Category: News

  • အသက် ၁၈ နှစ်အရွယ် ကလေးအမေကို အကြမ်းဖက်စစ်သား ၃ ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ ဓားဖြင့် ၆ ချက် ထိုးသတ်ခဲ့

    အသက် ၁၈ နှစ်အရွယ် ကလေးအမေကို အကြမ်းဖက်စစ်သား ၃ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ ဓားဖြင့် ၆ ချက် ထိုးသတ်ခဲ့

    ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေက အသက် ၁၈နှစ်အရွယ် အမျိုးသမီးငယ် ၁ယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ဓားနဲ့ ၆ ချက် မသေမချင်း ထိုးသတ်ထားခဲ့တယ်လို့ Thawthikho တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ရက် ညနေပိုင်းက တောင်ငူမြို့ကနေ သံတောင်ကြီးမြို့ကို ထွက်ခွာလာတဲ့ (ဘုရင့်နောင်တပ်မြို့) သင်တန်းကျောင်း လုံခြုံရေးနဲ့ ပူးပေါင်းတပ် ၁၂၄ တပ်ရင်းရဲ့ အကြမ်းဖက်စစ်သားတွေဟာ စနေကုန်းကျေးရွာအတွင်း ဝင်ရောက် ညအိပ်တပ်စွဲခဲ့ပါတယ်။

    အဲ့ဒီလို တပ်စွဲထားချိန် စစ်ကြောင်းထဲက အကြမ်းဖက်စစ်သား ၃ယောက်ဟာ ကျေးရွာနေ အသက် ၁၈နှစ်အရွယ် နော်ထီးထာဖော (ခ) နော်ငဲငယ်ရဲ့ နေအိမ်ကိုဝင်ရောက်ပြီး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ လည်ပင်းနဲ့ ရင်အုံနေရာတွေကို မသေမချင်း ဓားနဲ့ ၆ ချက်ထိုးသတ်ခဲ့ကြောင်း သိရပါတယ်။

    သေဆုံးသူ နော်ထီးထာဖော (ခ) နော်ငဲငယ်မှာ ၁နှစ်၂လအရွယ် ကလေးငယ် ကျန်ခဲ့ပြီး စစ်ကြောင်းဝင်ရောက်လာချိန် မတိမ်းရှောင်နိုင်တာကို စစ်အုပ်စုက အခွင့်ကောင်းယူခဲ့တာလို့လည်း သိရပါတယ်။

    “စစ်ကြောင်းက အမြဲတမ်းပဲဝင်နေကျ၊ ကလေးငယ်နဲ့ဆိုတော့ ဘာမှအန္တရာယ်မပြုဘူးထင်မှာပေါ့နော်။ အဲ့ဒါအိမ်ထဲ သူနဲ့ကလေး ၂ယောက်တည်းရှိနေချိန် လုပ်သွားတာပါ။” လို့ Thawthikho တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

    အကြမ်းဖက်စစ်အုပ်စုအနေနဲ့ စနေကုန်းရွာအတွင်း ၂ရက်ကြာတပ်စွဲရင်း ကျေးရွာအတွင်းက အရပ်သားနေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်ကာ တန်ဖိုးကြီးပစ္စည်းတွေကို ခိုးယူသယ်ဆောင်တာ၊ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာအပြင် ကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းရံပုံငွေတွေကိုပါ လုယူသုံးစွဲတာမျိုးတွေရှိခဲ့ကြောင်း သိရပါတယ်။

    ပုံစာ – အကြမ်းဖက်စစ်သားအချို့ (ပုံဟောင်း)

  • စစ်ကြောင်းပျက်သည်အထိ တိုက်ခိုက်ထားသော ကန့်ဘလူတွင် နှစ်ရက်ဆက် လေကြောင်းဗုံးကြဲ

    စစ်ကြောင်းပျက်သည်အထိ တိုက်ခိုက်ထားသော ကန့်ဘလူတွင် နှစ်ရက်ဆက် လေကြောင်းဗုံးကြဲ

    ကန့်ဘလူမြို့နယ်နှင့် ခင်ဦးမြို့နယ်စပ်တွင် စစ်ရေးပြင်းထန်နေပြီး တပ်မ ၃၃ မှ စစ်သားများပါသော စစ်ကြောင်းတစ်ခုလုံး ပျက်သည်အထိ တိုက်ခိုက်ခံရသဖြင့် စစ်တပ်က နှစ်ရက်ဆက် လေကြောင်းမှ တုံ့ပြန်တိုက်ခိုက်နေသည်။

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နှင့် ခင်ဦးမြို့နယ်စပ်တွင် မြေပြင်စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင် စစ်ကြောင်းကို စုဖွဲ့မှုပျက်သည်အထိ တိုက်ခိုက်ခံခဲ့ရပြီးနောက် မြို့နယ်နှစ်ခု နယ်စပ်ကို ယနေ့ (နိုဝင်ဘာ ၁၄ ရက်နေ့) ထိ နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုများ လုပ်နေကြောင်း တော်လှန်ရေးအဖွဲ့များထံက သိရသည်။

    နိုဝင်ဘာလ ၁၂ ရက်နေ့က ကန့်ဘလူမြို့နယ်၊ တောင်ဘက် ဝက်တိုးရွာမှ ထွက်လာသော တပ်မ (၃၃) လက်အောက်ခံနှင့် ပြည်သူ့စစ် (ပျူစောထီး) အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် ခင်ဦးမြို့နယ်ဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာချိန် ယင်းတိုက်ရွာအနီး တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

    စစ်ကြောင်းပျက်သည်အထိ တိုက်ခံရပြီးနောက် စစ်ကြောင်းမှူး အပါအဝင် ၅၀ ကျော် သေဆုံးပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၅ ဦး ဖမ်းဆီးရမိခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

    ထို့နောက် ကန့်ဘလူ – ခင်ဦးနယ်စပ်ကို နိုဝင်ဘာလ ၁၂ ရက်မှ ယနေ့ နံနက်အထိ လေကြောင်း တိုက်ခိုက်မှု ၁၀ ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

    “ ဒီနေ့မနက်ကလည်း တစ်ကြိမ်လာတိုက်သွားတယ်။ ဂျက်ဖိုက်တာနဲ့ နှစ်လုံးကြဲသွားတယ်”ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    လေကြောင်းတိုက်ခိုက်မှုများအပြင် ယမန်နေ့က ဝက်တိုးရွာမှ မြေပြင်စစ်ကြောင်းတစ်ခု ထပ်ထွက်လာ ကြောင်းသိရသည်။

    “ကျွန်တော်တို့က ကြိုစောင့်ပြီးတော့ ဝပ်ပြီးစောင့်ထားတာ။ သူတို့တက်လာတဲ့အချိန်မှာ မီတာ ၅၀ အတွင်းမှာ တေ့ပစ်လိုက်တာ။ သူတို့ကဘယ်လိုမှကို ခုခံလို့မရတဲ့အနေအထား။ ပြန်ပစ်လို့မရတဲ့ အနေအထားဖြစ်သွားတဲ့ အတွက် အလုံးစုံပျက်သွားတော့တာ”ဟု အထက်ပါ တာဝန်ရှိသူကပြောသည်။

    စစ်ကြောင်းတိုက်ခိုက်မှုတွင် ကန့်ဘလူခရိုင် ပကဖ အထူးလှုပ်ရှားတပ်ရင်း၊ ရေဦးမြို့နယ် ပကဖ ဓူဝံအဖွဲ့၊ ရွှေဘိုခရိုင် အမှတ် (၃) တပ်ရင်း (ခင်ဦး)၊ အမှတ် ၂၅ တပ်ရင်း (တန့်ဆည်) တို့ပါဝင်ခဲ့ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

    ကန့်ဘလူတွင် ပျူစောထီးခေါင်းဆောင် သင်္ကန်းဝတ် ဝါသဝ ဦးဆောင်သည့် ပြည်သူ့စစ်(ပျူစောထီး) များ အားကောင်းရာဒေသဖြစ်ပြီး ကန့်ဘလူ၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်တို့မှာ ကျေးလက်ဒေသများတွင် တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းသည်။

    စစ်တပ်မြေပြင်စစ်ကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် နှစ်မြို့နယ်အစပ်ရှိ ကျောက်တိုင်၊ ကျီစု၊ မုံလှ၊ ယင်းတိုက်၊ အောင်ချမ်းသာ၊ စစ်မင်းဒွေ၊ သဲစု၊ အင်တိုင်း၊ ကျွန်းတောကြီး၊ ကျွန်းတောလေး၊ အိုင်ပေါင်းချောင် စသည့်ကျေးရွာတို့မှ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။

    ကန့်ဘလူနှင့်ခင်ဦးမြို့နယ် နယ်စပ်တွင် စစ်တပ်က စစ်ကြောင်းထိုးလှုပ်ရှားမှုများလုပ်နေသလို ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ယခုလဆန်းကစပြီး စစ်ကြောင်းများဆက်တိုက်ထိုးကာ ယနေ့ နံနက်အထိ နေအိမ်များကို ဆက်တိုက်မီးရှို့နေကြောင်းသိရသည်။

    ဝက်လက်မြို့နယ်တွင် စစ်တပ်က စစ်ကြောင်းသုံးခုခွဲပြီး စီးနင်းမီးရှို့မှုကြောင့် ပင်းဇင်း၊ မူးကြီး၊ ရွာတော်ကုန်း၊ တမာကုန်း၊ ထုံးဘို၊ လှတော၊ ကျီးကန် (တောင်) ၊ (မြောက်)၊ ဥယျာဉ်မ စသည့်ကျေးရွာတို့မှ အိမ်ခြေ ရာနှင့်ချီ ပျက်စီးခဲ့ကြောင်း ဒေသတွင်းစစ်ရေးလှုပ်ရှားနေသည့် နွေဦးအောင်ပွဲ တော်လှန်ရေးအင်အားစုထံက သိရသည်။

    စစ်တပ်စစ်ကြောင်းကြောင့် ဒေသခံများ နေရပ်မပြန်နိုင်သေးသည့်အတွက် မီးရှို့ဖျက်ဆီးခံရသည့် အိမ်ခြေစာရင်း အတိအကျမရသေးသော်လည်း ကျီးကန် (တောင်)၊ (မြောက်)၊ တမာကုန်း၊ ပင်းဇင်း၊ ထုံးဘိုတို့မှာ အိမ်ခြေပျက်စီးမှု များကြောင်း ဒေသခံများထံက သိရသည်။

    စစ်တပ်စီးနင်းမီးရှို့နေသည့် ကျေးရွာများအနက် ကျီးကန်၊ ပင်းဇင်း၊ တမာကုန်းစသည့် ကျေးရွာတို့မှာ ယခင်ကလည်း မီးရှို့ဖျက်ဆီးခံထားရသည့်ကျေးရွာများဖြစ်ပြီး မူးကြီးရွာမှာ လေးကြိမ်ထက်မနည်းရှိ ပြီဖြစ်ကြောင်းသိရသည်။

    “သူတို့ရောက်တဲ့နေရာကို ခွေးရူးကိုက် ကိုက်သလိုရှို့ကုန်တာပဲ။ အခုကတော့ ရောက်တဲ့ရွာတိုင်းကို ရှို့တာ ။ သူတို့ဝင်တဲ့နေရာဆို ရှို့တော့တာ။ သူတို့က ဒီနေရာရောက်ခဲ့တယ်ဆိုတာများ အထက်က ပုဂ္ဂိုလ်တွေ သိအောင် သက်သေပြနေတာလားတော့မသိဘူး။ ရောက်တဲ့နေရာတိုင်း ရှို့နေတာ”ဟု ဝက်လက်မြို့နယ်မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

    ဝက်လက်မြို့နယ်တွင် လက်နက်ကိုင်တော်လှန်ရေး အစောပိုင်းကာလတွင် စစ်တပ်စစ်ကြောင်းထိုးမီးရှို့မှုကြောင့် အိမ်ခြေအများအပြား ပျက်စီးခဲ့ပြီး တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှု ပိုမိုအားကောင်းလာချိန်တွင် မြေပြင်စစ်ကြောင်းဝင်နိုင်မှု သိသိသာသာလျော့နည်းသွားရာမှ ယခုနှစ် နိုဝင်ဘာလ လဆန်းကစပြီး တကျော့ပြန် ထိုးနေသည့် စစ်ကြောင်းက မီးရှို့ မှုများကိုဆက်တိုက်ပြုလုပ် နေခြင်းဖြစ်ကြောင်းသိရသည်။

    “စစ်ကြောင်းဝင်ပြီးမီးမရှို့တာ တစ်နှစ်ကျော်လောက်ရှိပြီ။ ခါတိုင်းစစ်ကြောင်းတွေက မီးမရှို့ဘူး။ သူတို့ အမိန့်ကျရာပဲထိုးတာရှိတာ။ အဲ့ဒီလိုရှို့တာ ရှားတယ်လို့မရှိဘူး။လူတွေ့ရင်တော့ လူသားဒိုင်းပုံစံမျိုးခေါ်သွားတယ်။ ခုဟာကတော့ ပိုက်စိပ်တိုက်ကိုရှို့တော့တာ”ဟု အထက်ပါဒေသခံအမျိုးသားက ပြောသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နှင့်လက်အောက်ခံအဖွဲ့များ၏ မီးရှို့မှုကြောင့် နေအိမ် တစ်သိန်းကျော် ပျက်စီးခဲ့သည့်အနက် စစ်ကိုင်းတိုင်းမှအများဆုံးဖြစ်ပြီး နေအိမ် ၇၆,၀၀၀ ကျော် ပါဝင်ကြောင်း မီးရှို့ခံရမှု အချက်အလက်များ စာရင်းကောက်ယူနေသည့် Data for Myanmar က ယခုနှစ်ဆန်းတွင် ထုတ်ပြန်ထားသည်။

  • တနင်္သာရီတိုင်း မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း စစ်ကော်မရှင် ထပ်မံလက်လွှတ်ရ

    တနင်္သာရီတိုင်း မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း စစ်ကော်မရှင် ထပ်မံလက်လွှတ်ရ

    တနင်္သာရီတိုင်းရှိ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတခုကို ၂၀၂၅ ခုနှစ်အစောပိုင်းတွင် လက်လွှတ်ထားရသည့် စစ်ကော်မရှင်တပ်သည် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဒုတိယမြောက်အဖြစ် တနင်္သာရီ- မောတောင်လမ်းကြောင်းကို ထပ်မံလက်လွှတ်လိုက်ရသည်။

    တနင်္သာရီတိုင်းတွင် ထိုင်း- မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အသုံးပြုသည့်နေရာ သုံးခုရှိပြီး ၎င်းတို့မှာ ထီးခီး၊ မောတောင်နှင့် ကော့သောင်းတို့ဖြစ်သည်။

    ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက ၂၀၂၅ ခုအစောပိုင်းတွင် ထီးခီး နယ်စပ်လမ်းကြောင်းပေါ်ရှိ စစ်ကော်မရှင်အထိုင်ချရာ ဗျူဟာစခန်းများနှင့် နယ်စပ်တပ်စခန်းများအား တခုပြီးတခု တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ထီးခီးနယ်စပ်မှစ၍ ထားဝယ်မြို့နယ် မေတ္တာမြို့အနီး ကျောက်မဲတောင်မရောက်ခင်အထိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတခုလုံးကို ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းကစ၍ သိမ်းပိုက်ထိန်းချုပ်ထားသည်။

    ယခုအခါ တနင်္သာရီတိုင်းအတွင်းရှိ နောက်ထပ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်သည့် မောတောင်မြို့နှင့် မောတောင်- သိန်ခွန်း လမ်းဆုံအထိ လမ်းကြောင်းကိုပါ စစ်ကော်မရှင်က ဒုတိယမြောက်အဖြစ် ဆုံးရှုံးလိုက်ရသည်။

    “စစ်ကော်မရှင်အတွက် အိမ်နီးချင်းနိုင်ငံ ဆက်ဆံရေးလည်း မျက်နှာပျက်ရတယ်။ ပြီးတော့ နယ်စပ်လမ်းကြောင်းလည်း ပိုကျဉ်းလာတယ်။ အဲ့ဒီသူတို့ကုန်သွယ်ရေးလမ်းကြောင်းလည်း ပိုကျဉ်းလာတာပေါ့။ နည်းလာတာပေါ့။ အဓိကလမ်းကြောင်းက ကော့သောင်း- ရနောင်းလမ်းကြောင်းပဲ ကျန်တော့တယ်” ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောသည်။

    မောတောင်သည် မောတောင်မြို့သည် ထိုင်း- မြန်မာနယ်စပ် ထိုင်းနိုင်ငံ- ပရာကျွတ်ကရီခမ်ခရိုင်၊ ဆင်ခွန်းမြို့နှင့် ထိစပ်နေသည့် ကုန်သွယ်ရေးမြို့ဖြစ်ပြီး ထိုမှတဆင့် တနင်္သာရီမြို့နယ်၊ ဘုတ်ပြင်းမြို့နယ်တို့သို့ သွားလာနိုင်သည့် မောတောင်- သိန်ခွန်း ကားလမ်းကြောင်းတခုတည်းကို အသုံးပြုကာ နယ်စပ်ကုန်သွယ်ရေးပြုလုပ်သည်။

