Category: News

  • ရန်ကုန်မြို့လယ်ခေါင် မြို့တော်ခန်းမရှေ့ စစ်တပ်လုံခြုံရေး ဘယ်ရီဂိတ်တွင် ဗုံးပေါက်ကွဲ

    ရန်ကုန်မြို့လယ်ခေါင် မြို့တော်ခန်းမရှေ့ စစ်တပ်လုံခြုံရေး ဘယ်ရီဂိတ်တွင် ဗုံးပေါက်ကွဲ

    ရန်ကုန်မြို့လယ်ခေါင်၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့တွင် စစ်တပ် လုံခြုံရေးဘယ်ရီဂိတ်တွင် ယနေ့နံနက်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်ကင်းထောက်အဖွဲ့နှင့် ၃၁ လမ်းတွင် နေထိုင်သော ပြည်သူတချို့က ပြောဆိုသည်။

    ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် မြို့တော်ခန်းမရှေ့ စစ်တပ်လုံခြုံရေးဘယ်ရီဂိတ်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ဗုံးပေါက်တာ မှန်တယ်။ ကားဘီးပေါက်တယ်ပဲထင်တာ။ လမ်းထိပ်ထွက်ကြည့်မှ ရဲကား၊ စစ်ကားနဲ့ မီးတန်းကားတွေ ရောက်လာတယ်။ ပြီးတော့ ခဏ ဓာတ်ပုံတွေရိုက်၊ ကားတွေ တားပြီး ဗုံးရှိ၊ မရှိထပ်စစ်ဆေးတယ်။ သူတို့ ရှင်းလင်းရေး လုပ်တာလည်း ၁၅ မိနစ်လောက်ပဲ။ ထိခိုက်သူမရှိဘူး” ဟု ၃၁ လမ်းတွင် နေထိုင်သော ပြည်သူတစ်ဦးက ပြောဆိုသည်။

    လတ်တလော ဗုံးပေါက်ကွဲခဲ့သည့်နေရာကို လူအသွားအလာ မလုပ်ရန် ကန့်သတ်ထားသည်မှလွဲ၍ ပုံမှန်အတိုင်း ကားများ သွားလာခွင့်ပြုထားကြောင်း၊ ရဲနှင့်စစ်သားတချို့ မြို့တော်ခန်းမဝင်းအတွင်း လက်နက်ကိုင်ဆောင်၍ လုံခြုံရေး စောင့်ကြည့်မှုရှိကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်မြို့တော်ခန်းမရှေ့တွင်ပင် ဗုံးပေါက်ကွဲခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

  • ကန့်ဘလူတွင် စစ်တပ်က  ကလေး ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်

    ကန့်ဘလူတွင် စစ်တပ်က ကလေး ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်

    ကန့်ဘလူတွင် စစ်တပ်က ကလေး ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ပြီး ၁ ဦးလွတ်မြောက်လာသော်လည်း တစ်ကိုယ်လုံး နှိပ်စက်ဒဏ်ရာများ ပြည့်နှက်နေ

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို -မြစ်ကြီးနားလမ်းမပေါ်ရှိ ဘူးကုန်းအထိုင်စခန်းမှ စစ်သားနှင့် ပျူစောထီးများက ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၆ ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၁ ဦးမှာမူ ထွက်ပြေးလွတ်မြောက်လာကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်း အတိုင်း ရွှေဘိုဘက်မှ ကန့်ဘလူမြို့နယ်ဘက်သို့ ဆိုင်ကယ် ၃ စီးဖြင့် ပြန်လာသော အသက် ၄၅ နှစ် အရွယ် ဦးလေးစိုးတင့် ၊ အသက် ၂၃ နှစ်အရွယ် ကိုချစ်သဲ‌မောင်၊ အသက် ၂၃ နှစ်အရွယ် ကိုသန်း‌ဇော် ထွန်း၊ အသက် ၁၈ နှစ်အရွယ် ကိုရီ‌ဝေမိုး ၊ အသက် ၁၆ နှစ်အရွယ် မိုးသက်ခ၊ အသက် ၁၄ နှစ်အရွယ် ချမ်း ဖြိုးဝေနှင့် အသက်၁၅ နှစ်အရွယ် မောင်မောင်(အမည်လွှဲ) တို့ကို ကန့်ဘလူမြို့နယ်၊‌ ရေကြည်ဦး ရွာ နှင့် ဘူးကုန်းရွာအကြား ဘူးကုန်းလမ်းခွဲဇရပ်ရှိ စစ်သားနှင့် ပျူစောထီးများက ရိုက်နှက်ဖမ်းဆီးပြီး ဘူးကုန်း ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

    ထိုသို့ ခေါ်ဆောင်သွားပြီးနောက် ၄ ရက်ဆက်တိုက် အစာမကျွေးဘဲ ရိုက်နှက်နှိပ်စက်ကာ စက်တင် ဘာလ ၁၂ ရက်နေ့ ညနေပိုင်း လက်ပြန်ကြိုးတုတ်၍ ကားတာယာများဖြင့် အရှင်လတ်လတ် မီး ရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ သတ်ဖြတ်ခံရသူများအနက် အသက် ၁၅ နှစ်အရွယ် ကိုမောင် မောင်(အမည်လွှဲ)မှာ ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

    “ငှက်ပျောတိုင်းရွာဟောင်းသားတွေပါ၊ ငှက်ပျောတိုင်းရွာသစ်က ဗျူဟာလမ်းပေါ်မှာ စကစ ထိုင်ထား ပါတယ်။ ရွာဟောင်းကလည်း စကစ အထိုင်နဲ့နီးပါတယ်၊ ရွာသစ်ကို မပြောင်းပဲ ကျန်ခဲ့တဲ့ ပြည်သူ တွေပါ။ တစ်ယောက်ပဲ လွတ်ပြီး ကျန်တဲ့ ၆ ယောက်က မီးရှို့သတ်ခံလိုက်ရတာပါ။” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

    ၎င်းတို့ ၇ ဦးသည် ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းရွာဟောင်းတွင်နေထိုင်များဖြစ်ပြီး မိသားစု စား ဝတ်နေရေး အဆင်မပြေသဖြင့် စဉ့်ကူးဘက်ရှိ ရွှေမှော်တစ်ခုတွင် သွားရောက်အလုပ်လုပ်ကိုင်ကြ သူများဖြစ်ကြောင်း သိရသည်။

    “လိုင်း‌ပေါ်မှာ ကားသမားတွေက ဗျူဟာလမ်းအတိုင်းအေး အေးဆေးဆေး အ စစ် ဆေးမရှိသွားလို့ရပြီ၊ ဘာမှ‌ ကြောက်စရာမရှိဘူး ဘာညာ တင်ထားတော့ ကျနော်တို့လည်း အေး‌ဆေး ပြန်ခဲ့ကြတာဗျ။‌ ရေကြည်ဦး ကျော်အထိ အေးဆေးပဲ၊ ဘူးကုန်းလမ်းခွဲနားက ဇရပ်ရောက်မှ ဖမ်းခံရတာ၊ အကုန်ဆင်းခိုင်းပြီးရိုက်နှက်တာ၊ အလုပ်လုပ်ပြန်လာတယ်‌ ပြောလည်းမရဘူး။ ပြီး‌တော့ ကျနော်တို့ကို ဘူးကုန်းဘုန်းကြီးကျောင်းထဲခေါ်သွားတာ။‌ ကျောင်းထဲရောက်တာ့ အင်္ကျီတွေ ချွတ် ခိုင်းပြီး ဝါးအစိုနဲ့ ထပ်ရိုက်တယ်။ ၄ ရက်လုံး ထမင်းမကျွေးဘဲ လက်ပြန်ကြိုးတုပ်ပြီး နှိပ် စက်နေခဲ့ တာ။ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ အချိန်တော့ အတိအကျမသိဘူး ကျနော်တို့ ၇ ယောက်လုံး ကို လက်ပြန်ကြိုးတုပ်လျက်နဲ့ပဲ တာယာပုံပေါ်တက်ခိုင်းတယ်၊ ပြီး‌တော့ ခေါင်းတွေကို တုတ်တွေနဲ့ ရိုက်တယ် မေ့မြောလို့ မပြေးနိုင်တော့ဘူးဆိုမှ မီးရှို့ပစ်ထားခဲ့တာ၊ အဲ့ထဲမှာ ကျနော်ကကံကာင်းပြီး သတိရလို့ ထွက်ပြေးလွတ်မြောက်ခဲ့တာ။ မိုးသက်ခနဲ့ချမ်းဖြိုး‌ဝေက ကျနော့်သူငယ်ချင်းတွေ ကျနော် နဲ့‌ အသက်မကွာဘူး တစ်နှစ်ကြီးတစ်နှစ် ငယ်တွေပဲ၊ကျနော်က ၁၅ နှစ်ပါ။ အသက်မပြည့်‌သေး‌ပေ မယ့် မိသားစုမပြေလည်တာကြောင့် အလုပ် ထွက်လုပ်ကြတာပါ၊ အခုလို အဖြစ်ဆိုးမျိုးတွေးတောင် မကြည့်ဖူးတော့ သွေးပျက်မတတ် တအား လည်း လန့်ပြီး ကြောက်တယ်” ဟု ထွက်ပြေးလွတ် မြောက်လာသူ အသက် ၁၅ နှစ် အ ရွယ် ကိုမောင်မောင် (အမည်လွှဲ) က ကျွန်းလှတက်ကြွလှုပ်ရှား သူများအဖွဲ့သို့ ပြောဆိုထားသည်။

    ကန့်ဘလူမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်သား၊ ပျူစောထီးများက လှည့်ပတ်စစ်ကြောင်းထိုး နေ သည်မှာ တစ်လနီးပါးကြာမြင့်ပြီဖြစ်ပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

    အကြမ်းဖက်စစ်သား၊ ပျူစောထီးများက ရွှေဘို-မြစ်ကြီးနားဗျူဟာ လမ်းပိုင်းအား ပြန်လည် စိုးမိုးမှု ရရှိရန် ကြိုးစားလျက်ရှိပြီး ယခုအခါ ရေကြည်ဦး၊ ဘူးကုန်းရွာလမ်းခွဲ၊ ဇီးကုန်း-မလယ်လမ်းဆုံတို့၌ ထပ်တိုးနေရာယူကာ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ မကြာခဏလုပ်ဆောင်လျက်ရှိ သောကြောင့် မိဘပြည်သူများအနေဖြင့် အထူးသတိထားသွားလာကြပါရန် ကျွန်းလှတက်ကြွလှုပ် ရှားသူများအဖွဲ့က တိုက်တွန်းထားသည်။

  • မုံရွာ-မန္တလေးလမ်းက စစ်ဆေးရေးဂိတ်ကို PDF တပ်များ ပစ်ခတ်စခန်းသိမ်း၊ လက်နက်ခဲယမ်းများ ရရှိ

    မုံရွာ-မန္တလေးလမ်းက စစ်ဆေးရေးဂိတ်ကို PDF တပ်များ ပစ်ခတ်စခန်းသိမ်း၊ လက်နက်ခဲယမ်းများ ရရှိ

    စစ်ကိုင်းတိုင်း၊ မုံ‌ရွေးရွာအနီး မုံရွာ-မန္တလေးလမ်းမပေါ်က တိုးဂိတ်မှာ အထိုင်ချ စစ်ဆေးရေးစခန်းကို စက်တင်ဘာ ၁၆ ရက် မနက် ၄ နာရီခွဲကျော်လောက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စခန်းသိမ်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

    အဆိုပါစခန်းကို မုံရွာခရိုင်တပ်ရင် ၂၄ က ဦးဆောင်ပြီး Chindwin Brother အပါဝင် ဒေသတွင်း တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုရပါတယ်။

    တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ ခေါင်းဆောင်တယောက်က “မုံရွေး-ကြေးမုံ တိုးဂိတ်က စစ်ကောင်စီတွေကို အပြတ်ရှင်းခဲ့တာ။ ကျ‌နော်တို့ UNF စစ်ကြောင်းမှူး ကိုနိုင်မင်းရဲ့ သွေးကြွေးကို ပြန်ဆပ်ခဲ့တာလို့လည်း ပြောလို့ရတယ်။ စခန်းမှာရှိတဲ့ ဘန်ကာတွေရော အကုန်ဖျက်ဆီးနိုင်ခဲ့တာ။ တိုက်ပွဲကြာချိန်က ၁ နာရီခွဲ‌ ကျော်ကြာတယ်။ ကိုယ့်ဘက်က ရဲ‌ဘော် ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်။ လက်နက်နဲ့ ကျည်ဆန်တွေပါ သိမ်းနိုင်ခဲ့တယ်။ မနက်ခင်းလင်းပိုင်း‌ရောက်‌တော့ သူတို့ဘက်က လက်နက်ကြီး ပစ်ခတ်တာတွေနဲ့ စစ်ကူတွေပါလာလို့ ကျနော်တို့စစ်ကြောင်း ပြန်ဆုတ်လာခဲ့တာ” လို့ ပြောပါတယ်။

    အဆိုပါစစ်ကောင်စီစစ်ဆေးရေးဂိတ်မှ သေနတ် ၅ လက်၊ ကျည်ကာဦးထုပ် ၂ လုံး၊ ကျည်ကာအင်္ကျီ တထည်နဲ့ ကာပိုင်နဲ့တခြားအမျိုးအစား ကျည်ဆန်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို ဆိုပါတယ်။

    မုံရွာ-မန္တလေးသွား လိုင်းကားဆရာတယောက်က “မုံရွေးကြေးမုံ တိုးဂိတ်‌ရော၊‌ ဂွေးပင်တောအနီးရော တိုက်ပွဲက ၂ နေရာဖြစ်တာလို့ သိထားရတယ်ဗျ။ မုံရွာ-မန္တလေး အဝင်ကား‌ရော၊ အထွက်ကား‌တွေပါ လမ်းပိတ်နေလို့ မထွက်ကြရသေးဘူး။ တိုက်ပွဲဖြစ်တာက‌ သေချာတယ်ဗျ။ လမ်းမ‌ပေါ်မှာ စစ်ကောင်စီ စစ်ကားတွေ ခြေရှုပ်နေကြတယ်” လို့ ပြောပါတယ်။

    စစ်ကောင်စီတပ်ကတော့ ဩဂုတ်နဲ့ စက်တင်ဘာလတွေမှာ မကွေး၊ စစ်ကိုင်း၊ မန္တ‌လေးတိုင်းတွေက ဗျူဟာကျတဲ့ လမ်းပိုင်းတွေကို ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ကြိုးစားနေတာလည်း တွေ့ရပါတယ်။

    အဆိုပါလမ်းပိုင်းတွေ ထိန်းချုပ်လို့ရတဲ့ နေရာတွေကို အထိုင်ချစစ်ဆေးရေးဂိတ်တွေ ပြုလုပ်ပြီး ဆက်ကြေးကောက်ခံတာ၊ ကုန်ပစ္စည်းတွေ တားမြစ်ကန့်သတ်တာနဲ့ သူတို့အလိုရှိရာ ကုန်ပစ္စည်းတွေ ချယူတာတွေပါ ပြုလုပ်ပြီး ခရီးသည်တွေကိုလည်း ဖမ်းဆီးတာတွေ ပြုလုပ်တယ်လို့ သိရပါတယ်။

  • စစ်ကောင်စီ ရွေးကောက်ပွဲ မဲလိမ်မဲခိုးမှု ရှိလာလိမ့်မည်ဟု KIA ပြော

    စစ်ကောင်စီ ရွေးကောက်ပွဲ မဲလိမ်မဲခိုးမှု ရှိလာလိမ့်မည်ဟု KIA ပြော

    ကချင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်နေတဲ့ မြို့နယ်တွေမှာ ကျင်းပမယ့် အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ မဲလိမ်မဲခိုးမှုတွေ ရှိလာမှာဖြစ်ပြီး မှန်ကန်တဲ့ရလဒ် ထွက်မှာမဟုတ်ဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    “ဗန်းမော်က ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်နေတာ၊ ဒုတိယမြို့တော်မှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးဆိုရင် သူတို့ရဲ့ Data (အချက်အလက်) တွေ figures (ကိန်းဂဏန်း) တွေ တရားဝင်မှာ မဟုတ်ဘူးလို့ စဉ်းစားနေလို့ ဗန်းမော်ကို အခုထိ မျှော်လင့်ချက်ထားရှိတဲ့ မြို့တမြို့ဖြစ်မယ်လို့ ယူဆပါတယ်။ စစ်ရေးအခြေအနေ ဒီလောက်တင်းမာနေတဲ့ကြားက မဲခိုးတာတွေ၊ မမှန်မကန်တဲ့ မဲအရေတွက်တွေက ပေါ်လာမှာ သေချာပါတယ်။ သူတို့က ဒီလောက်ကြီးတဲ့မြို့မှာ မဲပုံးတောင် မထောင်နိုင်ဘူးဆိုရင် ရွေးကောက်ပွဲလည်း မှန်ကန်မှာမဟုတ်ဆိုတဲ့ သဘောနဲ့ သိက္ခာထိန်းတဲ့ အနေနဲ့ ဗန်းမော်လုပ်မယ်လို့ ရည်မှန်းချက်ထားတာနေမယ်။”

    လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေမရှိလို့ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်တပ် (EAOs) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့တွေ စိုးမိုးထိန်းချုပ်ထားတဲ့ မြို့နယ် ၅၆ မြို့နယ်မှာ လွှတ်တော်သုံးရပ်အတွက် ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်ဘူးလို့ စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

    ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က အုပ်ချုပ်နေတဲ့ ကချင်ပြည်နယ်က ချီဖွေ၊ ဆော့လော်၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန် စတဲ့ မြို့နယ် ၄ ခုမှာ ရွေးကောက်ပွဲ မလုပ်ဘူးလို့ ထုတ်ပြန်ထားပေမဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်၊ ဝိုင်းမော်နဲ့ ဖားကန့်မြို့နယ်တွေမှာတော့ ရွေးကောက်ပွဲ ဆက်လုပ်နိုင်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

    တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်၊ ဝိုင်းမော်နဲ့ ဖားကန့်မြို့နယ်တို့မှာပါ စစ်ကောင်စီက ရွေးကောက်ပွဲအတွက် မဲပုံးထောင်နိုင်ဖို့ မြေပြင်၊ ဝေဟင် ပူးပေါင်းပြီး အပြင်းအထန် တန်ပြန် ထိုးစစ်ဆင်နေတာတွေရှိတယ်လို့ KIA က ပြောပါတယ်။

    ရွေးကောက်ပွဲကျင်းပမယ့်ရက် ကြေညာပြီးနောက် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ပြတွေနဲ့ ကျေးလက်ဒေသတချို့မှာ အီလက်ထရောနစ် မဲပေးစနစ် (MEVM) အသုံးပြုနည်း ရှင်းပြတဲ့ အစည်းအဝေးကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ရန်ကုန်က စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း စတဲ့မြို့နယ်တွေမှာတော့ တအိမ်တယောက် မလာမနေရ ရပ်ကွက်ရုံးကို ခေါ်ယူပြီး မဲပေးစနစ်အသစ် အသုံးပြုပုံကို ရှင်းပြတာတွေ လုပ်ဆောင်နေပါတယ်။

    ဒါ့အပြင် စစ်ကောင်စီတပ်ကလည်း ရွေးကောက်ပွဲကာလအတွက် နယ်မြေ ပိုမိုစိုးမိုး ထိန်းချုပ်လာနိုင်ဖို့အတွက် စစ်မှုထမ်းအင်အားနဲ့ ကချင်၊ ရှမ်းမြောက်၊ ကယား၊ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးဘက်တွေမှာ မြေပြင်ကနေ စစ်ကြောင်းထိုးတာ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

    အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

  • မြန်မာအပါအဝင် ၆ နိုင်ငံကို အမေရိကန်က ခရီးသွားလာမှု အန္တရာယ်ရှိအမြင့်ဆုံးအဆင့် သတ်မှတ်

    မြန်မာအပါအဝင် ၆ နိုင်ငံကို အမေရိကန်က ခရီးသွားလာမှု အန္တရာယ်ရှိအမြင့်ဆုံးအဆင့် သတ်မှတ်

    မြန်မာအပါအဝင် နိုင်ငံ ၆ နိုင်ငံကို အမေရိကန်နိုင်ငံသားတွေအနေနဲ့ ခရီးသွားလာခြင်း လုံးဝမပြုကြဖို့ အမေရိကန်အစိုးရက စက်တင်ဘာ ၁၀ ရက်စွဲနဲ့ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

    အဆိုပါ နိုင်ငံတွေထဲမှာတော့ မြန်မာနိုင်ငံနဲ့အတူ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယား၊ ဗင်နီဇွဲလား၊ အီရန်နဲ့ ရုရှားနိုင်ငံတွေ ပါဝင်နေပြီး ခုလိုထုတ်ပြန်တာဟာ အမေရိကန်နိုင်ငံသားတွေအနေနဲ့ အဆိုပါနိုင်ငံတွေမှာ မှားယွင်းထိန်းသိမ်းခံရနိုင်ခြေနဲ့ လုံခြုံရေးခြိမ်းခြောက်မှု အန္တရာယ်တွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

    ခုလတ်တလော ထုတ်ပြန်ချက်မှာတော့ အဆိုပါ နိုင်ငံ ၆ ခုကို အန္တရာယ်ရှိ အမြင့်ဆုံး အဆင့် ၄ သတ်မှတ်ထားသလို ဒါဟာ နိုင်ငံရပ်ခြားက အမေရိကန်နိုင်ငံသားတွေအတွက် ကာကွယ်မှုအားကောင်းစေဖို့ ရည်ရွယ်ကာ သမ္မတ ထရမ့်ပ်ရဲ့ လက်မှတ်ရေးထိုးထားတဲ့ အမိန့်အောက်မှာ ထွက်ပေါ်လာခဲ့တာလို့ ဆိုပါတယ်။

    အကြောင်းခြင်းရာ လုပ်ငန်းစဉ်တစုံတရာမရှိဘဲ အမေရိကန်နိုင်ငံသားတွေ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဖြစ်စဉ်တွေ အရှိန်အဟုန်နဲ့ ပေါ်ပေါက်လာတာတွေအတွက် သတိထားဖို့ တိုက်တွန်းတာလို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက ရွေးကောက်ခံ အရပ်သားအစိုးရထံကနေ အာဏာသိမ်းပြီး စစ်အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံကို သွားရောက်ရင် ကြုံတွေ့နိုင်တဲ့ အန္တရာယ်တွေထဲမှာတော့ ဒေသန္တရဥပဒေတွေကို နိုင်ထက်စီးနင်းပြုတာ၊ ပြည်တွင်းမငြိမ်သက်မှု အလားအလာတွေ အပါအဝင် လက်နက်ကိုင်ပဋိပက္ခတွေလည်း ထည့်သွင်းဖော်ပြထားခဲ့တာပါ။

    ဒါ့အပြင် အန္တရာယ်ရှိ ခရီးသွားလာမှုထိပ်ဆုံးမှာ ရှိနေတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာတော့ အမေရိကန် နိုင်ငံသားတွေအနေနဲ့ ပြန်ပေးဆွဲခံရမယ့်အန္တရာယ် ထပ်လောင်းရှိနေတဲ့အကြောင်း သတိပေးထားသလို အကြမ်းဖက်အဖွဲ့ အများအပြား လှုပ်ရှားနေပြီး နိုင်ငံသားတွေအနေနဲ့ ပစ်မှတ်တွေ ဖြစ်လာနိုင်ကြောင်း အမေရိကန်အစိုးရက သတိပေးထားပါတယ်။