Category: News

  • မန္တလေးတွင် ကလေးများကို ရိုက်နှက်ပြီး တောင်းရမ်းခိုင်းသူများ ဖမ်းမိ

    မန္တလေးတွင် ကလေးများကို ရိုက်နှက်ပြီး တောင်းရမ်းခိုင်းသူများ ဖမ်းမိ

    မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှာ အသက် ၁၂ နှစ်အောက် ကလေးငယ် ၆ ယောက်ကို နေ့စဥ် ရိုက်နှက်ပြီး လမ်းဆုံလမ်းခွနဲ့ မီးပွိုင့်တွေမှာ တောင်းရမ်းခိုင်းသူ ၃ ယောက်ကို ရဲတွေက ဖမ်းမိပြီး ကလေးငယ်ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    သိပ္ပံလမ်းနဲ့ ၆၂ လမ်းထောင့်မှာ တောင်းရမ်းနေတဲ့ ကလေးငယ်တယောက် ရိုက်နှက်ခံရပြီး မျက်လုံး ပြည်တည်နာအတွက် လမ်းသွားလမ်းလာတယောက်ကို အကူအညီတောင်းရာမှ လူသိရှင်ကြား ဖြစ်ပြီး ရဲတွေက စက်တင်ဘာ ၈ ရက်မနက်မှာ ဖမ်းဆီးခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

    “ပိုက်ဆံတောင်းတာ နည်းတဲ့နေ့ဆို ကလေးတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်တာ။ ကလေးတယောက် မျက်လုံးမမြင်ရတော့ဘူး။ သူတို့ကို ဖမ်းရုံနဲ့မပြီးဘူး။ ကလေး ၆ ယောက်နဲ့ပတ်သက်ပြီး စစ်ဆေးရမှာ ဘယ်က ကလေးတွေလဲ၊ ဘယ်သူ့ကလေးတွေလဲ ဆိုတာ။”

    ကလေးတွေကို ရိုက်နှက်ပြီး တောင်းရမ်းခိုင်းသူ ၃ ယောက်ဟာ ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာနေ မိုးမင်း(ခ)ကုလား၊ ငြိမ်းငြိမ်းအိ(ခ)ငြိမ်းအိ၊ သန်းသန်းခိုင်(ခ)သန်းခိုင် တို့ဖြစ်ပြီး နယ်မြေရဲစခန်းက (ပ)၁၆၄/၂၀၂၅ ပုဒ်မ-၁၀၂(ခ)/၁၀၃(က)(၅)/၁၀၇ နဲ့ အမှုဖွင့်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    “အဲဒီနေ့က ကလေးတွေ အိတ်ထဲမှာ တောင်းထားတဲ့ငွေ တယောက်ကို ကျပ် ရှစ်သောင်း၊ ကိုးသောင်းနဲ့မိသလို တောင်းခိုင်းတဲ့သူတွေလက်ထဲမှာလည်း တောင်းထားတဲ့ငွေ သိန်းနဲ့ချီမိတယ်။ ရဲစခန်းက စစ်နေတယ်။ ကလေး ၆ ယောက်ကို လူမှုဝန်ထမ်းက ဘယ်လိုစီစဥ်မလဲမသိဘူး။”

    တောင်းရမ်းခိုင်းသူတွေနဲ့အတူ ပါလာသူတွေဟာ အသက် ၅ နှစ်အရွယ် မဂူးဂူး၊ မပွင့်ဖြူခိုင်၊ မကေသီထွေး၊ မစံရတီဦး၊ အသက် ၉ နှစ်အရွယ် မသဲသဲကိုနဲ့ အသက် ၁၂ နှစ်အရွယ် မနန်းယဉ်ထွေး တို့ ဖြစ်ပါတယ်။

    စစ်တပ် အာဏာသိမ်းပြီးနောက် ရန်ကုန်၊ မန္တလေးမြို့ကြီးတွေက လမ်းဆုံလမ်းခွနဲ့ မီးပွိုင့်တွေမှာ တောင်းရမ်းစားသောက်တဲ့ ကလေးသူငယ် ပိုမိုများလာပေမဲ့ ဦးဆောင်သူတွေကို မဖမ်းဆီးနိုင်သေးဘူးလို့ သိရပါတယ်။

