နာမည်ကျော် စစ်ထောက်လှမ်းရေးစခန်းတွင် ၇ ရက်ကြာ ချုပ်နှောင်နှိပ်စက်ခံခဲ့ရသူတစ်ဦးက အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်လာသည့် အတွေ့အကြုံကို ပြောပြထားသည်။

ဇွန်းတစ်ချောင်းဖြင့် စစ်ကြောရေး ငရဲခန်းသံတိုင်တို့ကို ဖောက်ထွက်ခဲ့သည့် UG ရဲဘော်
နာမည်ကျော် စစ်ထောက်လှမ်းရေးစခန်းတွင် ၇ ရက်ကြာ ချုပ်နှောင်နှိပ်စက်ခံခဲ့ရသူတစ်ဦးက အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်လာသည့် အတွေ့အကြုံကို ပြောပြထားသည်။

အာဏာရှင်အဆက်ဆက်တို့သည် ဆန့်ကျင်တော်လှန်ကြသူများကို ဖမ်းဆီးပြီး စစ်ကြောရေးစခန်းများတွင် ချုပ်နှောင်ကာ သေခြင်းတရားနှင့် အနီးစပ်ဆုံးနေရာဆီသို့တွန်းပို့ နှိပ်စက်ခဲ့ကြသည်။ ထိုငရဲခန်းများမှ အကောင်းပကတိ ပြန်လည်ထွက်လာနိုင်သော ရာခိုင်နှုန်း အလွန်နည်းသည်။

စစ်အာဏာရှင် လက်ဝေခံများ၏ နှိပ်စက်မှုကြောင့် ခန္ဓာကိုယ်တွင် သေရာပါဒဏ်ရာများ၊ မနောစိတ်တွင် သေသည်အထိ စွဲမြဲသွားစေနိုင်သည့် ဒဏ်ချက်များကြောင့် ထိုစစ်ကြောရေးစခန်း လူလုပ်ငရဲခန်းများသည် နာမည်ဆိုးဖြင့် ကျော်ကြားသည်။

နိုင်ငံတဝန်းရှိ ငရဲခန်းများအနက် ရန်ကုန်၊ မရမ်းကုန်းမြို့နယ်ရှိ ကိုးမိုင် စစ်ကြောရေးစခန်းလည်း ပါဝင်သည်။ ထိုငရဲခန်းတွင် ခုနစ်ရက်တာ နေခဲ့ရပြီး ရန်သူ၏လက်မှ ရှားရှားပါးပါး လွတ်မြောက်လာခဲ့သည့် တော်လှန်ရေးရဲဘော်မှာ ကိုနေရိပ် ဖြစ်သည်။

ယခုမူ လွတ်မြောက်နယ်မြေ တစ်နေရာရှိ သစ်ပင်များအုံ့ဆိုင်းနေသော တောအုပ်အတွင်း ဝါးတဲငယ်များကြား သစ်ငုတ်တိုတစ်ခုပေါ်တွင် အသက် ၃၁ နှစ် ရှိပြီဖြစ်သော ကိုနေရိပ် ထိုင်နေသည်။ လွန်ခဲ့သော သုံးနှစ်က ကြုံတွေ့ခဲ့ရသည့် တစ်သက်မမေ့နိုင်သော နေ့ရက်များ၊ အချုပ်ခန်းကို သတ္တုဇွန်း တစ်ချောင်းတည်းဖြင့် ဖောက်ထွက်ခဲ့ပုံတို့အကြောင်း အသေးစိတ် ပြန်ပြောပြနေသည်။

ဖော်ရွေတတ်ပြီး အသားဖြူဖြူ၊ အပြုံးမျက်နှာနှင့် ကိုနေရိပ်သည် ထိုအတွေ့အကြုံများကို ပြန်ပြောနေစဉ် သူ၏မျက်လုံးများက ကြမ်းတမ်းသည့် အတွေ့အကြုံများနှင့် ခက်ခဲသည့် နေ့ရက်များကို ဖြတ်သန်းခဲ့ရကြောင်း သက်သေပြနေသည်။

စစ်တပ်ထောက်ခံသူများသည့် ဖျာပုံမြေမှ တော်လှန်ရေးမီးခဲ

စစ်တပ်အားပေးထောက်ခံသူ များပြားသည်ဟု နာမည်ကြီးသည့် ဧရာဝတီတိုင်း ဖျာပုံမြို့နယ်သည် ကိုနေရိပ်၏ ဇာတိဖြစ်သည်။ ၂၀၂၁ စစ်တပ်အာဏာမသိမ်းမီ ဖျာပုံတွင် သူတို့မိသားစုက တစ်နိုင်တစ်ပိုင် အသားတိုးကြက်မွေးမြူရေးနှင့် နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်သည့် အလုပ် လုပ်ကိုင်သည်။

မွေးချင်း လေးယောက်တွင် အငယ်ဆုံးဖြစ်သော ကိုနေရိပ်သည် မိခင်ဖြစ်သူ ပါတီဝင်အဖြစ် လုပ်ကိုင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ လှုပ်ရှားမှုများကို ဆယ်ကျော်သက်ဘဝကတည်းက ရင်းနှီးခဲ့သည်။

စစ်တပ်အာဏာသိမ်းသောအခါ သူလည်း ဖျာပုံမြို့ပေါ်တွင် ပြုလုပ်သော အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြပွဲတွင် အများနည်းတူပါဝင်ခဲ့သည်၊ စစ်တပ်က အကြမ်းဖက်ဖြိုခွင်းသောအခါ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၂ နယ်မြေသို့သွားပြီး စစ်သင်တန်းတက်လေသည်။

သင်တန်းအပြီး ရန်ကုန်မြို့သို့ ပြောင်းပြီး မြို့ပြအခြေစိုက်ပြောက်ကျား (Urban Guerilla – UG) အဖြစ် စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်။

“တဖြည်းဖြည်းနဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေက ပိုဆိုးလာတယ်။ တောခိုတဲ့ လူငယ်တွေလည်း များလာတယ်။ အဲဒီအချိန်မှာ ဘာကို အနီးစပ်ဆုံးလုပ်နိုင်သလဲဆိုတော့ မြို့ပြ UG ပေါ့။ မြို့ပြ UG ကို ထိထိရောက်ရောက်လုပ်နိုင်မယ်ထင်လို့ ဒီလမ်းကိုရွေးခဲ့တာ” ဟု သူက ပြောသည်။

သူက အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ Special Task Force (အထူးတပ်ဖွဲ့) လက်အောက်တွင် မြို့ပြပြောက်ကျားအဖြစ် ၁၃ လ ကြာ တာဝန်ထမ်းခဲ့သည်။

သူအထူးပြုလုပ်သည်မှာ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲနိုင်သည့် မိုင်းနှင့် ဗုံးများ ထုတ်လုပ်ခြင်းဖြစ် သည်။ “ပျံလွှားအောင်စစ်ဆင်ရေး”၊ “နန်းထိုက်အောင်စစ်ဆင်ရေး” စသည်တို့တွင် ပါဝင်ခဲ့သည်။

လွတ်မြောက်ခြင်းနှင့် အဖမ်းခံရခြင်း

၂၀၂၂ ခုနှစ် ဧပြီလတွင် အဖမ်းခံရမည့် အန္တရာယ်နှင့် ကိုနေရိပ် ပထမဆုံးကြုံရသည်။ ကားငှားစီးစဉ် ယာဉ်မောင်းက သူ့ကို တော်လှန်ရေး ရဲဘော်တစ်ဦးဖြစ်ကြောင်း သံသယ ရှိသွားပြီး စစ်တပ်ထံ သတင်းပို့ရာမှ နောက်ယောင်ခံ လိုက်ခံရမှုကြောင့် လွတ်မြောက်အောင် ကြိုးပမ်းခဲ့ရသည်ဟု သူက ဆိုသည်။

“တော်တော်လေးကို အမှတ်ရစရာကောင်းပါတယ်။ ကားတွေအများကြီးနဲ့လိုက်တာ၊ အဲဒီအချိန်မှာ မှတ်ပုံတင်အတုတွေ ကိုင်ထားတာရှိတယ်။ အဲဒါတွေလွှင့်ပစ်၊ ကိုယ်လွယ်ထားတဲ့အိတ်ကို လွှင့်ပစ်။ အရေးကြီးတာက ဖုန်းနဲ့ပိုက်ဆံအိတ်ဆိုတော့ ပိုက်ဆံအိတ်ကြားထဲမှာ ဖုန်းကိုညှပ်ပြီးတော့ ပြေးခဲ့ရတာပေါ့” ဟု ၎င်းက ဆိုသည်။

တက္ကသိုလ်ရိပ်သာလမ်း ရေမြောင်းအတွင်း တစ်ညပုန်းအောင်း၍ နောက်ယောင်ခံ လိုက်သူများကို ခြေရာဖျောက်ပြီးနောက် ရန်ကုန်မြို့မှ ခေတ္တတိမ်းရှောင်ခဲ့ရသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လဆန်းတွင် သူက ကိုယ်တိုင်ထုတ်လုပ်ထားသည့် လက်ပစ်ဗုံး နှစ်လုံးကို မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့ထံပေးရန် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် မီးခွက်ဈေးမှတ်တိုင်၌ ရောက်ရှိနေခဲ့သည်။ ထိုအချိန်တွင် အရပ်ဝတ် အမျိုးသားများ ရောက်လာပြီး လက်ထိပ်ခတ်၊ ခေါင်းကို အိတ်စွပ်ကာ Toyota ProBox ကားပေါ်တင်၍ ဖမ်းဆီးသွားတော့သည်။“စောင့်နေတဲ့အချိန်မှာ ပထမဆုံး ဘတ်စ်ကားတစ်စီးနဲ့ ပိတ်လိုက်တယ်။ ဘတ်စ်ကားပေါ်မှာ လူမပါဘူး။ ၃၉ ဘတ်စ်ကားဖြစ်မယ်ထင်တယ်။ ၃၉ နဲ့ပိတ်ပြီး ProBox တစ်စီးနဲ့ဝင်လာပြီး ကျွန်တော်က လာယူမယ့်သူကို ကျွန်တော်ရောက်နေတဲ့ နေရာပြောဖို့ ဖုန်းကိုကြည့်နေတဲ့အချိန်မှာပဲ လက်ထိပ်ဝင်ခတ်သွားတာ” ဟု ကိုနေရိပ်က ပြောသည်။

ငရဲခန်းသို့ ခရီးကြမ်း

ကိုနေရိပ် ကားပေါ်ရောက်သည်နှင့် အာဏာသိမ်းတပ်၏လက်ပါးစေတို့၏ နှိပ်စက်မှု ချက်ချင်းအစပြုလေသည်။ ဦးခေါင်း၊ ဒူးခေါင်း၊ ခြေသလုံး၊ လက်ဆစ်များကို တုတ်ဖြင့်ရိုက်ကြသလို မေးခွန်းများလည်း အဆက်မပြတ်မေးကြသည်၊ လက်လုပ်မိုင်းများ ထုတ်လုပ်သည့် တည်နေရာကိုမေးပြီး ထိုနေရာသို့ ဦးစွာ သွားကြသည်။

“စစ်ကြောရေးမရောက်ခင် တစ်ခါတည်းလိုက်ပြခိုင်းတာ။ လိုက်ပြပြီးတော့မှ စစ်ကြောရေးကို ပထမဆုံးအကြိမ် ရောက်သွားတယ်” ဟု ကိုနေရိပ်က ဆိုသည်။

စစ်တပ်စစ်ကြောရေးစခန်းသို့ ရောက်သောအခါ ထပ်မံမေးမြန်းစစ်ဆေးပြီးနောက် သူပြသခဲ့သည့်နေရာသို့ ထပ်မံသွားကြည့်ကြပြန်သည်ဟု သူကဆိုသည်။

သို့သော် ကိုနေရိပ်သည် ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း မိုင်းအမှန်တကယ် ထုတ်လုပ်သည့်နေရာ မပြဘဲ အဖမ်းခံရပါက ပြသနိုင်ရန် ဖန်တီးထားသည့်နေရာကိုသာ ပြသခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မိုင်းနှင့် ဖောက်ခွဲရေး ပစ္စည်းများမတွေ့ရသည့် စစ်သားများ ဒေါသထွက်ပြီး ကိုနေရိပ်ကို ထပ်မံနှိပ်စက်ခဲ့ကြသည်။

“ကျွန်တော့် ခေါင်းကို ဆွဲပြီး ဓာတ်လှေကားနံရံနဲ့ ဆောင့်တာတို့၊ စတီးပေတံနဲ့ ရိုက်တာတို့ လုပ်တယ်” ဟု ကိုနေရိပ်က ပြောသည်။ ကိုနေရိပ်သည် ပထမတွင် လမ်းမှားပြသခဲ့သော်လည်း ဒေါသထွက်လာသော ရန်သူ၏ နှိပ်စက်မှုဒဏ်ကို မခံနိုင်တော့ဘဲ မိုင်းအလုံး ၃၀ ခန့် ထုတ်လုပ်နိုင်သည့် ပစ္စည်းများရှိသည့် နေရာမှန်ကို ထုတ်ပြောလိုက်ရသည်။

