Category: News

  • အင်တာနက်အသုံးပြုမှုအားလုံးကို တရုတ်နိုင်ငံက အပြည့်အ၀ ထိန်းချုပ်ခွင့်ရရှိသွားပြီ

    အင်တာနက်အသုံးပြုမှုအားလုံးကို တရုတ်နိုင်ငံက အပြည့်အ၀ ထိန်းချုပ်ခွင့်ရရှိသွားပြီ

    မြန်မာပြည်သူများ၏ အင်တာနက်အသုံးပြုမှုအားလုံးကို တရုတ်နိုင်ငံက အပြည့်အ၀ ထိန်းချုပ်ခွင့်ရရှိသွားပြီး မင်းအောင်လှိုင်က တိုင်းပြည်ကို တရုတ်လက်ထဲ ထည့်လိုက်ပြီဟုဆို

    မြန်မာပြည်သူများ၏ အင်တာနက်အသုံးပြုမှုအားလုံးကို တရုတ်နိုင်ငံက အပြည့်အ၀ ထိန်းချုပ်ခွင့်ရသွားပြီး မင်းအောင်လှိုင်က တိုင်းပြည်ကို တရုတ်လက်ထဲသို့ ထည့်သွင်းလိုက်သည့်သဘောဟု ဆိုနိုင်ကြောင်း လူ့အခွင့်အရေးနှင့် နည်းပညာကျွမ်းကျင်သော စောင့်ကြည့်လေ့လာရေးအဖွဲ့များက ပြောဆိုသည်။

    ကမ္ဘာ့အဆိုးရွားဆုံး တရုတ်အင်တာနက်ဆင်ဆာစနစ် Great Firewall အသုံးချပုံများနှင့် ပတ်သက်သော မကြာသေးမှီက ဖြစ်ပွားခဲ့သည့် လျှို့ဝှက်သတင်းအချက်အလက်များ ပေါက်ကြားခဲ့မှုသည် နိုင်ငံတကာမီဒီယာများနှင့် ဒစ်ဂျစ်တယ်နည်းပညာ နယ်ပယ်ကိုသာမက နိုင်ငံရေးလောကကိုပင် ကြီးစွာရိုက်ခတ်မှုများ ဖြစ်လာစေခဲ့သည်။

    အဆိုပါလျှို့ဝှက်ပေါက်ကြားမှုကြီးနှင့်ဆက်စပ်၍ အများပြည်သူသိစေရန် နှင့် သုတေသနပြု လေ့လာရန်အတွက် မီဒီယာများ/ အစိုးရမဟုတ်သော နည်းပညာ/ အရပ်ဘက်အဖွဲ့အစည်းများ ဖြစ်ကြသည့် InterSecLab၊ Justice For Myanmar၊ Amnesty International၊ Follow the Money၊ DER STANDARD နှင့် The Globe and Mail တို့က ပူးပေါင်းအစုအဖွဲ့ တစ်ခုဖွဲ့စည်းကာ အတူတကွ လေ့လာဆန်းစစ်ခဲ့ကြပြီး၊ တွေ့ရှိချက်များကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

    ပေါက်ကြားလာသော ဖိုင်အရွယ်အစား ၅၀၀ ဂစ်ဂါဘိုက်ကျော် အချက်အလက်များအရ တရုတ်အင်တာနက်ဆင်ဆာစနစ် Tiangou Secure Gateway (TSG) ကို တရုတ် Great Firewall ၏ ဖခင်ဟု တင်စားကြလေ့ရှိသည့် Fang Binxing ကုမ္ပဏီ၏ ကိုယ်ပွားသဖွယ်ဆက်စပ်နေသည့် တရုတ်နည်းပညာကုမ္ပဏီ Geedge Networks က စစ်အုပ်စုအလိုကျ မြန်မာနိုင်ငံတွင် လာရောက်တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စတင်အသုံးပြုနေပြီဖြစ်သည်။

    တရုတ်အင်တာနက်ဆင်ဆာနည်းပညာ နှင့် ပတ်သက်သော ပေါက်ကြားခဲ့ဖူးသမျှထဲတွင် အသေးစိတ်အကျဆုံးနှင့် အချက်အလက်အများဆုံး ပါဝင်သော အဆိုပါပေါက်ကြားမှုသည် တရုတ်နည်းပညာကုမ္ပဏီ Geedge Networks မှတဆင့်ပင် ပေါက်ကြားခဲ့ခြင်းဖြစ်သည်။

    ပေါက်ကြားလာသောဖိုင်များတွင် Geedge ၏ Tiangou Secure Gateway (TSG) အင်တာနက်ဆင်ဆာစနစ်ကို မည်သို့တီထွင်ထားကြောင်း ဖော်ပြထားသည့် အချက်အလက်များသာမက၊ မြန်မာပြည်တွင်း အင်တာနက်အသုံးပြုလမ်းကြောင်းတစ်ခုလုံးကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာ စိစစ်အဖြေရှာထုတ်ပြန်ပေးသည့် DPI ပလက်ဖောင်းများ မည်သို့တည်ဆောက်ခြင်းဆိုင်ရာများအပြင် အင်တာနက်ဆင်ဆာဖြတ်တောက်၊ စောင့်ကြည့်ထောက်လှမ်းခြင်းများ အသုံးပြုမှုဆိုင်ရာ များစွာသော Tiangou ၏ စွမ်းဆောင်ရည်အချက်အလက်များလည်း ပါဝင်နေသည်။

    လျှို့ဝှက်ပေါက်ကြားလာသည့် ကုမ္ပဏီ၏ စာရွက်စာတမ်း ၁၀၀,၀၀၀ ကျော်ပါ အချက်အလက်များအပေါ် အခြေခံပြီး တရုတ်ကုမ္ပဏီ Geedge Network သည် မြန်မာစစ်အုပ်စုကို ကြောက်ခမန်းလိလိ စွမ်းဆောင်နိုင်သည့် ထောက်လှမ်းရေးနည်းပညာနှင့် စက်ပစ္စည်းများကို တပ်ဆင်ရောင်းချပေးခဲ့ကြောင်း ပူးပေါင်းအစုအဖွဲ့၏အဖွဲ့ဝင် နည်းပညာအဖွဲ့အစည်းတစ်ခုဖြစ်သည့် InterSecLab က အစီရင်ခံစာထုတ်ပြန် ဖော်ထုတ်ခဲ့သည်။

    အဆိုပါ Geedge ၏ Tiangou Secure Gateway (TSG) အင်တာနက်ဆင်ဆာစနစ်ကို မြန်မာနိုင်ငံတွင်း ATOM ၊ Ooreedoo၊ MPT ကဲ့သို့သော ပြည်တွင်းဆက်သွယ်ရေးကုမ္ပဏီ ၁၃ ခုအပါအဝင် ဒေတာစင်တာ ၂၆ ခုတွင် တပ်ဆင်ထားပြီး၊ ၄င်းသည် အင်တာနက်အသုံးပြုသူ မြန်မာပြည်သူ ၃၃ သန်းကျော်၏ အင်တာနက်ပေါ်ဆက်သွယ်လှုပ်ရှားမှုပေါင်း ၈၁ သန်းခန့်ကို အချိန်နှင့်တပြေးညီ တပြိုင်နက်စောင့်ကြည့်နိုင်ကြောင်း တွေ့ရှိထုတ်ဖော်နိုင်ခဲ့သည်။

    ထိုပေါက်ကြားမှုမှတဆင့် သိရှိလာရသည့် အချက်အလက်များအပေါ် အခြေခံပြီး တရုတ်ကုမ္ပဏီက မြန်မာစစ်အုပ်စုကို ရောင်းချတပ်ဆင်ပေးထားသည့် တရုတ် Great Firewall ပုံစံတူ အင်တာနက်ဆင်ဆာဖြတ်တောက်ရေးစနစ်သည် မြန်မာပြည်သူများအပေါ် မည်သို့မည့်ပုံ သက်ရောက်နိုင်သည်ကို ရန်ကုန်ခေတ်သစ်က InterSecLab သို့ ဆက်သွယ်မေးမြန်းခဲ့သည်။.

