ့ကြောင်း NUG ထုတ်ပြန်ချက်ကဆိုသည်။
ထို့ပြင် ၂၀၂၅ ဇူလိုင်နှင့် ဩဂုတ်တွင် စစ်ကိုင်းတိုင်း ၊ လင်းတလူကျေးရွာဘုန်းကြီးကျောင်း၊ မန္တလေးတိုင်း ၊ စကားပင်ရွာဘုန်းကြီးကျောင်း၊ မွန်ပြည်နယ် ၊ ချမ်းမြေစုဘုန်းကြီးကျောင်းများကို ဗုံးကြဲခြင်း၊ ဩဂုတ်လ ၂၅ရက်နေ့တွင်လည်း အမွေအနှစ်နယ်မြေ မြောက်ဦးဒေသကိုဗုံးကြဲခြင်း စသည့် စက်မှုအမွေအနှစ်၊ ဘာသာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များစွာကို ဖျက်ဆီးခြင်း၊ အမွေအနှစ်နယ်မြေရှိ လူအမြောက်အမြားကို သေဆုံးဒဏ်ရာရစေခြင်း များရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကော်မရှင်တပ်၏ ဖျက်ဆီးမှုများကို အရေးယူနိုင်ရေး ကြိုးပမ်းသွားမည်ဟု အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့(IBHA)၏ ထုတ်ပြန်ချက်တွင် အသိပေးထားပြီး ညီနောင် မဟာမိတ်တို့၏ အမွေအနှစ်များအား ပူးပေါင်းကာကွယ်သွားမည်ဟုလည်း ကြေညာချက်တွင်ပါရှိသည်။
-
စစ်မှုထမ်းအပတ်စဥ်(၁၇) အတွက် ကျောင်းသားစာရင်းတွေပါ ကောက်ခံနေ
စစ်ကော်မရှင်က စစ်မှုထမ်းအပတ်စဥ်(၁၇) အတွက် ကျောင်းသားစာရင်းတွေပါ ကောက်ခံနေ
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စစ်ကော်မရှင်က သြဂုတ်လ ၂၈ ရက်နေ့မှ စတင်ကာ စစ်မှုထမ်းဖို့ လူငယ်စာရင်းတွေ ကောက်ယူရာမှာ ကျောင်းနေအရွယ်ကလေးငယ်တွေစာရင်းပါ ကောက်ယူနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းအပတ်စဉ် (၁၇) အတွက် စစ်မှုထမ်းဖို့ လူစာရင်းကောက်ရာမှာ ကျောင်းတက်နေတဲ့ လူငယ်ယောက်ျားလေးတွေကိုပါ စာရင်းကောက်ခံနေတာတွေကြောင့် လူငယ်တွေကျေးရွာကို စွန့်ခွာထွက်ပြေးနေကြတယ်လို့ သိရပါတယ်။
“တချို့ကို တခါထဲ အိမ်ထဲလာရင်း ခေါ်သွားတယ်။ တချို့အိမ်တွေကျတော့ လူငယ် စာရင်းပဲ ကောက်သွားတယ်။ စစ်မှုထမ်းဖို့ ရပ်ကွက်ရုံးလာဖို့ မှာတာတွေလည်း ရှိတယ်” လို့ တမူးဒေသခံတဦးက ပြောပါတယ်။

စစ်ကော်မရှင်ရဲ့စစ်မှုထမ်း စာရင်းကောက်ယူနေတဲ့အထဲမှာ ကျောင်းတက်နေတဲ့ ကလေးတွေပါ ပါဝင်နေတာကြောင့် မိဘတွေ စိုးရိမ်နေကြပြီး တခြားဒေသတွေမှာ သွားရောက်ရှောင်တိမ်းနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
“ခုထွက်ပြေးနေကြရတဲ့ တချို့ လူငယ်တွေက အိန္ဒိယ-မြန်မာနယ်စပ်နဲ့ တော်လှန်ရေးတပ် တွေ ထိမ်းချုပ်တဲ့နေရာတွေကို အဓိက ရှောင်သွားကြရတဲ့သူတွေလည်း ရှိတယ်။ ပြီးတော့ ကျောင်းသားစာရင်းတွေ ကောက်လို့ မိဘတွေက မကောက်ဖို့ပြောလည်း မရဘူး။ ကောက်သွားတယ် ” လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။

စစ်ကော်မရှင်က တမူးမြို့ပေါ်မှာ လူငယ်စာရင်းကောက်ခံနေတဲ့အပြင် မူးယစ်ဆေးစွဲနေသူတွေနဲ့ ရာဇဝတ်မှုကျူးလွန်ပြီး အဖမ်းခံရသူတွေကို စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းနေတယ်လို့လည်း သိရပြီး မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာ ရပ်ကွက်တွေထဲက ဆေးစွဲနေသူတွေနဲ့ လူမိုက်တွေ အဝင်အထွက်ရှိနေတာကြောင့် အခုလိုပြုလုပ်တာဖြစ်တယ်လို့လည်း သိရပါတယ်။
-

နိုင်ငံတောင်ပိုင်း ရန်ကုန်အထိ ထိုးဖောက်ရန် အထူးတိုင်းစစ်ဌာနကို NUG ဖွဲ့စည်း
နိုင်ငံတောင်ပိုင်းဒေသများဖြစ်သော ရန်ကုန်၊ ပဲခူး၊ မွန်နှင့် ကရင်ပြည်နယ်ရှိ တော်လှန်ရေးအင်အားစုများ စုစည်း၍ စစ်ရေးအရှိန်မြှင့်ဖော်ဆောင်နိုင်ရန် သြဂုတ်လ ၂၇ ရက်နေ့တွင် အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်း လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာသည်။
နည်းဗျူဟာများ၊ တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့များပါဝင် သော အထူးတိုင်းစစ်ဌာနသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းစစ်ဆင်မည်ဟု သိရသည်။
စစ်တောင်းမြစ်ဝှမ်းစစ်ဆေးရေးမှတဆင့် ရန်ကုန်စစ်ဆင်ရေးများပါ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း အထူးတိုင်းစစ်ဌာန၏ သတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
“အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်း၊ ဗျူဟာတွေအနေနဲ့ လက်ရှိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးဘက်တွေမှာ စစ်ရေးလှုပ်ရှားမှု ရှိနေပါတယ်၊ အဓိက ကတော့ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးကနေ ပဲခူး၊ ရန်ကုန်စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ထိုသူက ဆိုသည်။
NUG အနေဖြင့် နိုင်ငံမြောက်ပိုင်းကို အမှတ် (၁) စစ်ဒေသ၊ နိုင်ငံတောင်ပိုင်းကို အမှတ် (၂) စစ်ဒေသ ဟု သတ်မှတ်ထားရာ အဆိုပါစစ်ဒေသများအောက်တွင် စစ်ဆင်ရေးနယ်မြေများ၊ စစ်ဌာနများ ထပ်မံဖွဲ့စည်း နေခြင်းဖြစ်သည်။
နိုင်ငံတောင်ပိုင်း အမှတ် (၂) စစ်ဒေသအောက်တွင် အမှတ် (၁)၊ (၂) ၊ (၃) စသည်ဖြင့် စစ်ဆင်ရေးနယ်မြေ သုံးခု ဖွဲ့စည်းပြီးဖြစ်သည်ဟု NUG ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
ထိုအထဲတွင် အသစ်ဖွဲ့လိုက်သော အထူးတိုင်းစစ်ဌာနသည် အမှတ် (၁) စစ်ဆင်ရေးနယ်မြေတွင် ပါဝင်ကာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်နှင့် အရှေ့ပိုင်းခရိုင်တို့တွင် လှုပ်ရှားမည်ဖြစ် သည်။
“အဲဒီ နယ်မြေအတွင်းမှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့၊ ဗျူဟာတွေ၊ ပကဖတွေ အားလုံးကို CoC တစ်ခုတည်း အောက်မှာ ကွပ်ကဲပြီးတော့ စစ်ဆင်ရေးတွေ ဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းလိုက်တာ” ဟု NUG ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။
“အခု ..အထူးတိုင်းစစ်ဌာန ဆိုတာကတော့ အမှတ် (၁) စစ်ဆင်ရေးနယ်မြေအောက်မှာ ရှိနေတဲ့ စစ်ဌာန ဖြစ်ပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။
အမှတ် (၁) စစ်ဆင်ရေးနယ်မြေသည် နိုင်ငံတောင်ပိုင်း ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ပါဝင်သည်။
အလားတူ အမှတ် (၂) စစ်ဆင်ရေးနယ်မြေတွင် ရန်ကုန်အနောက်ပိုင်းနှင့် မြောက်ပိုင်းခရိုင်၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့ကို ထည့်သွင်းထားကာ ပဲခူးရိုးနှင့်ထိစပ်နေသော မကွေးတိုင်းကို အမှတ် (၃) စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ထားသည်ဟု သိရသည်။
ပြည်နယ်နှစ်ခု၊ တိုင်းနှစ်ခု ပါဝင်သည့် အမှတ် (၁) စစ်ဆင်ရေးနယ်မြေအတွင်း အထူးတိုင်းစစ်ဌာန အပြင် တနင်္သာရီတိုင်းစစ်ဌာနလည်း ပါဝင်သည်ဟု သိရသည်။
နိုင်ငံတောင်ပိုင်း အမှတ် (၂) စစ်ဒေသအောက်တွင် လက်ရှိ စစ်ဆင်ရေးနယ်မြေ သုံးခုအပြင် နောက်ထပ် စစ်ဆင်ရေးနယ်မြေများလည်း ထပ်ပြီးဖွဲ့စည်းသွားရန် ရှိကြောင်း ဦးနေဘုန်းလတ်က ဆိုသည်။
အထူးတိုင်းစစ်ဌာန၊ တနင်္သာရီတိုင်းစစ်ဌာနတို့သည် PDF စစ်ရုံးချုပ်နှင့် စစ်ဆင်ရေးနယ်မြေများ၏ တိုက်ရိုက်ကွပ်ကဲမှုဖြင့် စစ်ဆင်ရေးများ ဖော်ဆောင်မည်ဖြစ်ပြီး စစ်ဆင်ရေးနယ်မြေအတွင်းမှ တပ်ရင်း များ၊ ဗျူဟာများကို စုစည်း၊ ပြုပြင်၍ ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု NUG ထုတ်ပြန်ချက်အရ သိရသည်။
တပ်များစုစည်းကာ တိုက်ခိုက်မည်ဖြစ်သည့်အတွက် အင်အားပိုတောင့်တင်းကာ စနစ်ပိုကျလာမည် ဖြစ်သည် ဟု အထူးတိုင်းစစ်ဌာန သတင်းပြန်ကြားရေးတာဝန်ရှိသူ အမျိုးသားက ပြောသည်။
“ယခင် ပြန့်ကျဲနေတဲ့၊ ကွပ်ကဲမှုလွတ်နေတဲ့ တပ်တွေအားလုံးကို MOD (ကာကွယ်ရေးဝန်ကြီးဌာန) အဆင့်ဆင့်ကွပ်ကဲမှုအောက်မှာ တစ်စုတစ်စည်းတည်း တပ်ရင်းအလိုက်၊ ဗျူဟာအလိုက် ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် စစ်ရေးဆောင်ရွက်မှုတွေမှာ ပိုမိုအင်အားတောင့်တင်းလာမှာဖြစ်သလို အမိန့်ပေးကွပ်ကဲမှုနဲ့ အုပ်ချုပ် ထောက်ပံ့မှုတွေမှာ ပိုမိုစနစ်ကျလာမှာဖြစ်ပါတယ်”
လက်ရှိတွင် စစ်တပ်က နိုင်ငံအလယ်ပိုင်း၊ ကချင်၊ ရှမ်းမြောက်၊ နိုင်ငံတောင်ပိုင်းဒေသများကို တပြိုင်နက် ထိုးစစ်ဆင်နေရာ မြို့အချို့ကို တော်လှန်ရေးတပ်များဘက်က စွန့်လွှတ်လိုက်ရသည်။
အာဏာသိမ်းစစ်တပ်၏ နိုင်ငံအနှံ့ထိုးစစ်ကို ပြန်ခုခံနိုင်ရန် တော်လှန်ရေးအင်အားစုများဘက်က ကြိုးပမ်း ပြင်ဆင်နေကြသည်။
ပုံစာ- ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်သင်တန်းဆင်းပွဲတစ်ခုတွင် တွေ့ရသော PDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-ကိုစစ်)
-

