Category: News

  • ကျောက်ဖြူတိုက်ပွဲမှာ မြန်မာစစ်တပ်က ကြည်း၊ရေ၊ လေသုံးပြီး AA ကို အပြင်းအထန် ထိုးစစ်ဆင်နေပေမယ့် အကျဆုံးများပြီး ရှေ့မတိုးနိုင်ဖြစ်နေ (သိုင်းချောင်းကို ထပ်မံ ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်း အလောင်းတောင်မကောက်နိုင်ဘဲ ထပ်မံထွက်ပြေးရ) ခိုင်ဝံသ(လေးမြို့မြီ)၊ နိရဉ္စရာ၊ နိုဝင်ဘာ ၁ / ၂၀၂၅ ကျောက်ဖြူမြို့နယ်က အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ နေရာတွေကို ကြည်း၊ ရေ၊ လေပေါင်းပြီး အကြမ်းဖက်စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေပေမယ့်လည်း အကျအဆုံးများပြီး ရှေ့မတိုးနိုင်ဖြစ်နေတဲ့အတွက် ထိုးစစ်ကို ဆက်လက်အကောင်အထည် အဖော်နိုင်ဘဲ ဖြစ်နေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ခုက နိရဉ္စရာကို ပြောပါတယ်။ “ စစ်တပ်က ကျောက်ဖြူမှာ အေအေ ထိန်းချုပ်ထားတဲ့ နေရာတွေကို ပြန်လည်ရရှိနိုင်ဖို့ ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး စကုန်ထိုးစစ်ဆင်တိုက်ခိုက်နေတာ။ နောက်ဆုံးပေါ် စစ်လက်နက် ပစ္စည်းတွေနဲ့ ရေကြောင်းကရော၊ လေကြောင်းကရော ပူးပေါင်းတိုက်တာ။ မြေပြင်ကဆိုရင်လည်း ဒရုန်းတွေ လွှတ်ပြီးတိုက်သလို ဒုံးကျည်တွေနဲ့ပါ ချတာ။ ဒါပေမယ့် အေအေကလည်း အပြောင်မြောက်ဆုံးနဲ့ အကောင်းဆုံး ခုခံတိုက်တာ။ လက်တွေ့ တကယ်မြေပြင်မှာ စစ်တပ်က အကျဆုံး အရမ်းများတော့ စစ်တပ်က ထင်သလောက် တိုးမပေါက်နိုင်ဖြစ်နေတယ်။ လက်ရှိ အချိန်မှာတော့ ထိုးစစ်ကို ဆက်လက်မဖော်ဆောင်နိုင်ဘဲ လေကြောင်းကနေ ဒရုန်း၊ ဂျက်တို့နဲ့ လှမ်းပစ်ခတ်မှုတွေကိုသာ လုပ်နေပါတယ်။” ပုံစာ- အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့အာရက္ခစစ်သည်တော်တွေ။ ကျောက်ဖြူ စစ်ရေးသတင်းအပြည့်အစုံ အောက်ပါလင့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်>>> https://burmese.narinjara.com/news/detail/690628498fe3fedca432c8be —- ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://burmese.narinjara.com/pages/donate-us ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

    ကျောက်ဖြူတိုက်ပွဲတွင် မြန်မာစစ်တပ်က ကြည်း၊ ရေ၊ လေသုံးပြီး AA ကို အပြင်းအထန် ထိုးစစ်ဆင်နေသော်လည်း အကျဆုံးများ၍ ရှေ့မတိုးနိုင်ဖြစ်နေ

    (သိုင်းချောင်းကိုထပ်မံ ထိုးစစ်ဆင်လာသောစစ်ကြောင်းအလောင်းတောင် မကောက်နိုင်ဘဲ ထပ်မံထွက်ပြေးရ)

    နိရဉ္စရာ၊ နိုဝင်ဘာ ၁ / ၂၀၂၅

    ကျောက်ဖြူမြို့နယ်မှ အာရက္ခတပ်တော်ထိန်းချုပ်ထားသော နေရာများကို ကြည်း၊ ရေ၊ လေပေါင်းပြီး အကြမ်းဖက်စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေသော်လည်း အကျအဆုံးများသဖြင့် ရှေ့သို့ မတိုးနိုင်ဖြစ်နေကာ လက်ရှိ ထိုးစစ်ကို အင်နှင့်အားနှင့် ဆက်လက်အကောင်အထည်အဖော်နိုင်ဘဲ ဖြစ်နေသည်ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ခုက နိရဉ္စရာကို ပြောသည်။

    “ စစ်တပ်က ကျောက်ဖြူမှာအေအေ ထိန်းချုပ်ထားတဲ့ နေရာတွေကို ပြန်လည်ရရှိနိုင်ဖို့ ကြည်း၊ ရေ၊ လေပူးပေါင်းပြီးစကုန်ထိုးစစ်ဆင်တိုက်ခိုက်နေတာ။ နောက်ဆုံးပေါ်စစ်လက်နက် ပစ္စည်းတွေနဲ့ ရေကြောင်းကရော၊ လေကြောင်းကရော ပူးပေါင်းတိုက်တာ။ မြေပြင်ကဆိုရင်လည်း ဒရုန်းတွေ လွှတ်ပြီးတိုက်သလို ဒုံးကျည်တွေနဲ့ပါ ချတာ။ ဒါပေမယ့် အေအေကလည်း အပြောင်မြောက်ဆုံးနဲ့ အကောင်းဆုံး ခုခံတိုက်တာ။ လက်တွေ့ တကယ်မြေပြင်မှာ စစ်တပ်က အကျဆုံးအရမ်းများတော့စစ်တပ်က ထင်သလောက် တိုးမပေါက်နိုင်ဖြစ်နေတယ်။ လက်ရှိ အချိန်မှာတော့ ထိုးစစ်ကိုဆက်လက်မဖော်ဆောင်နိုင်ဘဲ လေကြောင်းကနေ ဒရုန်း၊ ဂျက်တို့နဲ့လှမ်းပစ်ခတ်မှုတွေကိုသာ လုပ်နေပါတယ်။”

    အောက်တိုဘာ ၃၀ ရက် ညနေပိုင်းက ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်ဘွေကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းသည် စစ်တပ်က အကျအဆုံးများနေ၍ အငြိုးအတေးဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

    အဆိုပါတိုက်ခိုက်မှုအတွင်း အမျိုးသမီးအပါအဝင် ၆ ဦးသေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရရှိသွားခဲ့သည်ဟု AA က သတင်းထုတ်ပြန်ထားသည်။

    အောက်တိုဘာ ၃၁ ရက်နေ့ကလည်း AA ထိန်းချုပ်ထားသည့် ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းကျေးရွာကို အင်အား ၁၀၀ ကျော်ဖြင့် နောက်ထပ်တဖန်စစ်ကြောင်းထိုးတက်လာသည့်စစ်ကြောင်းသည် ဇိုင်ချောင်းကျေးရွာအကျော်တွင်အပြတ်အသတ် ချေမှုန်းခံလိုက်ရသည်ဟု ၎င်းက ပြောသည်။

    ၎င်းစစ်ကြောင်းသည် ရဲတပ်ရင်း (၃၂) မှထုတ်နုတ်အင်အား ၁၀၀ ကျော်ဖြင့် ဇိုင်ချောင်းကျေးရွာကိုကျော်ပြီး သိုင်းချောင်းဖက်သို့ထိုးစစ်တက်လာရာကာ လမ်းတစ်လျှောက်တွင် အသင့်စောင်းဆိုင်းနေသည့် အာရက္ခတပ်တော်ကဆီးကြိုတိုက်ခိုက်ရာ စစ်သားအများအပြား ချေမှုန်းခံလိုက်ရသည်ဟု ဆိုသည်။

    “သောကြာနေ့ နေ့လယ်ပိုင်းက ဇိုင်ချောင်းကိုကျော်ပြီး ထိုးစစ်တက်လာတဲ့စစ်ကောင်စီတွေကို ကားလမ်းတစ်လျှောက်အသင့်စောင့်ပြီး AA က ပြောက်ကျားစနစ်နဲ့တိုက်တာ။ အလောင်းတောင်မကောက်ခဲ့နိုင်ဘူး။ စစ်တပ်က နောက်ဆုတ် ထွက်ပြေးရတယ်”ဟု ပြောသည်။

    ၎င်းနှစ်ဖက်တိုက်ပွဲမှာ ၁ နာရီခန့်ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီးနောက် စစ်တပ်ကအကျဆုံးများကာ စစ်တော-ဇင်ချောင်း-ကျောက်ဖြူလေးခွဆုံထိ အလောင်းများချန်ထားခဲ့ကာထွက်ပြေးသွားကြသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

    ထိုသို့ အကျဆုံးများခဲ့သည့်အတွက် အကြမ်းဖက်မြန်မာလေတပ်ကတိုက်ပွဲဖြစ်ပွားခဲ့ရသည့် သိုင်းချောင်းအနီးပတ်ဝန်းကျင်ကိုဂျက်လေယာဉ်ဖြင့်လာရောက်ဗုံးကြဲသွားသည်ဟု သိရသည်။

    စစ်တပ်သည် သိုင်းချောင်း၊ ချောင်းဝ တို့ကိုမကြာမကြာထိုးစစ်ဆင်နေသော်လည်း အောင်မြင်မှုမရသည့်အပြင် အကျဆုံးများပြီး နောက်ဆုတ်နေရသည်ဟု တစ်ခြား စစ်ရှောင်နေရသည့် ဒေသခံ တစ်ဦးကလည်း ပြောဆိုသည်။

    “ချောင်းဝနှင့် သိုင်းချောင်းဖက်ကိုစစ်တပ်က လက်နက်ကြီးပစ်ကူ၊ ဒရုန်းပစ်ကူ၊ နေဗီ ပစ်ကတွေနဲ့ စစ်ကြောင်း ထိုးတက်တယ်။ ဒါပေမယ့် သူတို့ရည်ရွယ်ထားတဲ့ နေရာကို မရောက်ဘူးအကျဆုံးများနဲ့နောက်ဆုတ်နေရတယ်။ သူတို့(စစ်တပ်)က အဓိကအဲဒီလေးခွဆုံနေရာကို ယူထားပြီး ထိုးစစ်ဆင်နေတာပါ။ အနီးအနားကျေးရွာတွေကိုလည်း ဒရုန်းနဲ့ ဗုံးချတယ်။ လက်နက်ကြီးနဲ့ ပစ်တယ်။ လေယာဉ်က ဗုံးလာကြဲတယ်။ ရွာတွေကလူတွေ အကုန်ထွက်ပြေးနေကြရတယ်”ဟုပြောသည်။

    လက်ရှိတွင်အာရက္ခတပ်တော်၏ စစ်ရေးဗျူဟာမှာ ပြောင်းလဲသွားပြီး စစ်တပ်ကို သတ်ကွင်းထဲသို့ မျှားခေါ်ကာ သူတို့ အကွက်ထဲသို့ ဝင်လာလျှင် အပိုင်တိုက်ခိုက်ရာမှ စစ်သားများ အသေအဆုံး များပြားနေခြင်း ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

  • ဇွန်းတစ်ချောင်းဖြင့် စစ်ကြောရေး ငရဲခန်းသံတိုင်တို့ကို ဖောက်ထွက်ခဲ့သည့် UG ရဲဘော်

    နာမည်ကျော် စစ်ထောက်လှမ်းရေးစခန်းတွင် ၇ ရက်ကြာ ချုပ်နှောင်နှိပ်စက်ခံခဲ့ရသူတစ်ဦးက အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်လာသည့် အတွေ့အကြုံကို ပြောပြထားသည်။

    ဇွန်းတစ်ချောင်းဖြင့် စစ်ကြောရေး ငရဲခန်းသံတိုင်တို့ကို ဖောက်ထွက်ခဲ့သည့် UG ရဲဘော်
    နာမည်ကျော် စစ်ထောက်လှမ်းရေးစခန်းတွင် ၇ ရက်ကြာ ချုပ်နှောင်နှိပ်စက်ခံခဲ့ရသူတစ်ဦးက အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်လာသည့် အတွေ့အကြုံကို ပြောပြထားသည်။

    အာဏာရှင်အဆက်ဆက်တို့သည် ဆန့်ကျင်တော်လှန်ကြသူများကို ဖမ်းဆီးပြီး စစ်ကြောရေးစခန်းများတွင် ချုပ်နှောင်ကာ သေခြင်းတရားနှင့် အနီးစပ်ဆုံးနေရာဆီသို့တွန်းပို့ နှိပ်စက်ခဲ့ကြသည်။ ထိုငရဲခန်းများမှ အကောင်းပကတိ ပြန်လည်ထွက်လာနိုင်သော ရာခိုင်နှုန်း အလွန်နည်းသည်။

    စစ်အာဏာရှင် လက်ဝေခံများ၏ နှိပ်စက်မှုကြောင့် ခန္ဓာကိုယ်တွင် သေရာပါဒဏ်ရာများ၊ မနောစိတ်တွင် သေသည်အထိ စွဲမြဲသွားစေနိုင်သည့် ဒဏ်ချက်များကြောင့် ထိုစစ်ကြောရေးစခန်း လူလုပ်ငရဲခန်းများသည် နာမည်ဆိုးဖြင့် ကျော်ကြားသည်။

    နိုင်ငံတဝန်းရှိ ငရဲခန်းများအနက် ရန်ကုန်၊ မရမ်းကုန်းမြို့နယ်ရှိ ကိုးမိုင် စစ်ကြောရေးစခန်းလည်း ပါဝင်သည်။ ထိုငရဲခန်းတွင် ခုနစ်ရက်တာ နေခဲ့ရပြီး ရန်သူ၏လက်မှ ရှားရှားပါးပါး လွတ်မြောက်လာခဲ့သည့် တော်လှန်ရေးရဲဘော်မှာ ကိုနေရိပ် ဖြစ်သည်။

    ယခုမူ လွတ်မြောက်နယ်မြေ တစ်နေရာရှိ သစ်ပင်များအုံ့ဆိုင်းနေသော တောအုပ်အတွင်း ဝါးတဲငယ်များကြား သစ်ငုတ်တိုတစ်ခုပေါ်တွင် အသက် ၃၁ နှစ် ရှိပြီဖြစ်သော ကိုနေရိပ် ထိုင်နေသည်။ လွန်ခဲ့သော သုံးနှစ်က ကြုံတွေ့ခဲ့ရသည့် တစ်သက်မမေ့နိုင်သော နေ့ရက်များ၊ အချုပ်ခန်းကို သတ္တုဇွန်း တစ်ချောင်းတည်းဖြင့် ဖောက်ထွက်ခဲ့ပုံတို့အကြောင်း အသေးစိတ် ပြန်ပြောပြနေသည်။

    ဖော်ရွေတတ်ပြီး အသားဖြူဖြူ၊ အပြုံးမျက်နှာနှင့် ကိုနေရိပ်သည် ထိုအတွေ့အကြုံများကို ပြန်ပြောနေစဉ် သူ၏မျက်လုံးများက ကြမ်းတမ်းသည့် အတွေ့အကြုံများနှင့် ခက်ခဲသည့် နေ့ရက်များကို ဖြတ်သန်းခဲ့ရကြောင်း သက်သေပြနေသည်။

    စစ်တပ်ထောက်ခံသူများသည့် ဖျာပုံမြေမှ တော်လှန်ရေးမီးခဲ

    စစ်တပ်အားပေးထောက်ခံသူ များပြားသည်ဟု နာမည်ကြီးသည့် ဧရာဝတီတိုင်း ဖျာပုံမြို့နယ်သည် ကိုနေရိပ်၏ ဇာတိဖြစ်သည်။ ၂၀၂၁ စစ်တပ်အာဏာမသိမ်းမီ ဖျာပုံတွင် သူတို့မိသားစုက တစ်နိုင်တစ်ပိုင် အသားတိုးကြက်မွေးမြူရေးနှင့် နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်သည့် အလုပ် လုပ်ကိုင်သည်။

    မွေးချင်း လေးယောက်တွင် အငယ်ဆုံးဖြစ်သော ကိုနေရိပ်သည် မိခင်ဖြစ်သူ ပါတီဝင်အဖြစ် လုပ်ကိုင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ လှုပ်ရှားမှုများကို ဆယ်ကျော်သက်ဘဝကတည်းက ရင်းနှီးခဲ့သည်။

    စစ်တပ်အာဏာသိမ်းသောအခါ သူလည်း ဖျာပုံမြို့ပေါ်တွင် ပြုလုပ်သော အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြပွဲတွင် အများနည်းတူပါဝင်ခဲ့သည်၊ စစ်တပ်က အကြမ်းဖက်ဖြိုခွင်းသောအခါ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၂ နယ်မြေသို့သွားပြီး စစ်သင်တန်းတက်လေသည်။

    သင်တန်းအပြီး ရန်ကုန်မြို့သို့ ပြောင်းပြီး မြို့ပြအခြေစိုက်ပြောက်ကျား (Urban Guerilla – UG) အဖြစ် စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်။

    “တဖြည်းဖြည်းနဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေက ပိုဆိုးလာတယ်။ တောခိုတဲ့ လူငယ်တွေလည်း များလာတယ်။ အဲဒီအချိန်မှာ ဘာကို အနီးစပ်ဆုံးလုပ်နိုင်သလဲဆိုတော့ မြို့ပြ UG ပေါ့။ မြို့ပြ UG ကို ထိထိရောက်ရောက်လုပ်နိုင်မယ်ထင်လို့ ဒီလမ်းကိုရွေးခဲ့တာ” ဟု သူက ပြောသည်။

    သူက အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ Special Task Force (အထူးတပ်ဖွဲ့) လက်အောက်တွင် မြို့ပြပြောက်ကျားအဖြစ် ၁၃ လ ကြာ တာဝန်ထမ်းခဲ့သည်။

    သူအထူးပြုလုပ်သည်မှာ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲနိုင်သည့် မိုင်းနှင့် ဗုံးများ ထုတ်လုပ်ခြင်းဖြစ် သည်။ “ပျံလွှားအောင်စစ်ဆင်ရေး”၊ “နန်းထိုက်အောင်စစ်ဆင်ရေး” စသည်တို့တွင် ပါဝင်ခဲ့သည်။

    လွတ်မြောက်ခြင်းနှင့် အဖမ်းခံရခြင်း

    ၂၀၂၂ ခုနှစ် ဧပြီလတွင် အဖမ်းခံရမည့် အန္တရာယ်နှင့် ကိုနေရိပ် ပထမဆုံးကြုံရသည်။ ကားငှားစီးစဉ် ယာဉ်မောင်းက သူ့ကို တော်လှန်ရေး ရဲဘော်တစ်ဦးဖြစ်ကြောင်း သံသယ ရှိသွားပြီး စစ်တပ်ထံ သတင်းပို့ရာမှ နောက်ယောင်ခံ လိုက်ခံရမှုကြောင့် လွတ်မြောက်အောင် ကြိုးပမ်းခဲ့ရသည်ဟု သူက ဆိုသည်။

    “တော်တော်လေးကို အမှတ်ရစရာကောင်းပါတယ်။ ကားတွေအများကြီးနဲ့လိုက်တာ၊ အဲဒီအချိန်မှာ မှတ်ပုံတင်အတုတွေ ကိုင်ထားတာရှိတယ်။ အဲဒါတွေလွှင့်ပစ်၊ ကိုယ်လွယ်ထားတဲ့အိတ်ကို လွှင့်ပစ်။ အရေးကြီးတာက ဖုန်းနဲ့ပိုက်ဆံအိတ်ဆိုတော့ ပိုက်ဆံအိတ်ကြားထဲမှာ ဖုန်းကိုညှပ်ပြီးတော့ ပြေးခဲ့ရတာပေါ့” ဟု ၎င်းက ဆိုသည်။

    တက္ကသိုလ်ရိပ်သာလမ်း ရေမြောင်းအတွင်း တစ်ညပုန်းအောင်း၍ နောက်ယောင်ခံ လိုက်သူများကို ခြေရာဖျောက်ပြီးနောက် ရန်ကုန်မြို့မှ ခေတ္တတိမ်းရှောင်ခဲ့ရသည်။

    ၂၀၂၂ ခုနှစ် ဩဂုတ်လဆန်းတွင် သူက ကိုယ်တိုင်ထုတ်လုပ်ထားသည့် လက်ပစ်ဗုံး နှစ်လုံးကို မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့ထံပေးရန် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် မီးခွက်ဈေးမှတ်တိုင်၌ ရောက်ရှိနေခဲ့သည်။ ထိုအချိန်တွင် အရပ်ဝတ် အမျိုးသားများ ရောက်လာပြီး လက်ထိပ်ခတ်၊ ခေါင်းကို အိတ်စွပ်ကာ Toyota ProBox ကားပေါ်တင်၍ ဖမ်းဆီးသွားတော့သည်။“စောင့်နေတဲ့အချိန်မှာ ပထမဆုံး ဘတ်စ်ကားတစ်စီးနဲ့ ပိတ်လိုက်တယ်။ ဘတ်စ်ကားပေါ်မှာ လူမပါဘူး။ ၃၉ ဘတ်စ်ကားဖြစ်မယ်ထင်တယ်။ ၃၉ နဲ့ပိတ်ပြီး ProBox တစ်စီးနဲ့ဝင်လာပြီး ကျွန်တော်က လာယူမယ့်သူကို ကျွန်တော်ရောက်နေတဲ့ နေရာပြောဖို့ ဖုန်းကိုကြည့်နေတဲ့အချိန်မှာပဲ လက်ထိပ်ဝင်ခတ်သွားတာ” ဟု ကိုနေရိပ်က ပြောသည်။

    ငရဲခန်းသို့ ခရီးကြမ်း

    ကိုနေရိပ် ကားပေါ်ရောက်သည်နှင့် အာဏာသိမ်းတပ်၏လက်ပါးစေတို့၏ နှိပ်စက်မှု ချက်ချင်းအစပြုလေသည်။ ဦးခေါင်း၊ ဒူးခေါင်း၊ ခြေသလုံး၊ လက်ဆစ်များကို တုတ်ဖြင့်ရိုက်ကြသလို မေးခွန်းများလည်း အဆက်မပြတ်မေးကြသည်၊ လက်လုပ်မိုင်းများ ထုတ်လုပ်သည့် တည်နေရာကိုမေးပြီး ထိုနေရာသို့ ဦးစွာ သွားကြသည်။

    “စစ်ကြောရေးမရောက်ခင် တစ်ခါတည်းလိုက်ပြခိုင်းတာ။ လိုက်ပြပြီးတော့မှ စစ်ကြောရေးကို ပထမဆုံးအကြိမ် ရောက်သွားတယ်” ဟု ကိုနေရိပ်က ဆိုသည်။

    စစ်တပ်စစ်ကြောရေးစခန်းသို့ ရောက်သောအခါ ထပ်မံမေးမြန်းစစ်ဆေးပြီးနောက် သူပြသခဲ့သည့်နေရာသို့ ထပ်မံသွားကြည့်ကြပြန်သည်ဟု သူကဆိုသည်။

    သို့သော် ကိုနေရိပ်သည် ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း မိုင်းအမှန်တကယ် ထုတ်လုပ်သည့်နေရာ မပြဘဲ အဖမ်းခံရပါက ပြသနိုင်ရန် ဖန်တီးထားသည့်နေရာကိုသာ ပြသခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မိုင်းနှင့် ဖောက်ခွဲရေး ပစ္စည်းများမတွေ့ရသည့် စစ်သားများ ဒေါသထွက်ပြီး ကိုနေရိပ်ကို ထပ်မံနှိပ်စက်ခဲ့ကြသည်။

    “ကျွန်တော့် ခေါင်းကို ဆွဲပြီး ဓာတ်လှေကားနံရံနဲ့ ဆောင့်တာတို့၊ စတီးပေတံနဲ့ ရိုက်တာတို့ လုပ်တယ်” ဟု ကိုနေရိပ်က ပြောသည်။ ကိုနေရိပ်သည် ပထမတွင် လမ်းမှားပြသခဲ့သော်လည်း ဒေါသထွက်လာသော ရန်သူ၏ နှိပ်စက်မှုဒဏ်ကို မခံနိုင်တော့ဘဲ မိုင်းအလုံး ၃၀ ခန့် ထုတ်လုပ်နိုင်သည့် ပစ္စည်းများရှိသည့် နေရာမှန်ကို ထုတ်ပြောလိုက်ရသည်။

    မရမ်းကုန်းမြို့နယ်၊ ကိုးမိုင်စစ်ကြောရေးစခန်းတွင် ၇ ရက်ကြာခဲ့သည်။ ထိုစခန်းသည် ဧက ၃၀၀ ခန့် ကျယ်ပြီး အနောက်ဘက်တွင် ပြည်လမ်း၊ မြောက်ဘက်တွင် ဥက္ကလာလမ်း၊ အရှေ့မြောက်ဘက်တွင် ရေဒီယိုစတေရှင်လမ်း၊ အရှေ့ဘက်တွင် သုခလမ်း၊ တောင်ဘက်တွင် မစိုးရိမ်လမ်းတို့ရှိသည်။

    ဇွန်းတစ်ချောင်းကကူညီသည့် လွတ်မြောက်ခြင်းစွမ်းအား

    အခန်းထဲရှိ ကျောက်ခဲတစ်လုံးဖြင့် အချုပ်ခန်း သံတိုင်အောက်ခြေရှိ သစ်သားကို ရည်ရွယ်ချက်မရှိဘဲ ထိုးဆွကြည့်ရာ သစ်သားစပဲ့ထွက်လာသည်ကို တွေ့လိုက်ရသည်။ ဤသည်မှာ သူ၏ ကံကြမ္မာကို အပြောင်းအလဲဖြစ်စေမည့် အချက်ပြမီးပင်ဖြစ်သည်။

    ထိုနေရာကို အချုပ်ခန်းစောင့် မသိသာစေရန် ဂရုတစိုက် ပြန်ဖုံးလိုက်ပြီး အချုပ်ခန်းကို စနစ်တကျ ဖောက်ရန် ကိုနေရိပ်ဆုံးဖြတ်လိုက်သည်။ ထို့နောက် အချုပ်ခန်း အပြင်ထုတ်ချိန်တွင် သတ္တု ထမင်းစားဇွန်း တစ်ချောင်းအား ယူထားလိုက်ပြီး ဇွန်းကိုသွေး၍ အချုပ်ခန်းသံတိုင်အောက်ခြေ သစ်သားကို တိတ်တဆိတ်ဖောက်သည်။

    “ဇွန်းက စတီးဇွန်းအပါးသားဆိုတော့ ဇွန်းဖင်ကို အံသွားနဲ့ပဲ ကိုက်လိုက်တယ်။ ပြားသွားတဲ့နေရာကို သံမံတလင်းနဲ့ ပွတ်တိုက်လိုက်တဲ့အခါ အရမ်းထက်သွားတယ်။ အဲဒီမှာ အရင်ထက် ငါးဆ၊ ခြောက်ဆလောက်ကို တာသွားတော့တာ။ ပြီးတော့မှ ဒေါင်လိုက်ထိုးလိုက်၊ အပြားလိုက်ထိုးလိုက်နဲ့ သစ်သားကို ဖြတ်တာ” ဟု သူက ပြောသည်။

    သစ်သားဆွေးနေခြင်းသည် ကိုနေရိပ်အတွက် ကံကြမ္မာ၏ မျက်နှာသာပေးမှုတစ်ခုလည်းဖြစ်သည်။ နေ့ခင်းဘက်တွင် အချုပ်ခန်းစောင့်ပေးထားသည့် သောက်ရေဖြင့် သစ်သားပွစေရန် ရေလောင်းထားလိုက်သည်။

    “သံတိုင်စွပ်ထားတဲ့နေရာတွေမှာ ရေအပြည့်လိုက်ဖြည့်တယ်။ သစ်သားအပေါက်ထဲမှာ သံတိုင် စွပ်ထားတာ။ တံခါးတစ်ခုလုံးက သံတိုင်ချည်းပဲ မဟုတ်ဘူး။ အဲဒီအောက်ခြေပိုင်းမှာ ရေလိုက်ထည့်ပြီး နူးထားတာပေါ့” ဟု သူက ပြောသည်။

    ဩဂုတ်လ ၁၀ ရက်နေ့၊ ည ၁၁ နာရီ။ မီးပျက်နေပြီး မီးစက်သံ ဆူညံနေချိန်။ ကိုနေရိပ်သည် သစ်သားစများကို ဇွန်းဖြင့် ဖယ်ရှားလိုက်သည်။ ထို့နောက် သံတိုင်များကို ပတ်တီးစဖြင့် ဘေးသို့ဆွဲကားလိုက်ရာ လူတစ်ကိုယ်စာထွက်နိုင်သည့် အနေအထား ဖြစ်လာသည်။ ထိုသံတိုင်များကြားမှပင် အချုပ်ခန်းအပြင်ဘက်သို့ ထွက်နိုင်ခဲ့သည်။ ပျော်လွန်း၍ ကခုန်မိသည်အထိ ဖြစ်ခဲ့ရကြောင်း သူက ပြောပြသည်။

    ငရဲခန်းမှ လွတ်မြောက်ခြင်းနှင့် နောက်ဆုံးခက်ခဲမှု

    အချုပ်ခန်းထဲမှ ထွက်လာနိုင်သော်လည်း အဆောင်ထဲမှာပင် သူရှိနေသေးသည်၊ ထို့နောက် အချုပ်ဆောင် ခေါင်မိုးပေါ်တက်၍ လွတ်လမ်းရှာသော်လည်း ချက်ချင်း မတွေ့။

    “လူကလည်း ဇောချွေးတအားပြန်နေပြီ။ မျက်နှာကြက်ပေါ်မှာပဲ ဘာလုပ်ရမလဲဆိုတာ စဉ်းစားတာ။ ဒီအခြေအနေနဲ့မိရင်သေမှာ။ အထဲကိုပြန်ဝင်ပြီး မသိမသာနေလိုက်ရင် ကောင်းမလားလို့စဉ်းစားတယ်” ဟု ကိုနေရိပ်က ပြောသည်။

    ထိုစဉ် မိုးရွာလာပြီး အုတ်ကြွပ်မိုး တစ်ပေခန့်အက်ကြောင်းမှ မိုးရေစက်များ ယိုစိမ့်ကျလာသည်ကို တွေ့ရသည်။ ထိုအပေါက်ကို အားကုန်တွန်းဖောက်ပြီး ထွက်လမ်းရှာဖွေနိုင်မည်ဟု သူတွေးလိုက်သည်။

    “မီးစက်က နှိုးထားတယ်။ အဲဒီအချိန်မှာ ဆောင့်ကြောင့်ထိုင်တယ်။ ခေါင်းပေါ်ကို လက်နှစ်ဖက်တင်တယ်။ ခါးဆန့်ပြီးတွန်းတင်တယ်။ အသံအကျယ်ကြီး သုံးချက်မြည်တယ်။ ဝုန်း ဝုန်း ဝုန်း ဆိုပြီး ပွင့်သွားတာ။ ပွင့်သွားတဲ့အချိန် တအားဝမ်းသာသွားတယ်။ အပေါက်က တစ်ကိုယ်စာလေးပဲ” ဟု ကိုနေရိပ်က စိတ်လှုပ်ရှားတက်ကြွစွာ ပြောပြသည်။

    ခေါင်မိုးပေါ်မှ ရေစင်လှေကားအတိုင်း အချုပ်ဆောင်အပြင်သို့ ဆင်းသက်နိုင်ခဲ့သည်။

    စစ်ကြောရေး အချုပ်ဆောင်အပြင်သို့ရောက်အောင် ဖောက်ထွက်လာနိုင်သော်လည်း အပြည့်အဝ လွတ်ပြီဟုမဆိုနိုင်ပေ။ ဖမ်းဆီးထားစဉ် ထွက်ပြေးသူများကို သားကောင်သဖွယ် လိုက်ဖမ်းတတ်သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် လက်မရွံ့ ပါးကွက်သားများလက်မှ လွတ်ရန် ကြိုးပမ်းရပေဦးမည်။

    စစ်ကြောရေးစခန်း၏ အရှေ့ဘက် မရမ်းကုန်း (၅) ရပ်ကွက်ဘက်မှတစ်ဆင့် သဗ္ဗညုပုထိုးတော်ကြီး ရှိရာ မြောက်ဥက္ကလာပ မြို့နယ်ဘက်သို့ ဦးတည်ထွက်ပြေးခဲ့သည်။ အချုပ်ဆောင်အတွင်းမှ ထွက်ပြေးလာပြီးနောက် ရေကန် သုံးကန်ကို ကူးဖြတ်၍ သုံးမိုင်ကျော်ခန့် ခပ်သုတ်သုတ်လျှောက်ခဲ့ရကြောင်း ကိုနေရိပ်က ဆိုသည်။

    လက်ပစ်ကူးခဲ့ရသည့် ပထမရေကန်သည် ပေ ၂၀၀ ခန့် ကျယ်ပြီး ဒုတိယ ရေကန်သည် ပေ ၆၀၀ ခန့် ကျယ်သည်။ ဒုတိယရေကန်ကိုကူးချိန်တွင် တွေ့ရသည့် ဖော့ပြာအဟောင်းတစ်ချပ်ကို သုံးပြီး ကူးခပ်ခဲ့ရသည်။

    “ဘယ်နေရာရောက်နေမှန်းတော့မသိဘူး။ ကျွန်တော်သွားတဲ့အချိန် ပဋ္ဌာန်းရွတ်သံကြားရတယ်။ ပဋ္ဌာန်းသံထွက်လာတဲ့ ဘက်ကိုပဲ ဦးတည်ပြီးသွားတယ်”ဟု သူက ပြောပြသည်။

    လမ်းတွင် ခွေးသုံးကောင်နှင့် တွေ့သော်လည်း ခွေးများ မဟောင်ဘဲ နေခဲ့ခြင်းကလည်း သူ၏ ကံကောင်းခြင်းဖြစ်သည်။ ကိုနေရိပ်သည် သဗ္ဗညုပုထိုးတော်ကြီးရှိရာ သုခလမ်းကို ဖြတ်ပြီး ရေဒီယိုစတေရှင်လမ်းပေါ်သို့ တက်သည်။ ထို့နောက် ရထားလမ်းအတိုင်း ဦးတည်လမ်းလျှောက်လာရာ မရမ်းကုန်း (၅) ရပ်ကွက်သို့ရောက်သည်။ ထိုမှတစ်ဆင့် YBS- 64 ကားတက်စီး၍ ထွက်ပြေးရန် စီစဉ်သည်။ သို့သော် ကားခ မရှိ။

    ပထမဦးစွာ နံနက်ခင်း ဆိုင်ဖွင့်ရန် ပြင်နေသည့် ထမင်းကြော်ဆိုင်တစ်ခုထံ ဝင်ရောက်တောင်းရမ်းခဲ့ရာ ဆိုင်ရှင်အမျိုးသမီးက မောင်းထုတ်ခဲ့ကြောင်း ကိုနေရိပ်က ပြောပြသည်။

    “ကျွန်တော် အခက်အခဲဖြစ်နေလို့ ကျွန်တော့်ကို ငွေကြေးနည်းနည်းလောက် ကူညီပါလို့ ပြောတဲ့အချိန်မှာ ကျွန်တော့်ကို ပြန်ပြောတဲ့စကားက ‘ဘာတွေလာပြောနေတာလဲ။ ဒီမှာ ဈေးရောင်းမကောင်းတဲ့ကြားက မရှိဘူး … သွား’ ဆိုတာပဲ။ အဲဒီအချိန်က ဝမ်းအနည်းဆုံးအချိန်ပဲ” ဟု သူက ပြောသည်။

    ဒုတိယအကြိမ် ဝင်တောင်းသည့် ကွမ်းယာဆိုင်မှ အမျိုးသမီးတစ်ဦးကမူ ငွေ ၂၀၀ ပေးသည်။ သို့သော်လည်း ကားခ ပေးနိုင်ရန် ၁၀၀ လိုနေသေးသည်။ ထိုအချိန်တွင် တွေ့ရသည့် လူတစ်ယောက်ကို သူက PDF ရဲဘော်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြပြီး ကားခတောင်းရာ ငွေ ၁၅၀ နှင့် နှာခေါင်းစည်းတစ်ခု ရခဲ့သည်။ ထို့နောက် နှာခေါင်းစည်းတပ်၊ ဘတ်စ်ကားစီး၍ ချိတ်ဆက်ရမည့်သူထံ ဖုန်းဆက်ပြီး ငရဲခန်းမှ ပို၍ဝေးရာသို့ ထွက်ခွာနိုင်ခဲ့သည်။

    အာဏာသိမ်းစစ်တပ်က ဖမ်းဆီးနှိပ်စက်လျှင် သေဆုံးခြင်း သို့မဟုတ် ထောင်ချခံရခြင်းနှင့် အဆုံးသတ်နေသည့် ကာလတွင် သူ၏ လွတ်မြောက်လာမှုမှာ ရှားပါးဖြစ်ရပ် ဖြစ်နေသည်။

    ယုံကြည်မှုနှင့် ရှေ့ဆက်မည့်ခရီး

    လွတ်မြောက်လာပြီး ရှစ်ရက်အကြာတွင် KNU တပ်မဟာ (၆) နယ်မြေရှိ PDF တပ်ဖွဲ့ဝင်များထံ ကိုနေရိပ် ရောက်ရှိသည်။ သို့သော် ချက်ချင်း လွတ်လပ်ခွင့် မရသေး။ သူ့ကို သံသယဖြင့် ကာလတစ်ခုကြာ စောင့်ကြည့်ခြင်း ခံရသည်။

    “သံသယဒဏ်ခံရမယ်ဆိုတာ သိပြီးသား၊ ဒါပေမဲ့ ကိုယ်က မှန်မှန်ကန်ကန် ဖြတ်ကျော်လာသူဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ အဆင်မပြေဘူး” ဟု သူက ဆိုသည်။

    နောက်ဆုံးတွင် သူ၏ ရိုးသားမှုကို ယုံကြည်ပြီး PDF တပ်ဖွဲ့ဝင်များက လက်ခံခဲ့သည်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်ဆင်ရေးနယ်မြေအမှတ် (၂) တွင် အကျုံးဝင်သည့် ပဲခူးတိုင်း၌ အခြေစိုက်သော ၃၇၀၂ တပ်ရင်း၏ တပ်ခွဲ (၄) တွင် တာဝန်ထမ်းဆောင်နေသည်။

    ကိုနေရိပ်တို့အဖွဲ့ကို Project Home အဖွဲ့ဟု တော်လှန်ရေးတပ်အသိုင်းအဝိုင်းက သိကြသည်။ သူက အဖွဲ့၏ ထုတ်လုပ်ရေးကဏ္ဍတွင် ဦးဆောင်လုပ်ကိုင်နေသူတစ်ဦး ဖြစ်သည်။ သူတို့က တော်လှန်ရေးတပ်များ လိုအပ်သည့် ရှေ့ထွက်မိုင်းများ၊ Drop Bomb (ဒရုန်းဗုံးသီး)၏ ထိပ်တွင် တပ်ဆင်ရသည့် ထိကွဲစနစ်ပါ လက်နက်ပစ္စည်းများသာမက ကျောပိုးအိတ်၊ ပုခက်၊ ကျည်ကာအင်္ကျီ၊ သေနတ်လွယ်ကြိုးနှင့် ကျည်ထည့်သည့်အိတ်များ ထုတ်လုပ်နေသည်။

    စစ်ကြောရေးငရဲခန်း၏ သံတိုင်တပ် တံခါးကို ဇွန်းတစ်ချောင်းဖြင့် ဖြတ်တောက်ဖောက်ထွက်ခဲ့သည့် ကိုနေရိပ်သည် အချိန်ရလျှင် စစ်ကြောရေးစခန်းမှ လွတ်မြောက်ခဲ့ပုံကို စာအုပ်တစ်အုပ် ရေးသားထုတ်ဝေလိုသည်။ စာအုပ်ရောင်းရငွေကို လူတက်မောင်းနိုင်သည့် Ultralight Trike ခေါ် အပေါ့စား လေယာဉ်ငယ် တီထွင်ထုတ်လုပ်ရာတွင် အသုံးပြုရန် ရည်ရွယ်ထားသည်။

    သူ့အတွက် အာဏာသိမ်းတပ်၏အချုပ်ခန်းထဲမှ သက်စွန့်ဆံဖျားထွက်ပြေးလွတ်မြောက်လာနိုင်ခြင်းသည် တော်လှန်ရေးတာဝန်ကျေခြင်း မဟုတ်သေးပေ။

    “ကျွန်တော်တို့အတွက် ခံယူချက်က ရှင်းတယ်၊ တော်လှန်ရေးအတွက် တာဝန်ကျေတယ်ဆိုတာ … ကျွန်တော်သေရင်သေ၊ မသေရင်တော်လှန်ရေးအောင်။ အဲဒီ နှစ်ခု မပြီးမချင်း တော်လှန်ရေးမှာ ဆက်ရှိနေမယ်” ဟု ကိုနေရိပ်က ပြောလိုက်သည်။

  • ကိုရီးယားမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာကြောင့် အဆု.တ်က.င်ဆာ နောက်ဆုံးအဆင့်ရောက်ခဲ့ပြီး ၁ လပဲ အသက်ရှင်တော့မယ့် လူငယ်လေး

    ကိုရီးယားမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာကြောင့် အဆု.တ်က.င်ဆာ နောက်ဆုံးအဆင့်ရောက်ခဲ့ပြီး ၁ လပဲ အသက်ရှင်တော့မယ့် လူငယ်လေး

    ကျွန်တော့် အသက် ၂၃ နှစ်ပါကိုးရီးယားကို ၂၀၂၃ ခုနှစ် ၉ လပိုင်းမှာရောက်ခဲ့ပါတယ်။ အင်ချွန်းမှာရှိတဲ့ Geong In ကျောင်းမှာ language student အနေနဲ့ ရောက်ခဲ့ပါတယ်။

    ကျွန်တော်က မြောင်းမြဇာတိပါ။ မြန်မာပြည်ကနေလည်း ခက်ခက်ခဲခဲလာရတာမို့ ကိုးရီးယားစစရောက်တော့ ပိုက်ဆံလည်းသိပ်မပါခဲ့ဘူး ဆောင်းဆိုတော့ လိုအပ်တာဝယ်ချမ်းရတာနဲ့ ပါလာတာလေးတွေခဏလေးနဲ့ကုန်သွားတယ်။

    တနေ့အသိကခေါ်တဲ့ ထမင်းဘူးစက်ရုံမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ နေ့လည်၁၂ကနေ ညနေ ၆ အထိ ကျောင်းတက်။ ည၈ကနေ မနက်၆ အထိ ညဆိုင်းအလုပ်ဆင်းရတယ်။ တနေ့ ၃/၄ နာရီပဲ အိပ်စက်ရပါတယ်။

    ဒီစက်ရုံမှာ လူတွေကစက်ရုပ်လိုဘဲ အပြုံးအရယ်မရှိ ၊ အလုပ်တွေအချိန်မှီပြီးဆီးဖို့ ဆဲဆို အော်ဟစ်ပြီး ဖိအားပေးတဲ့သူတွေကြားထဲ ကိုယ့်အလုပ်ကိုယ်စီလုပ်နေကြတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး ကိုးရီးယားအတွေ့အကြုံပါ။ စိတ်မပျော်လည်း အားတင်းရတာပေါ့ဗျာ။ အလုပ်ပင်ပန်းတော့ သီးသန့်နေဖို့ အခန်းငှါးလိုက်ပါတယ်။

    အဲဒီအလုပ်မှာ ၃လကြာတော့ အသိတစ်ယောက်မိတ်ဆက်ပေးခြင်းနဲ့ မြန်မာစားသောက်ဆိုင်တခုမှာ အလုပ်ရခဲ့ပါတယ်။ စစလုပ်ချင်းတုန်းကတော့ စနေ တနင်္ဂနွေပဲ အလုပ်ပေးပေမယ့် နောက်တော့ဆိုင်ရှင်က အချိန်ပိုခေါ်ပေးလို့ ကျွန်တော့်ရပ်တည်းရေး နဲနဲပိုအဆင်ပြေလာခဲ့တယ်။ ကိုးရီးယားရောက်တဲ့ကာလအတွင်း အမေနဲ့မခြား ဂရုစိုက်ပေးပြီး စားချင်တာတွေ ကျွေးပေးတဲ့ မြန်မာအလုပ်ရှင်ပါ

    နောက်တော့ ကျောင်းစရိတ် ကျန်းမာရေးအာမခံ အိမ်ခန်းခတွေကြောင့် ငွေပိုလိုအပ်လာတော့ မြန်မာဆိုင်ကနေထွက်ပြီး ကိုးရီးယားနယ်ပယ်မှာ အလုပ်သစ်ရှာရတော့တယ်။ အိမ်ကနေ အသွားတစ်နာရီ အပြန်တစ်နာရီခရီးနဲ့ ကိုးရီးယားဆိုင်မှာ ပန်းကန်ဆေးအနေနဲ့ အလုပ်ရခဲ့တယ်။

    ကျောင်းတက် ကျောင်းဆင်းပြီးရင် အလုပ်တန်းပြေးရတာဗျ၊ ဆိုင်ကဧည့်သည်အရမ်းကျတယ် ပင်ပင်ပန်းပန်းလုပ်ရပါတယ်

    အိမ်ရောက်ရင် ခြေကုန်လက်ပန်းကျပြီး ပညာရေးအတွက် စာတွေမကြည့်နိုင်တော့ဘူး လူကအားမရှိ တရှောင်ရှောင်ဖြစ်လာတယ် ကျောင်းလည်းမှန်မှန်မတက်နိုင်တော့ဘူး

    ဒါကြောင့် ရပ်တည်ရေးအတွက် တလမ်းပဲရွေးဖို့ ကျောင်းထွက်ပြီး G1 ဗီဇာပြောင်းလိုက်ပါတယ်

    ဒီလိုနဲ့ အလုပ်မှေးလုပ်ရင်း … အတိုချုပ်ပြောရရင် ကျန်းမာရေးပိုထိလာခဲ့တယ် လူကချူချာလာတော့ဆေးခန်းပြလိုက် အလုပ်ပျက်လိုက်နဲ့ မှေးကုရင်း ငွေကုန် လူပင်ပန်းဖြစ်လာတယ်။ body ဝိတ်လည်းပိုပိုကျလာတယ် အလုပ်ပျက်ဖန်များလာတော့ ညိုငြင်ခံရတယ် ဆေးကုခလည်းများတော့အကြွေးတင်ခဲ့တယ် အလုပ်ကလည်းထွက်လိုက်ရတော့ ဆေးခန်းလည်း ဆက်မပြနိုင်တော့ဘူး

    အကြာကြီးအလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်။ စိတ်ဓာတ်တွေကျပြီး အခန်းအောင်းရတဲ့ရက်တွေလည်းများခဲ့တယ်။ ထမင်းလည်းငတ်ခဲ့တယ် အသိတွေခေါ်တဲ့ အချိန်ပိုင်းအလုပ်တကာဝင်လုပ်ရင်း အိမ်စရိတ် ပေးစရာတွေ ဖြေရှင်းခဲ့ရတယ်။ အကြွေးဆပ်ရတယ် အလုပ်လုပ်ပေးပြီး လစာမရတာတွေလည်းရှိခဲ့တယ် ခြေထောက်နဲ့ခိုင်း ဆဲဆိုတာတွေကြားလုပ်ခဲ့ရတယ်။

    နောက်ပိုင်း တပတ် ၅ ရက်နဲ့ အလုပ်တခုရခဲ့တယ် သူဠေးက သဘောကောင်းပြီး အလုပ်ကသက်သာခဲ့တယ် လုပ်ရင်းနဲ့ဆိုင်က စီးပွါးရေးကျလာတယ်။ ဒါကြောင့်သူဠေးကအချိန်တွေလျော့ချခဲ့တယ် ၄ လလုပ်ပြီး အဆင်မပြေတာနဲ့ အလုပ်ထွက်အသစ်ရှာရပြန်တယ်။

    ၂ပတ်အကြာမှာ အိမ်နားက အကင်ဆိုင်မှာ မီးသွေးထည့်ပေးရတဲ့အလုပ်ကိုရခဲ့တယ် အိမ်နဲ့နီးတော့ပျော်ခဲ့တယ် ဒါပေမယ့် အလုပ်က လူမျိုးခြားအမျိုးသမီးက နိုင်ငံခြားသားမြန်မာလူမျိုးဆိုပြီး နှိမ့်ချခွဲခြားဆက်ဆံခဲ့တယ် တခြားလူမျိုးတူတွေကိုချိုချိုသာသာပြောပေမယ့် ကိုယ့်အလှည့်ကျ မခြေမငံပြောတာခံခဲ့ရတယ်။

    မတော်တဆပါဆိုပြီး သံအပူချောင်းနဲ့ ပွတ်တိုက်တာကိုလည်းသည်းခံခဲ့ရတယ် ၁လပြည့်ခါနီးကျ နိုင်ငံခြားသားမို့ အဆင်မပြေပါဘူး ကိုးရီးယားလူမျိုးသာလိုချင်ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ထုတ်ခဲ့တယ် ဝမ်းနည်းရသလို ခံပြင်းခဲ့ပါတယ်။

    မိသားစုမှာ ကျွန်တော်က သားကြီးမို့ အမေနှင့် ညီမလေးဘဝရပ်တည်နိုင်ဖို့ ကျွန်တော့်တာဝန်မို့ စွမ်းသလောက်ကြိုးစားခဲ့ပါတယ်။

    အဲ့ဒီအချိန်မှာ ကျန်းမာရေးကမသိမသာဆိုးရွားနေခဲ့ပြီထင်တယ် ငွေရေးကြေးရေးကြောင့်သေချာမကုသခဲ့တော့ ပိုပြီးဆိုးလာတယ် နောက်ပိုင်း အလုပ်အတည်တကျမဟုတ်ဘဲ ကြုံရာလုပ်နေခဲ့တယ်။

    တနေ့ ကံကောင်းစွာနဲ့ ပထမဆုံးလုပ်ခဲ့တဲ့ ကိုးရီးယားဆိုင်က မန်နေဂျာကပြန်ခေါ်လို့ အလုပ်သစ်တခုရခဲ့တယ် တာဝန်ကျေပွန်စွာ လုပ်ပေးခဲ့တာကြောင့် ရာထူးတနေရာနဲ့ သူဠေးအလေးပေးခြင်းခံခဲ့ရတယ် ဆိုင်တစ်ဆိုင်လုံးရဲ့ သော့တွေပါတာဝန်ယူအပ်နှံခံရတယ် ဆိုင်က စျေးကြီးပြီး ၃ထပ်ရှိတာကြောင့် မနက်တိုင်း ၉နာရီအရောက်သွားရတယ် ညဘက်အကုန်ပြန်မှ စစ်ဆေးပြီး ၁၁ နာရီမှပြန်ခဲ့တယ်။

    ငယ်ငယ်ရွယ်ရွယ်နဲ့ တာဝန်တခုယူထားရတော့ တခြားလူမျိုးခြား လူကြီးတွေက ပြောဆိုကြတယ် အနိုင်ကျင့်ချင်ကြတယ်။ ၂လသည်းခံလုပ်ပြီးနောက်တော့ လူရောစိတ်ပါပင်ပန်းလွန်းတာကြောင့် လစာကောင်းပေမယ့် အလုပ်ထွက်ခဲ့တယ်

    အဲဒီအလုပ်ကစပြီး ခါးနာဝေဒနာစခံစားခဲ့ရတယ် အလုပ်ဒဏ်ကြောင့် အညောင်းမိတာထင်ခဲ့တယ်
    ဒီလိုနဲ့ အလုပ်သစ်ရှာနေရင်း ခါးကိုက်ဝေဒနာက ပိုပိုဆိုးလာခဲ့တယ်။

    နောက်ပိုင်း မထိုင်နိုင် မထနိုင်ဖြစ်လာတယ် ချောင်းဆိုးလာတယ် ရင်ဘတ်တွေနာကြင်တယ်
    တနေ့ မခံနိုင်တဲ့အဆုံး အရိုးအကြောဠာနမှာကုသခဲ့တယ် အလုပ်ဒဏ်ကြောင့် အရိုးပျက်စီးပြီး အရွတ်ရောင်တာပါဆ်ိုပြီး ဆရာဝန်ကပြောခဲ့တယ်။

    သက်သာလာတော့ အလုပ်လုပ်နေရင်းကနေ တနေ့ ဗိုက်အောင့်ဝေဒနာထပ်ခံစားရလာတယ် သည်းခံရင်းကနေခွေကျတဲ့ထိဖြစ်လာတော့ ညဘက်သူငယ်ချင်းအကူအညီနဲ့ ဆေးရုံပြေးခဲ့ရတယ် ဆေးရုံဘက်ကဓာတ်မှန်ရိုက်ပြီး မျက်နှာပျက်စွာနဲ့ တခြားဆေးရုံအမြန်သွားဖ်ို့ပြောခဲ့တယ်။

    ဘာသာစကားအခက်အခဲကြောင့် အကြောင်းအရင်းကိုမသိခဲ့ရဘူး ဒါကြောင့်မြန်မာက အသိဆရာဝန်ဆီချက်ခြင်းဆက်သွယ်ခဲ့တယ် သိလိုက်ရတာက အဆုတ်မှာပြသနာရှိပြီး အသက်အန္တရာယ်ရှိနေခဲ့ပြီ ဒါကြောင့် ညွှန်တဲ့ဆေးရုံကိုအမြန်တက်ခဲ့တယ် ဓာတ်မှန်ရိုက် CTရိုက်ပြီး အဖြေရှာကြတယ်

    နောက်မကြာခင်မှာ သီးသန့်အခန်းထဲထားပြီး ဘယ်သူနဲ့မှမတွေ့ရတော့ဘူး ဝေဒနာခံစားရင်း တယောက်ထဲအထီးကျန်ပြီး ကြောက်ရွံ့နေခဲ့တယ်

    နောက်ရက်မှာဆရာဝန်က အဆုတ်နာနေကြောင်း၊ အဆုတ်ပျက်စီးနေကြောင်းနဲ့ TBဖြစ်နိုင်လို့ အခန်းခွဲထားရကြောင်း ပြောပြခဲ့တယ်

    စစ်ဆေးမှုတွေလုပ်ပြီးနောက် အဖြေထွက်လာတယ်

    ဆရာဝန်က … စိတ်ခိုင်ခိုင်ထားပါ ကင်ဆာဖြစ်နေပြီ လို့ပြောပြခဲ့တယ်
    ရောဂါအဖြေသိလိုက်ရတဲ့အချ်ိန်မှာတော့ ကင်ဆာဆဲလ်တွေကတစ်ကိုယ်လုံးပျံ့နေခဲ့ပြီ ဆေးရလဒ်အရ ၁ လခန့်ပဲနေရတော့မယ် အားမပြတ်ခင် အိမ်အမြန်ပြန်သင့်တယ်တဲ့။ ဒီအဖြစ်အပျက်တွေက အိပ်မက်လိုပါပဲဗျာ

    ကျန်းမာရေးအတွက်လည်း စိတ်ပူနေရသလို ငွေကြေးစုထားတာလေးတွေလည်းကုန်ပြီမို့သူငယ်ချင်းတွေက ပို့စ်တင်ပြီးအကူညီတောင်းဖို့ ကိုဇော်မိုးအောင်ကို အကူအညီတောင်းခဲ့တယ် မြောင်းမြဆရာမအယ်နီကလည်း မမေရီနွမ်ကို ဆက်သွယ်ပေးခဲ့လို့ စိတ်အေးရပါပြီဗျာ

    ဒီနေ့ ဆေးရုံလာကြည့်သူ ၄၀ ကျော်ပါတယ် ကိုးရီးယားသူနာပြုတွေက အံ့ဩခဲ့ကြတယ်အပေါင်း အသင်းတွေ အလုပ်ရှင်ဟောင်းတွေ သိသူခင်သူတွေက ဝန်းရံအားပေးကြတယ်

    မြောင်းမြကသူငယ်ချင်းတွေ ရန်ကုန်ဆင်းပြီး ကျွန်တော့်ကိုလာကြိုဆိုကြမယ်လို့ပြောတယ်

    ဒီညက ကျွန်တော့်ရဲ့ကိုးရီးယားနောက်ဆုံးညပါ မနက်ဖြန်ဒီနိုင်ငံကိုထားခဲ့ပြီးအမိမြေပြန်ပါမယ်
    ကျန်ရှိနေတဲ့အချိန်လေးတွေမှာ မိသားစုနဲ့အတူ အိမ်လေးထဲပျော်ပျော်ပါးပါးနေချင်တယ်ဗျာ …

    ဖြစ်ပျက်လာတဲ့အခြေအနေကို လက်ခံရင်း ကျွန်တော် စိတ်ခိုင်ခိုင်ထားထားပါတယ်ဗျာ
    မေမေနဲ့ ဖုန်းပြောရင် မျက်ရည်မခိုင်ဘူးဗျ အိမ်ထောင်ရေးလမ်းခွဲထားတဲ့အဖေနဲ့အမေလည်း သားနေမကောင်းတာနဲ့ပြန်အဆင်ပြေလိုက်ကြတယ်။ ဒါ သားတို့မောင်နှမအတွက် အဆိုးထဲကအကောင်းတခုပါဗျာ

    ပြည်ပရောက်မြန်မာညီကိုမောင်နှမတွေလည်း ကျန်းမာရေး မိသားစုအရေးဂရုစိုက်ကြပါဗျာ ကျန်းမာရေး နဲ့ မိသားစုပြိုကွဲတဲ့ဒဏ်မလွယ်ဘူးဗျ အသက်ငယ်ပြီးတောင့်ခံနိုင်တိုင်း မသန်မာကြပါနဲ့
    အလုပ်လည်းလုပ် အနားယူ အဟာရရှိရှိစားပြီး ကျန်းမာရေးလည်းစစ်ဆေးကြည့်စေလိုပါတယ်

    လိုင်းပေါ်ကနေအလှူငွေပို့သူတဦးစီကိုလည်း အရမ်းလေးစားပြီး ကျေးဇူးတင်ပါတယ်ဗျာ ကိုးရီးယားဝမ် သိန်း ၁၅၀ ခန့် ဝင်လာပါပြီ တချို့ဆိုရင် Kpay နဲ့တောင်အလှူငွေပို့ကြတယ်

    ဆေးဝါးနဲ့လည်းတတ်နိုင်သလောက်ဆက်လက်ကုသရင်း မျှော်လင့်ချက်တစ်ခုနဲ့ ဖြတ်သန်းရပါတော့မယ် ကျွန်တော် ကျန်းကျန်းမာမာနေချင်ပါသေးတယ်

    အန်တီမေရီနွမ်စီကတဆင့် ကျွန်တော့်ကိုးရီးယားဘဝအကြောင်းကို ပြောပြခွင့်ရလို့ အထူးကျေးဇူးတင်ပါတယ်

    ကောင်းထက်နိုင် (ခေတ္တကိုးရီးယား)

    ဆက်လက်ဆေးကုသစရိတ်အတွက် ကူညီလိုပါက ကူညီနိုင်ပါတယ်ရှင်

    NH 농협은행 3021898882481
    KAUNG HTET NAING

    ကေပေးအကောင့်လည်း တင်ပေးပါဦးမယ်

    #KaungHtetAung
    #NewsZone

  • ဝါဒဖြန့်ဇာတ်လမ်းမှ သရုပ်ဆောင်များ ပွဲမတက်ရဲဘဲ အိမ်တွင်းအောင်း ကြောက်လန့်နေကြ

    ဝါဒဖြန့်ဇာတ်လမ်းမှ သရုပ်ဆောင်များ ပွဲမတက်ရဲဘဲ အိမ်တွင်းအောင်း ကြောက်လန့်နေကြ

    31 Oct 2025 By Naing Yarzar Min / MPA

    စစ်ကော်မရှင် အတုအယောင်ရွေးကောက်ပွဲအတွက် ဝါဒဖြန့် ဇာတ်လမ်း၌ ပါဝင်ခဲ့သည့် သရုပ်ဆောင်များ ပွဲမတက်ရဲဘဲ အိမ်တွင်းအောင်း ကြောက်လန့်နေကြကြောင်း အနုပညာအသိုင်းအ၀ိုင်းထံမှ စုံစမ်းသိရှိရသည်။

    ” ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ ” ဝါဒဖြန့် ဇာတ်လမ်းတို၌ ပါဝင် သရုပ်ဆောင်သူများထဲ၌ ပါဝင်ခဲ့သည့် နာမည်ကြီး မင်းသား နေတိုးသည် ယမန်နေ့(အောက်တိုဘာ ၃၀ရက်) ကပြုလုပ်ခဲ့သည့် ” ယောက်ျားတွေကို စိတ်ကုန်တယ် ” ရုပ်ရှင် အထူးပြပွဲသို့ တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။

    ” နေတိုး မလာဘူး။ ကျန်တဲ့ သရုပ်ဆောင်တွေ လာတယ်။ ပုံမှန်ဆို နေတိုးက ဒါမျိုးပွဲတွေ မလာဘဲ နေတဲ့သူ မဟုတ်ဘူးလေ” ဟု အဆိုပါ ရုပ်ရှင်အထူးပွဲသို့ တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။

    အလားတူ ဝါဒဖြန့် ဇာတ်လမ်းတို၌ ပါဝင်သည့် အခြား နာမည်ကြီး အမျိုးသား သရုပ်ဆောင် တစ်ဦးသည်လည်း မီဒီယာ အင်တာဗျူးများကို လက်မခံတော့ဘဲ အဆုံးစီရင်လိုသည်ထိ စိတ်ခြောက်ခြားမှုများကို ခံစားနေရသည်ဟု သိရသည်။

    ” ဟိုနေ့က ရိုက်ကွင်းလာတယ်။ အင်တာဗျူးတွေ လက်မခံတော့ဘူး။ ပြီးတော့ သူ့ကိုယ်သူ သ_တ်​ေ_သခြင်စိတ် ပေါက်နေတယ်လို့လည်း ပြောနေတယ်” ဟု အဆိုပါ နာမည်ကြီး အမျိုးသား သရုပ်ဆောင်နှင့် ရင်းနှီးသည့် မိတ်ဆွေတစ်ဦးက ပြောသည်။

    အာဏာသိမ်း စစ်မကော်ရှင်ဘက်က ၄င်းတို့ ဝါဒဖြန့် ဇာတ်လမ်းအား ဝေဖန်သူများကို လိုက်လံဖမ်းဆီးခြင်းများ ပြုလုပ်နေသဖြင့် အဆိုပါ ဇာတ်လမ်းတွင် ပါဝင်သူများ အပေါ် ဖိအားများ ပို၍ တိုးလာနေသည်ဟုလည်း သိရသည်။

    ” စစ်တပ်က လိုက်ဖမ်းလေ ပါတဲ့ သရုပ်ဆောင်တွေ ပိုကြောက်လေ ဖြစ်နေတာပဲ၊ သူတို့ တစ်ချိန်လုံးလည်း လုံခြုံရေး ယူပေးနိုင်တာလည်း မဟုတ်တော့လေ” ဟု ပြည်တွင်း အနုပညာသတင်းထောက် တစ်ဦးက ပြောသည်။

    ခေတ်သမိုင်းကို ဒုန်းစိုင်း မည့်သူများ ဟူသည့် စစ်တပ်ရွေးကောက်ပွဲ ဝါဒဖြန့် ဇာတ်လမ်း၌ နေတိုး၊ မြင့်မြတ်၊ နေဝင်း ၊ အေးချမ်းမောင်၊ မေမြင့်မိုရ် ၊ ခြူးလေး၊ ငှက်ပျောကြော်၊ အောင်ခိုင် ၊ သွက်လက်၊ စူပါလင်း စသည့် သရုပ်ဆောင်များ ပါဝင်သည်။

    အဆိုပါ သရုပ်ဆောင်များအား ရန်ကုန် တော်လှန် UG အဖွဲ့များက အရေးယူမှုများ ပြုလုပ်သွားမည်ဟု ကြေညာချက်များ လည်း ထုတ်ပြန်ထားသည်ဟု သိရသည်။

    ဓာတ်ပုံ-လူမှုကွန်ရက်

    စာတည်း-ကိုဆန်း

    #ဝါဒဖြန့်ဇာတ်လမ်း #သရုပ်ဆောင်များ #ပွဲမတက်ရဲ #MPA #Naing_Yarzar_Min

  • ၂၀၂၅ကျားဖြန့်မှာ အဓမ္မစေခိုင်းခံရသူတွေ ပြန်ပြောင်းပြောပြတဲ့ ညှင်းပန်းနှိပ်စက်ခံရမှု

    ကျားဖြန့်မှာ အဓမ္မစေခိုင်းခံရသူတွေ ပြန်ပြောင်းပြောပြတဲ့ ညှဥ်းးပန်းနှိပ်စက်ခံရမှု

    ထိုင်း – မြန်မာနယ်စပ် အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့် ၀င်းတွေမှာ ပြန်လည် ကယ်ဆယ်ခံရဖို့ စောင့်ဆိုင်းနေရတဲ့ ကျားဖြန့် သားကောင်တွေ ရှိနေပါတယ်။

    BGF နဲ့ DKBA တို့ ထိန်းချုပ်နယ်မြေတွေထဲက ကျားဖြန့်လုပ်ငန်းတွေမှာ သားကောင်ဖြစ်ပြီး ညှဥ်းပန်းနှိပ်စက်ခံရတဲ့ နိုင်ငံစုံက လူတွေအကြောင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်အသင်းမှာ ပြပွဲ ပြုလုပ်နေပါတယ်။

    ထိုင်း – မြန်မာနယ်စပ်၊ မြဝတီမြို့နယ်ထဲက ကျားဖြန့်ဝင်းတွေကနေ ကယ်ဆယ်ခံရပြီး ထိုင်းဘက်ကို အခုနှစ်အတွင်း လွှဲပြောင်းတဲ့ နိုင်ငံခြားသား ၁၂,၀၀၀ အထိရှိပေမဲ့ ဒီပမာဏဟာ မြန်မာက ကျားဖြန့်လုပ်ငန်းတွေမှာ ပိတ်မိနေသူစုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းပဲ ရှိသေးတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြကြပါတယ်။

    ဒါ့ပြင် ကျားဖြန့်လုပ်ငန်းတွေကနေ ကယ်ဆယ်ခံရပြီး သက်ဆိုင်ရာ နိုင်ငံတွေဆီ လွှဲပြောင်းခံရဖို့ ယာယီစခန်းတွေမှာ နေထိုင်နေရတဲ့သူတွေဟာ နေရပ်ကို အပြီးပြန်နိုင်ဖို့ စခန်းတွေမှာ လနဲ့ချီ ကြာအောင် နေထိုင်နေရပါတယ်။

    ဒီထဲမှာ ကိုယ်ဝန်ဆောင်နဲ့ နာမကျန်းသူတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက် မရဘဲ အမေ့ပျောက်ခံ ဖြစ်နေတယ်လို့ ဒီလူတွေနေရပ်ပြန်နိုင်ရေး လှုပ်ရှားတဲ့ လူကုန်ကူးခံရသူတွေအရေးဆောင်ရွက်တဲ့အရပ်ဘက်အဖွဲ့များအဖွဲ့ (CSNHTV) က ပြောပါတယ်။

    ဒါ့အပြင် ဒီလူတွေဟာ ဥပဒေအကာအကွယ် မရသလို ကျားဖြန့် လူလိမ်တွေလို့ တံဆိပ်တပ်ခံရတာကြောင့် အခြေခံ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေတောင် ရှိနေတယ်လို့ ဒီအဖွဲ့က ထောက်ပြပါတယ်။
    အခုတော့ ဒီကျားဖြန့်လုပ်ငန်း တွေမှာ သားကောင် ဖြစ်ခဲ့ရသူတွေက ပြန်ပြောင်းပြောပြထားတဲ့ တကယ့် သက်သေတွေကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြသထားတဲ့ မြင်ကွင်းအချို့ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

    ဒီသတင်းအပြည့်အစုံနဲ့ အတူ အောက်တိုဘာ ၃၀ ရက် သတင်းများကို ဘီဘီစီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ဒီလင့်ခ် https://www.bbc.com/burmese/live/cvgmn4v8xj8t ကိုနှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

    #ဘီဘီစီမြန်မာပိုင်း #မြန်မာ #ကျားဖြန့် #အွန်လိုင်းငွေလိမ်လုပ်ငန်း