မရမ်းကုန်းမြို့နယ်၊ ကိုးမိုင်စစ်ကြောရေးစခန်းတွင် ၇ ရက်ကြာခဲ့သည်။ ထိုစခန်းသည် ဧက ၃၀၀ ခန့် ကျယ်ပြီး အနောက်ဘက်တွင် ပြည်လမ်း၊ မြောက်ဘက်တွင် ဥက္ကလာလမ်း၊ အရှေ့မြောက်ဘက်တွင် ရေဒီယိုစတေရှင်လမ်း၊ အရှေ့ဘက်တွင် သုခလမ်း၊ တောင်ဘက်တွင် မစိုးရိမ်လမ်းတို့ရှိသည်။

ဇွန်းတစ်ချောင်းကကူညီသည့် လွတ်မြောက်ခြင်းစွမ်းအား

အခန်းထဲရှိ ကျောက်ခဲတစ်လုံးဖြင့် အချုပ်ခန်း သံတိုင်အောက်ခြေရှိ သစ်သားကို ရည်ရွယ်ချက်မရှိဘဲ ထိုးဆွကြည့်ရာ သစ်သားစပဲ့ထွက်လာသည်ကို တွေ့လိုက်ရသည်။ ဤသည်မှာ သူ၏ ကံကြမ္မာကို အပြောင်းအလဲဖြစ်စေမည့် အချက်ပြမီးပင်ဖြစ်သည်။

ထိုနေရာကို အချုပ်ခန်းစောင့် မသိသာစေရန် ဂရုတစိုက် ပြန်ဖုံးလိုက်ပြီး အချုပ်ခန်းကို စနစ်တကျ ဖောက်ရန် ကိုနေရိပ်ဆုံးဖြတ်လိုက်သည်။ ထို့နောက် အချုပ်ခန်း အပြင်ထုတ်ချိန်တွင် သတ္တု ထမင်းစားဇွန်း တစ်ချောင်းအား ယူထားလိုက်ပြီး ဇွန်းကိုသွေး၍ အချုပ်ခန်းသံတိုင်အောက်ခြေ သစ်သားကို တိတ်တဆိတ်ဖောက်သည်။

“ဇွန်းက စတီးဇွန်းအပါးသားဆိုတော့ ဇွန်းဖင်ကို အံသွားနဲ့ပဲ ကိုက်လိုက်တယ်။ ပြားသွားတဲ့နေရာကို သံမံတလင်းနဲ့ ပွတ်တိုက်လိုက်တဲ့အခါ အရမ်းထက်သွားတယ်။ အဲဒီမှာ အရင်ထက် ငါးဆ၊ ခြောက်ဆလောက်ကို တာသွားတော့တာ။ ပြီးတော့မှ ဒေါင်လိုက်ထိုးလိုက်၊ အပြားလိုက်ထိုးလိုက်နဲ့ သစ်သားကို ဖြတ်တာ” ဟု သူက ပြောသည်။

သစ်သားဆွေးနေခြင်းသည် ကိုနေရိပ်အတွက် ကံကြမ္မာ၏ မျက်နှာသာပေးမှုတစ်ခုလည်းဖြစ်သည်။ နေ့ခင်းဘက်တွင် အချုပ်ခန်းစောင့်ပေးထားသည့် သောက်ရေဖြင့် သစ်သားပွစေရန် ရေလောင်းထားလိုက်သည်။

“သံတိုင်စွပ်ထားတဲ့နေရာတွေမှာ ရေအပြည့်လိုက်ဖြည့်တယ်။ သစ်သားအပေါက်ထဲမှာ သံတိုင် စွပ်ထားတာ။ တံခါးတစ်ခုလုံးက သံတိုင်ချည်းပဲ မဟုတ်ဘူး။ အဲဒီအောက်ခြေပိုင်းမှာ ရေလိုက်ထည့်ပြီး နူးထားတာပေါ့” ဟု သူက ပြောသည်။

ဩဂုတ်လ ၁၀ ရက်နေ့၊ ည ၁၁ နာရီ။ မီးပျက်နေပြီး မီးစက်သံ ဆူညံနေချိန်။ ကိုနေရိပ်သည် သစ်သားစများကို ဇွန်းဖြင့် ဖယ်ရှားလိုက်သည်။ ထို့နောက် သံတိုင်များကို ပတ်တီးစဖြင့် ဘေးသို့ဆွဲကားလိုက်ရာ လူတစ်ကိုယ်စာထွက်နိုင်သည့် အနေအထား ဖြစ်လာသည်။ ထိုသံတိုင်များကြားမှပင် အချုပ်ခန်းအပြင်ဘက်သို့ ထွက်နိုင်ခဲ့သည်။ ပျော်လွန်း၍ ကခုန်မိသည်အထိ ဖြစ်ခဲ့ရကြောင်း သူက ပြောပြသည်။

ငရဲခန်းမှ လွတ်မြောက်ခြင်းနှင့် နောက်ဆုံးခက်ခဲမှု

အချုပ်ခန်းထဲမှ ထွက်လာနိုင်သော်လည်း အဆောင်ထဲမှာပင် သူရှိနေသေးသည်၊ ထို့နောက် အချုပ်ဆောင် ခေါင်မိုးပေါ်တက်၍ လွတ်လမ်းရှာသော်လည်း ချက်ချင်း မတွေ့။

“လူကလည်း ဇောချွေးတအားပြန်နေပြီ။ မျက်နှာကြက်ပေါ်မှာပဲ ဘာလုပ်ရမလဲဆိုတာ စဉ်းစားတာ။ ဒီအခြေအနေနဲ့မိရင်သေမှာ။ အထဲကိုပြန်ဝင်ပြီး မသိမသာနေလိုက်ရင် ကောင်းမလားလို့စဉ်းစားတယ်” ဟု ကိုနေရိပ်က ပြောသည်။

ထိုစဉ် မိုးရွာလာပြီး အုတ်ကြွပ်မိုး တစ်ပေခန့်အက်ကြောင်းမှ မိုးရေစက်များ ယိုစိမ့်ကျလာသည်ကို တွေ့ရသည်။ ထိုအပေါက်ကို အားကုန်တွန်းဖောက်ပြီး ထွက်လမ်းရှာဖွေနိုင်မည်ဟု သူတွေးလိုက်သည်။

“မီးစက်က နှိုးထားတယ်။ အဲဒီအချိန်မှာ ဆောင့်ကြောင့်ထိုင်တယ်။ ခေါင်းပေါ်ကို လက်နှစ်ဖက်တင်တယ်။ ခါးဆန့်ပြီးတွန်းတင်တယ်။ အသံအကျယ်ကြီး သုံးချက်မြည်တယ်။ ဝုန်း ဝုန်း ဝုန်း ဆိုပြီး ပွင့်သွားတာ။ ပွင့်သွားတဲ့အချိန် တအားဝမ်းသာသွားတယ်။ အပေါက်က တစ်ကိုယ်စာလေးပဲ” ဟု ကိုနေရိပ်က စိတ်လှုပ်ရှားတက်ကြွစွာ ပြောပြသည်။

ခေါင်မိုးပေါ်မှ ရေစင်လှေကားအတိုင်း အချုပ်ဆောင်အပြင်သို့ ဆင်းသက်နိုင်ခဲ့သည်။

စစ်ကြောရေး အချုပ်ဆောင်အပြင်သို့ရောက်အောင် ဖောက်ထွက်လာနိုင်သော်လည်း အပြည့်အဝ လွတ်ပြီဟုမဆိုနိုင်ပေ။ ဖမ်းဆီးထားစဉ် ထွက်ပြေးသူများကို သားကောင်သဖွယ် လိုက်ဖမ်းတတ်သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် လက်မရွံ့ ပါးကွက်သားများလက်မှ လွတ်ရန် ကြိုးပမ်းရပေဦးမည်။

စစ်ကြောရေးစခန်း၏ အရှေ့ဘက် မရမ်းကုန်း (၅) ရပ်ကွက်ဘက်မှတစ်ဆင့် သဗ္ဗညုပုထိုးတော်ကြီး ရှိရာ မြောက်ဥက္ကလာပ မြို့နယ်ဘက်သို့ ဦးတည်ထွက်ပြေးခဲ့သည်။ အချုပ်ဆောင်အတွင်းမှ ထွက်ပြေးလာပြီးနောက် ရေကန် သုံးကန်ကို ကူးဖြတ်၍ သုံးမိုင်ကျော်ခန့် ခပ်သုတ်သုတ်လျှောက်ခဲ့ရကြောင်း ကိုနေရိပ်က ဆိုသည်။