  • မဟာအောင်မြေမြို့နယ်၌ ဆိုင်ကယ် လုယက်နေသည့် ပြည်သူ့စစ် ၃ ဦးကို ဖမ်းမိ

    မဟာအောင်မြေမြို့နယ်၌ ဆိုင်ကယ် လုယက်နေသည့် ပြည်သူ့စစ် ၃ ဦးကို ဖမ်းမိ

    မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်မှာ ဆိုင်ကယ်တွေကို ဖမ်းဆီးလုယက်နေတဲ့ ရဲမွန်တောင် ပြည်သူ့စစ် ၃ ယောက်ကို စက်တင်ဘာ ၉ ရက်က စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    စက်တင်ဘာ ၈ ရက် ည ၁၀ နာရီခွဲက ရဲမွန်တောင်ရပ်ကွက်၊ ၅၈ လမ်း ၄၁ လမ်းမှာ လူငယ် ၃ ယောက်ကို ပြည်သူ့စစ် ၅ ယောက်က စစ်ဆေးမယ်ဆိုပြီး ဖမ်းဆီးကာ ဆိုင်ကယ်နဲ့ ဖုန်းတွေ လုယက်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

    “ကား ၂ စီးနဲ့ ရောက်လာပြီး ကလေးတွေကို ခြိမ်းခြောက် ရိုက်နှက်ပြီး ဆိုက်ကယ်တွေရော ဖုန်းတွေရော လုသွားတာ၊ ၅ ယောက်၊ စစ်တပ်က ဖမ်းမိတော့ ၃ ယောက်၊ အမှုဖွင့်တော့ လုယက်မှုမဟုတ်ဘူး အယောင်ဆောင်မှု။”

    ပြစ်မှုကျူးလွန်သူ ၅ ယောက်ထဲက ၃ ယောက်ကို ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ ယူနီဖောင်း၊ အိမ်စီးကားနဲ့အတူ စက်တင်ဘာ ၉ ရက်က ဖမ်းမိခဲ့ပြီး မဟာအောင်မြေမြို့နယ် ရဲစခန်းမှာ ချုပ်ထားတယ်လို့ သူကပြောပါတယ်။

    မဟာအောင်မြေပြည်သူ့စစ်အဖွဲ့ကို လူမိုက် နေမျိုးကျော် ဦးဆောင်နေပြီး သူ့ရဲ့အောက်မှာ ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန် ပြည်သူ့စစ်အဖွဲ့တွေရှိပြီး စစ်တပ်နဲ့ပေါင်းကာ လောင်းကစားဝိုင်းတွေ ဖွင့်လှစ်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

    “မဟာအောင်မြေမှာ အဆိုးဆုံးက ရဲမွန်တောင် ပြည်သူ့စစ်အဖွဲ့ပဲ။ လူမိုက် နေမျိုးကျော် အုပ်ချုပ်တာ။ ပေါက်ကိုယ်တော်တပည့်။ ပြီးခဲ့တဲ့လက ဆိုင်ကယ်စီးလာတဲ့ ကလေးတွေကို ပြည်သူ့စစ်အဖွဲ့က ဖိနပ်နဲ့ ပါးတွေရိုက်တယ်။ ဖမ်းမိတော့ စစ်တပ်ရော ပြည်သူ့စစ်ရော သူတို့အဖွဲ့က မဟုတ်ဘူးဆိုပြီး ငြင်းတာ။”

    မဟာအောင်မြေမြို့နယ်မှာ လုယက်မှု အဖြစ်များပြီး ဇူလိုင် ၂၄ ရက်က ၃၉ လမ်း၊ ၈၄ x ၈၅ လမ်းမှာ ရှိတဲ့ ရွှေနန်းသုခ ရွှေဆိုင်ကို သေနတ်ပစ် လုယက်ခံရတဲ့ ဖြစ်စဥ်လည်း ရှိတယ်လို့ ဆိုပါတယ်။