မတ္တရာ – သပိတ်ကျင်းကြားက တော်လှန်ရေးနယ်မြေတွေကို ရှင်းလင်းမယ်လို့ စစ်တပ်ပြော
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင်ရွှေသတ္တုတွင်းလုပ်ငန်း နေရာတွေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်တပ်က မတ္တရာ – သပိတ်ကျင်းကြားက တော်လှန်ရေးနယ်မြေ တွေကို ရှင်းလင်းမယ်လို့ မနေ့ သြဂုတ် ၂၈ ရက် ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။

သပိတ်ကျင်းမြို့ကို အခုနှစ်ဇူလိုင်လကုန်ပိုင်းမှာ စစ်တပ်က ပြန်သိမ်းခဲ့တာကြောင့် ဒီနယ်မြေ ၂ ခုကြားမှာ ရှိနေတဲ့ စဉ့်ကူးမြို့ကိုဆက်ထိုးစစ်ဆင်မယ်ဆိုတဲ့သဘောလို့ နားလည်ရပါတယ်။
စဉ့်ကူးမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကာလအတွင်း မနှစ် ဇူလိုင်လမှာ Mdy PDF ဦးဆောင်မှု နဲ့ သိမ်းပိုက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာဖြစ်ပါတယ်။
“စဉ့်ကူးဘက်ကိုထိုးလာတာမျိုးမရှိပါဘူး။ အခြေအနေက စောင့်ကြည့်ရမှာပဲ” စဉ့်ကူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ တစ်ဦး က ပြောပါတယ်။

တအာင်းတပ် (TNLA) နဲ့ Mdy PDF တို့ရဲ့ ထိုးစစ်ဟာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း မတ္တရာမြို့ရဲ့ မြောက်ဘက် ရေနံ့သာရွာတဝိုက်၊ အရှေ့ဘက်က အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင် သတ္တုတွင်းနေရာတွေမှာ ရပ်တန့်သွားခဲ့ပြီး စစ်တပ်က တစ်နှစ်အကြာ အခုနှစ်ဇူလိုင်မှာ တန်ပြန်ထိုးစစ်ဆင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်တပ်ဘက်က မတ္တရာ – ဘိုကုန်း – ကျောက်တံတား၊ မြကန်သာရွာ၊ ပန်းစလောင်းတောင် နဲ့ ဘိုင်ပင်ရွာ ဘက်တို့ကနေ စစ်ကြောင်းလေးကြောင်းနဲ့ တော်လှန်ရေးတပ်တွေကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေး ကာလ ၁ လ ၇ ရက်အတွင်း ဘိလပ်မြေစက်ရုံနဲ့ သတ္တုတွင်းနေရာကို ပြန်သိမ်းနိုင်တယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ မနေ့တုန်းက Mdy PDF ကိုဆက်သွယ် မေးမြန်းရာမှာတော့ “ဖယောင်းတောင်ဘက်နေ ခွာစစ်ဆင်တာ ဟုတ်ပါတယ်။ ဒါပေမယ့် အနီးတဝိုက်မှာ တိုက်ပွဲတွေ တောက်လျှောက်ရှိနေပါတယ်” လို့ Mdy PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောခဲ့ပါတယ်။

ဒီနေ့ သြဂုတ် ၂၉ ရက် မတ္တရာမြို့နယ်ထဲကစစ်ရေးအခြေအနေကို Mdy PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်ဆီ ထပ်မံဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး မနက် ၁၀ နာရီကျော်အထိ တစုံတရာ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။