လက်ပစ်ကူးခဲ့ရသည့် ပထမရေကန်သည် ပေ ၂၀၀ ခန့် ကျယ်ပြီး ဒုတိယ ရေကန်သည် ပေ ၆၀၀ ခန့် ကျယ်သည်။ ဒုတိယရေကန်ကိုကူးချိန်တွင် တွေ့ရသည့် ဖော့ပြာအဟောင်းတစ်ချပ်ကို သုံးပြီး ကူးခပ်ခဲ့ရသည်။

“ဘယ်နေရာရောက်နေမှန်းတော့မသိဘူး။ ကျွန်တော်သွားတဲ့အချိန် ပဋ္ဌာန်းရွတ်သံကြားရတယ်။ ပဋ္ဌာန်းသံထွက်လာတဲ့ ဘက်ကိုပဲ ဦးတည်ပြီးသွားတယ်”ဟု သူက ပြောပြသည်။

လမ်းတွင် ခွေးသုံးကောင်နှင့် တွေ့သော်လည်း ခွေးများ မဟောင်ဘဲ နေခဲ့ခြင်းကလည်း သူ၏ ကံကောင်းခြင်းဖြစ်သည်။ ကိုနေရိပ်သည် သဗ္ဗညုပုထိုးတော်ကြီးရှိရာ သုခလမ်းကို ဖြတ်ပြီး ရေဒီယိုစတေရှင်လမ်းပေါ်သို့ တက်သည်။ ထို့နောက် ရထားလမ်းအတိုင်း ဦးတည်လမ်းလျှောက်လာရာ မရမ်းကုန်း (၅) ရပ်ကွက်သို့ရောက်သည်။ ထိုမှတစ်ဆင့် YBS- 64 ကားတက်စီး၍ ထွက်ပြေးရန် စီစဉ်သည်။ သို့သော် ကားခ မရှိ။

ပထမဦးစွာ နံနက်ခင်း ဆိုင်ဖွင့်ရန် ပြင်နေသည့် ထမင်းကြော်ဆိုင်တစ်ခုထံ ဝင်ရောက်တောင်းရမ်းခဲ့ရာ ဆိုင်ရှင်အမျိုးသမီးက မောင်းထုတ်ခဲ့ကြောင်း ကိုနေရိပ်က ပြောပြသည်။

“ကျွန်တော် အခက်အခဲဖြစ်နေလို့ ကျွန်တော့်ကို ငွေကြေးနည်းနည်းလောက် ကူညီပါလို့ ပြောတဲ့အချိန်မှာ ကျွန်တော့်ကို ပြန်ပြောတဲ့စကားက ‘ဘာတွေလာပြောနေတာလဲ။ ဒီမှာ ဈေးရောင်းမကောင်းတဲ့ကြားက မရှိဘူး … သွား’ ဆိုတာပဲ။ အဲဒီအချိန်က ဝမ်းအနည်းဆုံးအချိန်ပဲ” ဟု သူက ပြောသည်။

ဒုတိယအကြိမ် ဝင်တောင်းသည့် ကွမ်းယာဆိုင်မှ အမျိုးသမီးတစ်ဦးကမူ ငွေ ၂၀၀ ပေးသည်။ သို့သော်လည်း ကားခ ပေးနိုင်ရန် ၁၀၀ လိုနေသေးသည်။ ထိုအချိန်တွင် တွေ့ရသည့် လူတစ်ယောက်ကို သူက PDF ရဲဘော်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြပြီး ကားခတောင်းရာ ငွေ ၁၅၀ နှင့် နှာခေါင်းစည်းတစ်ခု ရခဲ့သည်။ ထို့နောက် နှာခေါင်းစည်းတပ်၊ ဘတ်စ်ကားစီး၍ ချိတ်ဆက်ရမည့်သူထံ ဖုန်းဆက်ပြီး ငရဲခန်းမှ ပို၍ဝေးရာသို့ ထွက်ခွာနိုင်ခဲ့သည်။