    မန္တလေးတိုင်းနဲ့ မကွေးတိုင်းမြောက်ပိုင်းက တပ်ထောက်ခံသူတွေနဲ့ ထောင်ထွက်လူမိုက်တွေကို ၂၀၂၃ အောက်တိုဘာလကစပြီး ပြည်သူ့စစ်သင်တန်းပေးခဲ့တဲ့ လပခ တိုင်းစစ်ဌာနချုပ်ရဲ့ အကျိုးဆက်တွေကို ပြည်သူတွေ ခံစားနေရတယ်လို့ မြို့ခံတွေက ဝေဖန်ပြောဆိုပါတယ်။

    ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၁ ရက်က ပြည်ကြီးတံခွန်မြို့နယ်က နေအိမ်တအိမ်က အိမ်စီးကားနဲ့ iPhone လုယက်မှုမှာ ပါဝင်ခဲ့တဲ့ ပေါက်ကိုယ်တော်ရဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၇ ယောက်ကို ရဲတွေက ဖမ်းမိခဲ့ပါတယ်။

  • ဧရာဝတီ-ရခိုင်နယ်စပ်၌ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး

    ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် အစပ်က ရိုးလမ်းတွေပေါ်နဲ့ လေးမျက်နှာဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ရေကြည်မြို့နယ်ထဲက ကျေးရွာတွေကိုလည်း နေရပ်စွန့်ဖို့ ဖိအားပေးနေကြောင်း ဒေသခံတွေကပြောပါတယ်။

    အာရက္ခတပ်တော် (AA) က ဘောမိရွာကိုထိန်းနိုင်ချုပ်ခဲ့တဲ့ ၂၀၂၅ နှစ်ဆန်းပိုင်းလောက်ကစလို့ ဧရာဝတီတိုင်းထဲက ရေကြည်၊ သာပေါင်း၊ လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ်အစွန်အဖျားတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားလာတာပါ။

    ဒါပေမဲ့ နှစ်ဖက်လုံးက အပြီးသတ်သိမ်းပိုက် ထိန်းချုပ်လိုက်တာမျိုးမရှိခဲ့ဘဲ အခု စက်တင်ဘာလထဲ မှာတော့ ရခိုင်နဲ့ ဧရာဝတီအစပ် ဂွ-ငသိုင်းချောင်း ရိုးလမ်းပေါ်အပြင် လေးမျက်နှာမြိုနယ်ဘက်ကိုပါ စစ်တပ်က စစ်ကြောင်းထိုးနေတဲ့အကြောင်း မြေပြင်ဒေသခံက ပြောပြပါတယ်။

    ရခိုင်-ဧရာဝတီအစပ်မှာ နေထိုင်တဲ့ ဒေသခံတယောက်က “ဟိုတရက်က စစ်ကြောင်း ၃ ကြောင်းတက်သွားတယ်။ ၃၄၄ ရှေ့က ကျနော်တို့ ရခိုင်ဘက်ကိုတက်တဲ့ ရိုးလမ်း၊ မနေ့ကပေါ့။ တိုက်ပွဲကတော့ နေ့တိုင်းတော့ ဖြစ်နေတယ်။ မျက်နှာဘက်အခြမ်းတွေမှာ လက်နက်ကြီးတွေ ဆင်ထားတာလား မသိဘူး။ လက်နက်ကြီးတွေက အရင်ထက်ပိုပြီးတော့ နေရာများများမှာ ကြားလာရတယ်။ နည်းနည်း ဒီလှုပ်လှုပ်ရှားရှားတွေတော့ များလာတယ်။ အခု ဒီရက်ပိုင်းတွေပေါ့။ အရင်တုန်းကဆိုရင် လေးမျက်နှာမှာဖြစ်ရင် ရိုးဘက်အခြမ်းမှာ တိုက်ပွဲတွေတိမ်းနေတယ်။ အဲဒီလိုမျိုးမဟုတ်ဘဲ အခုက လေးမျက်နှာဘက်မှာလည်း စစ်ကြောင်းတွေက ထိုးနေသလို ဒီဘက်မှာလည်း စစ်ကြောင်းတွေကထိုးနေတယ် ”လို့ ပြောပါတယ်။