    “လျှို့ဝှက်ပေါက်ကြားလာတဲ့ အချက်လက်တွေအပေါ် ခွဲခြမ်းစိတ်ဖြာ လေ့လာတွေ့ရှိချက်များအရ Geedge ဟာ သူတို့၏ လုပ်ငန်းဆောင်တာတွေရှိတဲ့ မြန်မာအပါအဝင် ဖောက်သည်နိုင်ငံများအတွင်း တပ်ဆင်ထားတဲ့ ၎င်းတို့ရဲ့ စနစ်ယန္တရားတွေကို အဝေးကနေ ချိတ်ဆက်အသုံးပြုနိုင်စွမ်း (remote access) ရှိနေတာကို တွေ့ရပါတယ်။ ဆိုလိုတာက Geedge ဟာ မြန်မာနိုင်ငံက အင်တာနက်သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို အချိန်မရွေး ဝင်ရောက်ကြည့်ရှုနိုင်သလို၊ လေ့လာစောင့်ကြည့်၊ ခွဲခြမ်း စိတ်ဖြာ၊ ထောက်လှမ်းနိုင်တယ် ဆိုတာပါပဲ” ဟု InterSecLab ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

    ထို့အပြင် မြန်မာနိုင်ငံ၏ အချုပ်အခြာနှင့် တိုက်ရိုက်ပတ်သက်သည့် ၃၃ သန်းကျော်သော အင်တာနက်အသုံးပြုသူ မြန်မာပြည်သူအားလုံး၏ အင်တာနက်အသုံးပြုမှု အချက်အလက်များအား တရုတ်အစိုးရက ဝင်ရောက်ချိတ်ဆက်အသုံးပြုနိုင်သည် ဆိုသည့်အချက်နှင့် ပတ်သက်၍လည်း “မြန်မာတွင် အင်တာနက်ဆင်ဆာစနစ် လာရောက်တပ်ဆင်သော Geedge Networks နှင့် တရုတ်နိုင်ငံတော်ကောင်စီ ထိန်းချုပ်ခံ တရုတ်သိပ္ပံအကယ်ဒမီ (Chinese Academy of Sciences) တို့အကြား အပြန်အလှန် ပံ့ပိုးဆက်သွယ်မှုများကို ဖော်ညွှန်းနေသည့် ပေါက်ကြားလာသော MesaLab ၏ စာရွက်စာတမ်းများက ၄င်းအချက်ကို သက်သေပြနေကြောင်း” အဆိုပါ InterSecLab ၏ ပြောခွင့်ရှိသူက ဆက်ပြောခဲ့သည်။

    MesaLab သည် တရုတ်နိုင်ငံ၏ အဆင့်မြင့်ဆုံးအဖွဲ့ဖြစ်သော တရုတ်နိုင်ငံတော်ကောင်စီ ထိန်းချုပ်ခံ တရုတ်သိပ္ပံအကယ်ဒမီ (Chinese Academy of Sciences) လက်အောက်ရှိ Institute of Information Engineering (IIE) ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး၊ Geedge နှင့် ၄င်းတို့အကြား အပြန်အလှန် ပံ့ပိုးဆက်သွယ်နေသည်ကို ဖော်ပြနေသော MesaLab ၏ သတင်းအချက်အလက်များ ပေါက်ကြားမှုများမှတဆင့် ယခုလို မြန်မာနှင့်ပတ်သက်သော စိုးရိမ်ဖွယ်အချက်များ သိရှိခွင့် ရရှိလာရခြင်းလည်းဖြစ်သည်။

    ထိုပေါက်ကြားလာသော မြန်မာနိုင်ငံတွင်း တရုတ်ပုံစံတူ အင်တာနက်ဆင်ဆာစနစ်နှင့် ပတ်သက်သော အချက်အလက်များအပေါ် အခြေခံပြီး၊ မြန်မာ့အရေး တက်ကြွလှုပ်ရှားဆောင်ရွက်နေသော အမည်မဖော်လိုသူ ဒစ်ဂျစ်တယ်ပညာရှင်တစ်ဦးက – “အခုကိစ္စက စစ်တပ်ကို တော်လှန်သူတွေပဲ ထိမှာ မဟုတ်ဘူး …တစ်နိုင်ငံလုံး ထိမှာ၊ စစ်ဗိုလ် ဗိုလ်ချုပ်၊ မဘသ၊ စစ်လော်ဘီ …. တစ်ယောက်မှ မကျန်ဘူး၊ မြန်မာပြည်သူ ဘယ်သူမဆို အချိန်မရွေး ဒီယန္တရားရဲ့အောက်မှာ သားကောင် ဖြစ်သွားနိုင်ပါတယ်။ မင်းအောင်လှိုင်က သူအာဏာတည်မြဲရေးအတွက် တရုတ်ကို အကုန်ချကျွေးတာ၊ တိုင်းပြည်ရဲ့အချုပ်အခြာ ဆိုတာ အခုတော့ လေထဲမှာ အရုပ်ရေးသလို ဖြစ်သွားပြီ” ဟု ပြောကြားခဲ့သည်။

    “ဒီလို အင်တာနက်ခေတ်မှာ တစ်နိုင်ငံလုံးရဲ့ အသေးစိတ် ဒေတာအချက်အလက်တွေကို ပေးလိုက်မှတော့၊ နောက်ပိုင်းဆို တရုတ်က စစ်အုပ်စု စစ်လော်ဘီပါမကျန် ပြည်သူအားလုံးရဲ့ ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်ပြီး၊ မြန်မာ့အရေးမှာ ဒီထက်ပိုပြီး လိုသလိုပုံသွင်း ချုပ်ကိုင်လာနိုင်သလို၊ မြန်မာပြည်သူတွေ အထူးသဖြင့် သူတို့လိုချင်သူ တနည်းအားဖြင့် သူတို့အတွက် အရေးပါသူ/ အန္တရယ်ပေးနိုင်သူ လို့ သူတို့ယူဆသူတွေကိုလည်း စာရင်း (Mapping) ပြုပြီး၊၊ ရည်ရွယ်ချက်ရှိရှိ စောင့်ကြည့်ထောက်လှမ်းတာတွေ… ဥပဒေမဲ့ အရေးယူတာမျိုးတွေ အချိန်မရွေး ဖြစ်လာနိုင်ပါတယ်” ဟု ၄င်းက ဆက်ပြောခဲ့သည်။

  • ကန့်ဘလူ၊ ဇီးကုန်းမြို့ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်

    ကန့်ဘလူ၊ ဇီးကုန်းမြို့ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်

    ကန့်ဘလူ၊ ဇီးကုန်းမြို့ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ရဲအရာရှိများ အပါ အဝင် ရဲ ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိ၊ လက်နက် ၁၂ လက် သိမ်းဆည်းရရှိပြီး ရဲစခန်း တစ်ခုလုံးကို မီးရှို့ရှင်းလင်း

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ ရဲအရာရှိငယ်များ အပါ အဝင် ရဲ ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်မိကာ လက် နက် ၁၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဓူဝံ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာ ဝန် ရှိသူ တစ်ဦးက ပြောဆိုသည်။

    ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထို တိုက်ခိုက်မှုသည် မိနစ်ပိုင်းသာ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ရဲဗိုလ်လေးနှင့် ရဲတပ်သားများ အပါအဝင် ၆ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ဗိုလ်လေး ၂ ဦး၊ ရဲတပ်သား ၂ ဦး ၊ ရဲမိသားစုဝင် ၄ ဦးနှင့် အချုပ်သား ၃ ဦး တို့ကိုလည်း အရှင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

    တိုက်ပွဲအတွင်း ရဲများထံမှ G-3 သေနတ် ၉ လက်၊ G-4 သေနတ် ၁ လက်၊ MA-15 သေနတ် ၁ လက် နှင့် ပစ္စတို သေနတ် ၁ လက်တို့ သိမ်းဆည်းရရှိခဲ့ပြီး ရဲစခန်းအတွင်းရှိ အဆောက်အဦးများကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရသည်။

    ” ဇီးကုန်းမြို့ ရဲစခန်းကို ကျနော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တာ အရာရှိငယ်များ အပါအဝင် ရဲ ၆ ကောင် သေဆုံးပြီး ရဲ ၄ ကောင် အရှင်မိတယ်။ ကျန်တဲ့ ဖမ်းဆီးရမိသူက သူတို့ ရဲမိသားစုဝင်တွေနဲ့ အချုပ်သားတွေပေါ့။ လက်နက် ၁၂ လက် သိမ်းဆည်းရရှိခဲ့တယ်။ တိုက်ပွဲက မိနစ်ပိုင်းလောက်ပဲကြာတယ်” ဟု ဓူဝံ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် ပကဖ စစ်ကြောင်းမှ ဦးဆောင်၍ ရေးဦး ဒူဝံ ပကဖနှင့် နယ်မြေခံ ပကဖများက ပူးပေါင်းလုပ်ဆောင်ခဲ့ကာ တော် လှန်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

  • ဖားကန့်တွင် တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး လက်နက်ကြီးကြောင့် ကလေးငယ် ၁ ဦး သေဆုံး

    ဖားကန့်တွင် တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး လက်နက်ကြီးကြောင့် ကလေးငယ် ၁ ဦး သေဆုံး

    ဖားကန့်တွင် တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး လက်နက်ကြီးကြောင့် ကလေးငယ် ၁ ဦး သေဆုံး

    စစ်ရေးတင်းမာနေသည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ဒေသ (ဆိပ်မူကျေးရွာ) ကို စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အသက်ကိုးနှစ်အရွယ် ကလေးငယ်တဦး သေဆုံးကာ သက်ကြီးရွယ်အိုအဘွားတဦးနှင့် ကလေးငယ်သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

    “စုစုပေါင်းငါးယောက်လောက်ရှိတယ်။ တအိမ်တည်းက ကလေးနှစ်ယောက်ထိတာ တယောက်က သေ တာ ပွဲချင်းပြီး၊ နောက်တယောက်က လက်ပြတ်သွားတယ်” ဟု ဒေသခံတဦးက ပြောသည်။

    ယနေ့(စက်တင်ဘာ ၁၇ ရက်) ညနေ ၄ နာရီခန့်တွင် ဆိပ်မူကျေးရွာ၊ မှော်ရှန်ရပ်ကွက်အတွင်းသို့ လက် နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက်ကိုးနှစ်အရွယ် မမေမြတ်နိုးသည် နေရာတွင်သေဆုံးခဲ့ပြီး ၎င်း၏ညီမဖြစ်သူ အသက်ငါးနှစ်ဝန်းကျင်အရွယ် မခင်မြတ်နိုးသွယ်မှာ ညာဘက်လက်တွင် ပြင်းထန်ဒဏ် ရာ ရရှိခဲ့ခြင်းဖြစ်သည်။

    ထို့ပြင် အသက် ၆၀ အရွယ် အဘွားဝင်း၊ အသက် ၁၇ နှစ်အရွယ် မောင်အောင်လင်းဦးနှင့် မသဥ္ဇာနွယ်တို့ လည်း အသီးသီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

    ယနေ့နံနက်ပိုင်းတွင် ဖားကန့်မြို့နယ်၊ ဆိုင်းဂျာဘွမ်ကျေးရွာတွင်လည်း လက်နက်ကြီးကျရောက်ပေါက် ကွဲမှုကြောင့် အသက် ၅၀ ဝန်းကျင်အရွယ် ဦးအောင်မျိုး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။

    စက်တင်ဘာလဆန်းပိုင်းမှစ၍ ပြင်းထန်တိုက်ပွဲများဖြစ်ပွားနေသည့် ဖားကန့်မြို့နယ်တွင် စက်တင်ဘာလ ၁၁ ရက်နေ့မှစတင်ကာ တိုက်ပွဲ ခေတ္တရပ်တန့်သွားခဲ့သည်။ ထို့နောက် စက်တင်ဘာလ ၁၆ ရက်နေ့တွင် စစ်ရေးပြန်လည်တင်းမာလာပြီး အရပ်သားများနေထိုင်ရာရပ်ကွက်ကျေးရွာများတွင် လက်နက်ကြီးကျည် များ ဆက်တိုက်ကျရောက်လာခြင်းဖြစ်သည်။

    ဓါတ်ပုံ- ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် စက်တင်ဘာ ၁၇ ရက်လက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက်သေဆုံးရသည့် ကလေးငယ်များ။ (ပေးပို့)

  • ယခုနှစ်အတွင်း လက်နက်ချ အလင်းဝင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂,၀၀၀ ကျော်ရှိ

    ယခုနှစ်အတွင်း လက်နက်ချ အလင်းဝင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂,၀၀၀ ကျော်ရှိ

    အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအတွင်း လက်နက်ချ အလင်းဝင်ခဲ့တဲ့ စစ်ကောင်စီအဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် ၂,၀၂၉ ယောက် ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

    စစ်ကိုင်းတိုင်းမှာ အလင်းဝင်ပူးပေါင်းလာသူ စစ်သား ၁၅ ယောက်အနက် ၂ ယောက်မှာ စစ်မှုထမ်းတပ်သားသစ်တွေဖြစ်ပြီး စစ်သုံ့ပန်း ဖမ်းဆီးခံရသူ ၁၀ ယောက် ပါဝင်တယ်လို့ သိရပါတယ်။

    တနင်္သာရီတိုင်းမှာ အလင်းဝင်လာသူ ၁၀ ယောက်ရှိပြီး စစ်သုံ့ပန်း ဖမ်းဆီးခံရသူ ၆ ယောက်က စစ်မှုထမ်းတပ်သားသစ်တွေ ဖြစ်ပါတယ်။

    စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေးစက်ဝန်းထဲ ပိတ်မိချိန် ကြာမြင့်လာတာနဲ့အမျှ အနားမရမှု၊ အဖိနှိပ်ခံရမှု၊ မိသားစုနဲ့ ကြာမြင့်စွာ ခွဲခွာ‌နေရမှုတွေကြောင့် စိတ်ထောင်းကိုယ်ကြေ ပင်ပန်းနေပြီ ဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအတွင်း စစ်မှုထမ်းအပတ်စဉ် ၉ ကနေ ၁၇ အထိ အပတ်စဉ် ၉ ခု ဖွင့်လှစ်ခဲ့ပြီး လူငယ် ၈,၀၀၀ ကျော် စစ်မှုထမ်းအတွက် ဖမ်းဆီးခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ စာရင်းအရ သိရပါတယ်။

  • အင်တာနက်ထိန်းချုပ်မှုတွင် တရုတ်နည်းပညာကုမ္ပဏီ Geedge အဓိကပါဝင်နေ

    အင်တာနက်ထိန်းချုပ်မှုတွင် တရုတ်နည်းပညာကုမ္ပဏီ Geedge အဓိကပါဝင်နေ

    စစ်ကော်မရှင်၏ အင်တာနက်ထိန်းချုပ်မှုတွင် တရုတ်နည်းပညာကုမ္ပဏီ Geedge အဓိကပါဝင်နေပြီး VPN အသုံးပြုသူများကိုပင်ခြေရာခံနိုင်

    စစ်ကော်မရှင်၏ အင်တာနက်အသုံးပြုမှု ထိန်းချုပ်ရေးတွင် တရုတ်နည်းပညာကုမ္ပဏီ Geedge သည် အဓိကပါဝင်နေပြီး VPN အသုံးပြု၍ အင်တာနက်ကျော်ခွသူများကိုပင် ခြေရာခံနိုင်သည့်စနစ်ကို ရောင်းချနေကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်သည်။

    JFM ၏ ထုတ်ပြန်ချက်တွင် တရုတ်ကုမ္ပဏီ Geedge နှင့်ပတ်သက်သော လျှို့ဝှက်စာရွက်စာတမ်းများ တစ်သိန်းကျော် ပေါက်ကြားခဲ့ပြီး ထိုစာရွက်စာတမ်းများတွင် မြန်မာနှင့် ပါကစ္စတန်နိုင်ငံတို့သို့ တရုတ်၏ ဆင်ဆာပိတ်ပင်ရေးနှင့် စောင့်ကြည့်ထောက်လှမ်းရေးစနစ်များကို တိတ်တဆိတ်ရောင်းချနေသည်ဟု ဖော်ပြထားသည်။

    လူမှုကွန်ရက်သုံးစွဲသူ ၃၃.၅ သန်းကို ထောက်လှမ်းထိန်းချုပ်

    စစ်ကော်မရှင်သည် ပြည်တွင်းတယ်လီကွန်းအော်ပရေတာများ၏ အကူအညီဖြင့် မြန်မာနိုင်ငံရှိ အင်တာနက်သုံးစွဲသူ ၃၃.၅ သန်း၏ အွန်လိုင်းလှုပ်ရှားမှုများကို ဘက်စုံထောက်လှမ်းခြင်း၊ ဆင်ဆာပိတ်ပင်ခြင်းနှင့် ထိန်းချုပ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

    လက်ရှိတွင် မြန်မာ၌ လူသုံးများသော TikTok ကိုပင် ယခင်က VPN မလိုဘဲ သုံးစွဲနိုင်ခဲ့သော်လည်း ယခုအခါ VPN ခံပြီးမှသာ ချိတ်ဆက်အသုံးပြုနိုင်ကြောင်း ရန်ကုန်ရှိ လူမှုကွန်ရက်သုံးစွဲသူများထံမှ သိရသည်။

    “အရင် Facebook သုံးရင် VPN ခံရတယ်။ TikTok သုံးတဲ့အခါ VPN ဖြုတ်ထားမှ လိုင်းကောင်းတယ်။ အခုတစ်လ၊ နှစ်လလောက်ရှိပြီ။ TikTok လည်း VPN ခံသုံးရတယ်။ Instagram လည်း VPN ခံသုံးရတယ်” ဟု ရန်ကုန်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

    VPN များ ပိတ်ပင်ခြင်း

    ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် တရုတ်နည်းပညာကုမ္ပဏီ Geedge က မြန်မာနိုင်ငံတွင် Tiangou Secure Gateway ( TSG) စနစ်တပ်ဆင်စမ်းသပ်နှင့် လေ့ကျင့်သင်ကြားမှုများပြုလုပ်ပေးခဲ့ပြီး ထိုသို့ပြုလုပ်ရာတွင် VPN ပိတ်ပင်ခြင်း၊ YouTube ကန့်သတ်ခြင်းနည်းလမ်းများ ပါဝင်ကြောင်းသိရသည်။

    ထို့ပြင် စစ်ကော်မရှင်သည် အင်တာနက်ကျော်ခွအသုံးပြုရသော လူသုံးများသည့် vpn များကို တရုတ်နည်းပညာကုမ္ပဏီ Geedge စနစ်ဖြင့် ပိတ်ပင်လိုက်နိုင်ခြင်းဖြစ်ကြောင်း JFM ထုတ်ပြန်ချက်တွင်ပါဝင်သည်။

    စစ်တပ်အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် လူမှုကွန်ရက်စာမျက်နှာ Facebook သုံးစွဲမှုပိတ်ထားသဖြင့် VPN ( Virtual Private Network) ကြားခံဖြင့် အင်တာနက်ကျော်ခွချိတ်ဆက်အသုံးပြုပြီးနောက် ၂၀၂၄ ခုနှစ်တွင် အခမဲ့နှင့် အခပေးရသည့် VPN နာမည်အမျိုးအစားပေါင်းများစွာကို ပိတ်ပင်ထားသည်။

    တရုတ်ကုမ္ပဏီ Geedge သည် စစ်ကော်မရှင်၏ ဒစ်ဂျစ်တယ်ဖိနှိပ် ထိန်းချုပ်မှုတွင်ပါဝင်ပြီး အင်တာနက်အသုံးပြုသူများကို ခြေရာခံခြင်း၊ နှုတ်ပိတ်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် အကြမ်းဖက်ခြင်တို့ လုပ်ဆောင်ရာတွင် ပါဝင်ပတ်သက်နေပြီး လူမှုကွန်ရက်တွင် CRPHI NUG တို့အကြောင်း ထောက်ခံရေးသားသူများကို စစ်ကော်မရှင်က ဖမ်းဆီးလျက်ရှိသည်။