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးနှိပ်စက်လျှင် သေဆုံးခြင်း သို့မဟုတ် ထောင်ချခံရခြင်းနှင့် အဆုံးသတ်နေသည့် ကာလတွင် သူ၏ လွတ်မြောက်လာမှုမှာ ရှားပါးဖြစ်ရပ် ဖြစ်နေသည်။

ယုံကြည်မှုနှင့် ရှေ့ဆက်မည့်ခရီး

လွတ်မြောက်လာပြီး ရှစ်ရက်အကြာတွင် KNU တပ်မဟာ (၆) နယ်မြေရှိ PDF တပ်ဖွဲ့ဝင်များထံ ကိုနေရိပ် ရောက်ရှိသည်။ သို့သော် ချက်ချင်း လွတ်လပ်ခွင့် မရသေး။ သူ့ကို သံသယဖြင့် ကာလတစ်ခုကြာ စောင့်ကြည့်ခြင်း ခံရသည်။

“သံသယဒဏ်ခံရမယ်ဆိုတာ သိပြီးသား၊ ဒါပေမဲ့ ကိုယ်က မှန်မှန်ကန်ကန် ဖြတ်ကျော်လာသူဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ အဆင်မပြေဘူး” ဟု သူက ဆိုသည်။

နောက်ဆုံးတွင် သူ၏ ရိုးသားမှုကို ယုံကြည်ပြီး PDF တပ်ဖွဲ့ဝင်များက လက်ခံခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်ဆင်ရေးနယ်မြေအမှတ် (၂) တွင် အကျုံးဝင်သည့် ပဲခူးတိုင်း၌ အခြေစိုက်သော ၃၇၀၂ တပ်ရင်း၏ တပ်ခွဲ (၄) တွင် တာဝန်ထမ်းဆောင်နေသည်။

ကိုနေရိပ်တို့အဖွဲ့ကို Project Home အဖွဲ့ဟု တော်လှန်ရေးတပ်အသိုင်းအဝိုင်းက သိကြသည်။ သူက အဖွဲ့၏ ထုတ်လုပ်ရေးကဏ္ဍတွင် ဦးဆောင်လုပ်ကိုင်နေသူတစ်ဦး ဖြစ်သည်။ သူတို့က တော်လှန်ရေးတပ်များ လိုအပ်သည့် ရှေ့ထွက်မိုင်းများ၊ Drop Bomb (ဒရုန်းဗုံးသီး)၏ ထိပ်တွင် တပ်ဆင်ရသည့် ထိကွဲစနစ်ပါ လက်နက်ပစ္စည်းများသာမက ကျောပိုးအိတ်၊ ပုခက်၊ ကျည်ကာအင်္ကျီ၊ သေနတ်လွယ်ကြိုးနှင့် ကျည်ထည့်သည့်အိတ်များ ထုတ်လုပ်နေသည်။

စစ်ကြောရေးငရဲခန်း၏ သံတိုင်တပ် တံခါးကို ဇွန်းတစ်ချောင်းဖြင့် ဖြတ်တောက်ဖောက်ထွက်ခဲ့သည့် ကိုနေရိပ်သည် အချိန်ရလျှင် စစ်ကြောရေးစခန်းမှ လွတ်မြောက်ခဲ့ပုံကို စာအုပ်တစ်အုပ် ရေးသားထုတ်ဝေလိုသည်။ စာအုပ်ရောင်းရငွေကို လူတက်မောင်းနိုင်သည့် Ultralight Trike ခေါ် အပေါ့စား လေယာဉ်ငယ် တီထွင်ထုတ်လုပ်ရာတွင် အသုံးပြုရန် ရည်ရွယ်ထားသည်။

သူ့အတွက် အာဏာသိမ်းတပ်၏အချုပ်ခန်းထဲမှ သက်စွန့်ဆံဖျားထွက်ပြေးလွတ်မြောက်လာနိုင်ခြင်းသည် တော်လှန်ရေးတာဝန်ကျေခြင်း မဟုတ်သေးပေ။

“ကျွန်တော်တို့အတွက် ခံယူချက်က ရှင်းတယ်၊ တော်လှန်ရေးအတွက် တာဝန်ကျေတယ်ဆိုတာ … ကျွန်တော်သေရင်သေ၊ မသေရင်တော်လှန်ရေးအောင်။ အဲဒီ နှစ်ခု မပြီးမချင်း တော်လှန်ရေးမှာ ဆက်ရှိနေမယ်” ဟု ကိုနေရိပ်က ပြောလိုက်သည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *