Category: News

  • ပုလောနယ် ထမင်းမစားရွာတပ်စခန်း KNLA ပူးပေါင်းတပ်သိမ်းပိုက်

    ပုလောနယ် ထမင်းမစားရွာတပ်စခန်း KNLA ပူးပေါင်းတပ်သိမ်းပိုက်

    စစ်တပ်အင်အား ၄၀ ခန့်တပ်စွဲထားသည့် ပုလောနယ် ထမင်းမစားရွာတပ်စခန်း KNLA ပူးပေါင်းတပ်သိမ်းပိုက်

    စစ်ကောင်စီတပ်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းများရ

    ကရင်အမျိုးသားအစည်းအရုံး(KNU)၊မြိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄)နယ်မြေ ပုလော (လယ်မူလား)မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတခုကို ယနေ့ (စက်တင်ဘာ ၈ ရက်) နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

    စက်တင်ဘာ ၈ ရက် နံနက် ၇ နာရီခန့်တွင် ပုလောမြို့နယ် ထမင်းမစားရွာအတွင်း တပ်စွဲထားသော အာဏာသိမ်းစစ်တပ်စခန်းကို KNU၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်မဟာ(၄) လက်အောက်ခံ KNDO တပ်ရင်း(၇)၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၅)၊ KNLA အထူးတပ်ဖွဲ၊ ပလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲများတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ဟုဆိုသည်။

    “ထမင်းမစားရွာက ထားဝယ်နဲ့ ဘိတ်ရဲ့အမှတ်(၈)လမ်းမကြီးပေါ်မှာတည်ရှိတဲ့ရွာပေါ့နော်။၂၀၂၁ ကတည်းကတပ်စွဲထားတာ။ စာသင်ကျောင်းထဲမှာလည်းရှိတယ်။ ကုန်းတကုန်းကြီးတယ် တပ်စွဲထားတာ။ အမှတ်(၁၂) တိုင်းဗဟိုရဲ့ လက်အောက်ခံ၊ တိုင်းဗဟို ၁၂ လက်အောက်ခံတပ်ရင်း ၂၈၀ နဲ့ အမြောက်တပ်တွေရှိတယ်။ ပြောရမယ်ဆိုရင်တော့ ကာကင်းတခုအနေနဲ့ စခန်းချထားတာပေါ့”ဟု KNLA တပ်မဟာ (၄) သတင်းရင်းမြစ်က စခန်းသိမ်းတိုက်ခိုက်ခဲ့သည့် ထမင်းမစားကျေးရွာ စစ်ကောင်စီတပ်စခန်း အခြေအနေကို ပြောသည်။

    ယနေ့ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးမှုရှိပြီး ထွက်ပြေးသွားသူများရှိဟု ဆိုသည်။

    “လက်နက်ခဲယမ်းတွေလည်းရတယ်။ တချို့စက်ပစ္စည်းတွေရတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

    KNU မြိတ်-ထားဝယ်ခရိုင်၏ထုတ်ပြန်ချက်တွင်၎င်းတပ်စခန်းသည် အာဏာသိမ်းစစ်တပ်၏ ခလရ(၂၈၀)တပ်ရင်း၊ အမတ(၃၀၉)တပ်ရင်း၊ အမှတ်(၁၂) တပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်း တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား (၄၀)ကျော်တပ်စွဲထားဟု ဖော်ပြထားသည်။

    KNUတပ်မဟာ(၄)နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် တနင်္သာရီ တိုင်းအတွင်း နယ်မြေစိုးမိုးနိုင်ရေးနှင့် စစ်အင်အားဖြည့်တင်းနိုင်ရေး ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်များကို အထိနာအောင် တိုက်ခိုက်နိုင်သကဲ့သို့ ထီးခီး၊ ထီးထဒေသရှိ စစ်ကောင်စီနယ်စပ်စခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားသည်။

    ပုလော (လယ်မူလား)မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတခုကိုယနေ့ (စက်တင်ဘာ ၈ ရက်)နံနက်တွင်သိမ်းပိုက်အပြီး တွေ့ရစဉ်

    ဓာတ်ပုံ – KNU

  • မန္တလေးတွင် Tiktok ကစားသည့် ကိုယ်တော်တပါးကို ယနေ့တွင် ကျောင်းတိုက်အရောက် သွားရောက်အရေးယူ

    မန္တလေးတွင် Tiktok ကစားသည့် ကိုယ်တော်တပါးကို ယနေ့တွင် ကျောင်းတိုက်အရောက် သွားရောက်အရေးယူ

    မန္တလေးမြို့တွင် Tiktok ကစားသည့် ကိုယ်တော်တဦးကို ယနေ့ စက်တင်ဘာ ၈ ရက်တွင် သွားရောက်ဖမ်းဆီး၍ လူဝတ်လဲစေကာ အရေးယူထားကြောင်း ချမ်းအေးသာစံမြို့နယ်၊ သာသနာတော်ထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။

    ကိုယ်တော်တပါးသည် Tik Tok တွင် သီချင်းများဖြင့် ဆော့ကစားနေကြောင်း သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ချမ်းအေးသာစံမြို့နယ် သံဃနာယကအဖွဲ့ထံ တင်ပြတိုင်ကြား လျှောက်ထားမှုကြောင့် ယနေ့ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်၊ သာ/ထိန်းအဖွဲ့ဆရာတော်များ၊ ခရိုင်သာသနာရေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နယ်မြေခံ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလျက် အဆိုပါ Tik Tok ဆော့ကစားသည့် ကိုယ်တော်နေထိုင်ရာ ကျောင်းတိုက်အတွင်းရှိ ကျောင်းသို့ သွားရောက်ခဲ့ကြပါသည်။

    Tik Tok ဆော့ကစားသည့်ကိုယ်တော်ကို Tik Tok ဆော့ကစားနေစဉ် တွေ့ရှိရ၍ လူဝတ်လဲစေပြီး ဥပဒေအရ အရေးယူနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ခေါ်ဆောင်သွားသည်ဟု သိရသည်။

    Tik Took ဆော့ကစားသည့် ရဟန်းဘွဲ့အမည်မှာ သုန္ဒရ(ခ) ကျော်စိုးဦး၊ သက်တော် (၄၁)နှစ်၊ သိက္ခာ(၄)ဝါသာ ရှိသေးပြီး စစ်ဘေးရှောင်ပုဂ္ဂိုလ်အဖြစ် ယခုကျောင်း၌ လာရောက်တည်းခို ဝါဆိုခြင်း ဖြစ်သည်။

    Tik Tok, Facebook စသော လူမှုကွန်ရက် အင်တာနက်စာမျက်နှာတွင် ရဟန်း,သာမ​ဏေနှင့် သီလရှင်များ ကခြင်း၊ သီဆိုခြင်းစသည့် သမဏသာရုပ္ပမဖြစ်သော အပြုအမူများ မပြုလုပ်စေရေးအတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ၂၀၂၃-ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

  • ပဲခူးတိုင်းမှာ ခရီးသွားတွေကို အဓိကထား ပေါ်တာဆွဲဖမ်းဆီးနေ

    ပဲခူးတိုင်းမှာ ခရီးသွားတွေကို အဓိကထား ပေါ်တာဆွဲဖမ်းဆီးနေ

    ပဲခူးတိုင်းမှာ ခရီးသွားတွေကို အဓိကထား ပေါ်တာဆွဲဖမ်းဆီးနေပြီး ပဲခူးတိုင်းမှတ်ပုံတင်ကိုင်ထားသူနဲ့ လူစားထိုးနိုင်တယ်လို့ သိရ

    ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့မှာ စက်တင်ဘာလ ၇ ရက်နေ့က ရန်ကုန် – ပြည် ကားလမ်းမပေါ်မှာ ဆိုင်ကယ် စီးလာတဲ့ လူငယ်တဦးကို စစ်ကော်မရှင်လက်အောက်ခံ ရဲ တွေက စစ်မှုထမ်းဖို့ ပေါ်တာဆွဲထားတဲ့အပြင် ကြိုပင်ကောက်မြို့က ရန်ကုန်ကို အလုပ်လုပ်ဖို့သွားတဲ့ လူငယ်စုံတွဲတတွဲကိုလည်း ကားပေါ်က ဆွဲချကာ ကောင်လေးကို စစ်မှုထမ်းဖို့ ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။

    ပဲခူးတိုင်းထဲက ပြည်ခရိုင် နဲ့ သာယာ၀တီခရိုင်က မြို့နယ်တွေမှာ အခုရက်ထဲ ခရီးသွားတွေကို အဓိကထား ပေါ်တာဆွဲနေတာဖြစ်ပြီး စစ်ဆေးရေးဂိတ်တွေကို ဖြတ်တိုင်း ပေါ်တာဆွဲထားတာကြောင့် ပြည်သူတွေစိုးရိမ်နေကြရတယ်လို့ သိရပါတယ်။

    ” ကြိုပင်ကောက်က ကောင်လေးနဲ့ကောင်မလေးကို အုတ်ဖိုတာဆုံ စစ်ဆေးရေးဂိတ်မှာ သူတို့ စီးလာတဲ့ကားကို မှတ်ပုံတင်စစ်ပြီး အသက်ပြည့်ပြီ စစ်မှုထမ်းရမယ်ဆိုပြီး ဖမ်းသွားတာ ” လို့ ဒေသခံတဦးက ပြောပါတယ်။

    ဒါ့အပြင် ပြည်ခရိုင်၊ ပြည်မြု့နယ် ဝက်ထီးကန်မြို့က မြက်ရိတ်ပြန်လာတဲ့ လူငယ် ၂ ဦးကို စစ်ကော်မရှင်တပ်ဖွဲ့တွေက စစ်မှုထမ်းဖို့ လာရောက် ဖမ်းဆီးသွားသေးတယ်လို့လည်း သိရပါတယ်။

    “မြက်ရိတ်ပြီး အပြန် သူတို့ ၂ ယောက်ထိုင်နေတဲ့ နေရာကို ဆိုင်ကယ်တွေနဲ့ရောက်လာပြီး ခေါ်သွားတာ။ စစ်မှုထမ်းဖို့ ဆိုပြီး လူစားထိုးချင်ရင် ပဲခူးတိုင်းထဲက လူဆိုရတယ်။ သူတို့တောင်းသလောက် ငွေပေးပြီး လူစားထိုးရှာပေးရင်တော့ လွှတ်ပေးတာရှိတယ် ” လို့ နောက်ထပ်ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။

    စစ်ကော်မရှင်က ပဲခူးတိုင်မှာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲတာတွေကို ပိုမိုလုပ်ဆောင်လာပြီး လူအစားထိုးပါက လူငယ်တဦးကို သိန်း ၈၀ ကနေ သိန်း ၉၀ ကျော်ထိ စျေးပေါက်နေတယ်လို့လည်း သိရပါတယ်။

    လူစားထိုးရာမှာလည်း ပဲခူးတိုင်း မှတ်ပုံတင်ကိုင်ထားသူ ဖြစ်မှသာလက်ခံတယ်လို့ သိရပြီး လူအစားထိုး လိုက်ကြတဲ့သူအများဆုံးက ပြည်မြို့နယ် အနီးတဝိုက်က လူတွေများတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေထံက သိရပါတယ်။

  • ပြည်သူ့ခုခံစစ် ကာလအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်လေယာဉ် နဲ့ ရဟတ်ယာဉ် အစီးရေ ၂၀ အထိ ပစ်ချခံရတာ ၊ ပျက်စီးတာ ဖြစ်ခဲ့

    ပြည်သူ့ခုခံစစ် ကာလအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်လေယာဉ် နဲ့ ရဟတ်ယာဉ် အစီးရေ ၂၀ အထိ ပစ်ချခံရတာ ၊ ပျက်စီးတာ ဖြစ်ခဲ့

    ပြည်သူ့ခုခံတွန်းလှန်စစ်ကာလအတွင်း အကြမ်းဖက်စစ်အုပ်စု က တပ်ဖွဲ့ဝင် ၆ သောင်းကျော်သေဆုံး

    ပြည်သူ့ခုခံတွန်းလှန်စစ် ၄ နှစ်တာကာလအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်လေယာဉ် နဲ့ ရဟတ်ယာဉ် အစီးရေ ၂၀ အထိ ပစ်ချခံရတာ နဲ့ ပျက်စီးတာတွေ ဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    တော်လှန်ရေးတပ်တွေ ပစ်ချလိုက်တဲ့ စစ်လေယာဉ် နဲ့ ရဟတ်ယာဉ် က အစီးရေ ၁၁ စီး ရှိပြီးတော့ ပျက်စီးသွားတာက ၉ စီး ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    ပစ်ချခံရတာတွေက ၂၀၂၁ ခုနှစ် မေ ၃ ရက် က ကချင်ပြည်နယ် မိုးမောက်မြို့နယ် မှာ Mi-35P Helicopter (ကိုယ်ထည်နံပတ် 6815) ၊ ၂၀၂၃ ခုနှစ် ဇွန် ၃၀ ရက် က ကရင်နီပြည် ဘောလခဲမြို့နယ်မှာ K-8W Trainer/Aircraft (ကိုယ်ထည်နံပတ် 3935) ၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက် က ကရင်နီပြည် သံတောင်မြို့အနီးမှာ K-8W Trainer/Aircraft (ကိုယ်ထည်နံပတ် 3942) ၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃ ရက် က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ Mi-17 Helicopter ၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၆ ရက် က ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်မှာ FTC-2000G Aircraft (ကိုယ်ထည်နံပတ် 1405) ၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက် က ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ AS-365 Helicopter ၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၃ ရက် က ချင်းပြည်နယ် ပလက်ဝမြို့နယ် Mi-17 Helicopter ၊ ၂၀၂၄ ခုနှစ် မေ ၆ ရက်က ကရင်နီပြည်နယ် ဘောလခဲမြို့နယ် Mi-17 Helicopter ၊ ၂၀၂၅ ခုနှစ် မေ ၂၀ ရက်က ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ Mi-17 Helicopter ၊ ၂၀၂၅ ခုနှစ် မေ ၂၁ ရက်က ကချင်ပြည်နယ် ရွှေကူမြို့န​ယ်မှာ Mi-17 Helicopter နဲ့ ၂၀၂၅ ခုနှစ် ဇွန် ၁၀ ရက်က စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်မှာ F-7 Fighter Aircraft (ကိုယ်ထည်နံပတ် 1677) ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ပျက်စီးသွားတာတွေက ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက် က မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ Beechcraft 1900 Aircraft (ကိုယ်ထည်နံပတ် 4610) ၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်မှာ A-5 Ground Attack Aircraft (ကိုယ်ထည်နံပတ် 1592) ၊ ၂၀၂၂ ခုနှစ် မတ် ၂၉ ရက်က ချင်းပြည်နယ် ဟားခါးမြို့ Mi-17 Helicopter ၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က တနင်္ဿာရီတိုင်း သရက်ချောင်းမြို့နယ်မှာ PT-6 Aircraft (ကိုယ်ထည်နံပတ် 2516 ) ၊ ၂၀၂၃ ခုနှစ် ဇွန် ၁၅ ရက်က နေပြည်တော် လယ်ဝေးမြို့နယ်မှာ H120 Helicopter ၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ Shaanxi Y-8 Aircraft (ကိုယ်ထည်နံပတ် 5821) ၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်က မကွေးတိုင်း စလင်းမြို့နယ်မှာ MiG-29 Aircraft (ကိုယ်ထည်နံပတ် 2721) ၊ ၂၀၂၄ ခုနှစ် ဩဂုတ် ၂ ရက်က ရန်ကုန်တိုင်း မှော်ဘီမြို့နယ်မှာ AS 365 Helicopter နဲ့ ၂၀၂၅ ခုနှစ် ဇူလိုင် ၂ ရက်မှာ ကရင်နီပြည် ဖားဆောင်းမြို့နယ်မှာ FTC-2000G Aircraft (ကိုယ်ထည်နံပတ် 1409) ဖြစ်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

    ဒါအပြင် နိုင်ငံတဝန်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ်ကုန်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ တိုင်းစစ်ဌာနချုပ် ၂ ခု ၊​ ဒကစ ဌာနချုပ် ၁ ခု ၊ စကခ ဌာနချုပ် ၅ ခု ၊ စစ်ဗျူဟာ အခြေချစခန်း ၆ ခု ၊ လေတပ်ဆွယ်၂ ခု ၊ တိုက်ခိုက်ရေး နောက်တန်းစခန်း ၈၆ ခု ၊ လက်ရုံး နောက်တန်းစခန်း ၅၄ ခု ၊ နယ်ခြားစောင့်စခန်း ၁၇ ခု စုစုပေါင်း အခြေစိုက်စခန်း ၁၇၃ ခု ကို သိမ်းပိုက်နိုင်ခဲ့တာပါ။

    ၂၀၂၅ ခုနှစ်ကနေ ဒီနေ့အချိန်ထိ အကြမ်းဖက်စစ်တပ်ရဲ့ နောက်တန်း တပ်ရင်းဌာနချုပ် ၁၀ ခုကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားနိုင်ပါတယ်။

    ပြည်သူ့ခုခံတွန်းလှန်စစ်ကာလအတွင်း အကြမ်းဖက်စစ်အုပ်စု ဩဇာခံ စစ်သား ၊ ရဲ နဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်သေဆုံးမှုက ၆၀၃၃၁ ဦး ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၂၆၉၀၅ ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။

  • တိုက်ပွဲအတွင်း သေဆုံးလျှင် နာရေးစရိတ်နှင့် သက်စွန့် ဂုဏ်ပြု မှတ်တမ်းလွှာ စစ်ရုံးက ချက်ချင်းထုတ်ပေး

    တိုက်ပွဲအတွင်း သေဆုံးလျှင် နာရေးစရိတ်နှင့် သက်စွန့် ဂုဏ်ပြု မှတ်တမ်းလွှာ စစ်ရုံးက ချက်ချင်းထုတ်ပေး

    ဗိုလ်မှူးအဆင့်နှင့်အထက် စစ်အရာရှိများ တိုက်ပွဲအတွင်း သေဆုံးလျှင် နာရေးစရိတ်နှင့် သက်စွန့် ဂုဏ်ပြု မှတ်တမ်းလွှာ စစ်ရုံးက ချက်ချင်းထုတ်ပေးပြီး ၃ လအတွင်း ခံစားခွင့်များ ထုတ်ပေး

    တပ်သားမှ ဗိုလ်ကြီးအဆင့်အထိသေဆုံးမှုကိုမူ အလောင်းရရှိမှုအပေါ် မူတည် ခံစားခွင့်ပေးပြီး အလောင်းမပြနိုင်လျှင် မည်သည့်ခံစားခွင့်မှ အလွယ်တကူ မရ

    အကြမ်းဖက်စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသော ဗိုလ်မှူးအဆင့်နှင့်အထက် စစ်အရာရှိများ တိုက်ပွဲအတွင်း သေဆုံးလျှင် နာရေးစရိတ်နှင့် သက်စွန့် ဂုဏ်ပြု မှတ်တမ်းလွှာ ချက်ချင်းထုတ်ပေးပြီး အသက်အာမခံလျှော်ကြေး၊ ပင်စင် အပါအဝင် ခံစားခွင့်များကို ၃ လအတွင်း ရရှိရေး ဆောင်ရွက်ပေးကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်က တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားများစွာအနက်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး အဆင့်မှ စတင်၍ သက်စွန့်ဂုဏ်ပြုလွှာထုတ်ပေးခြင်း၊ နာရေးစရိတ်အဖြစ် အနည်းဆုံး ငွေကျပ် ၅ သိန်း ထုတ်ပေးခြင်းများကို လုပ်ဆောင်ပေးကြောင်း၊ အခြားသော ခံစားခွင့်များဖြစ်သည့် အသက်အာမခံကြေး၊ သက်စွန့်စရိတ် တစ်လုံးတစ်ခဲတည်းငွေကြေး၊ ပင်စင်ခံစားခွင့်များကိုလည်း အထူးအရေးကိစ္စအဖြစ် ၃ လအတွင်း ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

    “တိုက်ပွဲထဲမှာ သေဆုံးရင် ဗိုလ်မှူးအဆင့်ဆိုရင် ဒုတိဗိုလ်မှူးကြီးအဖြစ် ရာထူး တစ်ဆင့်တိုးပေးပါတယ်။ နာရေးစရိတ်ပေးတယ်။ သက်စွန့်ဂုဏ်ပြုမှတ်တမ်းလွှာ စစ်ရာထူးခန့်ချုပ်ရုံးကနေ ထုတ်ပေးတယ်။ ဗိုလ်မှူး အဆင့်မှာ တိုက်ပွဲအတွင်း သေဆုံးတယ်ဆိုရင် ဒုတိယဗိုလ်မှူးကြီး ရာထူးတိုးသွားတဲ့အတွက် ပင်စင်ကိုလည်း ဒုတိယဗိုလ်မှူးကြီးအဆင့် ပင်စင်ပေးတယ်။ ရာထူးလည်းတိုးတယ်။ ပင်စင်လစာလည်းတိုးတယ်။ သက်ပြည့်ပင်စင်နဲ့ တပ်က ထောက်ပံ့တဲ့ တစ်လုံးတစ်ခဲတည်း သက်စွန့်စရိတ်လည်း တိုးတယ်။ ဗိုလ်မှူးအဆင့်မှပါ။ ကျန်တဲ့ အောက်ခြေ တပ်သားကနေ ဗိုလ်ကြီးအထိကတော့ အလောင်းမပြနိုင်ရင် ပျောက်ဆုံးစာရင်းသွင်းတယ်။ ၆ လအတွင်း လစာတစ်ဝက်ပဲပေးတယ်။ ၆ လကျော်မှ မိသားစုက စစ်ရုံးမှာ ပင်စင်နဲ့ အသက်အာမခံရဖို့ ဆက်လျှောက် ရတယ်။ ဒါက ကကနကောင်စီက သတ်မှတ်ထားတာဖြစ်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

    ယမန်နှစ် လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း သေဆုံးခဲ့သော အမှတ် ၆၂၆ ထောက်ပို့တပ်မှ ဗိုလ်ကြီးတစ်ဦး၏ ကျန်ရစ်သူ ဇနီးသည်က အလောင်းမပြနိုင်သည့်အတွက် ယခုအချိန်အထိ ခံစားခွင့်များမရရှိကြောင်း၊ ၆ လအတွင်း လစာတစ်ဝက်ဖြင့် စစ်တပ်က ယာယီချထားပေးသော နေရာတွင် နေထိုင်ခဲ့ရပြီး ၆ လကျော်သောအခါ တပ်က နှင်လွှတ်ကြောင်း၊ လက်ရှိအချိန်အထိ ၁ နှစ်ကျော် ကြာမြင့်သည့်တိုင် မည်သည့် ခံစားခွင့်မှ မရရှိသေးကြောင်း ပြောဆိုသည်။

    “ပြန်လွတ်လာတဲ့ ရဲဘော်တွေက ဗိုလ်ကြီးသေဆုံးသွားပြီဆိုတာ ပြောပေမယ့် အထက်က အဲဒါကို သက်သေအဖြစ် မယူဘူး။ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတာမျိုးဖြစ်နိုင်တယ်ဆိုပြီး အခုထက်ထိလည်း ဘာမှ ခံစားခွင့်မရပါဘူး။ အသက်အာမခံကြေးလည်းမရဘူး၊ ပင်စင်လည်း မရဘူး။ နာရေးစရိတ်လည်းမရဘူး။ ဘာဂုဏ်ပြု မှတ်တမ်း လွှာမှလည်းမရပါဘူး။ လက်ရှိတော့ မိဘအိမ်မှာပဲ ကလေးနဲ့ ပြန်နေပါတယ်” ဟု ကျန်ရစ်သူ ဇနီးသည်က ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်က တပ်သားအဆင့်မှ ဗိုလ်ကြီးအဆင့်အထိ သေဆုံးမှုများ၊ စစ်မှုထမ်းတပ်သားသစ်များ၏ သေဆုံးမှုများကိုမူ ကျန်ရစ်သူမိသားစုထံ အသိပေး အကြောင်းကြားခြင်းမရှိဘဲ လျစ်လျူရှုထားသဖြင့် ကျန်ရစ်သူ မိသားစုအများအပြား အတိဒုက္ခရောက်နေရကြောင်း တပ်အသိုင်းအ၀ိုင်းမှ ကျန်ရစ်သူမိသားစုတချို့က ဆက်သွယ်ပြောဆိုကြသည်။