ပွိုင့်ဖိုက်အပါအဝင် လက်နက်ခဲယမ်းများ KIA ပူးပေါင်းတပ်သိမ်းရ

ဖားကန့်တိုက်ပွဲတွင်လည်း စစ်တပ်ထိခိုက်သေဆုံးမှုများဟုဆို

ကချင်ပြည်နယ်၊ ဗန်းမော်နှင့် ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ပြင်းထန်နေပြီး ဗန်းမော်တိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ ပွိုင့်ဖိုက် စက်သေနတ်ကြီးများအပါအဝင် လက်နက်နှင့် ကျည်ဆံများသိမ်းရသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ဒီနေ့ကဗန်းမော်သံချပ်ကာတပ်ရင်းနဲ့ ၂၃၆ အဲဒီဘက်မှာ တိုက်ပွဲအကြီးအကျယ်ဖြစ်တယ်။ အဲဒီမှာ စခတွေ ထိခိုက်ကျဆုံးမှုများတယ်။ ပြီးတော့လည်း စခ လက်နက်တွေ ပွိုင့်ဖိုက်သေနတ်တွေသိမ်းမိထားတာရှိတယ်။ ကျည်ဆံတွေရောအများကြီးပဲ”ဟု ကချင်သတင်းရင်းမြစ်က စက်တင်ဘာ ၈ ရက် ညပိုင်း၌ ပြောသည်။

စစ်ကောင်စီ၏ သံချပ်ကာတပ်ရင်းနှင့် ခလရ(၂၃၆)တပ်ရင်းကို ယခင်ကတည်း က KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားရာ ပြီးခဲ့သည့် ဩဂုတ်လတွင် စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဗန်းမော်မြို့တွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့အပြန်အလှန် ထိုးစစ်ဆင်နေသကဲ့သို့ ဩဂုတ်လအတွင်း တိုက်ပွဲများလည်း ဆက်တိုက်ပြင်းထန်ခဲ့သည်။

ဗန်းမော်တိုက်ပွဲ သိမ်းရခဲ့သည့် လက်နက်များတွင် စက်သေနတ်ကြီး အမျိုးအစားများဖြစ်သော ပွိုင့်ဖိုက် ၁ လက်၊ 14.5 ၁ လက်နှင့် ဆက်စပ်ကျည်ဆံများစွာ သိမ်းရခဲ့ဟု ဆိုသည်။

ထို့ပြင် ဖားကန့်မြို့နယ်၌လည်းစက်တင်ဘာ ၈ ရက်နှင့်စက်တင်ဘာ ၇ ရက်က တိုက်ပွဲပြင်းထန်ခဲ့ဟု သတင်းရင်းမြစ်က ပြောသည်။

“ဖားကန့်ဘက်မှာက မနေ့ကမနက်ကရယ် မနေ့ညရယ်၊ ဒီမနက်ရယ် အဲဒီ ဖားကန့်ဆန်းကြွယ်နဲ့ မော်တောင်းဘက်မှာတိုက်ပွဲဖြစ်တာ။ စခတွေအယောက်သုံးဆယ်လောက် သေတယ်။ အကြီးအကျယ်ပဲ တော်တော်လေးအထိနာသွားတယ်။” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဖားကန့်နှင့် ဗန်းမော်တိုက်ပွဲ အခြေအနေများနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဖားကန့်တိုက်ပွဲတွင်စစ်ကောင်စီတပ်ကလက်နက်ကြီးများရမ်းသမ်း ပစ် ခတ်နေ၍ ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု ဖြစ်စဉ်များ ဆက်တိုက်ရှိနေကြောင်းလည်း ကချင်သတင်းရင်းမြစ်အချို့က အသိပေးထားသည်။

(ဗန်းမော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ − ပေးပို့)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *