Category: News

  • နေပြည်တော်ဝင်ပေါက်ရှိ ရေတာရှည်တွင် စစ်စခန်းများ သိမ်းခံရပြီးနောက် လေကြောင်း တိုက်ခိုက်မှုများ တရစပ်လုပ်

    နေပြည်တော်ဝင်ပေါက်ရှိ ရေတာရှည်တွင် စစ်စခန်းများ သိမ်းခံရပြီးနောက် လေကြောင်း တိုက်ခိုက်မှုများ တရစပ်လုပ်

    ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ ရွာသစ်ကျေးရွာမှ စစ်ကော်မရှင်တပ်စခန်းများကို နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ဗျူဟာစစ်ကြောင်းက အောက် တိုဘာ ၂၀ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် လက်ရှိအချိန်ထိ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများဖြင့် စစ်အုပ်စုက တုံ့ပြန်နေကြောင်း နေပြည်တော်တိုင်းစစ်ဌာန PDF ထံမှ သိရသည်။

    အောက်တိုဘာ ၂၀ ရက်က စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွာသစ်ကျေးရွာအထိုင်စခန်းနှင့် ကျေးရွာတွင်းကင်းစခန်းများကို PDF တပ်ဖွဲ့က သိမ်းပိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ညီညီနိုင် (လေကြောင်းရန်ကာကွယ်ရေးတပ်) အပါအဝင် ၁၅ ဦး ကျဆုံးခဲ့ပြီး စစ်သုံ့ပန်း နှစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း နေပြည်တော် PDF က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

    “ဒီနေ့အထိလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးတွေကတော့ ကြိုကြားပစ်နေတုန်းပဲ။ဒီနေ့ပဲ ပါရာမော်တာနှစ်စီး သုံးစီးနဲ့ ဗုံးလာချသွားတယ်။ နောက်ဆက်တွဲ တိုက်ပွဲငယ်တွေမှာတော့ ရန်သူ့ဖက်က ထိခိုက်မှုအချို့ရှိတယ်ကြားတယ် အတိအကျမသိရဘူးဗျ” ဟု ဗိုလ်လက်ျာက ပြောသည်။

    ရေတာရှည်၊ ဆွာ၊ ရေနီစသည့်မြို့များသည် ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် လမ်းသစ်အပါအဝင် နေပြည်တော်ဝင်ပေါက်အတွက် အရေးပါသော နယ်မြေများဖြစ်ပြီး နေပြည်တော်နှင့် နီးကပ်သောကြောင့် စစ်ရေးအရ အဆုံး အဖြတ်ပေးနိုင်သည့် နယ်မြေများဖြစ်သည်ဟု ဗိုလ်လက်ျာက ဆိုသည်။

    “ဒီမြို့တွေကျသွားပြီဆိုရင် နေပြည်တော်ကြီးအထီးကျန်ပြီပေါ့၊ ဒါကြောင့်စစ်ရေးအရအရေးပါတာပါ”ဟု ၎င်းက ဆက်ပြောသည်။

    စစ်ကော်မရှင်သည် သိမ်းပိုက်ခံရသော စခန်းများကို ပြန်လည်ရယူရန် လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး၊ ၁၂၀ မမ လက်နက်ကြီးများနှင့် လက်နက်ကြီး၊ စက်တပ်လေထီးများဖြင့် ဆက်လက်တိုက်ခိုက်နေပြီး လက်ရှိတိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။

    စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကို နေပြည်တော် PDF က ထိန်းချုပ်ထားနိုင်ပြီး၊ အနောက်ဘက်ကမ်းကို စစ်အုပ်စုက အခြေချထားသော်လည်း၊ ရေတာရှည်နှင့် ဆက်စပ်နယ်မြေများတွင် PDF ၏ စစ်ဆင်ရေးများက စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲပြုလုပ်ရန် ကြိုးပမ်းမှုကို ခြိမ်းခြောက်နိုင်သည့် အားကောင်းသော သက်ရောက်မှုရှိနေ သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။

    “အရှေ့ဘက်ခြမ်းမှာကာကွယ်ရေးတပ်တွေက ဂွင်ပိုင်လိုပုံစံမျိုးဖြစ်နေတာ တကယ်လို့အခွင့်မသာသေးဘူးဆိုရင်တောင် အကဲကြည့်ပြီးသတင်းထောက်လှမ်းနေတာပိုင်ပြီဆိုတာနဲ့ ရာနှုန်းပြည့်ချေမှုန်းနိုင်တဲ့အနေအထားမျိုးရှိတယ်။တောင်ငူနဲ့နေပြည်တော်ဆိုတာဘယ်လောက်မှမလှမ်းဘူး၊ တကြောလုံးကဆက်စပ်နယ်မြေတွေ၊ စစ်တပ်ဘက်ကလုံးဝမချေမှုန်းနိုင်ဘူး။ သွားတာနဲ့သွားတဲ့အဖွဲ့က တောက်လျှောက်ချေမှုန်းခံရတယ်။ အဲ့ဒီတော့အား ကောင်းလာတဲ့နယ်မြေထဲမှာစစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကတော်တော်လေးအားရဖို့ကောင်းတဲ့အနေအထားမျိုးပဲ” ဟု ၎င်းက ပြောသည်။

