Category: News

  • ဗန်းမော်တိုက်ပွဲ စစ်တပ်အထိနာ

    ဗန်းမော်တိုက်ပွဲ စစ်တပ်အထိနာ

    ပွိုင့်ဖိုက်အပါအဝင် လက်နက်ခဲယမ်းများ KIA ပူးပေါင်းတပ်သိမ်းရ

    ဖားကန့်တိုက်ပွဲတွင်လည်း စစ်တပ်ထိခိုက်သေဆုံးမှုများဟုဆို

    ကချင်ပြည်နယ်၊ ဗန်းမော်နှင့် ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ပြင်းထန်နေပြီး ဗန်းမော်တိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ ပွိုင့်ဖိုက် စက်သေနတ်ကြီးများအပါအဝင် လက်နက်နှင့် ကျည်ဆံများသိမ်းရသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    “ဒီနေ့ကဗန်းမော်သံချပ်ကာတပ်ရင်းနဲ့ ၂၃၆ အဲဒီဘက်မှာ တိုက်ပွဲအကြီးအကျယ်ဖြစ်တယ်။ အဲဒီမှာ စခတွေ ထိခိုက်ကျဆုံးမှုများတယ်။ ပြီးတော့လည်း စခ လက်နက်တွေ ပွိုင့်ဖိုက်သေနတ်တွေသိမ်းမိထားတာရှိတယ်။ ကျည်ဆံတွေရောအများကြီးပဲ”ဟု ကချင်သတင်းရင်းမြစ်က စက်တင်ဘာ ၈ ရက် ညပိုင်း၌ ပြောသည်။

    စစ်ကောင်စီ၏ သံချပ်ကာတပ်ရင်းနှင့် ခလရ(၂၃၆)တပ်ရင်းကို ယခင်ကတည်း က KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားရာ ပြီးခဲ့သည့် ဩဂုတ်လတွင် စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ဗန်းမော်မြို့တွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့အပြန်အလှန် ထိုးစစ်ဆင်နေသကဲ့သို့ ဩဂုတ်လအတွင်း တိုက်ပွဲများလည်း ဆက်တိုက်ပြင်းထန်ခဲ့သည်။

    ဗန်းမော်တိုက်ပွဲ သိမ်းရခဲ့သည့် လက်နက်များတွင် စက်သေနတ်ကြီး အမျိုးအစားများဖြစ်သော ပွိုင့်ဖိုက် ၁ လက်၊ 14.5 ၁ လက်နှင့် ဆက်စပ်ကျည်ဆံများစွာ သိမ်းရခဲ့ဟု ဆိုသည်။

    ထို့ပြင် ဖားကန့်မြို့နယ်၌လည်းစက်တင်ဘာ ၈ ရက်နှင့်စက်တင်ဘာ ၇ ရက်က တိုက်ပွဲပြင်းထန်ခဲ့ဟု သတင်းရင်းမြစ်က ပြောသည်။

    “ဖားကန့်ဘက်မှာက မနေ့ကမနက်ကရယ် မနေ့ညရယ်၊ ဒီမနက်ရယ် အဲဒီ ဖားကန့်ဆန်းကြွယ်နဲ့ မော်တောင်းဘက်မှာတိုက်ပွဲဖြစ်တာ။ စခတွေအယောက်သုံးဆယ်လောက် သေတယ်။ အကြီးအကျယ်ပဲ တော်တော်လေးအထိနာသွားတယ်။” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    ဖားကန့်နှင့် ဗန်းမော်တိုက်ပွဲ အခြေအနေများနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

    ဖားကန့်တိုက်ပွဲတွင်စစ်ကောင်စီတပ်ကလက်နက်ကြီးများရမ်းသမ်း ပစ် ခတ်နေ၍ ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု ဖြစ်စဉ်များ ဆက်တိုက်ရှိနေကြောင်းလည်း ကချင်သတင်းရင်းမြစ်အချို့က အသိပေးထားသည်။

    (ဗန်းမော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ − ပေးပို့)

  • ရေလမ်းကနေသွားတဲ့ပြည်သူတွေကို စစ်တပ်က ဇက်ဆိပ်ကနေ ပေါ်တာဆွဲနေ

    ရေလမ်းကနေသွားတဲ့ပြည်သူတွေကို စစ်တပ်က ဇက်ဆိပ်ကနေ ပေါ်တာဆွဲနေ

    စစ်ကိုင်းတံတားရှောင်ပြီး ရေလမ်းကနေသွားတဲ့ပြည်သူတွေကို စစ်တပ်က ဇက်ဆိပ်ကနေ ပေါ်တာဆွဲနေ

    စစ်ကိုင်းတံတားမှာ ပေါ်တာဆွဲမှုတွေကြောင့် ကုန်ကားတွေအပါအဝင် ခရီးသည်အများစုဟာ ဇက်ဆိပ်ကနေ ဖြတ်သန်းတာတွေများလာပြီးတဲ့နောက် စစ်တပ်က ဇက်ဆိပ်ကနေ စောင့်ပြီး ပေါ်တာဆွဲတာ နေတယ်လို့ ခရီးသည်တွေက ပြောပါတယ်။

    စစ်ကိုင်းတံတားနဲ့ မြို့တွင်းနေရာ တချို့မှာ ပေါ်တာဆွဲတာ တွေများလာတာမို့ အဲဒီတံတားကို ရှောင်ဖို့အတွက် ခရီးသည်တွေဟာ ဇက်ဆိပ်ကနေ ကုန်ကားတွေနဲ့ မန္တလေးရွှေကြပ်ယပ်ဇက်ဆိပ်ကနေတဆင့် ရေလမ်းအသုံးပြုတာ တွေပြုလုပ်လာတယ်လို့ သိရပါတယ်။

    “ဒီရက်ပိုင်းထဲပဲ မန္တလေးကနေ စစ်ကိုင်းကိုကူးတဲ့ဇက်ဆိပ်မှာ စစ်ကိုင်းဘက်ခြမ်းကနေ စောင့်ပြီး အကုန်တန်းစွဲသွားတာ။ကားကြီးစပါယ်ယာ တွေအထိပါတယ်။ဘယ်လိုလုပ်စားရမှန်းကို မသိပါဘူးဗျာ။အကုန်စိတ် ညစ်နေတာ”လို့ ကုန်ကားသမားတဦး ကပြောပါတယ်။

    ဒါ့အပြင် ကုန်ကားအသေးတွေကိုလည်း စစ်ကိုင်းမြို့ထဲမှာ ဆိုင်ကယ်တစီးထဲနဲ့ အမည်မသိလူ ‌‌‌တဦးကလိုက်တားပြီး ဗိုလ်မှူးဆိုသူကို ဖုန်းဆက်ကာ ငွေကြေးမပေးပါက စစ်မှုထမ်းရမယ်ဆိုတဲ့ ခြိမ်းခြောက်မှု မျိုးတွေလည်း လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

    စစ်ကိုင်းမြို့မှာစစ်ကိုင်းတံတား၊တံတားအဆင်း၊နှာပေါက်၊မြို့မဈေး၊ကောင်းမှုတော်ဘုရားရဲ့ အနောက်နားတွေမှာ ပေါ်တာဆွဲ လေ့ရှိတယ်လို့ သိရပါတယ်။

    (ရွှေကြက်ယက်ဇက်ဆိပ်ကို​ တွေ့ရစဥ်။ ဓာတ်ပုံ − ပေးပို့)

  • ပဲခူးတွင် လူငယ် ၁ ဦးကို စစ်တပ်က ၂၅ သိန်းဖြင့် ရောင်းစားပြီး မိသားစုက သိန်း ၅၀ ဖြင့် ပြန်ရွေးရ

    ပဲခူးတွင် လူငယ် ၁ ဦးကို စစ်တပ်က ၂၅ သိန်းဖြင့် ရောင်းစားပြီး မိသားစုက သိန်း ၅၀ ဖြင့် ပြန်ရွေးရ

    ပဲခူးတိုင်း၊ ပဲခူးမြို့မှာ စက်တင်ဘာ ပထမအပတ်အတွင်း စစ်တပ်က လူငယ်တယောက်ကို ဖမ်းဆီးပြီး ဒိုက်ဦးမြို့နယ်အတွင်းက စစ်တပ်စခန်းတခုမှာ ‌ငွေကျပ် ၂၅ သိန်းနဲ့ ‌သွားရောက် ရောင်းစားခဲ့တာကြောင့် မိသားစုဝင်တွေက ငွေကျပ် သိန်း ၅၀ နဲ့ ပြန်လည်ရွေးယူခဲ့ရတယ်လို့ သိရပါတယ်။

    ဖမ်းဆီးရောင်းစားခံရတဲ့ လူငယ်က အလင်းရောင်ရပ်ကွက်ကလို့ သိရပြီး ည ၁၁ နာရီဝန်းကျင် လိပ်ပြာကန်မှာ ထိုင်နေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်က လာရောက်ဖမ်းဆီးခဲ့တာလို့ ဖမ်းဆီးခံရသူ လူငယ်နဲ့ နီးစပ်သူတယောက်က ‌ပြောပါတယ်။

    “ကောင်လေးက ဈေးရောင်းတာ။ ညပိုင်း လိပ်ပြာကန်မှာ တယောက်တည်း သွားထိုင်နေတဲ့အချိန် ဖမ်းခံရတာ။ ကောင်လေးကလည်း အထဲ‌ရောက်မှ ဖုန်းခိုးဆက်လို့ သူ့မိသားစုက သိရတာ။ ဖမ်းသွားတဲ့ စစ်သား ၂ ယောက်က ဒိုက်ဦးဘက်က စစ်တပ်မှာ သူ့ကို ၂၅ သိန်းနဲ့ ရောင်းသွားတာ။ သူ့မိသားစုက သိန်း ၅၀ နဲ့ သွားပြန်ခေါ်ရတယ်။ လူအစားလည်း တယောက် ရှာပေးခဲ့ရတယ်။”

    ပဲခူးတိုင်းအတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီက ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ မကြာခဏ ပြုလုပ်ပေမဲ့ ပဲခူးမြို့လယ်ကောင်မှာ အခုလိုဖြစ်ပွားတာ မရှိသေးဘူးလို့ သိရပြီး ဖမ်းဆီးထားတဲ့ လူငယ်ကို စက်တင်ဘာ ၇ ရက်က ပြန်လွှတ်ပေးလိုက်တယ်လို့ ဖမ်းဆီးခံရသူ လူငယ်နဲ့ နီးစပ်သူက ပြောပါတယ်။

    “ပဲခူးဘက်က ရွာတွေမှာ ပေါ်တာဆွဲနေတာတွေက အယောက်ပေါင်း မနည်းတော့ဘူးလေ။ သတင်းအစအနတောင် မရတော့ဘဲ ပျောက်သွားတဲ့သူတွေလည်း ရှိနေတာပဲ။ အခုကိစ္စကြီးကကျ ပဲခူးမြို့လယ်ကောင်ကြီးမှာကို ဖြစ်တာ။ နောက်ပြီး ပဲခူးမှာဆို ညဈေးက ၁၂ နာရီမှ ပိတ်တာ။ မနက် ၂ နာရီ၊ ၃ နာရီ ဈေးလာဝယ်တတ်တဲ့သူတွေတောင် ရှိတယ်။”

    စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းပြီးတဲ့နောက် လူငယ် ၇၀,၀၀၀ နီးပါးကို အတင်းအဓမ္မ ဖမ်းဆီးခဲ့ပြီး စစ်သင်တန်းတွေကို ပို့ဆောင်ကာ စစ်မြေပြင်မှာ စေလွှတ် အသုံးချခဲ့တဲ့အပြင် စစ်မှုထမ်းအပတ်စဥ်အလိုက် လူဦးရေအနည်းဆုံး အယောက် ၄,၀၀၀ ရရှိနိုင်ဖို့အတွက် လူငယ်တွေကို အရှိန်အဟုန်မြှင့်ပြီး အတင်းအဓမ္မ ဖမ်းဆီးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇူလိုင် ၂၁ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

  • ရန်ကုန်တွင် မီးနီဖြတ်မောင်းလာသည့် YBS ယာဉ်က ယာဉ် ၅ စီးကို ထပ်မံဆင့်တိုက်

    ရန်ကုန်တွင် မီးနီဖြတ်မောင်းလာသည့် YBS ယာဉ်က ယာဉ် ၅ စီးကို ထပ်မံဆင့်တိုက်

    မီးနီကို အတင်းကျော်ဖြတ်မောင်းနှင်လာတဲ့ YBS 107 ဘတ်စ်ကားဟာ တဖက်ယာဉ်ကြောက မောင်းနှင်လာတဲ့ YBS ဘတ်စ်ကားတစီးနဲ့ တိုက်မိခဲ့ပြီး တခြားယာဉ် ၅ စီးကိုပါ ထပ်မံဆင့်တိုက်ခဲ့တဲ့ဖြစ်စဉ် ဒီကနေ့ စက်တင်ဘာ ၈ ရက် မနက်ပိုင်းက ရန်ကုန်၊ သိမ်ကြီးဈေးရှေ့မှာ ဖြစ်ပွားခဲ့ပါတယ်။

    လှည်းကူး-ဆူးလေ ပြေးဆွဲနေတဲ့ YBS-107 ဟာ လသာမြို့နယ်၊ ရွှေတိဂုံဘုရားလမ်းမှာ မီးနီဖြတ်မောင်းစဉ် တဖက် မဟာဗန္ဓုလလမ်းအတိုင်း မောင်းနှင်လာတဲ့ YBS က အရှိန်နဲ့တိုက်မိပြီး လမ်းမှာရပ်ထားတဲ့ ယာဉ် ၅ စီးကိုပါ YBS – 107 က ထပ်ဆင့်တိုက်မိတာ ဖြစ်ပါတယ်။

    YRTC က တာဝန်ရှိသူတယောက်က “လူထိခိုက်မှု မရှိခဲ့ဘူး။ အဲဒီယာဉ်မောင်းက ဖြစ်စဉ်နေရာကနေ ထွက်ပြေးသွားတယ်။ အခု အရေးယူဆောင်ရွက်ဖို့ လုပ်နေတယ်။ ထိထိရောက်ရောက် အရေးယူသွားမယ်” လို့ ပြောပါတယ်။

    မဆင်မခြင်မောင်းနှင်တဲ့ YBS ယာဉ်မောင်းတွေကို YRTC က ယာဉ်မောင်း Smart Card အပြင် ကညန ယာဉ်မောင်းလိုင်စင်ကိုပါ အချိန်ကာလတခုအထိ ပိတ်သိမ်းအရေးယူသွားမယ်လို့ သိရပါတယ်။

  • ဖားကန့်တိုက်ပွဲဧရိယာ ပိုကျယ်လာ

    ဖားကန့်တိုက်ပွဲဧရိယာ ပိုကျယ်လာ

    စစ်တပ်စစ်ကြောင်းနှင့် လက်နက်ကြီးအန္တရာယ် KIA သတိပေး

    ဖားကန့်တွင် စစ်ကောင်စီမူလတပ်စွဲထားသည့် နေရာများအပြင် ကျေးရွာဆယ်ရွာထက်မနည်း၌ စစ်ကြောင်းများရှိနေပြီး ဒေသတစ်ခုလုံးအတိုင်းအတာ အားဖြင့် စစ်ရေးတင်းမာနေကြောင်း KIA၊ KPDF တပ်ဖွဲ့ဝင်များက ပြောသည်။

    ယခင်က ဖားကန့်ဗျူဟာ၊ လုံးခင်းမိုင်းချက်စက်ရုံတို့ကဲ့သို့ နေရာအချို့တွင်သာ တပ်စွဲထားနိုင်သည့် စစ်‌တပ်သည် ပြီးခဲ့သည့် ဇွန်လဆန်းနှင့် ဩဂုတ်လဆန်းတွင် အင်အားအများအပြားဖြင့် စစ်ကြောင်းများဝင်ရောက်လာပြီး နေရာအများစု၌ တပ်စွဲထားခြင်းဖြစ်သည်။

    “အခုနောက်ဆုံးအခြေအနေက ဖားကန့်ရဲ့ နေရာတော်တော်များများမှာစစ်ကြောင်းတွေရှိနေတယ်။ အဖြူအမဲကွဲအောင်တိုက်ရမယ့်အခြေအနေပါ။ စကစစစ်ကြောင်းတွေက တဖြေးဖြေး ရှေ့ကိုတိုးလာနေတော့ တိုက်ပွဲတွေက ဆက်ပြီး ပြင်းထန်ဖို့ရှိပါတယ်” ဟု KPDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

    စစ်ကောင်စီတပ်သည်စက်တင်ဘာလ၈ရက် နံနက်ပိုင်း၌ မော်ဝမ်းလေး၊ မော်ဝမ်းကြီး၊ မော်မောင်းလျှံ၊ အမှိုက်ပုံ၊ တောင်ပြို၊ ရှရော်ခ၊ မှော်တောင်း၊ ဆန်းကြွယ်နှင့် ယူမာကျေးရွာတို့တွင် စစ်ကြောင်းများရှိနေပြီး ဒေသခံများသည် စစ်ကြောင်းသတင်းနားစွင့်ကာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည်။

    “စစ်ကောင်စီစစ်ကြောင်းရှိတဲ့ရွာတွေမှာ နေ့တိုင်းတိုက်ပွဲဖြစ်တယ်။ ဒီနေ့မနက်လည်း ဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

    ဆန်းကြွယ်ကျေးရွာတွင် စက်တင်ဘာလ ၆ရက်နေ့က စစ်ကောင်စီစစ်ကြောင်းကို KIA၊KPDFက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ ထိုတိုက်ပွဲ၌ စစ်ကောင်စီစစ်ကြောင်း ထိခိုက်သေဆုံးမှုများပြားခဲ့သည်ဟု KPDF နှင့် နီးစပ်သူတစ်​ဦးက ပြောသည်။

    ထို့အပြင် တိုက်ပွဲတွင်အထိနာပြီးနောက် အရပ်သားပြည်သူများအား အကြမ်းဖက်ဖမ်းဆီးနေသည်ဟု ၎င်းကပြောသည်။

    “ဖားကန့်ကိုရောက် စစ်ကြောင်းက ပရမ်းပတာဖြစ်နေတယ်။ မဲမဲမြင်ရာ ပစ်နေတာ။ ဒေသခံတွေက ဘယ်လိုမှ နေလို့မရဘူး။ညကဆိုလည်းလမ်းသွားလမ်းလာတွေကို လိုက်ပစ်တာ” ဟု ဆန်းကြွယ်ရွာဒေသခံတစ်ဦးကပြောသည်။

    စက်တင်ဘာ ၇ ရက်ညက စစ်တပ်က သေနတ်ဖြင့် လိုက်လံပစ်ခတ်မှုကြောင့် အမျိုးသမီးအချို့အပါအဝင်ငါးဦးဒဏ်ရာရခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းကဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

    စစ်ကောင်စီစစ်ကြောင်းတွင် စစ်မှုထမ်းသင်တန်းဆင်းများနှင့် ရှမ်းနီ(SNA)တပ်ဖွဲ့ဝင်များပါဝင်ပြီး ၎င်းတို့သည် မူးယစ်ဆေးသုံးကာဆေးကြောင်ပြီး သေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

    ဖားကန့်တွင် ယခုရက်ပိုင်းအတွင်း စစ်တပ်က လက်နက်ကြီးများ ပိုမိုအသုံးပြု၍တိုက်ခိုက်နေပြီး အရပ်သားပြည်သူများအနေဖြင့် လုံခြုံရေးပိုင်းအထူးသတိပြုကြရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူက ယနေ့ နေ့လယ်ပိုင်းတွင် အသိပေးသည်။

    ဇွန်လဆန်းနှင့် ဩဂုတ်လဆန်းတွင် ဖားကန့်သို့ စစ်ကောင်စီစစ်ကြောင်းများဝင်ရောက်လာပြီး‌နောက် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မိုင်းပေါက်ကွဲမှုများကြောင့် ၃ လခန့်အတွင်း အရပ်သားသေဆုံးသူဦးရေ ၅၀ ခန့်ရှိနေပြီဖြစ်သည်။

    (ဖားကန်သို့​​ရောက်လာ​သော စစ်တပ်စစ်​​ကြောင်းကို သြဂုတ်လက ​တွေ့ရစဥ်။ဓါတ်ပုံ-CJ)