မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင်ရွှေသတ္တုတွင်းလုပ်ငန်း နေရာတွေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်တပ်က မတ္တရာ – သပိတ်ကျင်းကြားက တော်လှန်ရေးနယ်မြေ တွေကို ရှင်းလင်းမယ်လို့ မနေ့ သြဂုတ် ၂၈ ရက် ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။

သပိတ်ကျင်းမြို့ကို အခုနှစ်ဇူလိုင်လကုန်ပိုင်းမှာ စစ်တပ်က ပြန်သိမ်းခဲ့တာကြောင့် ဒီနယ်မြေ ၂ ခုကြားမှာ ရှိနေတဲ့ စဉ့်ကူးမြို့ကိုဆက်ထိုးစစ်ဆင်မယ်ဆိုတဲ့သဘောလို့ နားလည်ရပါတယ်။
စဉ့်ကူးမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကာလအတွင်း မနှစ် ဇူလိုင်လမှာ Mdy PDF ဦးဆောင်မှု နဲ့ သိမ်းပိုက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာဖြစ်ပါတယ်။
“စဉ့်ကူးဘက်ကိုထိုးလာတာမျိုးမရှိပါဘူး။ အခြေအနေက စောင့်ကြည့်ရမှာပဲ” စဉ့်ကူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ တစ်ဦး က ပြောပါတယ်။

တအာင်းတပ် (TNLA) နဲ့ Mdy PDF တို့ရဲ့ ထိုးစစ်ဟာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း မတ္တရာမြို့ရဲ့ မြောက်ဘက် ရေနံ့သာရွာတဝိုက်၊ အရှေ့ဘက်က အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင် သတ္တုတွင်းနေရာတွေမှာ ရပ်တန့်သွားခဲ့ပြီး စစ်တပ်က တစ်နှစ်အကြာ အခုနှစ်ဇူလိုင်မှာ တန်ပြန်ထိုးစစ်ဆင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်တပ်ဘက်က မတ္တရာ – ဘိုကုန်း – ကျောက်တံတား၊ မြကန်သာရွာ၊ ပန်းစလောင်းတောင် နဲ့ ဘိုင်ပင်ရွာ ဘက်တို့ကနေ စစ်ကြောင်းလေးကြောင်းနဲ့ တော်လှန်ရေးတပ်တွေကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေး ကာလ ၁ လ ၇ ရက်အတွင်း ဘိလပ်မြေစက်ရုံနဲ့ သတ္တုတွင်းနေရာကို ပြန်သိမ်းနိုင်တယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ မနေ့တုန်းက Mdy PDF ကိုဆက်သွယ် မေးမြန်းရာမှာတော့ “ဖယောင်းတောင်ဘက်နေ ခွာစစ်ဆင်တာ ဟုတ်ပါတယ်။ ဒါပေမယ့် အနီးတဝိုက်မှာ တိုက်ပွဲတွေ တောက်လျှောက်ရှိနေပါတယ်” လို့ Mdy PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောခဲ့ပါတယ်။

ဒီနေ့ သြဂုတ် ၂၉ ရက် မတ္တရာမြို့နယ်ထဲကစစ်ရေးအခြေအနေကို Mdy PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်ဆီ ထပ်မံဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး မနက် ၁၀ နာရီကျော်အထိ တစုံတရာ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။


Leave a Reply