Category: News

  • အင်အားနှင့် လက်နက်စာရင်း ပေးပို့ရမည်ဟု BGF ကို စစ်တပ်က အမိန့်ပေး

    အင်အားနှင့် လက်နက်စာရင်း ပေးပို့ရမည်ဟု BGF ကို စစ်တပ်က အမိန့်ပေး

    ထိုင်း-မြန်မာ အမှတ် ၁ တံတား စစ်ဆေးရေးဂိတ်မှ BGF များကို စစ်တပ်က ဖယ်ရှားပြီးနောက် မြ၀တီမြို့ အဝင်/အထွက်လုပ်မည်ဆိုလျှင် စစ်တပ်၏ ခွင့်ပြုချက်ယူရန်၊ အင်အားနှင့် လက်နက်စာရင်း ပေးပို့ရမည်ဟု BGF ကို စစ်တပ်က အမိန့်ပေး

    ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတား စစ်ဆေးရေးဂိတ်မှ BGF များကို စစ်တပ်က ဖယ်ရှားလိုက်ပြီး BGF များအနေဖြင့် မြ၀တီမြို့ သို့ အဝင် အထွက်လုပ်မည်ဆိုပါက စစ်တပ်၏ ခွင့်ပြုချက်ယူရန်၊ အင်အားနှင့် လက်နက်စာရင်းများပေးပို့ရမည်ဟု စစ်တပ်က အမိန့်ပေးလာကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    စစ်တပ်စစ်ကြောင်းများက BGF ၏ အကူအညီဖြင့် အာရှလမ်းမှတစ်ဆင့် မြ၀တီမြို့သို့ ရောက်ရှိလာခဲ့ပြီးနောက် ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတားဂိတ်ကို လုံခြုံရေးယူထားသော BGF တပ်များကို ဖယ်ရှားလိုက်ကာ စစ်တပ်က အစား ထိုး နေရာဝင်ယူလိုက်ကြောင်း၊ ယင်းနောက် မြ၀တီမြို့အတွင်းသို့ BGF အပါအဝင် စစ်တပ်နှင့်အဆင်ပြေသည့် လက်နက် ကိုင်အဖွဲ့များအားလုံး အဝင်အထွက်လုပ်မည်ဆိုပါက စစ်တပ်ထံမှ ခွင့်ပြုချက်ယူရမည်ဖြစ်ကြောင်း၊ ထို့ပြင် မြို့တွင်းသို့ ဝင်ရောက်မည့် အင်အား၊ လက်နက်အရေအတွက်များကိုပါ ပူးတွဲ တင်ပြရမည်ဟု အမိန့်ပေးလာကြောင်း သိရှိရသည်။

    “မနေ့က BGF တွေကို အမှတ် ၁ တံတားဂိတ် ဖယ်ရှားလိုက်ပြီ။ အခုထပ်ပြီးတော့ မြို့အဝင်အထွက်ကိုပါ သတင်းပို့ခိုင်းနေပြီ။ လက်ရှိ စစ်တပ်က မြ၀တီမြို့ တံတား၁ အပြင် ကုန်သွယ်ရေးဇုန်၊ မြေနီကုန်း၊ ခလရ ၂၇၅ ၊ ဟေမန်ဦးပြည်သူ့စစ်ကုန်း ၊ ရှေ့ တန်းရုံး ၊စစ်မှုထမ်းဟောင်းရပ်ကွက် နေရာတွေ ကို ကာကင်း စစ် ဆေးရေး ဂိတ် တွေမှာ စစ်တပ်က ချထားပြီ။ စစ်တပ်က မြ၀တီတစ်မြို့လုံး၊ မြို့ပြင်၊ မြို့တွင်း လုံခြုံရေး တင်းကျပ်လိုက်ပြီ။ လက်ရှိ မြ၀တီမြို့တွင်းမှာ BGF ၊DKBA၊ PC အဖွဲ့ တွေ လည်း အုပ်စုလိုက်ယာဉ်တန်းနဲ့ပဲ သွားတာမျိုး ရှိပါတော့တယ်။ တစ်စီး နှစ်စီး သွားတာမျိုးသိပ်မရှိတော့ပါဘူး” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    လတ်တလော BGF နှင့် DKBA ၏ ကူညီမှုကြောင့် မြ၀တီမြို့သို့ ရောက်ရှိလာသော စစ်တပ်က BGF နှင့် DKBA များကို ပြန်လည် လုံခြုံရေး တင်းကျပ်လာခြင်းကြောင့် မကျေနပ်မှုများရှိပြီး အများစုသော BGF များမှာ ရွှေက္ကိုလ်သို့ အလုံးအရင်းဖြင့် တပ်စွဲ နေရာယူထားကြကြောင်း သိရှိရသည်။

    “BGF ကလည်း သူတို့ ကာစီနိုဝင်းထဲမှာ တော့ အင်အားပြည့် ပြန်တပ်စွဲတယ်။ အခုပုံစံကြည့်ရတာ စစ်တပ်က အခြားအဖွဲ့တွေကိုပါ သူအင်အားသာလာရင် ကြိတ်မယ့် ပုံမျိုးရှိတယ်။ ဒီလိုပုံစံမျိုးကြီး တင်းကျပ်ရင်တော့ တစ်ချိန်မဟုတ် တစ်ချိန်တော့ ငြိကြမှာပဲ” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

    BGF ခေါ် KNA တွင် ဗိုလ်မှူးကြီး စောချစ်သူက ဦးဆောင်ပြီး ယခုရက်ပိုင်းအတွင်း အမေရိကန်က စောချစ်သူဦးဆောင်သော BGF/KNA ကို နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည်။

  • ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းအနီးတဝိုက် တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုများပြား

    ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းအနီးတဝိုက် တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး စစ်သုံ့ ပန်းများကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိ

    ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး ညောင်ပင်ကုန်းရပ်ကွက်အနီးတဝိုက် တိုက်ပွဲများတွင် စစ်သား အများအပြား သေဆုံးပြီး စစ်သုံ့ပန်းများကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီး ရရှိကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောကြားသည်။

    ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့က ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းရပ်ကွက်အနီးတဝိုက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကြောင်းကို KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ယမန်နေ့ နံနက်ပိုင်းနှင့်ညပိုင်းပါ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ဘက်မှ အထိနာကာ အများအပြားသေဆုံးခဲ့ကြောင်း၊ စစ်သုံ့ပန်းများကိုလည်း လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

    “မနေ့တုန်းက တိုက်ပွဲမှာဆိုရင် တစ်နေ့လုံး၊ တစ်ညလုံးချကြတာ။ စခတွေဘက်က အထိအခိုက် အကျ အဆုံးအများကြီး ရှိတယ်။ အဲဒီညောင်ပင်ကုန်းတိုက်ပွဲမှာ စစ်ကောင်စီ ဘက်က ထိခိုက်သေဆုံး တာ တွေများတယ်။ အရှင်ဖမ်းမိတာတွေလည်းရှိတယ်။ စခတွေရဲ့ သေနတ်တွေ သိမ်းရတာလည်းရှိ တယ်။ ဖားကန့်မြို့အနီးက ညောင်ပင်ကုန်းမှာ တိုက်ပွဲတွေနေ့တိုင်းတောက်လျှောက်ဖြစ်နေတာ။ ဒီ ၃ လ ကျော်အတွင်းမှာ စစ်ကောင်စီ ဘက်က ထိတာတွေ၊ သေတာတွေက ရာချီရှိနေပြီ။ တော် တော် အထိနာတယ်။ အထိနာနေပေမယ့် စစ်တပ်က KIA ၊ KPDF သိမ်းထားတဲ့နေရာတွေကို ပြန်သိမ်းဖို့ ကြိုးစား နေ တုန်းပဲ။ သူတို့ ထိုးစစ်ဆင်လာတိုင်းလည်း သူတို့ဘက်မှာ အထိအခိုက်အကျအဆုံးအများကြီးရှိနေတယ်။” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ပြောကြားသည်။

    ယင်းအကြမ်းဖက်စစ်ကြောင်းများကို ဦးစီးနေသူများမှာ တပ်မကုန်းတပ်မှူး ဗိုလ်မှူးချုပ် ကောင်းမင်း ထွဋ် နှင့် မိုးကောင်းမြို့အခြေစိုက် တပ်မဟာ ၃ တပ်မှူး ဗိုလ်မှူးချုပ်ဇော်လင်းတို့ဖြစ်ပြီး ၃ လကျော် အတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ပြည်သူ ၇၅ ဦးထက်မနည်းသေဆုံးထားပြီး ၂၅၀ ကျော်ဒဏ်ရာရရှိထားပြီး ဖြစ်ကြောင်း သိရသည်။

    ထို့အပြင် လတ်တလော တိုက်ပွဲများကြောင့် ဖားကန့်မြို့ အနောက်ခြမ်းရှိ ကျေးရွာ ၁၃ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော်မှာ စစ်ဘေး ရှောင်နေကြရပြီး အရေးပေါ်စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

    “ဖားကန့်အနောက်ခြမ်းက ရွာ ၁၃ ရွာလောက်က ပြည်သူတွေ စစ်ဘေးရှောင်နေရတယ်။ စစ်ဘေး ရှောင်နေရတဲ့ ပြည်သူတွေမှာ စားဝတ်နေရေး အကူအညီတွေ အများကြီး လိုအပ်နေတယ်။ ဖားကန့် စစ်ဘေးရှောင်တွေကို တတ်နိုင်သလောက် ကူညီပေးပါဖို့ တိုက်တွန်းပါတယ်။ စစ်ကြောင်းတွေက တောက်လျှောက်စစ်ကြောင်းထိုးနေလို့ တိုက်ပွဲတွေလည်း ဆက်ဖြစ်ဖို့အလားအလာများတယ်။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်က ဖားကန့်မြို့နယ်သို့ မေလနှောင်းပိုင်းမှစတင်၍ စစ်ကြောင်းများ ခွဲကာ ထိုးဖောက်ဝင်ရောက် လာခြင်းဖြစ်သည်။

  • ထမင်းမစားရွာ တပ်စခန်းကို ပြန်လည် သိမ်းယူရေး စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၅ ဦး ထက်မနည်း ထိခိုက်သေဆုံး

    ထမင်းမစားရွာ တပ်စခန်းကို ပြန်လည် သိမ်းယူရေး စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၅ ဦး ထက်မနည်း ထိခိုက်သေဆုံး

    ပုလောတွင် KNU သိမ်းပိုက်ထားသော ထမင်းမစားရွာ တပ်စခန်းကို ပြန်လည် သိမ်းယူရေး စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၅ ဦး ထက်မနည်း ထိခိုက်သေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ပြန်ဆုတ်ပြေး

    တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားရွာရှိ တပ်စခန်းကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၁၅ ဦးသေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ပြန်ဆုတ်ပြေးသွားကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။

    စက်တင်ဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ထမင်းမစားရွာရှိ တပ်စခန်းကို ပြန်လည် ရရှိရန် စစ်ကြောင်းထိုးလားသောကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ၊ KNDO ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်း ထိခိုက် သေဆုံးခဲ့ကြောင်း၊ ယင်း စစ်ကြောင်းသည် စက်တင်ဘာလ ၁၀ ရက်နေ့တွင် စစ်ကြောင်း တစ်ခုလုံး နောက်ပြန်ဆုတ်ပြေးသွားကြောင်း သိရှိရသည်။

    အဆိုပါ အကြမ်းဖက် စစ်တပ်၏ ထမင်းမစားရွာရှိ တပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

    ထို စခန်းသိမ်း တိုက်ပွဲကို K.N.L.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ ၄ လက်အောက်ခံ KNDOတပ်ရင်း ၇ ၊ တပ်ခွဲ ၂ ၊ တပ်ခွဲ ၅ ၊ KNLA အထူးတပ်ဖွဲ့၊ ပုလောပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လုပ် ဆောင်ခဲ့ကြောင်း သိရှိရသည်။

    ထမင်းမစားကျေးရွာ တပ်စခန်းတွင် စစ်တပ်ဘက်မှ ခလရ ၂၈၀ တပ်ရင်း၊ အမတ ၃၀၉ တပ်ရင်း၊ အမှတ် ၁၂ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းတပ်ဖွဲ့ဝင်များ အပါအဝင် စုစုပေါင်း ၄၀ ကျော်တပ်စွဲထားသည့်တပ်စခန်းဖြစ်သည်။

  • မြောက်ဥက္ကလာ ထွေအုပ်ရုံးကို လက်ပစ်ဗုံးဖြင့် ပစ်၊ စစ်သားနှစ်ဦး ပြင်းထန်ဒဏ်ရာရဟုဆို

    မြောက်ဥက္ကလာ ထွေအုပ်ရုံးကို လက်ပစ်ဗုံးဖြင့် ပစ်၊ စစ်သားနှစ်ဦး ပြင်းထန်ဒဏ်ရာရဟုဆို

    ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ် ထွေအုပ်ရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ရာ စစ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

    စက်တင်ဘာ ၁၀ ရက်၊ ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် စစ်သားနှင့်ရဲ ၁၅ဦးဝန်းကျင်ရှိသည့် မြောက်ဥက္ကလာမြို့နယ် ထွေအုပ်ရုံးကို လက်လုပ် လက်ပစ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့က သတင်းထုတ်ပြန်သည်။

    “အပြင်ကဂိတ်နဲ့အတွင်းထဲရောပါ။ အပြင်မှာစောင့်နေတဲ့စခ ၂ ယောက်ထိ၊ အထဲကတော့မသိရသေးပါဘူး။ တိုက်ခိုက်ချိန်မှာ အတွင်း၊ အပြင်ကို ၁ဝ ယောက်ကျော်ရှိပါတယ်” ဟု မြို့ပြကြွက်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ဒဏ်ရာရမှုကို ယနေ့ (စက်တင်ဘာ ၁၀ ရက်) နံနက်ပိုင်း၌ မြေပြင်သတင်းအရ အတည်ပြုနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။

    “ညက မြောက်ဥက္ကလာအဝိုင်းဘက်မှာ ဧည့်စာရင်းစစ်တာတော့ ကြားတယ်။ထွေအုပ်ရုံးမှာ စခ တွေ ထိ၊မထိတော့ မသိဘူး”ဟု မြောက်ဥက္ကလာ၊ ဘုန်းကြီးလမ်းအနီးနေ ပြည်သူတစ်ဦးက ပြောသည်။

    တိုက်ခိုက်ခံရပြီးနောက် စစ်ကော်မရှင်က ကြောက်လန့်ကာ မီးဖြတ်ခြင်းနှင့် ရမ်းသန်းပစ်ခတ်ခြင်းများပြုလုပ်ခဲ့ပြီး ယနေ့ နံနက်ပိုင်းက ရုံးရှေ့ကို ပိတ်ဆို့ထားကြောင်း သိရသည်။

    “ထွေအုပ်ရုံးဝန်းကျင်ကိုဖြတ်လိုက်တာပါ။ ဘေးမှာက မီတာရုံးရှိတယ်” ဟုမြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

    ယင်းတိုက်ခိုက်မှုကို မြို့ပြကြွက်အဖွဲ့နှင့် မြောက်ဥက္ကလာပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

  • မော်လိုက်မြို့ရှိ ပျူစောထီးရွာ အများအပြားကို တော်လှန်ရေးအဖွဲ့များ ဆက်တိုက်သိမ်းပိုက်

    မော်လိုက်မြို့ရှိ ပျူစောထီးရွာ အများအပြားကို တော်လှန်ရေးအဖွဲ့များ ဆက်တိုက်သိမ်းပိုက်

    မြို့နှစ်မိုင်ပတ်လည်သာ စစ်တပ် အုပ်စိုးထားနိုင်

    စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အတွင်းရှိ ပျူစောထီးကျေးရွာများကို တော်လှန်ရေးအဖွဲ့များက ဆက်တိုက်သိမ်းပိုက်နိုင်ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

    မော်လိုက်မြို့နယ်အတွင်း ပြီးခဲ့သည် သြဂုတ်လကုန်ပိုင်းမှစ၍ တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ပြီး ချင်းတွင်းမြစ်အရှေ့ကမ်း စစ်ကောင်စီဂိတ်စခန်းများနှင့် မော်လိုက်မြို့အထက်ပိုင်းရှိ ပျူစောထီးကျေးရွာများကို တော်လှန်ရေးအဖွဲ့များက တောက်လျှောက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

    “တိုက်နေတာတော့ကြာပြီ။ ပျူစောထီးရွာတွေကို တစ်ရွာပြီးတစ်ရွာတောက်လျှောက်သိမ်းနေတာဗျ။ တိုက်ပွဲလည်းဆက်ဖြစ်နေတာ။ စစ်ရေးသတင်းဆိုတော့ ဒီလောက်ပဲပြောလို့ရတယ်”ဟု မော်လိုက်မြို့နယ်အတွင်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

    လက်ရှိတွင် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းမှ ပျူစောထီးကျေးရွာများ၊ စစ်ကောင်စီဂိတ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက အလုံးစုံသိမ်းပိုက်ထားနိုင်ပြီး ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ မော်လိုက်မြို့ နှစ်မိုင်ပတ်လည်ကိုသာ စစ်ကော်မရှင်က နယ်မြေစိုးမိုးထားနိုင်ကြောင်းသိရသည်။

    “မြစ်အရှေ့ဘက်ကမ်းကတော့ PDF နယ်မြေဖြစ်သွားပြီ။ မြစ်အနောက်ဘက်ကမ်းကလည်း ကင်းတပ်၊ ရှားပင်၊ မော်လိုက်ကလေး သုံးရွာပဲကျန်တော့တယ်။ နားပင်၊ ကျောက်ပြင်ကုန်း၊ နောင်ပိန်းရွာတွေလည်း PDF တွေသိမ်းပြီးပြီ။ တော်တော်များခဲ့ပြီ၊ မော်လိုက်အနီးအနား တစ်မိုင်နှစ်မိုင်ပဲရှိတော့မှာပေါ့ အလွန်ဆုံး”ဟု စစ်ကော်မရှင်နှင့်နီးစပ်သည် မော်လိုက်မြို့ပေါ်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    တိုက်ပွဲအတွင်း စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးအများအပြားသေဆုံး၍ မော်လိုက်မြို့ပေါ်သို့ ဆုတ်ခွာထွက်ပြေးခဲ့ကြရပြီး ဒဏ်ရာရသူများလည်း အများအပြားရှိကြောင်း အထက်ပါသတင်းရင်းမြစ်က ဆက်လက်ပြောသည်။

    “ဆေးရုံမှာဆိုလည်း ပြည့်လို့ပါ့။ လက်မှန်တဲ့သူနဲ့၊ ပေါင်မှန်တဲ့သူနဲ့ ဗိုက်မှန်တဲ့သူနဲ့ နည်းတာမဟုတ်ဘူး။ သေတဲ့သူလည်းသေပဲ”ဟု ၎င်းကဆိုသည်။

    ထိုသို့ ပြင်းထန်နေသည့်တိုက်ပွဲအခြေအနေများကြောင့် မော်လိုက်မြို့ပေါ်ဒေသခံပြည်သူများအနေဖြင့် ကလေးမြို့နှင့် အခြားနယ်ဘက်ကျေးရွာများသို့ ထွက်ခွာရှောင်တိမ်းနေ​ကြသူများလည်း ရှိကြောင်းသိရသည်။

    “ပိုက်ဆံရှိတဲ့လူ တော်တော်များများကတော့ ရှောင်ကြတယ်။ မလွယ်ဘူးလေ ရှောင်ဖို့ကလည်း။ ပိုက်ဆံအတော်ကုန်တာ။ ကျမတို့ကတော့မရှောင်ပါဘူး။ အခြေအနေကြည့်နေရတာပါ့။ အသံတခုခုကြားရင် အိမ်ထဲတံခါးပိတ်နေတော့တာ”ဟု အသက်သုံးဆယ်ဝန်းကျင် မော်လိုက်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

    လက်ရှိတွင် မော်လိုက်မြို့စစ်ကောင်စီတပ်များနှင့် ချင်းတွင်းမြစ်အရှေ့ခြမ်းနယ်မြေစိုးမိုးမှုရယူထားသည့် တော်လှန်ရေးတပ်များအကြား လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုများ ရှိနေပြီး လက်နက်ကြီးကြောင့် မော်လိုက်မြို့ဒေသခံပြည်သူ ၅ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။