Category: News

  • မန္တလေးစည်ပင်နယ်နမိတ်အတွင်းရှိ ကျုးကျော်များကို ဖယ်ရှား

    မန္တလေးစည်ပင်နယ်နမိတ်အတွင်းရှိ ကျုးကျော်များကို ဖယ်ရှား

    မန္တလေးစည်ပင်နယ်နမိတ်အတွင်းရှိ ကျုးကျော်များကို ဖယ်ရှားရာတွင်နံရံကပ်ဆိုင်၊ လှေကားခွင်တွင် ဆိုင်ဖွင့်လှစ်ရောင်းချခြင်းများပါဝင်မည်

    မန္တလေးမြို့တော်ကို သန့်ရှင်းသာယာလှပသော ခေတ်မှီမြို့တော်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေစဉ် စည်ပင်ယာယာရေးကော်မတီ နယ်နိမိတ်အတွင်း အဓိကလမ်းမကြီးများ၊ လမ်း၊ ပလက်ဖောင်း၊ ရေမြောင်းများပေါ်တွင် ကျုးကျော်ဆောက်လုပ်ထားရှိမှုများကို ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီက ယမန်နေ့ စက်တင်ဘာ(၁) ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

    အဆိုပါ နေရာများတွင် ကျုးကျော်စုပုံတည်ခင်း ပစ္စည်းထားရှိခြင်း၊ ကျုးကျော်ဆောက်လုပ်ထားရှိခြင်း၊ ကျုးကျော်ရောင်းချခြင်းများကို ဖယ်ရှားမည်ဖြစ်ကြောင်း သိရသည်။

    မန္တလေးမြို့တော်စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၁၀၆(စ) အရလည်း အများပြည်သူဆိုင်ရာလမ်း၊ ပလက်ဖောင်းများတွင် ကုန်ပစ္စည်းများထားခြင်း၊ အဆောက်အုံများဆောက်လုပ်ခြင်းနှင့် ပစ္စည်းများရောင်းချခြင်း၊ ခင်းကျင်းခြင်းများမပြုလုပ်ရန် တားမြစ်ချက်ကိုလိုက်နာရန်လည်းအသိပေးထားသည်။

    ထို့ပြင် ပုဒ်မ ၁၀၉(စ) အရ မည်သူမျှ ကော်မတီခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း နံရံကပ်ဆိုင်ဖွင့်လှစ်ရောင်းချခြင်း၊ လှေကားခွင်တွင် ဆိုင်ဖွင့်လှစ်ရောင်းချခြင်း မပြုလုပ်ရန်လည်း ကြေညာချက်တွင် ထည့်သွင်း အသိပေးထားသည်။

    တားမြစ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါကလည်း စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းကို ခံရမည်ဖြစ်ကြောင်း ကြိုတင်အသိပေးကြေညာကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက အသိပေးထားသည်။

  • ငလျင်ဒဏ်ခံနိုင်သည်ဟု လိမ်လည်ရောင်းချခဲ့သည့် NTL ကုမ္ပဏီက Sky Villa ကွန်ဒိုပြိုကျမှုတွင် သေဆုံးခဲ့ရသူများ၏ မိသားစုများကို  မတောင်းပန်

    ငလျင်ဒဏ်ခံနိုင်သည်ဟု လိမ်လည်ရောင်းချခဲ့သည့် NTL ကုမ္ပဏီက Sky Villa ကွန်ဒိုပြိုကျမှုတွင် သေဆုံးခဲ့ရသူများ၏ မိသားစုများကို မတောင်းပန်

    ငလျင်ဒဏ်ခံနိုင်သည်ဟု လိမ်လည်ရောင်းချခဲ့သည့် NTL ကုမ္ပဏီက Sky Villa ကွန်ဒိုပြိုကျမှုတွင် သေဆုံးခဲ့ရသူများ၏ မိသားစုများကို မတောင်းပန်ဘဲ သေဆုံးသူ ၁ ဦးလျှင် သိန်း ၁၀၀ ပေးအပ်မည်ဖြစ်၍ သေဆုံးမှု အထောက်အထားတင်ပြ လာထုတ်နိုင်ဟု ကြေညာ

    မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် လူပေါင်း ၂၀၀ နီးပါး သေဆုံးခဲ့ရသည့် Sky Villa ကွန်ဒိုအဆောက်အုံပြိုကျမှုတွင် သေဆုံးသူများကို ဆောက်လုပ်သည့် NTL ကုမ္ပဏီက တောင်းပန်ခြင်းမရှိဘဲ သေဆုံးသူ ၁ ဦးလျှင် သိန်း ၁၀၀ ပေးအပ်မည်ဖြစ်၍ အထောက်အထားတင်ပြ လာထုတ်ရန် ယနေ့ ကြေညာသည်။

    မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးကြောင့် မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုအဆောက်အုံများ ပြိုကျပျက်စီးခဲ့ပြီး ယင်းကွန်ဒိုတွင် နေ ထိုင်သော မိသားစု ၂၀၀ နီးပါး သေဆုံးခြင်းနှင့် ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ယခင်ဩဂုတ်လအထိ အလောင်းများ ဆက်လက်ရှာဖွေတွေ့ရှိနေရဆဲဖြစ်သည်။

    အဆိုပါ Sky Villa ကွန်ဒို အဆောက်အအုံကို တည်ဆောက်ရောင်းချဲ့သော NTL ကုမ္ပဏီက သေဆုံးသူများအတွက် ဂရုဏာထောက်ပံ့ကြေးအဖြစ် သေဆုံးသူ ၁ ဦးလျှင် သိန်း ၁၀၀ ကျပ်တိတိကို လာမည့် စက်တင်ဘာလ ၈ ရက်နေ့မှစတင်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သေဆုံးကြောင်းအထောက်အထား၊ စာရွက်စာတမ်းများနှင့် ခိုင်လုံသော အချက်အလက်များနှင့်အတူ Sky Villa ယာယီကွပ်ကဲရေးရုံးတွင် လာရောက်လျှောက် ထားနိုင်ကြောင်း ကြေညာသည်။

    ထိုသို့ သေဆုံးသူ ၁ ဦးလျှင် သိန်း ၁၀၀ ကျပ် လျော်ကြေးပေးမည်ဟု ကြေညာသော်လည်း Sky Villa ဆောက်လုပ်ခဲ့သော NTL ကုမ္ပဏီက သေဆုံးခဲ့ရသူများ၏ မိသားစုများကို လုံး၀ တောင်းပန်ခြင်းမရှိပေ။

    “ငလျင်ဒဏ်ခံနိုင်တယ်ဆိုပြီး လိမ်ရောင်းတယ်။ တစ်ခန်းကို သိန်းထောင်ချီ ပေးရတယ်။ နေတဲ့မိသားစုတွေအားလုံးကလည်း ငွေကြေးတတ်နိုင်တဲ့ မိသားစုတွေချည်းပါပဲ။ အခုအချိန်အထိ သူတို့ လိမ်ရောင်းခဲ့တာကို ပြန်မတောင်းပန်ဘူး။ အထက်စီးကနေ သေဆုံးသူ ၁ ဦးအတွက် သိန်း ၁၀၀ လျော်ကြေးပေးမယ်ဆိုပြီး လုပ်တယ်။ တောင်းပန်စကားတခွန်းတောင်မပြောလို့ ကျန်ရစ်သူ မိသားစုတွေ ဒေါသထွက်နေကြပြီ” ဟု Sky Villa ကွန်ဒိုတွင် သေဆုံးခဲ့ရသူ ပြည်သူတစ်ဦး၏ ကျန်ရစ်သူမိသားစုဝင်တစ်ဦးက ပြောဆိုသည်။

    Sky Villa ကို N.T.L ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ပြီး iMyanmar House က ရောင်းချခဲ့ကာ ရောင်းချချိန်က ငလျင်ဒဏ်ခံ ဖောင်ဒေးရှင်းဖြင့် ဘိုးဘွားပိုင်မြေပေါ် ပိုင်ဆိုင်မှုအခိုင်အမာဆောက်လုပ်ထား၍ နောင်ရေးအတွက်စိတ်အေးရသည်ဆိုပြီး ကြော်ငြာ ရောင်းချခဲ့သည်။

    မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ချိန် Sky villa Condo ၏ အဆောက်အအုံ A မှာ ၆ ထပ်အထိ မြေကြီးထဲရောက်သွားခဲ့ပြီး အဆောက်အအုံ B၊ C၊ D ၃ ခုမှာမူ လုံး၀ပြိုကျကာ လူပေါင်းရာချီ သေဆုံးခြင်းနှင့် ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

    Sky Villa ကွန်ဒိုကို ၂၀၁၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အိမ်ရာ အထူးစျေးရောင်းပွဲတော်များဖြင့် ရောင်းချခဲ့ကာ ကွန်ဒိုအခန်း ၁ ခန်းလျှင် သိန်း ၈၀၀၀ အထိ ခေါ်စျေးဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။

  • ရန်ကုန်၌ တစ်ပတ်အတွင်း ဖမ်းဆီးခံရသူ ၂၇ ဦးရှိ

    ရန်ကုန်၌ တစ်ပတ်အတွင်း ဖမ်းဆီးခံရသူ ၂၇ ဦးရှိ

    ရန်ကုန်မြို့ရှိ မြို့နယ် ၇ ခုတွင် တစ်ပတ်အတွင်းစစ်‌ ကောင်စီ၏ ဖမ်းဆီးခံရသူ ၂၇ ဦးရှိကြောင်းရန်ကုန်မြို့တွင်စစ်​​ကောင်စီကဖမ်းဆီး​နေ​သောမြေပြင်သတင်းများကိုစုစည်းဖော်ပြနေသည့် Rangoon Scout Networkကထုတ်ပြန်သည်။

    ဩဂုတ် ၂၅ မှ ၃၁ ရက်အတွင်း ကြည့်မြင်တိုင်၊ မင်္ဂလာဒုံ၊ လှိုင်၊ ရန်ကင်း၊ တောင်ဥက္ကလာပ၊ မင်္ဂလာတောင်ညွှန့်နှင့် မရမ်းကုန်းမြို့နယ်များ၌ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း RSN က ထုတ်ပြန်ထားသည်။

    “သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခံရသူ ၉ ဦး၊ ဧည့်စစ်ပြီးနောက် ဖမ်းခံရသူ ၆ ဦး၊ လမ်းမပေါ် ရှောင်တခင်စစ်ခံရပြီး ဖမ်းခံရသူ ၄ ဦး နှင့် ဖမ်းဆီးခံရသည့်ပုံစံ စုံစမ်းနေဆဲဖြစ်သူ ၈ ဦး တို့ ဖြစ်သည်။”ဟု RSN က​ဖော်ပြသည်။

    အဆိုပါမြို့နယ်များအပြင် စမ်းချောင်းနှင့် သင်္ဃန်းကျွန်းမြို့နယ်များတွင်လည်း ဖမ်းဆီးမှုများရှိသည်ဟု ဆိုသော်လည်း စုံစမ်းဆဲဖြစ်သည်ဟု RSN က အသိပေးထားသည်။

    လှိုင်မြို့နယ် ၂ ရပ်ကွက် နှင့် ၅ ရပ်ကွက်တို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှုးများ သည် စစ်တပ်လက်​အောက်ခံပျူစောထီးများနှင့်ပေါင်း၍စစ်မှူထမ်း ကိစ္စနှင့် ပြည်သူများကို ခြိမ်းခြောက်မှုများပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “ငွေရှိသူတွေကတော့ သားသမီးတွေကို ငွေပေးပြီး လိုက်ထုတ်နိုင်ပေမယ့် ဆင်းရဲသားနင်းပြားမိသားစုတွေကတော့ စစ်မှူထမ်းတွေပါသွားပြီ” ဟု ၎င်းက လက်ရှိကြုံနေရသည့် အခြေအနေကိုပြောသည်။

    ဩဂုတ်လအတွင်း၌ ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် ဆိုက္ကားနင်းသူများကို လူတစ်စုက လိုက်လံငှားရမ်း၍ ခေါ်ဆောင်သွားကာ အဆက်အသွယ်မရ‌တော့သည့် ဖြစ်စဉ်များလည်းရှိသည်ဟု RSN ကဆိုသည်။

    လှိုင်၊ ကြည့်မြင်တိုင်၊ တာမွေ စသည့် မြို့နယ်များ၌ အထက်ပါဖြစ်စဉ်ဖြစ်ခဲ့ခြင်းဖြစ်ပြီး စစ်မှူထမ်းအတွက် လိမ်လည်ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကသုံးသပ်ထားသည်။

    ထို့အပြင် ယခုတစ်ပတ်အတွင်း ရန်ကုန်မြို့ရှိ မြို့နယ် ၁၃ ခု၌ ဧည့်စာရင်းစစ်သည့် ဖြစ်စဉ် ၂၂ ခုရှိခဲ့ကြောင်း RSN က ဖော်ပြထားသည်။

    (စစ်​ကောင်စီက ဧည်စာရင်းကိုအ​ကြောင်းပြ၍ လူငယ်များကိုဖမ်းဆီးမှုမျိုးလည်းပြုလုပ်​လေ့ရှိသည်။ ။ဓါတ်ပုံ-စစ်​ကောင်စီ)

  • ကျုံဒိုးမြို့ ခမရ ၅၄၅ တပ်သို့ ရောက်ရှိလာသော စစ်မှုထမ်းတပ်သားသစ် ၃၀ ကျော် ထွက် ပြေး

    ကျုံဒိုးမြို့ ခမရ ၅၄၅ တပ်သို့ ရောက်ရှိလာသော စစ်မှုထမ်းတပ်သားသစ် ၃၀ ကျော် ထွက် ပြေး

    ကျုံဒိုးမြို့ ခမရ ၅၄၅ တပ်သို့ ရောက်ရှိလာသော စစ်မှုထမ်းတပ်သားသစ် ၃၀ ကျော် ထွက်ပြေး၊ နှစ်ဖက် တိုက်ပွဲပြင်းထန်နေပြီး စစ်သား ၄၀ နီးပါး သေဆုံးကာ စစ်တပ်က လက်နက်ကြီးနှင့် အတွဲလိုက်ဒုံးများ ပစ်ခတ်နေ

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ခမရ ၅၄၅ တပ်သို့ ရောက်ရှိလာသော စစ်ကူစစ်ကြောင်းမှ စစ်မှုထမ်းတပ်သားသစ် ၃၀ ကျော် ထွက်ပြေးသွားသဖြင့် စစ်တပ်က ပိတ်ဆို့ ရှာဖွေလျက်ရှိကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။

    ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ရှိ ခမရ ၅၄၅ တပ်သို့ စစ်မှုထမ်းတပ်သားသစ်များနှင့် ပြည် သူ့စစ်များ စစ်ကူ ပေးပို့လာကြောင်း၊ ထိုသို့ ပေးပို့လာသော စစ်ကူစစ်ကြောင်းမှ စစ်မှုထမ်းတပ်သားသစ် ၃၀ ကျော် ထွက်ပြေးထွက်သွားကြောင်း၊ ယင်းသို့ ထွက်ပြေးသွားသည့် အတွက် ကျုံဒိုးမြို့ အပါအဝင် စစ်မှုထမ်းတပ်သားသစ်များ ဖြတ်သန်းနိုင်ဖွယ်ရှိသည်ဟု ယူ ဆ ရသော နေရာပေါင်းစုံကို စစ်တပ်က ပိတ်ဆို့ ရှာဖွေနေကြောင်း သိရှိရသည်။

    ထွက်ပြေးသွားသော စစ်မှုထမ်းတပ်သားသစ်များအနက်မှ စစ်မှုထမ်းတပ်သားသစ် ၆ ဦးကို ပြန်လည် ဖမ်းဆီးရရှိသွားကြောင်း သိရှိရသည်။

    “ကျုံဒိုး ထမင်းဆိုင်မှာ ထွက်ပြေးသွားတဲ့ စစ်မှုထမ်းတပ်သားသစ် ၆ ဦးပြန်ဖမ်းမိတယ်။ အခု ကျန်တဲ့ လွတ်နေတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ ပြန်ဖမ်းမိဖို့ ဂျိုင်းတံတား၊ သာမည၊ အိန္ဒု၊ ဖားအံ သံလွင်တံတားတွေမှာ ပိတ်ဆို့ ရှာဖွေနေတယ်” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    လတ်တလော ကျုံဒိုးမြို့ အင်ကြီးရွာတွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းမှ စစ်သားများ KNLA တပ်များထံသို့ အလင်းဝင်မှုများလည်းရှိနေကြောင်း ၊ ဩဂုတ်လ ၂၀ ရက်နေ့မှ ဩဂုတ်လကုန်အထိ ကျုံဒိုးမြို့ဝန်းကျင် တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၄၀ ဝန်းကျင်သေဆုံးခဲ့ပြီး စစ်မှုထမ်းတပ်သားသစ်များ ပါဝင်ကြောင်း သိရှိရသည်။

    “ဩဂုတ်လ ၂၀ ရက်နေ့က ဩဂုတ်လကုန်အထိ သေဆုံးစစ်သား ၄၀ ဝန်းကျင်ရှိတယ်။ အလောင်းကောက်လို့ရတာတွေကို ဂျိုင်းရွာသင်္ချိုင်း မှာ ရွာအုပ်ချုပ်မှူးတွေကို မြှုပ်ခိုင်းတယ်။ ဒဏ်ရာရတွေကိုတော့ ဂျိုင်းရွာမှာရှိတဲ့ နာရေးကူညီမှု ကား တွေကို ချောဆွဲပြီး ဘားအံ တောင်က လေး ဆေးရုံ ပို့နေတယ်” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    ကျုံဒိုးမြို့တစ်၀ိုက်တွင် ဗိုလ်အယ်စေးဝါး ဦးဆောင်သော စစ်ကြောင်း အပါအဝင် KNLA မဟာမိတ်တပ်များက စစ်တပ်ကို တိုက်ခိုက်နေသဖြင့် စစ်တပ်က လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများဖြင့် ကျေးရွာများသို့ ဦးတည်ပစ်ခတ်နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။

    ဓာတ်ပုံ- ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျုံဒိုးမြို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့စဉ်။ (ပုံအဟောင်းများဖြစ်ပါသည်။)

  • တရုတ်လက်နက်ပြပွဲကို မြောက်ကိုရီးယားခေါင်းဆောင် ရထားဖြင့် ချီတက်

    တရုတ်လက်နက်ပြပွဲကို မြောက်ကိုရီးယားခေါင်းဆောင် ရထားဖြင့် ချီတက်

    တရုတ်လက်နက်ပြပွဲကို မြောက်ကိုရီးယားခေါင်းဆောင် ရထားဖြင့် ချီတက်

    ဘေဂျင်းမြို့တော် စစ်ရေးပြအခမ်းအနား တက်ကြမည့် နိုင်ငံတကာ ခေါင်းဆောင်များက တရုတ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် သွားရောက်ကြချိန်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ၎င်း၏ထုံးစံအတိုင်း ရထားစီးပြီး နယ်စပ်ဖြတ် ခရီးနှင်နေပြီ ဖြစ်သည်။

    ဒုတိယကမ္ဘာစစ်တွင် ဂျပန်စစ်တပ်လက်နက်ချသည့် နှစ် ၈၀ ပြည့် အခမ်းအနား တက်ရောက်မည့် ရဲဘော်ကင်ဂျုံအန်း၏ရထား ထွက်ခွာသွားပြီဖြစ်ကြောင်း မြောက်ကိုရီးယားက သတင်းထုတ်ပြန်သည်ဟု နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်။

    ကွယ်လွန်သူ ဖခင် အာဏာရှင်ကဲ့သို့ပင် သူလည်း လေယာဉ်စီးရမည်ကို ကြောက်တတ်သဖြင့် ကုန်းလမ်းမှသာ ခရီးသွားတတ်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

    သူ၏ ဇိမ်ခံရထားမှာ လုံခြုံရေး အထူး တင်းကျပ်ထားပြီး ခရီးဆုံးဘူတာသို့ရောက်ရန် နာရီ ၂၀ ကျော် မောင်းနှင်ရမည် ဖြစ်သည်။

    အစည်းအဝေးခန်းမ၊ စုဝေးဆောင်၊ အိပ်ခန်းများ ထည့်သွင်းတည်ဆောက်ထားသဖြင့် ရထားတွဲအများအပြား ပါဝင်သည်ဟု သတင်းများက ဆိုသည်။ အမေရိကန်ရှိ ကုန်တင်ရထားများကဲ့သို့ တွဲ ၉၀ ခန့် ပါဝင်သည်ဟုပင် သတင်းတချို့တွင် ဖော်ပြထားသည်။ တွဲအရေအတွက် ထိုမျှ များပြားပါက တမိုင်ကျော် ရှည်လျားမည့်ရထားဖြစ်သည်။

    ရထားစီးလာသော မြောက်ခေါင်းဆောင်ကို ဗုဒ္ဓဟူးနေ့ အခမ်းအနားတွင် တရုတ်ခေါင်းဆောင်၊ ရုရှားခေါင်းဆောင်တို့နှင့်အတူ တွေ့ရမည် ဖြစ်သည်။ နိုင်ငံတကာမှ လာရောက်သူများ တွေ့ဆုံသည့်ပွဲကို ပထမဆုံးအကြိမ် တက်ရောက်ခြင်းလည်း ဖြစ်သည်။

    တရုတ်က သူ၏ လက်နက်အင်အား ထုတ်ပြမည့် ထိုပွဲကို မြန်မာ၊ ကျူးဘား၊ အီရန်နိုင်ငံတို့မှ အာဏာရှင်များလည်း တက်ရောက်မည်ဖြစ်သည်။ ပူတင်လာမည့်ပွဲဖြစ်သောကြောင့် သူ၏ ယူကရိန်းကျူးကျော်စစ်ကို ဆန့်ကျင်သည့် နိုင်ငံများက ခေါင်းဆောင်များ ကိုယ်တိုင် မတက်ဘဲ ကိုယ်စားလှယ်သာ စေလွှတ်ကြဖွယ်ရှိသည်။

    တရုတ်စစ်တပ်က ကမ္ဘာ့အဆင့်မီ နည်းပညာများ ပါဝင်သည့် လက်နက်ပစ္စည်းများ ထုတ်ပြရန် ပြင်ဆင်ထားသည်ဟု တရုတ်အစိုးရသတင်းဌာနက လွန်ခဲ့သည့် ၁ နာရီခန့်က သတင်းထုတ်ပြန်ထားသည်။

    မိနစ် ၇၀ ကြာမည့် ထိုပွဲတွင် တင့်ကား၊ လေယာဉ်တင်သင်္ဘောတွင် အတက်အဆင်း လုပ်နိုင်သော လေယာဉ်၊ တိုက်လေယာဉ်၊ ဗျူဟာမြောက်လက်နက်ကြီးများ ပြသမည်ဟုလည်း မကြာသေးခင်က တရုတ်အစိုးရ သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။

    ထုတ်ပြမည့်လက်နက်များမှာ တပ်တွင် သုံးနေပြီဖြစ်ပြီး တရုတ်တွင် ထုတ်လုပ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

    ဒရုန်း၊ ဒရုန်းဖျက်လက်နက်၊ လေဆာရောင်ခြည်သုံးလက်နက်များကိုလည်း ထုတ်ပြမည်ဟု တရုတ်ထုတ်ပြန်ချက်က ဆိုသည်။