မကွေးတိုင်း ငဖဲမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇၀ ခန့် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟု အာရက္ခတပ်တော် (AA) ထုတ်ပြန်

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်များအကြား စက်တင်ဘာလ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ခန့် သေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း အာရက္ခတပ်တော်က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၁၀ ရက်နေ့တွင် အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့သည့် အသေးစိတ်အချက်အလက်များအရ၊ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပန်အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ-၂၉၅) မှ ဒုတိယဗိုလ်မှူးကြီး ပြည့်ဖြိုးအောင် ဦးဆောင်သော စစ်ကောင်စီစစ်ကြောင်းသည် စက်တင်ဘာလ ၇ ရက်နေ့တွင် ငဖဲမြို့နယ်အတွင်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

ထိုနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် စတင်ခဲ့ပြီး ၈ နာရီနီးပါး ကြာမြင့်ခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးများခဲ့ပြီး တပ်ဖွဲ့ဝင်အလောင်း ၆၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းနေ့ ညနေ ၅ နာရီ မိနစ် ၂၀ တွင် စစ်ကောင်စီဘက်မှ တတိယမြောက် စစ်ကြောင်းဖြင့် ထပ်မံထိုးစစ်ဆင်ခဲ့ရာ သုံးနာရီခန့်အကြာတွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ အဆိုပါ တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား ၁၀ ဦး ထပ်မံသေဆုံးကာ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် စွန်တက်ကျေးရွာအနီးရှိ ဝေဠုဝန်ကျောင်း၏ အနောက်မြောက်ဘက် လက်ဖက်ခြံများတွင် ခံစစ်ပြင်ဆင်လျက်ရှိပြီး ထပ်မံထိုးစစ်ဆင်ရန် ကြိုးပမ်းနေကြောင်းလည်း သိရသည်။

ငဖဲမြို့နယ်သည် မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့၏ နယ်စပ်ဒေသတွင် တည်ရှိပြီး၊ အဆိုပါဒေသသည် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ မကြာခဏ ပြင်းထန်လေ့ရှိသည့် နေရာတစ်ခုဖြစ်သည်။ အထူးသဖြင့် အမ်း-ပဒါန်း ကားလမ်းမကြီးတစ်လျှောက်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

လွန်ခဲ့သည့် လများအတွင်းကလည်း ငဖဲမြို့နယ်တွင် တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ တပ်ရင်းများ အထိနာခဲ့ကာ ရာနှင့်ချီသော တပ်ဖွဲ့ဝင်များ သေဆုံး၊ လက်နက်ချ သို့မဟုတ် ထွက်ပြေးခဲ့ကြသည်။

ယခုနောက်ဆုံး ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် စစ်ကောင်စီဘက်မှ မကွေး-ရခိုင်၊ ဧရာဝတီ-ရခိုင် နယ်စပ်ဒေသများရှိ နယ်မြေများ ပြန်လည်ရရှိရေးအတွက် ထိုးစစ်များကို အဆက်မပြတ် လုပ်ဆောင်နေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။အဆိုပါ ထိုးစစ်များတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခမရ (၅၇၄)၊ (၅၆၉)၊ (၅၇၅)၊ (၅၇၇)၊ (၅၂၀) နှင့် ခလရ (၂၉၅) တို့ ပါဝင်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *