စစ်ကိုင်းတိုင်း၊ မုံ‌ရွေးရွာအနီး မုံရွာ-မန္တလေးလမ်းမပေါ်က တိုးဂိတ်မှာ အထိုင်ချ စစ်ဆေးရေးစခန်းကို စက်တင်ဘာ ၁၆ ရက် မနက် ၄ နာရီခွဲကျော်လောက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စခန်းသိမ်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

အဆိုပါစခန်းကို မုံရွာခရိုင်တပ်ရင် ၂၄ က ဦးဆောင်ပြီး Chindwin Brother အပါဝင် ဒေသတွင်း တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုရပါတယ်။

တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ ခေါင်းဆောင်တယောက်က “မုံရွေး-ကြေးမုံ တိုးဂိတ်က စစ်ကောင်စီတွေကို အပြတ်ရှင်းခဲ့တာ။ ကျ‌နော်တို့ UNF စစ်ကြောင်းမှူး ကိုနိုင်မင်းရဲ့ သွေးကြွေးကို ပြန်ဆပ်ခဲ့တာလို့လည်း ပြောလို့ရတယ်။ စခန်းမှာရှိတဲ့ ဘန်ကာတွေရော အကုန်ဖျက်ဆီးနိုင်ခဲ့တာ။ တိုက်ပွဲကြာချိန်က ၁ နာရီခွဲ‌ ကျော်ကြာတယ်။ ကိုယ့်ဘက်က ရဲ‌ဘော် ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်။ လက်နက်နဲ့ ကျည်ဆန်တွေပါ သိမ်းနိုင်ခဲ့တယ်။ မနက်ခင်းလင်းပိုင်း‌ရောက်‌တော့ သူတို့ဘက်က လက်နက်ကြီး ပစ်ခတ်တာတွေနဲ့ စစ်ကူတွေပါလာလို့ ကျနော်တို့စစ်ကြောင်း ပြန်ဆုတ်လာခဲ့တာ” လို့ ပြောပါတယ်။

အဆိုပါစစ်ကောင်စီစစ်ဆေးရေးဂိတ်မှ သေနတ် ၅ လက်၊ ကျည်ကာဦးထုပ် ၂ လုံး၊ ကျည်ကာအင်္ကျီ တထည်နဲ့ ကာပိုင်နဲ့တခြားအမျိုးအစား ကျည်ဆန်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို ဆိုပါတယ်။

မုံရွာ-မန္တလေးသွား လိုင်းကားဆရာတယောက်က “မုံရွေးကြေးမုံ တိုးဂိတ်‌ရော၊‌ ဂွေးပင်တောအနီးရော တိုက်ပွဲက ၂ နေရာဖြစ်တာလို့ သိထားရတယ်ဗျ။ မုံရွာ-မန္တလေး အဝင်ကား‌ရော၊ အထွက်ကား‌တွေပါ လမ်းပိတ်နေလို့ မထွက်ကြရသေးဘူး။ တိုက်ပွဲဖြစ်တာက‌ သေချာတယ်ဗျ။ လမ်းမ‌ပေါ်မှာ စစ်ကောင်စီ စစ်ကားတွေ ခြေရှုပ်နေကြတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ ဩဂုတ်နဲ့ စက်တင်ဘာလတွေမှာ မကွေး၊ စစ်ကိုင်း၊ မန္တ‌လေးတိုင်းတွေက ဗျူဟာကျတဲ့ လမ်းပိုင်းတွေကို ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ကြိုးစားနေတာလည်း တွေ့ရပါတယ်။

အဆိုပါလမ်းပိုင်းတွေ ထိန်းချုပ်လို့ရတဲ့ နေရာတွေကို အထိုင်ချစစ်ဆေးရေးဂိတ်တွေ ပြုလုပ်ပြီး ဆက်ကြေးကောက်ခံတာ၊ ကုန်ပစ္စည်းတွေ တားမြစ်ကန့်သတ်တာနဲ့ သူတို့အလိုရှိရာ ကုန်ပစ္စည်းတွေ ချယူတာတွေပါ ပြုလုပ်ပြီး ခရီးသည်တွေကိုလည်း ဖမ်းဆီးတာတွေ ပြုလုပ်တယ်လို့ သိရပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *