ထမင်းမစားရွာ တပ်စခန်းကို ပြန်လည် သိမ်းယူရေး စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၅ ဦး ထက်မနည်း ထိခိုက်သေဆုံး

ပုလောတွင် KNU သိမ်းပိုက်ထားသော ထမင်းမစားရွာ တပ်စခန်းကို ပြန်လည် သိမ်းယူရေး စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၅ ဦး ထက်မနည်း ထိခိုက်သေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ပြန်ဆုတ်ပြေး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားရွာရှိ တပ်စခန်းကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၁၅ ဦးသေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ပြန်ဆုတ်ပြေးသွားကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ထမင်းမစားရွာရှိ တပ်စခန်းကို ပြန်လည် ရရှိရန် စစ်ကြောင်းထိုးလားသောကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ၊ KNDO ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်း ထိခိုက် သေဆုံးခဲ့ကြောင်း၊ ယင်း စစ်ကြောင်းသည် စက်တင်ဘာလ ၁၀ ရက်နေ့တွင် စစ်ကြောင်း တစ်ခုလုံး နောက်ပြန်ဆုတ်ပြေးသွားကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်၏ ထမင်းမစားရွာရှိ တပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ထို စခန်းသိမ်း တိုက်ပွဲကို K.N.L.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ ၄ လက်အောက်ခံ KNDOတပ်ရင်း ၇ ၊ တပ်ခွဲ ၂ ၊ တပ်ခွဲ ၅ ၊ KNLA အထူးတပ်ဖွဲ့၊ ပုလောပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လုပ် ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထမင်းမစားကျေးရွာ တပ်စခန်းတွင် စစ်တပ်ဘက်မှ ခလရ ၂၈၀ တပ်ရင်း၊ အမတ ၃၀၉ တပ်ရင်း၊ အမှတ် ၁၂ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းတပ်ဖွဲ့ဝင်များ အပါအဝင် စုစုပေါင်း ၄၀ ကျော်တပ်စွဲထားသည့်တပ်စခန်းဖြစ်သည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *