ဖားကန့်တွင် တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး လက်နက်ကြီးကြောင့် ကလေးငယ် ၁ ဦး သေဆုံး
စစ်ရေးတင်းမာနေသည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ဒေသ (ဆိပ်မူကျေးရွာ) ကို စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အသက်ကိုးနှစ်အရွယ် ကလေးငယ်တဦး သေဆုံးကာ သက်ကြီးရွယ်အိုအဘွားတဦးနှင့် ကလေးငယ်သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

“စုစုပေါင်းငါးယောက်လောက်ရှိတယ်။ တအိမ်တည်းက ကလေးနှစ်ယောက်ထိတာ တယောက်က သေ တာ ပွဲချင်းပြီး၊ နောက်တယောက်က လက်ပြတ်သွားတယ်” ဟု ဒေသခံတဦးက ပြောသည်။
ယနေ့(စက်တင်ဘာ ၁၇ ရက်) ညနေ ၄ နာရီခန့်တွင် ဆိပ်မူကျေးရွာ၊ မှော်ရှန်ရပ်ကွက်အတွင်းသို့ လက် နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက်ကိုးနှစ်အရွယ် မမေမြတ်နိုးသည် နေရာတွင်သေဆုံးခဲ့ပြီး ၎င်း၏ညီမဖြစ်သူ အသက်ငါးနှစ်ဝန်းကျင်အရွယ် မခင်မြတ်နိုးသွယ်မှာ ညာဘက်လက်တွင် ပြင်းထန်ဒဏ် ရာ ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အသက် ၆၀ အရွယ် အဘွားဝင်း၊ အသက် ၁၇ နှစ်အရွယ် မောင်အောင်လင်းဦးနှင့် မသဥ္ဇာနွယ်တို့ လည်း အသီးသီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။
ယနေ့နံနက်ပိုင်းတွင် ဖားကန့်မြို့နယ်၊ ဆိုင်းဂျာဘွမ်ကျေးရွာတွင်လည်း လက်နက်ကြီးကျရောက်ပေါက် ကွဲမှုကြောင့် အသက် ၅၀ ဝန်းကျင်အရွယ် ဦးအောင်မျိုး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။

စက်တင်ဘာလဆန်းပိုင်းမှစ၍ ပြင်းထန်တိုက်ပွဲများဖြစ်ပွားနေသည့် ဖားကန့်မြို့နယ်တွင် စက်တင်ဘာလ ၁၁ ရက်နေ့မှစတင်ကာ တိုက်ပွဲ ခေတ္တရပ်တန့်သွားခဲ့သည်။ ထို့နောက် စက်တင်ဘာလ ၁၆ ရက်နေ့တွင် စစ်ရေးပြန်လည်တင်းမာလာပြီး အရပ်သားများနေထိုင်ရာရပ်ကွက်ကျေးရွာများတွင် လက်နက်ကြီးကျည် များ ဆက်တိုက်ကျရောက်လာခြင်းဖြစ်သည်။

ဓါတ်ပုံ- ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် စက်တင်ဘာ ၁၇ ရက်လက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက်သေဆုံးရသည့် ကလေးငယ်များ။ (ပေးပို့)


Leave a Reply