    ရခိုင်နဲ့ ဧရာဝတီအစပ် ရိုးလမ်းမပေါ် အရင်တိုက်ပွဲဖြစ်ဖူးတဲ့ စာဥစမ်းနေရာဘက်ကိုတော့ စက်တင်ဘာ ၈ ရက်မှာ ခန့်မှန်းအင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်း ၃ ခုခွဲပြီးတက်သွားတာ ဖြစ်တယ်လို့ ဒေသခံက ဆက်ပြောပါတယ်။

    ဒါပေမဲ့ လေးမျက်နှာမြို့နယ်ဘက်မှာတော့ စစ်ကြောင်းထိုးနေတာကိုသိသလို လက်နက်ကြီး ပစ်ခတ်သံတွေလည်း ကြားနေရပေမဲ့ ဒေသခံတွေ မရှိသလောက်ဖြစ်နေတာကြောင့် ထိတွေ့မှုဖြစ်တဲ့နေရာကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

    စစ်တပ်ဟာ အမတ-၃၄၄ အနောက်ဘက်မှာရှိတဲ့ ကျေးရွာ ၁၀ ခု ဝန်းကျင်ကိုလည်း တိုက်ပွဲနဲ့မလွတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဩဂုတ်လကုန်ပိုင်းကစလို့ နေရာရွှေ့ပြောင်းခိုင်းထားကြောင်း ရေကြည်မြို့နယ်ဒေသခံက ပြောပါတယ်။

    ရေကြည်မြို့နယ်ဒေသခံက “ကုန်းပြင်အနောက်ခြမ်း၊ ဘာလဲ၊ မကျီးကုန်းတို့ အဲဒီလိုရွာတွေပေါ့ စလူတောင်တို့ သိုက်တူးကုန်းတို့ အများကြီးပေါ့ ရွာတွေ။ တချို့တွေကျတော့ ရှောင်ကိုမရှောင်နိုင်တာ။ တနေရာမှာသွားပြီးတော့ အိမ်ငှားနေတာတို့ ဘာတို့ အဲဒါမျိုးလည်း မလုပ်နိုင်ဘူးဗျာ။ ဆင်းရဲတော့။ ဖြစ်ချင်ရာဖြစ်၊ ကိုယ့်နေရာမှာပဲ အသေခံမယ်ဆိုပြီးအဲလိုမျိုးနေတဲ့၊ ကျန်ခဲ့တဲ့သူတွေကို တယောက်မှ မကျန်ခဲ့နဲ့တော့တဲ့။ အကုန်သွားတော့တဲ့ နောက်ဆုံး ထားပြီးတော့ဗျာ ရွှေ့တော့ဆိုပြီး ရွှေ့ခိုင်းလိုက်တယ်။ နောက်တခါ သူတို့ဒီထဲဝင်လာလို့တွေ့ရင် သူတို့တာဝန်မဟုတ်ဘူးတဲ့။ အဲဒီလိုပြောတော့တာကို၊ ပြောတယ်ဆိုတော့ အပေါ်ကလာပြီး ဗုံးကြဲရင်လည်း ကြဲမယ်ဗျာ”လို့ ပြောပါတယ်။

    ဒါကြောင့် စက်တင်ဘာ ၈ ရက်ကစလို့ အမတ-၃၄၄ အနောက်ဘက် ရိုးမထိစပ်နေတဲ့ သရက်ပိုင်ကြီးစုကျေးရွာဝန်းကျင်မှာ နေထိုင်သူမရှိသလောက် ဖြစ်သွားပြီး အများစုဟာ ကုန်းပြင်၊ ငသိုင်းချောင်းနဲ့ ရေကြည်မြို့တို့အပါအဝင် နီးစပ်ရာတွေဆီ ပြောင်းရွှေ့သွားကြကြောင်းသိရပါတယ်။

    ဒါ့အပြင် သီတာကုန်းပြင်ဈေးထဲမှာလည်း အခုလဆန်းပိုင်းကစလို့ ကုန်ခြောက်တွေကို ဈေးထဲမှာ ရောင်းခွင့်မပြုတော့လို့ အိမ်တွေမှာပဲ ဆိုင်ဖွင့်နေရကြောင်းသိရပါတယ်။

    ငသိုင်းချောင်းမြို့နဲ့ ချိတ်ဆက်ထားတဲ့ ရေနံ့သာဂိတ်မှာလည်း ဆန် အပါအဝင် ကုန်ပစ္စည်းအများစုကို ကန့်သတ်ပိတ်ပင်မှုတွေပြုလုပ်နေတာကြောင့် ကုန်ဈေးနှုန်းတွေ မြှင့်တက်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

    ✍စိုးသူအောင်

  • အာရှလမ်းပိုင်းကို အဓိက ဦးတည် ထိုးဖောက်ခဲ့သော စစ်တပ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရ ၀ဏ္ဏလှိုင်

    အာရှလမ်းပိုင်းကို အဓိက ဦးတည် ထိုးဖောက်ခဲ့သော စစ်တပ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရ ၀ဏ္ဏလှိုင်

    BGF ၏ လမ်းပြကူညီမှုဖြင့် အာရှလမ်းပိုင်းကို အဓိက ဦးတည် ထိုးဖောက်ခဲ့သော စစ်တပ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရ ၀ဏ္ဏလှိုင် (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည်ကို ဆဲဆိုပုတ်ခတ်နေသော စစ်တပ်ဝါဒဖြန့် ဇာတ်ညွှန်းရေးသူ မျိုးမြင့်ရန်နောင်

    အကြမ်းဖက်စစ်တပ်စစ်ကြောင်းများက BGF ခေါ် စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့များ၏ ကူညီထောက်ပံ့မှုများဖြင့် ကော့ကရိတ်-မြ၀တီ လမ်းပိုင်းကို ယခုရက်ပိုင်းအတွင်း ထိုးဖောက်လာနိုင်ခဲ့ပြီး ယင်းသို့ ထိုးဖောက်လာသော စစ် တပ်စစ်ကြောင်းများကို ဦးစီးနေသူမှာ ဗျူဟာမှူး ဗိုလ်မှူးကြီး သူရ ၀ဏ္ဏလှိုင် (ခေါ်) စစ်တပ် ဝါဒဖြန့် ဇာတ်ညွှန်းရေးသူ မျိုးမြင့်ရန်နောင်ဖြစ်သည်။

    အမေရိကန်က နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော BGF/ KNA မှ ဗိုလ်မှူးကြီးစောချစ်သူ၏ ကူညီမှုများဖြင့် ဗိုလ်မှူးကြီး သူရ ၀ဏ္ဏလှိုင် ဦးစီးသော စစ်တပ်စစ်ကြောင်းများက ဩဂုတ်လနှောင်းပိုင်းနှင့် စက်တင်ဘာလဆန်းပိုင်းတွင် အာရှလမ်းပိုင်းကို ထိုးဖောက်ဝင်ရောက်လာခဲ့သော်လည်း ဗျူဟာမှူး ဗိုလ်မှူးကြီး သူရ ၀ဏ္ဏလှိုင်မှာ မထင်မရှားဖြင့်သာ ပုန်းလျှိုးကွယ်လျှိုးဖြင့်သာ နေထိုင်လျက်ရှိသည်။

    ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အကြမ်းဖက် မင်းအောင်လှိုင်က ဗိုလ်မှူးကြီး ၀ဏ္ဏလှိုင်ကို သူရဘွဲ့ ပေးအပ်ခဲ့ပြီး သူရ ဘွဲ့ပေးအပ်သည့်အကြောင်းအရင်းမှာ ကရင်ပြည်နယ်၊ သံဖြူဇရပ်နှင့် ဘုရားသုံးဆူကြားရှိ အနန်းကွင်း တပ်စခန်းထိုင် ဗျူဟာစခန်းကို KNLA ဦးဆောင်သော ပူးပေါင်းတော်လှန်ရေးတပ်များ လက်သို့ မကျရောက်စေရန် ကာကွယ်ပေးမှုဖြင့် သူရဘွဲ့ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

    ဗိုလ်မှူးကြီး ၀ဏ္ဏလှိုင်မှာ ကရင်ပြည်နယ်တွင်ပင် အခြေချလှုပ်ရှားနေသော စစ်တပ်အရာရှိကြီးတစ်ဦးဖြစ်ပြီး ကရင့်လက် နက်ကိုင်အဖွဲ့များအကြောင်း ကောင်းမွန်စွာ သိရှိသူဟုလည်း နာမည်ကြီးသည်။

    ကရင်ဂွင်တွင်လှုပ်ရှားသော်လည်း ၎င်း၏ လုံခြုံရေးနှင့် မိသားစု လုံခြုံရေးအတွက် အမြဲလိုလို စိုးရိမ်ပူပန်တတ်သူဖြစ်ရာ မိသားစုနှင့်သူ့အကြောင်းကို သိုသိုသိပ်သိပ်နေထိုင်လေ့ရှိသည်။

    အထူးသဖြင့် ပြင်ပမှ သူ့အကြောင်း မသိစေရန် သွားလာလှုပ်ရှားနေထိုင်သည်။

    အနေအထိုင်သိုသိပ်ပြီး ၎င်း၏ ဓာတ်ပုံများ ပြင်ပပေါက်ကြားမည်ကိုစိုးရိမ်၍ နာမည်အရင်းဖြင့်ပင် ဆိုရှယ်မီဒီယာမသုံးသူလည်းဖြစ်သည်။

    ဗိုလ်မှူးကြီး ၀ဏ္ဏလှိုင်၏ နောက်ထပ် ထူးချွန်သော အလုပ်တစ်ခုမှာ ဝါဒဖြန့်သော အလုပ်ဖြစ်ပြီး စစ်တပ်ဝါဒဖြန့် ဇာတ်ညွှန်းရေးသူတစ်ဦးလည်းဖြစ်သည်။

    စစ်တပ် ဝါဒဖြန့် ဇာတ်ကားများဖြစ်သည့် သက်ရှိစည်းရိုး၊ စောင်နီလေးတစ်ထည် ဇာတ်ကားများကို အဓိက ဇာတ်ညွှန်းရေးသူမှာ ဗိုလ်မှူးကြီး ၀ဏ္ဏလှိုင် တစ်ဖြစ်လဲ ဇာတ်ညွှန်းရေးသူ မျိုးမြင့်ရန်နောင်ဖြစ်သည်။

    ဗိုလ်မှူးကြီး ၀ဏ္ဏလှိုင်(ခ) စစ်တပ်ဝါဒဖြန့် ဇာတ်ညွှန်းရေးသူ မျိုးမြင့်ရန်နောင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လူမှုကွန်ရက်ပေါ်တွင် ဆဲဆိုပုတ်ခတ်လေ့ရှိပြီး သူ၏ ဇနီးဖြစ်သူမှာလည်း ကြံ့ခိုင်ရေးပါတီဝင် အမာခံဖြစ်သည်။

    အာရှလမ်းကို ထိုးဖောက်ပြီးနောက် စစ်တပ်က ပြန်လည်အနိုင်ရသည့်ပုံစံဖြင့် အသံပြန်ထွက်လာသော ဗိုလ်မှူးကြီး ၀ဏ္ဏလှိုင်မှာ လာမည့် စစ်တပ်နှစ်ပတ် လည်နေ့များအတွက် ဝါဒဖြန့် ဇာတ်ညွှန်းများ ထပ်မံရေးရင်း လုပ်ကြံခံရမည်စိုးရိမ်၍ သိုသိုသိပ်သိပ် ဆက်လက် နေထိုင်ဆဲဖြစ်သည်။

    အကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့်ချိရေးတွင် အားကိုးရသည့် ဗိုလ်မှူးကြီး ဝဏ္ဏလှိုင် ၏ ရာဇဝင်နောက်ကြောင်းများကို တပ်တွင်းဖရဲ သီးများထံမှ စတင်ရရှိ ခဲ့ပြီး စိစစ်အတည်ပြုခဲ့ရာ ၎င်းမှာ တော်လှန်ရေးတပ်များ၏ ပစ်ခတ်လုပ်ကြံမှုများကိုရှောင်ရှားရန် သိုသိပ်စွာနေခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

    ဗိုလ်မှူးကြီး ၀ဏ္ဏလှိုင် အကြောင်းနှင့် နောက်ခံအခြေအနေများမှာ တပ်တွင်း ဖရဲသီးများမှတစ်ဆင့် တော်လှန်ရေးတပ်ဖွဲ့အသီးသီးထံသို့ ရောက်ရှိနေပြီဟု သိရှိရသည်။

  • မကွေးတိုင်း ငဖဲမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇၀ ခန့် သေဆုံး

    မကွေးတိုင်း ငဖဲမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇၀ ခန့် သေဆုံး

    မကွေးတိုင်း ငဖဲမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇၀ ခန့် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟု အာရက္ခတပ်တော် (AA) ထုတ်ပြန်

    မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်များအကြား စက်တင်ဘာလ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ခန့် သေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း အာရက္ခတပ်တော်က သတင်းထုတ်ပြန်သည်။

    စက်တင်ဘာလ ၁၀ ရက်နေ့တွင် အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့သည့် အသေးစိတ်အချက်အလက်များအရ၊ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပန်အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ-၂၉၅) မှ ဒုတိယဗိုလ်မှူးကြီး ပြည့်ဖြိုးအောင် ဦးဆောင်သော စစ်ကောင်စီစစ်ကြောင်းသည် စက်တင်ဘာလ ၇ ရက်နေ့တွင် ငဖဲမြို့နယ်အတွင်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

    ထိုနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် စတင်ခဲ့ပြီး ၈ နာရီနီးပါး ကြာမြင့်ခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးများခဲ့ပြီး တပ်ဖွဲ့ဝင်အလောင်း ၆၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ယင်းနေ့ ညနေ ၅ နာရီ မိနစ် ၂၀ တွင် စစ်ကောင်စီဘက်မှ တတိယမြောက် စစ်ကြောင်းဖြင့် ထပ်မံထိုးစစ်ဆင်ခဲ့ရာ သုံးနာရီခန့်အကြာတွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ အဆိုပါ တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား ၁၀ ဦး ထပ်မံသေဆုံးကာ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

    လက်ရှိတွင် စစ်ကောင်စီတပ်များသည် စွန်တက်ကျေးရွာအနီးရှိ ဝေဠုဝန်ကျောင်း၏ အနောက်မြောက်ဘက် လက်ဖက်ခြံများတွင် ခံစစ်ပြင်ဆင်လျက်ရှိပြီး ထပ်မံထိုးစစ်ဆင်ရန် ကြိုးပမ်းနေကြောင်းလည်း သိရသည်။

    ငဖဲမြို့နယ်သည် မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့၏ နယ်စပ်ဒေသတွင် တည်ရှိပြီး၊ အဆိုပါဒေသသည် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ မကြာခဏ ပြင်းထန်လေ့ရှိသည့် နေရာတစ်ခုဖြစ်သည်။ အထူးသဖြင့် အမ်း-ပဒါန်း ကားလမ်းမကြီးတစ်လျှောက်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

    လွန်ခဲ့သည့် လများအတွင်းကလည်း ငဖဲမြို့နယ်တွင် တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ တပ်ရင်းများ အထိနာခဲ့ကာ ရာနှင့်ချီသော တပ်ဖွဲ့ဝင်များ သေဆုံး၊ လက်နက်ချ သို့မဟုတ် ထွက်ပြေးခဲ့ကြသည်။

    ယခုနောက်ဆုံး ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် စစ်ကောင်စီဘက်မှ မကွေး-ရခိုင်၊ ဧရာဝတီ-ရခိုင် နယ်စပ်ဒေသများရှိ နယ်မြေများ ပြန်လည်ရရှိရေးအတွက် ထိုးစစ်များကို အဆက်မပြတ် လုပ်ဆောင်နေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။အဆိုပါ ထိုးစစ်များတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခမရ (၅၇၄)၊ (၅၆၉)၊ (၅၇၅)၊ (၅၇၇)၊ (၅၂၀) နှင့် ခလရ (၂၉၅) တို့ ပါဝင်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။