Category: News

  • ရေကြည်က ရွာအချို့တွင် ထောက်ခံစာပါမှ ဈေးဝယ်ခွင့်ပေး

    ရေကြည်က ရွာအချို့တွင် ထောက်ခံစာပါမှ ဈေးဝယ်ခွင့်ပေး

    တိုက်ပွဲတွေရှိနေတဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲက ကျေးရွာတချို့မှာ ဈေးဝယ်ဖို့အတွက် ထောက်ခံစာပါမှ သွားခွင့်ပေးပြီး ထောက်ခံစာတစောင်ကိုလည်း စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးက ကျပ် ၁၀,၀၀၀ တောင်းတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ရေကြည်မြို့နယ်၊ ညောင်မှော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မင်းဇော်က စက်တင်ဘာလတတိယ အပတ်ကစတင်ပြီး ရွာသားတွေအနေနဲ့ ရေကြည်မြို့ပေါ်နဲ့ တခြားဒေသတွေကို သွားရောက်ပြီး ဘယ်ကုန်ပစ္စည်းမဆိုဝယ်ယူလိုရင် ဈေးဝယ်ထောက်ခံစာတရွက်ကို ကျပ် ၁၀,၀၀၀ ပေးမှ လုပ်ပေးတာဖြစ်ပြီး ထောက်ခံစာမလုပ်ဘဲ ဈေးဝယ်သွားခွင့်မပေးဘူးလို့ သိရပါတယ်။

    ဒေသခံ တယောက်က “ထောက်ခံစာမပါဘဲ ဈေးသွားဝယ်လို့အဖမ်းခံရရင် တာဝန်မယူဘူးလို့ပြောတာ။ ထောက်ခံစာကျတော့ တရွက် ၁၀,၀၀၀ အထိကောက်တာ။ ရွာကနေ ရေကြည်ဘက်သွားသွား။ ငါးသိုင်းချောင်းဘက်သွားလုပ်ရတာ” လို့ ပြောပါတယ်။

    ထောက်ခံစာမပါဘဲ ဈေးဝယ်ထွက်တဲ့သူတွေကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တွေက ရွာထိပ်စစ်ဆေးရေးဂိတ်ကနေ စောင့်ဖမ်းပြီး ငွေကျပ် ၁ သိန်းအထိ ဒဏ်ရိုက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ထောက်ခံစာပါ၊ မပါကို ရွာထိပ်မှာစစ်ဆေးတယ်။ ထောက်ခံစာပါမှ ဆက်သွားခွင့်ရတာ။ မပါရင်အဖမ်းပါခံရတာ။ အဖမ်းခံရပြီးဆို ထောက်ခံစာဖိုးထက် ၁၀ ဆ ပိုပေးရတယ်။ အုပ်ချုပ်ရေးမှူး လုပ်ပေးတဲ့ ထောက်ခံစာကလည်း လုပ်ပေးတဲ့နေ့နဲ့ နောက်တနေ့၊ ၂ ရက်လောက်ပဲသက်တမ်းက အကျုံးဝင်တယ်” လို့ ပြောပါတယ်။

    ပြီးတော့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မင်းဇော်နဲ့အဖွဲ့ဟာ ရွာသားတွေ အပြင်ထွက်ဝယ်ယူလာတဲ့ ကုန်ပစ္စည်းမှန်သမျှကို ဖွင့်ဖောက်စစ်ဆေးပြီး ထောက်ခံစာကြေးနဲ့ အပြင်ထွက် ခွင့်ကန့်သတ်ချက်တွေကြောင့် ကုန်ပစ္စည်းအများအပြား ဝယ်လာရင်လည်း PDF အတွက် ဝယ်လာတာလားလို့ မေးပြီး သိမ်းယူနေတယ်လို့ သိရပါတယ်။

    ဒါ့အပြင် မှတ်ပုံတင်၊ ဒါမှမဟုတ် စမတ်ကတ်တွေကိုပါ စစ်ဆေးပြီး စစ်ဆေးတာကိုငြင်းဆန်မိတဲ့ အရပ်သား ၉ ယောက်ကိုလည်း စစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးရိုက်နှက် စစ်ဆေးဖူးတယ်လို့ သိရပါတယ်။

  • ဆေးရုံမှာ လချီတက်ရောက်ပြီး ဆေးကုသခံနေတဲ့ စစ်အရာရှိတွေ ဆေးရုံအမြန်ဆင်းဖို့ စစ်အုပ်စုက ဖိအားပေး

    စစ်ဆေးရုံတွေမှာ လချီတက်ရောက်ပြီး ဆေးကုသခံနေတဲ့ စစ်အုပ်စုလက်အောက်ခံ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီးနဲ့ ဗိုလ်တွေကို ဆေးရုံကနေ အမြန်ဆုံးဆင်းဖို့ စစ်အုပ်စုရဲ့ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးကနေ ဖိအားပေးကာ ဆေးရုံဆင်းဖို့နဲ့ ဆေးရုံပြောင်းရွှေ့ခိုင်းတဲ့ လျှို့ဝှက်ညွှန်ကြားစာတစ်စောင်ကို CJ Platform က လက်ခံရရှိထားပါတယ်။

    ဆေးရုံတွေမှာ တစ်လနဲ့အထက် တက်ရောက်ပြီး ဆေးကုသမှုခံယူနေတဲ့ စစ်အုပ်စုလက်အောက်ခံ အရာရှိ ၁၄၂ ဦးထိ ရှိနေပြီး၊ အချို့ဟာ ၁ နှစ်ကျော်ထိ ဆေးရုံတွေမှာ တက်ရောက်နေခဲ့တာဖြစ်ပါတယ်။

    ဆေးရုံဆင်းဖို့ ဖိအားပေးခံရသူတွေထဲမှာ ဒုတိယဗိုလ်မှူးကြီး ၆ ဦး၊ ယာယီ ဒုတိယဗိုလ်မှူးကြီး ၄ ဦး၊ ဗိုလ်မှူး ၂၇ ဦး၊ ယာယီဗိုလ်မှူး ၄ ဦး၊ ဗိုလ်ကြီး ၈၅ ဦးနဲ့ ဗိုလ်အဆင့်တွေပါ ပါဝင်နေပါတယ်။

    စစ်အုပ်စုဟာ ဆေးရုံတက်ကာလ ကြာမြင့်နေတဲ့ အရာရှိတွေကို စိစစ်ပြန်ကြားရေးလို့ ရည်ညွှန်းပြီး စစ်ရာထူးခန့်ချုပ်ရုံးက စက်တင်ဘာ ၁၉ ရက်နေ့ ရက်စွဲနဲ့ ဆေးရုံတက်ရက် တစ်လကျော်ကြာမြင့်နေတဲ့ အရာရှိတွေကို ဆေးရုံအမြန်ဆုံးဆင်းဖို့နဲ့ ဆေးရုံပြောင်းဖို့အတွက် ထည့်သွင်းညွှန်ကြားထားတာကို ပေါက်ကြားလာတဲ့ လျှို့ဝှက်ညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။

  • နမ့်ဆန်မြိုနယ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

    နမ့်ဆန်မြိုနယ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် မောင်ယျာအောင်နှင့် အသက် ၁၃ နှစ်အရွယ် မောင်ထွန်းမျိုးအောင်တို့ သေဆုံး (ရုပ်/သံ)

    ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော နမ့်ဆန်မြို့နယ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် အသက် ၁၀ နှစ်အရွယ် မောင်ယျာအောင်နှင့် အသက် ၁၃ နှစ်အရွယ် မောင်ထွန်းမျိုးအောင်တို့ သေဆုံးပြီး ကလေး ၆ ဦး အပါအဝင် ပြည်သူ ၉ ဦးထိမှန်ဒဏ်ရာရကြောင်း TNLA က သတင်းထုတ်ပြန်သည်။

    ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၈ မိနစ်အချိန် နမ့်ဆန်မြိုနယ်၊ ဇယ်တုန်ဟုန်းကျေးရွာသို့ စစ်တပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ ဗုံးကျဲချမှုကြောင့် အသက် ၁၀ နှစ်အရွယ် မောင်ဇေယျာအောင် နှင့် အသက် ၁၃ နှစ်အရွယ် မောင်ထွန်းမျိုးအောင် ထိမှန်သေဆုံးသွားကြောင်း သိရှိရသည်။

    ထို့ပြင် အသက် ၁၀ နှစ်အရွယ် မမြတ်ဝန်းချယ်၊ အသက် ၁၂ နှစ်အရွယ် မခင်ယုမေ၊ အသက် ၉ နှစ်အရွယ် မသန္တာစိုး၊ အသက် ၁၂ နှစ်အရွယ် မခင်လှပြည့်နှင်း၊ အသက် ၁၃ နှစ်အရွယ် မထွေးရီ၊ အသက် ၁၄ နှစ်အရွယ် မောင်ခန့်သူရိုန်မင်း ၊ အသက် ၄၀ နှစ်အရွယ် ဦးတောင်တန်း၊ အသက် ၆၀ နှစ်အရွယ် ဦးဖိုးရှမ်း နှင့် အသက် ၆၀ နှစ်အရွယ် ဦးပန်ကျန်းတို့မှာ ဗုံးကျချဲမှုကြောင့် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူလူထု၏ နေအိမ် ၁၆ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

    အလားတူ ယနေ့ နံနက်ပိုင်း စစ်တပ်က လေယာဉ်ဖြင့် သီပေါမြို့ နယ်၊ မန်ဟဲကျေးရွာတွင် ၁ ကြိမ် နှင့် အုံမုကျေးရွာတွင် ၁ ကြိမ် ဗုံးလာရောက်ကျဲချခဲ့ကြောင်း၊ အောက်တိုဘာလ ၂ ရက်နေ့တွင်လည်း သီပေါမြိုနယ် စံဖိတ်ကျေးရွာ ကုမုဒြာဟိုတယ်တွင် ပြည်သူလူထုရှိရာကို ရည်ရွယ်ချက်ရှိရှိ ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကျဲချတိုက်ခိုက်မှုကြောင့် အဆောက်အဦး ၁ ခု ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

    ထို့အတူ အောက်တိုဘာလ ၂ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နမ္မတူမြိုတွင်းသို့ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၁ လုံး လာရောက်ကျဲချခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

  • မင်းအောင်လှိုင် တက်ရောက်ခဲ့သည့် မန္တလေးတက္ကသိုလ် နှစ် ၁၀၀  ပြည့်ပွဲသို့  ဖုန်းမယူရ၊ အိတ်မသယ်ရ၊ ထီးမယူရ၊ ဦးထုပ်မဆောင်းရ၊ ဆိုင်ကယ်နှင့်ကားများ မဝင်ရ၊ မရပ်ရ  ဆိုသော တားမြစ်မှုများ အပါအဝင် လုံခြုံရေး အထူးတင်းကျပ်ခဲ့

    မင်းအောင်လှိုင် တက်ရောက်ခဲ့သည့် မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲသို့ ဖုန်းမယူရ၊ အိတ်မသယ်ရ၊ ထီးမယူရ၊ ဦးထုပ်မဆောင်းရ၊ ဆိုင်ကယ်နှင့်ကားများ မဝင်ရ၊ မရပ်ရ ဆိုသော တားမြစ်မှုများ အပါအဝင် လုံခြုံရေး အထူးတင်းကျပ်ခဲ့

    မင်းအောင်လှိုင် တက်ရောက်ခဲ့သည့် မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲသို့ ဖုန်းမယူရ၊ အိတ်မသယ်ရ၊ ထီးမယူရ၊ ဦးထုပ်မဆောင်းရ၊ ဆိုင်ကယ်နှင့်ကားများ မဝင်ရ၊ မရပ်ရ ဆိုသော တားမြစ်မှုများ အပါအဝင် လုံခြုံရေး အထူးတင်းကျပ်ခဲ့

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယနေ့ နံနက်ပိုင်း တက်ရောက်ခဲ့သည့် မန္တလေး တက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲတွင် တက်ရောက်လာသော ကျောင်းသားကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် မြို့ခံတချို့ကို စစ်တပ်က လုံခြုံရေး အထူးတင်းကျပ်စွာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ပွဲတက်ရောက်ခဲ့သော ဆရာ၊ ဆရာမအသိုင်းအ၀ိုင်းက ပြောဆိုသည်။

    ယနေ့ အောက်တိုဘာ ၄ ရက်နေ့ နံနက်ပိုင်း မင်းအောင်လှိုင် တက်ရောက်မည့် မန္တလေးတက္ကသိုလ် ရာပြည့်အခမ်းအနားအတွက် ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၊ မြို့ခံများကို မင်းအောင်လှိုင် မလာရောက်မီ ၃ နာရီခန့်ကြိုတင်ခေါ်ယူခဲ့ပြီး လုံခြုံရေး စစ်ဆေးမှုများကို အထူး လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

    “အစောကြီးကြိုလာရတာ။ မနက် ၅ နာရီလောက်ကတည်းက လူစု။ ပြီးတော့ မနက် ၆ ခွဲ လောက်မှာ လုံခြုံရေးစစ်ဆေးမှုတွေ ဝင်ရတယ်။ မနက် ၈ နာရီလောက်အထိ လုံခြုံရေး စစ်ဆေးမှုတွေက မပြီးဘူး။ စည်းကမ်းတွေကတော့ များတယ်။ ဖုန်းတွေ မယူရဘူး။ မီဒီယာတွေတော့ ခြွင်းချက်ပေါ့။ ဖုန်း၊ ကွန်ပျူတာ အီလက်ထရောနစ်ပစ္စည်းတွေ ပေးမသယ်ဘူး။ လက်ကိုင်အိတ် ကျောပိုးအိတ်၊ လက်ဆွဲအိတ် ဘာအိတ်မှ ပေးမသယ်ခိုင်းဘူး။ ထီးမယူရဘူး။ ထီးမဆောင်းရဘူး။ ဦးထုပ်မဆောင်းရဘူး”ဟု မန္တလေးတက္ကသိုလ်မှ နည်းပြ ဆရာမတစ်ဦးက ဆိုသည်။

    ထို့ပြင် မင်းအောင်လှိုင်လာရောက်မည်ဖြစ်၍ မန္တလေးတက္ကသိုလ်ရာပြည့်အခမ်းအနားသို့ လာရောက်သည့် ကားနှင့် ဆိုင်ကယ်များကို အခမ်းအနားနှင့် အနီးဆုံးနေရာအထိ ယူဆောင်ခွင့်ပြုဘဲ သတ်မှတ်ထားသော အလွန်ဝေးသည့် နေရာသို့ သွားရောက် ပါကင်ထိုးရပ်နားခိုင်းကြောင်း သိရှိရသည်။

    “ကားဗုံး၊ ဆိုင်ကယ်ဗုံးထောင်မှာစိုးလို့ထင်တယ်။ အခမ်းအနားလုပ်တဲ့ နေရာနဲ့ အဝေးဆုံးမှာ သွားရပ်ခိုင်းတာ။ တချို့ နေရာတွေကို ကားရော ဆိုင်ကယ် လုံး ၀ အဝင်မခံဘဲ ပိတ်ထားတာ” ဟု ပွဲသို့ သွားရောက်ခဲ့သည့် ဌာနဆိုင်ရာတစ်ဦးက ရှင်းပြသည်။

    မင်းအောင်လှိုင်က လာရောက်ချိန် ဒရုန်းဖြင့် ဗုံးကျဲခံရမည်ကို စိုးရိမ်၍ ဒရုန်း Jammer များ တင်ဆောင် ထားသော ကားကြီးများက မန္တလေးတက္ကသိုလ် ပတ်ဝန်းကျင်တွင် လှည့်ပတ် ကင်းလှည့်ခဲ့ကြောင်း၊ တက္ကသိုလ်နှင့်အနီးဆုံးတွင် ရှိနေသည့် လမ်းဆုံလမ်းခွများတွင်လည်း စစ်တပ်က ဒရုန်း Guards များကို ချထားခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ လုံခြုံရေး တင်းကျပ်ခဲ့သော်လည်း ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ် အချိန် မန္တလေးမြို့ ၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)သို့ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ မစ်ရှင်ကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦး ဆောင် စီမံမှုဖြင့် No More Dictatorship (NMD-PDF) အဖွဲ့၊ People Servant Force ( P.S.F ) နှင့် ရတနာပုံတပ်ဦးအဖွဲ့တို့က လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

  • စစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုရာ မန္တလေး လပခ ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်

    စစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုရာ မန္တလေး လပခ ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့သို့ ရောက်ရှိနေစဉ် ၎င်းတည်းခိုရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) ကို ယနေ့ အောက်တိုဘာ ၄ ရက် နံနက် ၆ နာရီ ဝန်းကျင် တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ရှော့တိုက်ဒုံး နှစ် လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မန္တလေးတက္ကသိုလ် ရာပြည့်ပွဲသို့ တက်ရောက်ရန် ရောက်ရှိနေပြီး နံနက်ပိုင်းတွင် လပခ (နန်းတွင်း) ၌ တည်းခိုနေကြောင်း သတင်းရရှိခဲ့သဖြင့် ၁၀၇-မမ ရှော့တိုက်ဒုံး ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးဆောင်တိုက်ခိုက်ခဲ့သည့် Brave Warriors for Myanmar (BWM) အဖွဲ့ထံမှ သိရသည်။

    “ပစ်တဲ့အချိန်က မင်းအောင်လှိုင်က လပခ ထဲမှာ ရှိနေတာပါ။ ရှော့တိုက်ဒုံး နှစ်လုံးစလုံး လပခ ဝန်းထဲကို ကျရောက်ပေါက်ကွဲတယ်လို့ သိရပါတယ်။ အချိန်တိုအတွင်း စီစဉ်ရလို့ အလုံးရေကတော့ နည်းသွားပါတယ်။ ဒါပေမယ့် မင်းအောင်လှိုင်ရောက်ရှိလာချိန်ကို တိုက်ခိုက်နိုင်လို့ အောင်မြင်တယ်လို့ ဆိုရပါလိမ့်မယ်” ဟု BWM တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောသည်။

    BWM တပ်ဖွဲ့က စစ်ခေါင်းဆောင်သည် မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲသို့ တက်ရောက်မည်ဖြစ်ရာ တက္ကသိုလ်အတွင်းသို့ ပစ်မှတ်တိကျစွာ ပစ်ခတ်နိုင်သည့် အခွင့်အရေးရှိသော်လည်း ပြည်သူအများအပြားလည်း ရှိနေသည့်အတွက် အရပ်သားပြည်သူများကို ငဲ့ကွက်ကာ ပစ်ခတ်ခြင်း မပြုလုပ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

    တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကော်မရှင်ဘက်မှ Mi-35 ရဟတ်ယာဉ် နှင့် Y-12 လေယာဉ်များ အသုံးပြုကာ လပခ ဝန်းကျင်နှင့် မန္တလေးမြို့တွင်း၌ ကင်းထောက် ပျံသန်းမှုများနှင့် ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို BWM အဖွဲ့၏ ဦးဆောင်မှုဖြင့် No More Dictatorship (NMD-PDF)၊ People Servant Force (P.S.F) နှင့် ရတနာပုံတပ်ဦးအဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခု မန္တလေးသို့ မရောက်မီ အောက်တိုဘာ ၂ ရက်နေ့က ပြင်ဦးလွင်မြို့သို့ ရောက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်နေ့ ညပိုင်းတွင်မှ မန္တလေးမြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

    စစ်ခေါင်းဆောင် မင်းအောင်လှိုင်ခရီးစဉ် ရှော့တိုက်ဒုံးပစ်ခတ်ခံရပြီးနောက် မန္တလေးမှာ ပိုက်စိတ်တိုက်ရှာဖွေစစ်ဆေးနေ

    အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုနေတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အောက်တ်ိုဘာလ ၄ ရက် ဒီနေ့မနက် ၆ နာရီမှာ Brave Warriors For Myanmar (BWM) အဖွဲ့က ရှော့တိုက်ဒုံး နှစ်လုံးပစ်ခတ်ခဲ့ပြီးနောက် ဖမ်းဆီးစစ်ဆေးတာတွေ ပိုက်စိပ်တိုက် လုပ်ဆောင်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

    ပြင်ဦးလွင်ကနေ မန္တလေးကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ မန္တလေးတက္ကသိုလ်ရာပြည့်ပွဲကို တက်ရောက်ဖို့ မနေ့က ရောက်ရှိနေတာ ဖြစ်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ခေတ္တတည်းခိုနေချိန်မှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။

    ရှော့တိုက်ဒုံးတွေ ပစ်ခတ်ခဲ့တဲ့ BWM အဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးကတော့ ပစ်ခတ်မှုဆောင်ရွက်ပြီးနောက် အထိအခိုက်မရှိဘဲ နောက်ပြန်ဆုတ်လာနိုင်တယ်လို့ MFP ကို ပြောပါတယ်။

    “ပစ်ခတ်ပြီး မကြာခင် လေယာဥ်နဲ့ပါတ်ရှာပါတယ်။ Mi 35 တောက်လျောက် ပတ်ရှာတယ်။ ပြီးမှ Y12 ပါတက်လာပြီး ရှာတယ်။ ဒါပေမယ့်ရဲဘော်အားလုံးဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပါတယ်”

    စစ်ခေါင်းဆောင်အနေနဲ့ ပြည်သူလူထုကို လူသားဒိုင်းအဖြစ် အကာအကွယ်ယူပြီးနောက် ပွဲတက်ခဲ့ပေမဲ့ လူထုတွေရှိနေတာကြောင့် အခမ်းအနားကို မတိုက်ခိုက်ဘဲ လူထုထိခိုက်မှုမရှိတဲ့ ခေတ္တတည်းခိုနေတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    ရှော့တိုက်ဒုံးကျရောက် ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးတဲ့ အခြေအနေအသေးစိတ်ကို မသိရသေးပေမဲ့ မန္တလေးမြို့မှာ လုံခြုံရေးနှစ်ဆတိုးချထားပြီး လေကြောင်းကနေပါ ရဟတ်ယာဉ်နှစ်စီးနဲ့ ရှာဖွေစောင့်ကြည့်နေသလို မြေပြင်မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    “တက္ကသိုလ်ဘက်ကို ဆိုင်ကယ်လုံးဝသွားလို့မရဘူး။ မနက်ကတည်းကနေ ပိတ်ထားတာ။ ပွိုင့်တိုင်းမှာလည်း ရဲရောစစ်အုပ်စုရော အနည်းဆုံး ခြောက်ယောက်လောက် တွေ့တယ်။ ပုံမှန်မရှိတဲ့ နေရာတွေမှာတောင် တွေ့နေတယ်။ မနက်ကတော့ ကျွန်တော်က ဈေးကြိုဖို့သွားရင်းလမ်းမှာဆိုတော့ အုန်းခနဲ တစ်ချက်ကြားလိုက်တယ်။ အခုထပ်ကြားတာတော့ ဆိုင်ကယ်တွေကို ဖမ်းပြီးစစ်နေတယ်တဲ့။ အိမ်စီးကားတွေနဲ့ရော စစ်ကားတွေရော ပတ်နေတာ မနက်ကပစ်တဲ့ ကိစ္စကိုတရားခံရှာဖို့ လုပ်နေတာ ဖြစ်မယ်”

    လက်ရှိမှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီနေ့မနက်ပိုင်းမှာ တက္ကသိုလ်ရာပြည့်ပွဲကနေ မိန့်ခွန်းပြောကြားပြီးနောက် ပြန်လည် ထွက်ခွာသွားပြီလို့ ဆိုပါတယ်။

    စစ်ခေါင်းဆောင် ခရီးစဉ်မှာ ရှော့တိုက်ဒုံးပစ်ခတ်ခံရတာကြောင့် စစ်အုပ်စုအနေနဲ့ မြို့ခံလူငယ်တွေကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်လာနိုင်တာကြောင့် စိုးရိမ်မှုတွေရှိနေတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။