    PDF သည် သာမန်မောင်းပြန်လက်နက်များဖြင့်သာ တိုက်ခိုက်နေရသော်လည်း ပြည်သူလူထု၏ ထောက်ခံမှုနှင့် စစ်အာဏာရှင်လက်မှ တိုင်းပြည်ကို ကယ်တင်လိုသော စိတ်ဓာတ်ကြောင့် အောင်မြင်မှုများ ရရှိနေသည်ဟု ဗိုလ်လက်ျာက ဆိုသည်။

    ၎င်းက ပြည်သူများအား စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံဖြင့် ဆန့် ကျင်ရန်လည်း တိုက်တွန်းခဲ့သည်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းနှင့် ဆက်စပ်ဒေသများတွင် နေပြည်တော်တိုင်းစစ်ဌာနက စစ်ဆင်ရေးများ ဆက် လက်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။

  • Love of Siam

    Love of Siam (2007)

    ချစ်ခြင်းတရားတိုင်းဟာလှပပါတယ်။

    မိဘကသားသမီးအပေါ်ထားတဲ့အချစ် လူငယ်ကျောင်းသားဘဝမှာဖြစ်ခဲ့တဲ့အချစ် ဒါမှမဟုတ် မဖြစ်နိုင်တဲ့ချစ်ခြင်းတွေပေါ့……..

    ဒီဇာတ်ကားလေးဟာ ထိုင်း BL ရုပ်ရှင်‌လောကရဲ့အစလို့ပြောလို့ရပါတယ်။

    ကျ​ေနာ်တို့ရဲ့ first love ဇာတ်ကားက Mario Maurer ရဲ့ BL ဇာတ်ကားဆိုလည်းမမှားပါဘူး။

    တုန့်(Mario Maurer) နဲ့ မြူ တို့ဟာ ငယ်ငယ်တုန်းက အိမ်နီးနားချင်းသူငယ်ချင်းတွေပါ။

    တနေ့မှာ မြူရဲ့အစ်မ တေန် ချင်းမိုင်မှာပျောက်ပြီး ပြန်မလာတဲ့အခါ ပျော်ရွှင်နေတဲ့မိသားစုလေးပျက်စီးပြီး အခြားမြို့ကိုပြောင်းသွားခဲ့တယ်။

    အချိန်တွေကြာတဲ့အခါ မြူဟာ ဩဂတ်တီးဝိုင်းရဲ့တေးရေးဆရာ အဆိုတော်ဖြစ်နေပြီး တုန့်ကတော့ ခပ်ဆိုးဆိုးကျောင်းသားလေးဖြစ်နေတာပေါ့။

    အချိန်ကြာမှပြန်တွေ့ကြတဲ့ သူတို့နှစ်ယောက်နဲ့သူငယ်ချင်းမေတ္တာကနေ ချစ်ခြင်းမေတ္တာကိုပြောင်းလဲသွားပုံကိုကြည့်ရှုရမှာပါ။

    ဒီဇာတ်ကားထဲမှာမြူက သူ့ရဲ့ခံစားချက်ကို သီချင်းလေးတစ်ပုဒ်နဲ့ဖွင့်ဟခဲ့ပါတယ်။

    ချစ်ခြင်းရဲ့အဓိပ္ပာယ်များစွာကိုခံစားရမဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်သင့်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ……..

  • မြစ်ငယ် အထကမှာ  ဓားထိုးမှုဖြစ်လို့ သုံးယောက်ဒဏ်ရာရ

    မြစ်ငယ် အထကမှာ ဓားထိုးမှုဖြစ်လို့ သုံးယောက်ဒဏ်ရာရ

    မန္တလေးတိုင်း၊ အမရပူရမြိုနယ်၊ မြစ်ငယ်မြို့ အ.ထ.က ကျောင်းမှာ ဓားထိုးမှုဖြစ်ပွားပြီး ကျောင်းသူနှစ်ယောက်နဲ့ ကျောင်းသားတယောက်တို့ ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံမှာကုသမှုခံယူနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

    ဓားထိုးခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေက Grade 11 ကျောင်းသား ကျောင်းသူတွေဖြစ်တဲ့ မစုမြတ်နိုးဦး ၊ မရွှေစင်ငြိမ်း ၊မောင်မျိုးမင်းထွန်းဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။

    “ဖြစ်တာက ကျောင်းသားအချင်းချင်းတော့မဟုတ်ဘူး။ ကျောင်းသူတယောက်ရဲ့အမက သူ့ညီမကို အအေးဘူးပေးမယ်ဆိုပြီး ကျောင်းထဲဝင်ပြီး လုပ်သွားတာလို့သိရတယ်။ အဲဒါကို တခြားကျောင်းသူတွေက ဝင်ဆွဲတာမှာ ဒဏ်ရာရကုန်တာ။ ဓားနဲ့လည်ပင်းထိုးခံရတဲ့တယောက်ကတော့ ပြင်းတယ်သိရတယ်။” လို့ ဒေသခံကပြောပါတယ်။

    ဓားထိုးမှုမှာ လည်ပင်းထိုးသွင်းဒဏ်ရာ လက်ခုံနဲ့ လည်ပင်း ပြတ်ရှဒဏ်ရာတွေရရှိခဲ့ပြီး ကျောင်းသားတွေကို ဆေးခန်းမှတဆင့် ဆေးရုံကို မြစ်ငယ်ကြက်ခြေနီအသင်းခွဲမှ အရေးပေါ်ပို့ဆောင်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

    ဖြစ်စဥ်အခြေအနေအသေးစိတ် ကို ကူညီကယ်ဆယ်ရေးသွားရောက်ခဲ့တဲ့ မြစ်ငယ်ကြက်ခြေနီအသင်းခွဲကိုဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ရာ ဖြစ်စဥ်မှန်ကြောင်းပြောဆိုပေမယ့် အသေးစိတ်အခြေအနေကို ဖြေဆိုဖို့အဆင်မပြေကြောင်း ငြင်းဆိုခဲ့ပါတယ်။

    ခုလို ကျောင်းဝန်းထဲ ဓားထိုးမှုဖြစ်ပွားတဲ့အပေါ် ကျောင်းသားမိဘ တယောက်က “ကျောင်းထဲအထိတောင် ဓားထိုးမှုဖြစ်နေပြီဆိုတော့ ကလေးတွေအတွက် ဘယ်လိုစိတ်ချရတော့မလဲ။ ကျောင်းထဲဝင်ပြီး လုပ်တယ်ဆိုတော့ ကျောင်းလုံခြုံရေးက စိတ်ပူစရာဖြစ်နေပြီရှင်။ ဆရာ ဆရာမတွေ စည်းကမ်းပိုင်း တော်တော်လျော့ရဲနေပြီဆိုတာပြနေတာပေါ့။ ကျွန်မတို့ကလေးလည်း ကျောင်းတက်နေတော့ စိတ်ပူမိတာအမှန်ပါ။ ကျောင်းကိုပို့တာ စာတ်ဖို့အပြင် အသိပညာကြွယ်ဝဖို့ရော လိမ္မာဖို့ပါပါတယ်။ ခုကြားနေရတာတွေက အုပ်စုဖွဲ့ရန်ဖြစ်လိုက်၊ ထိုးလိုက်ကြ၊ သတ်လိုက်ကြဖြစ်နေတာ ထိထိရောက်ရောက်ကိုင်တွယ်ပေးစေချင်ပါတယ်။” လို့ ပြောပါတယ်။

    စက်တင်ဘာလတုန်းကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွာမပြင်ကျေးရွာမှာ ကျောင်းသားအချင်းချင်း ရန်ဖြစ်ကြရာကနေ ဓားထိုးမှုဖြစ်ပွားပြီး ၇ တန်းကျောင်းသားတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    ၂၀၂၄ ခုနှစ် နိုဝင်ဘာ တုန်းကလည်း ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ ကျောင်းသားအချင်းချင်း ချိန်းဆို ရန်ဖြစ်ရာမှ နှစ်ယောက် ဓားထိုးခံရတယ်လို့ သိရတယ်။

    အလားတူ ဇန်နဝါရီလမှာလည်း မန္တလေးတိုင်း ၊ မိတ္ထီလာမြို့ ၊ ပြည်သာယာ (မြောက်) ရပ်ကွက် မှာရှိတဲ့ အခြေခံပညာ အလယ်တန်းကျောင်းမှာ ကျောင်းသား အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ဓားထိုးမှုဖြစ်ကာ ကျောင်းသား တယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    ယခုနောက်ပိုင်း အခြေခံပညာစာသင်ကျောင်းတွေမှာ ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ရိုက်နှက်ခြင်း၊ ဓားထိုးမှုဖြစ်ပွားတာတွေများလာနေတယ်လို့သိရပါတယ်။

    ဒါကြောင့် ပညာရေးဝန်ကြီးဌာနက စက်တင်ဘာလတုန်းက ကျောင်းသားအချင်းချင်း ပြဿနာဖြစ်ပွားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ညွှန်ကြား ချက်ထုတ်ပြန်ခဲ့ပါတယ်။

    ထုတ်​ပြန်ချက်ကတော့ “ကျောင်းချိန် သို့မဟုတ် ကျောင်းချိန်ပြင်ပမှာ အချင်းချင်း ကိုယ်ထိလက်ရောက်သော်လည်းကောင်း၊ လူကိုထိခိုက်စေနိုင်တဲ့ ပစ္စည်းကိရိယာဖြင့်သော်လည်းကောင်း ခိုက်ရန်ဖြစ်ပွားနေကြတဲ့ ဖြစ်စဉ်များ များပြားလာတဲ့အတွက် ကျောင်းတွင်းပညာပေး ဆွေးနွေးပွဲများဆောင်ရွက်သွားရန်နှင့် ကျောင်းချိန် သို့မဟုတ် ကျောင်းချိန် ပြင်ပခိုက်ရန် ဖြစ်ပွားမှုများ ဖြစ်ပေါ်လာပါက ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဖြင့် စစ်ဆေးပြီး ခိုက်ရန်ဖြစ်ပွားခြင်း ပြစ်မှုမှာ ပါဝင်သူအားလုံးကို “ကျောင်းပြောင်းလက်မှတ်ထုတ်ပေးသည့် ပြစ်ဒဏ်ချမှတ်သွားမည် ဖြစ်ကြောင်း” အခြေခံပညာကျောင်းအုပ်ကြီးများက ကျောင်းသား ကျောင်းသူများနှင့် မိဘများသို့ အသိပေးဆောင်ရွက်သွားရန်” ပြောဆိုထားပါတယ်။

    ဓာတ်ပုံ- သင်းသင်းအေး

  • မိုးကုတ်နှင့် သပိတ်ကျင်းမြို့  ဗုံးကြဲခံရ၊ ၈ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ

    မိုးကုတ်နှင့် သပိတ်ကျင်းမြို့ ဗုံးကြဲခံရ၊ ၈ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ

    အောက်တိုဘာလ ၂၁ ရက် နေ့လယ် ၃ နာရီခန့်တွင် မိုးကုတ်မြို့အရှေ့ပိုင်း ကန်တော် ဖူဆယ်ဘောလုံးကွင်းအနီးသို့ စစ်ကော်မရှင် တိုက်ခိုက်ရေး လေယာဉ်တစ်စီးက လေးမိနစ်ခြား၍ ဗုံး နှစ် ကြိမ်ကြဲချခဲ့သည်။

    ထိုတိုက်ခိုက်မှုတွင် လေး နှစ်အရွယ် အပါအဝင် ကလေး သုံး ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ဖူဆယ်အားကစားကွင်းနှင့် လူနေအိမ် ခုနစ် လုံးလည်း ပျက်စီးခဲ့သည်ဟု ကူညီကယ်ဆယ်ရေးလုပ်ကိုင်ခဲ့သည့် ဒေသခံအမျိုးသားက ပြောသည်။

    “ကလေးတွေက ဘောလုံးကန်နေကြချိန် အကြဲခံလိုက်ရတာ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

    သေဆုံးသည့် ကလေးသုံးဦးသည် မိုးကုတ်မြို့ ကန်တော်ရပ်ကွက်နေ အသက် ၁၀ နှစ်အရွယ် မခူရှီး၊ ၁၂ နှစ် အရွယ် မမွန်ဘူးနှင့် ခြောက် နှစ် အရွယ် မစီသာလ်တို့ဖြစ်သည်။ ကလေးတစ်ဦးသည် ဦးခေါင်းပြတ်ထွက်သွားပြီး ကျန်နှစ်ဦးသည် ဦးခေါင်းနှင့် ဝမ်းဗိုက်တို့တွင် ဗုံးစထိမှန်သေဆုံးခဲ့သည်ဟုလည်း အထက်ပါ အမျိုးသားက ပြောသည်။

    ဒဏ်ရာရသည့် ကလေးငယ်များသည် အသက် ခုနစ် နှစ်မှ ၁၂ နှစ် အရွယ်များဖြစ်ကြပြီး မလှသန္တာအေး၊ မောင်နီဂေါင်း၊ မောင်ညီသစ်နှင့် မောင်ဟိန်းမင်းသန့်တို့ဖြစ်သည်။ သက်ကြီးဒဏ်ရာရသူများတွင် ၇၁ နှစ်အရွယ် ဦးကီရိ၊ အသက် ၆၀ ကျော် အရွယ် ဦးသီကာရန်း၊ ဒေါ်ဆာမီသရီး၊ ဒေါ်ကူမာရ်ရီနှင့် ဒေါ်အူးမား။ အသက် ၄၀ အရွယ် ဦးကူးမားနှင့် ဒေါ်ဂီသားတို့ပါဝင်သည်။

    ထိုတိုက်ခိုက်မှုအပြီး ၃ နာရီအကြာ ညနေ ၆ နာရီခန့်တွင်လည်း မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ ဇရပ်ကွင်း ကျေးရွာကိုလည်း စစ်ကော်မရှင်က ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် အသက် တစ်နှစ် အရွယ် ကလေးငယ်အပါအဝင် ငါး ဦး သေဆုံးခဲ့ပြီး ရှစ် ဦး ထက်မနည်း ဒဏ်ရာရသွားသည်ဟု သိရှိရသည်။

    အထက်ပါဖြစ်ရပ်တွင် သေဆုံးသွားသူများ၏ အမည်နှင့် အသက်အရွယ်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

    မကြာသေးမီက စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် စဉ့်ကူး-သပိတ်ကျင်း-မိုးကုတ်လမ်းပိုင်းရှိ အရေးပါသည့် ဖော့တောလမ်းဆုံမှ ဇရပ်ကွင်းကျေးရွာ ရွာလယ်ခေါင်ရှိ တံတားအနီး ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။

    ပတ္တမြားအပါအဝင် ရတနာများထွက်သော မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ရွှေတွင်းများကြောင့် နာမည်ကျော်ကြားသည့် သပိတ်ကျင်းမြို့နယ်များကို စစ်ကော်မရှင်တပ်က မကြာခဏဆိုသလို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။

    ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း မိုးကုတ်မြို့ရှိ စစ်ဘေးရှောင်များခိုလှုံနေသော ဘုန်းကြီးကျောင်း ဗုံးကြဲတိုက်ခိုက်ခံရပြီး လူ ၂၀ နီးပါး သေဆုံးခဲ့သည်။

    မိုးကုတ်မြို့ကို တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့်တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဇွန်လအတွင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ စစ်ကော်မရှင်က ပြန်လည်ထိုးစစ်ဆင်နေသည်။

    သပိတ်ကျင်းမြို့ကိုမူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တပ်များက ယမန်နှစ် ဩဂုတ်(၂၅)တွင် သိမ်းပိုက်ခဲ့ပြီး တစ်နှစ်နီးပါးအကြာ ထိန်းချုပ်ထားပြီးနောက် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ပြန်လည်လက်လွှတ်ထားရသည်။

    စစ်ကော်မရှင်သည် မန္တလေးတိုင်းအတွင်း မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ် စသည့်မြို့များနှင့် စစ်ကိုင်းတိုင်း ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လေ့ရှိပြီး ယခုလများတွင် တိုက်ခိုက်မှုအကြိမ်ရေ စိပ်လာသည်။

    လက်ရှိတွင် စစ်ကော်မရှင်တပ်က မိုးကုတ်မြို့ကို ပြန်လည်ရယူရန် အပြင်းအထန်ကြိုးစားလာပြီး

    မိုးကုတ်ကို ဝင်ရောက်နိုင်ရန် လမ်းနှစ်သွယ်မှ ထိုးစစ်ဆင်နေသည်ဟု သိရသည်။

    စစ်တပ်က ပြန်လည်သိမ်းပိုက်ထားသည့်နောင်ချိုမြို့မှ ထွက်လာသည့်စစ်ကြောင်းသည် ပြင်ဦးလွင်- မိုးကုတ် လမ်းပိုင်းမှတဆင့် မိုးကုတ်မြို့ကို ဦးတည်၍ တဖြည်းဖြည်းထိုးဖောက်နေပြီး၊ သပိတ်ကျင်းမြို့နယ်မှ စစ်တပ်

    စစ်ကြောင်းများကလည်း မန္တလေး-မိုးကုတ် လမ်းမကြီး စိုးမိုးမှုရရှိရေး ဝေဟင်၊ မြေပြင် ပူးပေါင်းထိုးစစ်ဆင်နေရာ တော်လှန်ရေးတပ်များက အပြင်းအထန် ကာကွယ်နေသည်ဟု မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောခွင့်ရက ပြောဆိုထားသည်။

  • Non CDM များ “မဲမပေး မနေရစနစ်” စစ်ကော်မရှင် ကျင့်သုံး

    Non CDM များ “မဲမပေး မနေရစနစ်” စစ်ကော်မရှင် ကျင့်သုံး

    စစ်ကော်မရှင်သည် လာမည့်ဒီဇင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ၎င်းတို့လက်အောက်ခံ အရပ်ဘက် ဝန်ထမ်းများအား “ မဲမပေး မနေရစနစ် ” ကျင့်သုံးမည်ဟု နေပြည်တော်ရှိ စစ်ကော်မရှင် ဝန်ထမ်းများထံက သိရသည်။

    စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ အောက်တိုဘာလ ၁၃ ရက်နေ့အထိ မဲပေးနိုင်သူများစာရင်း (မဲစာရင်း) ကို စစ်ကော်မရှင်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန်ကြေညာထားရာ ထိုစာရင်းတွင် ဝန်ထမ်း အမည်များ ပါ မပါနှင့် မဲစာရင်းတွင် ကျန်နေခဲ့ခြင်း မရှိစေရန် ဝန်ကြီးဌာနများက အမိန့်စာဖြင့် ညွှန်ကြားထားကြောင်း နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိအမျိုးသားတစ်ဦးက ပြောသည်။

    မဲစာရင်းတွင် အမည်မပါဝင်ပါက တောင်းဆိုလွှာ ပုံစံ ၃ (က) (ခ) တို့ဖြင့် မဲစာရင်းထုတ်ပြန်သည့် နေ့မှစ၍ ၁၄ ရက်အတွင်း သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲများထံတွင် ဆောင်ရွက်ရမည်ကို ဝန်ကြီးဌာန စီမံချက်အနေဖြင့် လုပ်ဆောင်ပေးနေကြောင်း ဆိုသည်။

    ရွေးကောက်ပွဲ မဲစာရင်း လာရောက်ကြည့်ရှုသူ နည်းပါးသည့်အတွက် နေပြည်တော်တွင် အိမ်ထောင်စု စာရင်းရှိသည့် ဝန်ထမ်းအင်အားကို အသုံးပြု၍ မဲစာရင်းဆောင်ရွက်နေခြင်းဖြစ်သည်ဟု ထိုဒေသမှ စစ်ကော်မရှင် ဝန်ထမ်းအများစုက ယူဆကြသည်။

    မဲပေးသူ မကျန်စေရန် နေပြည်တော်တွင် ပုံစံ (၆၆) အိမ်ထောင်စုဇယားရှိသော်လည်း နယ်အဝေး ရောက်နေသူများ၊ နေပြည်တော်ငလျင်ကြောင့် မြို့နယ်ပြောင်းရွှေ့နေထိုင်သူများပါမကျန် မဲစာရင်းမပါ ပါက တောင်းဆိုလွှာများ အတင်းအကျပ် ဖြည့်ခိုင်းသည်ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

    အဝေးရောက်နေသူ အရေအတွက်များပါက မဲစာရင်းတောင်းဆိုလွှာပုံစံများကို စီမံချက်ဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနက ကိုယ်စားပြုလျှောက်ထားပေးနေသည်ဟု သိရသည်။

    “နေပြည်တော်ဝန်ထမ်းအိမ်ရာမှာနေတဲ့ ရပ်ကွက်မှာ အိမ်ထောင်စုလုပ်ပြီး အဝေးနယ်ရောက်နေတဲ့သူတွေ လည်းမရဘူး၊ နေပြည်တော်မှ မဲစာရင်းပါအောင် ပုံစံ (၃) နဲ့ ပြန်လျှောက်ခိုင်းတာ၊ လူက အဝေးရောက်နေရင် ဌာနက အားလုံးစုပြီး စီမံချက်နဲ့ ကိုယ်စားလျှောက်ပေးတယ်” ဟု ၎င်းက ဆိုသည်။

    မတ်လ နောက်ဆုံးပတ်က လှုပ်ခတ်ခဲ့သော အင်အားပြင်းစစ်ကိုင်းငလျင် သင့်ထားသော နေပြည်တော်တွင် ပြန်လည်ထူထောင်ရေးမလုပ်နိုင်သေးသောကြောင့် စစ်ကော်မရှင်ဝန်ထမ်းများမှာ အဆင်ပြေသလို နေထိုင်နေကြရဆဲဖြစ်သည်။

    ဇဗ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်တွင် ငလျင်ထိ၍ ဒက္ခိဏသီရိမြို့နယ်ရှိ စစ်ကော်မရှင် ပြန်လည်နေရာချထားပေးသော ကားကွန်တိန်နာအိမ်တွင် ပြောင်းရွှေ့နေထိုင်ရသော ဝန်ထမ်းမိသားစုတစ်စုက မဲစာရင်းကို ဇဗ္ဗူသီရိမြို့နယ်တွင် သွားရောက်ကြည့်ရှုရန် ဖိအားပေးခံရကြောင်း ဆိုသည်။

    “မဲစာရင်းကြည့်ဖို့ ဖိအားပေးလို့လည်း သွားကြည့်ရတယ်။ ပြီးတော့ အဲဒီရပ်ကွက်ရုံးမှာပဲ မြို့နယ်ပြောင်းတယ် ဆိုတာကို ပုံစံ (၃) ဖြည့်ပြီး ကိုယ့်ဘာသာလုပ်ခဲ့ရတယ်” ဟု ထိုမိသားစုဝင်တစ်ဦးက ပြောသည်။

    နေပြည်တော်တွင် ငလျင်ဒဏ်ထိ ဝန်ထမ်းအိမ်ရာများကို ရှင်းလင်းနေဆဲဖြစ်ပြီး ဝန်ထမ်းအများစုသည် ကားကွန်တိန်နာဘောက်များ၊ ယာယီရွက်ဖျင်တဲများ၊ အိမ်ငှားနေထိုင်ခြင်းများဖြင့် နေထိုင်ရေး ဖြေရှင်း နေရသည်။

    ဝန်ကြီးဌာနတစ်ခုမှ အမျိုးသမီးတစ်ဦး၏ ခင်ပွန်းဖြစ်သူက အထွေထွေဒုက္ခများ ရင်ဆိုင်နေရသော ၎င်းတို့အနေဖြင့် မဲပေးရန်အရေး တက်ကြွမှု သိပ်မရှိကြောင်း ဆိုသည်။

    “အမျိုးသမီးက ရုံးကနေ မဲစာရင်းကြည့်ဖို့ ဖိအားပေးလို့ သွားကြည့်ရတယ်၊ ကျွန်တော်တို့က နေပြည်တော်မှာ အိမ်ထောင်စုဇယားမရှိတော့ နာမည်မပါဘူး၊ မဲပေးဖို့လည်း မတက်ကြွပါဘူး၊ မပေးဘဲ နေလို့ရရင်တော့ မပေးတော့ဘူး” ဟု ထိုသူက ပြောသည်။

    စစ်ကော်မရှင်အနေဖြင့် မဲစာရင်းကြည့်ရန်မှစ၍ မဲပေးရန်နှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်ရန် တို့ကို ဆက်လက်တိုက်တွန်းနိုင်ရန်ရှိကြောင်း မေးမြန်းခဲ့သည့် ဝန်ထမ်းအချို့က ယူဆသည်။

    မဲရုံမှူးများအဖြစ် Non CDM ဆရာ၊ ဆရာမ များလည်း ဆောင်ရွက်ရမည်ဖြစ်ရာ လုံခြုံရေးကို စိုးရိမ်ပူပန် နေရကြောင်း မဲရုံမှူးအဖြစ် ဆောင်ရွက်ရမည့် အသက် ၄၀ ကျော် အရွယ် ဆရာမတစ်ဦးက‌ ပြောသည်။

    “ခုက နှစ်ဖက်စလုံးကို ကြောက်နေရတာ၊ မလုပ်ချင်လည်း ရွေးကောက်ပွဲမှာက လုပ်ရမှာဆိုတော့ မတတ် နိုင်ဘူးလေ။ မိသားစုအပူ၊ လုံခြုံရေးကိစ္စလည်း ရှိနေတော့ ဒီ….ရွေးကောက်ပွဲမှာ သိပ်တော့ မပါချင်ဘူး၊ အရင်လိုလည်း မတက်ကြွဘူး” ဟု ဆိုသည်။

    ထိုဆရာမသည် မတ်လအတွင်းဖြစ်ခဲ့သော ငလျင်ဒဏ်ကြောင့် မိသားစုဝင်တစ်ဦး ဆုံးရှုံးထားသူလည်း ဖြစ်သည်။

    ဌာန စီမံချက်များဖြင့် ဝန်ထမ်းများကို မဲစာရင်း မကျန်ရအောင် လုပ်နေသလို ရပ်ကွက်ကျေးရွာများတွင်လည်း အရပ်သားများကို မဲစာရင်းကြည့်ရန် အုပ်ချုပ်ရေးဘက်မှ တာဝန်ရှိသူများက လော်စပီကာဖြင့် လိုက်လံသတိပေးခြင်း၊ စာကပ်ခြင်းဖြင့် အပြင်းအထန် ကြိုးပမ်းခဲ့ကြသည်။

    မဲစာရင်းကို အားတက်သရော လာရောက်ကြည့်ရှုသည်ကို မတွေ့ရကြောင်း ၊ ၂၀၁၀ ရွေးကောက်ပွဲ အခြေအနေမျိုးဟု ယူဆရကြောင်း ပျဉ်းမနားဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

    “ခုပွဲက သူလူနဲ့သူ ဟန်ပြမဲပေးပြီး လုပ်ချင်တာလုပ်မှာပဲ၊ ၂၀၁၀ လိုပေါ့ဗျ။ ဘယ်သူမဲပေးပေး မပေးပေး စိတ် မဝင်စားဘူး။ အချိန်တန် လူဘယ်လောက် မဲပေးတယ်ဆိုပြီး ရလဒ်ထွက်လာမှာပဲ”

    အာဏာသိမ်းစစ်တပ် တစ်ဖြစ်လဲ စစ်ကော်မရှင်သည် ၎င်းတို့ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့မှ စတင်ပြီး အပိုင်းသုံးပိုင်းခွဲကာ ကျင်းပသွားမည်ဖြစ်သည်။ ရွေးကောက်ပွဲ အပိုင်း(၁)ကို မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပသွားမည်ဖြစ်သည်။

    ထို့ကြောင့် မဲစာရင်းဟု ခေါ်သည့် ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူများ စာရင်းကို စက်တင်ဘာ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက်နေ့ထိ ၎င်းတို့စိုးမိုးသော ဒေသများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် သွားရောက်ကြည့်ရှုရန် ကြေညာထားသည်။

    “တာဝန် ထမ်းဆောင်ဆဲ ဝန်ထမ်းတွေဆီက မဲကို အကုန်လိုချင်နေတာ၊ ခုထိတော့ ဘယ်ကို ပေးရမယ် ဆိုတာ ပြောတာတော့ မရှိသေးဘူး။ ဝန်ထမ်းတွေကတော့ လက်ရှိ တည်ဆဲအစိုးရကိုပဲ မဲထည့်လေ့ရှိကြတော့ စစ်တပ်နဲ့ ပတ်သက်တဲ့ ကြံ့ခိုင်ရေးကိုပဲ မဲထည့်ရမှာပဲ” ဟု ဝန်ကြီးဌာနတစ်ခုမှ အရာရှိအမျိုးသား တစ်ဦးက ပြောသည်။

    အွန်လိုင်းမှတဆင့် ဆက်သွယ်မေးမြန်းခဲ့သော နေပြည်တော်ရှိ ဝန်ထမ်းများသည် လက်ရှိ ရွေးကောက်ပွဲ ကျင်းပမည့်ပုံစံ၊ ယှဉ်ပြိုင်မည့်ပါတီအမည်များကိုပင် မသိရှိဘဲ စိတ်ဝင်စားမှု နည်းပါးသည်ကိုလည်း သိရှိခဲ့ရသည်။

    လက်ရှိတွင် စစ်ကော်မရှင် ရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ပါတီခြောက်ခုမှ ကိုယ်စားလှယ်လောင်း ၃၉၅၁ ဦး၊ တိုင်းနှင့် ပြည်နယ်မှ ဝင်ပြိုင်မည့် ၅၁ ပါတီမှ ကိုယ်စားလှယ်လောင်း ၉၆၆ ဦး၊ တစ်သီးပုဂ္ဂလ ၉၆ ဦး စုစုပေါင်း ၅၀၂၃ ဦး ဝင်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

    ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် CDM ဟု ခေါ်သော အာဏာဖီဆန်ရေးလှုပ်ရှားမှုပေါ်ပေါက်လာရာ ထိုဖြစ်ရပ်ကို လက်မခံသော ဝန်ထမ်းများက CDM လုပ်ခဲ့သလို စစ်ကော်မရှင်လက်အောက်တွင် တာဝန် ဆက်ထမ်းဆောင်နေသော ဝန်ထမ်းများကို တော်လှန်ရေးအင်အားစုများက Non CDM အဖြစ် သတ်မှတ် ထားသည်။

    စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို တော်လှန်ရေး အင်အားစုများက အတုအယောင်ရွေးကောက်ပွဲအဖြစ် သတ်မှတ်၍ ဆန့်ကျင်တိုက်ခိုက်သွားမည်ဟု ထုတ်ဖော်ပြောဆိုထားသည့်အပြင် ပြည်သူများ အနေဖြင့် ပူးပေါင်းပါဝင်ခြင်းမပြုရန် တိုက်တွန်းထားသည်။

    နိုင်ငံတကာ ထောက်ခံမှုရရှိရန် ကြိုးပမ်းနေသော စစ်တပ်က ၎င်းတို့၏ ရွေးကောက်ပွဲ မပျက်ပြားစေရန် ဥပဒေ ထုတ်ပြန်၍ အရေးယူနေသလို လေကြောင်းဗုံးကြဲမှုများ နေ့စဉ်နီးပါးပြုလုပ်နေသဖြင့် အရပ်သား အစုလိုက်အပြုံလိုက် သေဆုံးမှုများဖြစ်ပေါ်နေသည်။

    ဥပဒေထုတ်သည့်နေ့မှစ၍ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ရွေးကောက်ပွဲဥပဒေဖြင့် အရေးယူထားသူ ၆၄ ဦး ရှိပြီး ထိုအထဲတွင် အသက်မပြည့်သေးသူများ ပါဝင်သည်။

    ယခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့က ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်း မှ ကာကွယ်ပေးရေး ဥပဒေအရ ထောင်ဒဏ်၊ငွေဒဏ်များ အပါအဝင် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။