စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့သို့ ရောက်ရှိနေစဉ် ၎င်းတည်းခိုရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) ကို ယနေ့ အောက်တိုဘာ ၄ ရက် နံနက် ၆ နာရီ ဝန်းကျင် တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ရှော့တိုက်ဒုံး နှစ် လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မန္တလေးတက္ကသိုလ် ရာပြည့်ပွဲသို့ တက်ရောက်ရန် ရောက်ရှိနေပြီး နံနက်ပိုင်းတွင် လပခ (နန်းတွင်း) ၌ တည်းခိုနေကြောင်း သတင်းရရှိခဲ့သဖြင့် ၁၀၇-မမ ရှော့တိုက်ဒုံး ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးဆောင်တိုက်ခိုက်ခဲ့သည့် Brave Warriors for Myanmar (BWM) အဖွဲ့ထံမှ သိရသည်။
“ပစ်တဲ့အချိန်က မင်းအောင်လှိုင်က လပခ ထဲမှာ ရှိနေတာပါ။ ရှော့တိုက်ဒုံး နှစ်လုံးစလုံး လပခ ဝန်းထဲကို ကျရောက်ပေါက်ကွဲတယ်လို့ သိရပါတယ်။ အချိန်တိုအတွင်း စီစဉ်ရလို့ အလုံးရေကတော့ နည်းသွားပါတယ်။ ဒါပေမယ့် မင်းအောင်လှိုင်ရောက်ရှိလာချိန်ကို တိုက်ခိုက်နိုင်လို့ အောင်မြင်တယ်လို့ ဆိုရပါလိမ့်မယ်” ဟု BWM တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောသည်။

BWM တပ်ဖွဲ့က စစ်ခေါင်းဆောင်သည် မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲသို့ တက်ရောက်မည်ဖြစ်ရာ တက္ကသိုလ်အတွင်းသို့ ပစ်မှတ်တိကျစွာ ပစ်ခတ်နိုင်သည့် အခွင့်အရေးရှိသော်လည်း ပြည်သူအများအပြားလည်း ရှိနေသည့်အတွက် အရပ်သားပြည်သူများကို ငဲ့ကွက်ကာ ပစ်ခတ်ခြင်း မပြုလုပ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကော်မရှင်ဘက်မှ Mi-35 ရဟတ်ယာဉ် နှင့် Y-12 လေယာဉ်များ အသုံးပြုကာ လပခ ဝန်းကျင်နှင့် မန္တလေးမြို့တွင်း၌ ကင်းထောက် ပျံသန်းမှုများနှင့် ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို BWM အဖွဲ့၏ ဦးဆောင်မှုဖြင့် No More Dictatorship (NMD-PDF)၊ People Servant Force (P.S.F) နှင့် ရတနာပုံတပ်ဦးအဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခု မန္တလေးသို့ မရောက်မီ အောက်တိုဘာ ၂ ရက်နေ့က ပြင်ဦးလွင်မြို့သို့ ရောက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်နေ့ ညပိုင်းတွင်မှ မန္တလေးမြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ခရီးစဉ် ရှော့တိုက်ဒုံးပစ်ခတ်ခံရပြီးနောက် မန္တလေးမှာ ပိုက်စိတ်တိုက်ရှာဖွေစစ်ဆေးနေ
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုနေတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အောက်တ်ိုဘာလ ၄ ရက် ဒီနေ့မနက် ၆ နာရီမှာ Brave Warriors For Myanmar (BWM) အဖွဲ့က ရှော့တိုက်ဒုံး နှစ်လုံးပစ်ခတ်ခဲ့ပြီးနောက် ဖမ်းဆီးစစ်ဆေးတာတွေ ပိုက်စိပ်တိုက် လုပ်ဆောင်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
ပြင်ဦးလွင်ကနေ မန္တလေးကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ မန္တလေးတက္ကသိုလ်ရာပြည့်ပွဲကို တက်ရောက်ဖို့ မနေ့က ရောက်ရှိနေတာ ဖြစ်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ခေတ္တတည်းခိုနေချိန်မှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။
ရှော့တိုက်ဒုံးတွေ ပစ်ခတ်ခဲ့တဲ့ BWM အဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးကတော့ ပစ်ခတ်မှုဆောင်ရွက်ပြီးနောက် အထိအခိုက်မရှိဘဲ နောက်ပြန်ဆုတ်လာနိုင်တယ်လို့ MFP ကို ပြောပါတယ်။
“ပစ်ခတ်ပြီး မကြာခင် လေယာဥ်နဲ့ပါတ်ရှာပါတယ်။ Mi 35 တောက်လျောက် ပတ်ရှာတယ်။ ပြီးမှ Y12 ပါတက်လာပြီး ရှာတယ်။ ဒါပေမယ့်ရဲဘော်အားလုံးဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပါတယ်”
စစ်ခေါင်းဆောင်အနေနဲ့ ပြည်သူလူထုကို လူသားဒိုင်းအဖြစ် အကာအကွယ်ယူပြီးနောက် ပွဲတက်ခဲ့ပေမဲ့ လူထုတွေရှိနေတာကြောင့် အခမ်းအနားကို မတိုက်ခိုက်ဘဲ လူထုထိခိုက်မှုမရှိတဲ့ ခေတ္တတည်းခိုနေတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ရှော့တိုက်ဒုံးကျရောက် ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးတဲ့ အခြေအနေအသေးစိတ်ကို မသိရသေးပေမဲ့ မန္တလေးမြို့မှာ လုံခြုံရေးနှစ်ဆတိုးချထားပြီး လေကြောင်းကနေပါ ရဟတ်ယာဉ်နှစ်စီးနဲ့ ရှာဖွေစောင့်ကြည့်နေသလို မြေပြင်မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“တက္ကသိုလ်ဘက်ကို ဆိုင်ကယ်လုံးဝသွားလို့မရဘူး။ မနက်ကတည်းကနေ ပိတ်ထားတာ။ ပွိုင့်တိုင်းမှာလည်း ရဲရောစစ်အုပ်စုရော အနည်းဆုံး ခြောက်ယောက်လောက် တွေ့တယ်။ ပုံမှန်မရှိတဲ့ နေရာတွေမှာတောင် တွေ့နေတယ်။ မနက်ကတော့ ကျွန်တော်က ဈေးကြိုဖို့သွားရင်းလမ်းမှာဆိုတော့ အုန်းခနဲ တစ်ချက်ကြားလိုက်တယ်။ အခုထပ်ကြားတာတော့ ဆိုင်ကယ်တွေကို ဖမ်းပြီးစစ်နေတယ်တဲ့။ အိမ်စီးကားတွေနဲ့ရော စစ်ကားတွေရော ပတ်နေတာ မနက်ကပစ်တဲ့ ကိစ္စကိုတရားခံရှာဖို့ လုပ်နေတာ ဖြစ်မယ်”
လက်ရှိမှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီနေ့မနက်ပိုင်းမှာ တက္ကသိုလ်ရာပြည့်ပွဲကနေ မိန့်ခွန်းပြောကြားပြီးနောက် ပြန်လည် ထွက်ခွာသွားပြီလို့ ဆိုပါတယ်။
စစ်ခေါင်းဆောင် ခရီးစဉ်မှာ ရှော့တိုက်ဒုံးပစ်ခတ်ခံရတာကြောင့် စစ်အုပ်စုအနေနဲ့ မြို့ခံလူငယ်တွေကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်လာနိုင်တာကြောင့် စိုးရိမ်မှုတွေရှိနေတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။


Leave a Reply