    မောတောင်နှင့် တနင်္သာရီ၊ ဘုတ်ပြင်း အကြား ဆက်သွယ်ထားသည့် မောတောင်- သိန်ခွန်း ကားလမ်းကို KNLA ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ်အစောပိုင်းကတည်းက ထိန်းချုပ်ထားသည်။ အဆိုပါ လမ်းကြောင်းကို ပြန်လည်ထိန်းချုပ်ရန် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ တတိယအပတ်အတွင်းကစ၍ စစ်ကြောင်းအကြိမ်ကြိမ် ထိုးခဲ့သော်လည်း ပြန်လည်သိမ်းပိုက်လိုက်နိုင်ခြင်းမရှိသည့်အပြင် မောတောင်မြို့ကိုပါ ထပ်မံဆုံးရှုံးလိုက်ရသည်။

    မောတောင်မြို့ကို KNLA ပူးပေါင်းတပ်များက နိုဝင်ဘာလ ၁၂ ရက်နေ့က စတိုက်ပြီး ယနေ့ နိုဝင်ဘာလ ၁၄ ရက်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

    မောတောင်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၆၁ ဦး ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ၄၃ ဦးကို အရှင်လက်ဝယ်ဖမ်းဆီးရမိခြင်းနှင့် လက်နက်ချအညံ့ခံခြင်းရှိခဲ့ပြီး စစ်ကော်မရှင်တပ် ပိုင်ဆိုင်သည့် လက်နက်ကြီး လက်နက်ငယ်၊ ခဲယမ်းနှင့် စစ်သုံးပစ္စည်းများကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းရင်းမြစ်များက အတည်ပြုသည်။

    မောတောင်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကော်သူးလေအာမီ (KTLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ Force for Federal Democracy(FFD)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

  • လားရှိုးနားကစခန်းတွေကို ဆုတ်ခိုင်းရာကနေ အကြမ်းဖက်စစ်တပ်နဲ့ MNDAA ဆက်ဆံရေးတင်းမာ

    လားရှိုးနားကစခန်းတွေကို ဆုတ်ခိုင်းရာကနေ အကြမ်းဖက်စစ်တပ်နဲ့ MNDAA ဆက်ဆံရေးတင်းမာ

    “ကိုကိုဦးကိုယ်တိုင် လားရှိုးမှာလာညှိတာ။ မရလို့ ပြန်သွားပါပြီ။ နောက်ဆက်တွဲကဘာတွေဆက်ဖြစ်မလဲတော့မသိ။ ကိုးကန့်(MNDAA)တွေကတော့ အင်အားပိုများလာတယ်”

    လားရှိုးမြိို့နားမှာတပ်စွဲထားတဲ့ MNDAA တပ်တွေဆုတ်ပေးဖို့ စစ်အုပ်စုရဲ့အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့မှုးကိုယ်တိုင် လားရှိုးမြို့အထိလာရောက်တောင်းဆိုပေမယ့် ငြင်းပယ်ခံရပြီး ဆွေးနွေးမှုပျက်သွားသလို MNDAA ကလည်း အင်အားတိုးချထားတယ်လို့ မြေပြင်သတင်းမြစ်တွေကပြောပါတယ်။

    လားရှိုးမြို့ကနေ မန္တလေးမြို့ဘက်ကိုတည်တဲ့ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ နောင်မွန်နဲ့ တန့်ယန်း၊မိုင်းရယ် မြို့ဖက်ကိုသွားတဲ့- နမ့်ပေါင်-ဟိုယ ရွာတွေမှာ MNDAA က တပ်စွဲထားတာကို နိုဝင်ဘာလ ၁၁ရက်နေ့က လားရှိုးမြို့၊ ဆင်နှစ်ကောင်ဟိုတယ် ဆွေးနွေးပွဲမှာ စစ်ကောင်စီက ဆုတ်ခွာခိုင်းတာလို့ စုံစမ်းသိရပါတယ်။နောင်မွန်- နမ့်ပေါင်-ဟိုယ ရွာတွေဟာတစ်ဆက်တည်းရှိနေတာဖြစ်ပြီး MNDAAက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းယူခဲ့တဲ့နယ်မြေထဲမှာပါဝင်ပါတယ် ။ အခုချိန်ချိန်အထိလည်းတပ်ဆွဲထားတာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ဧပြီလမှာ တရုတ်အစိုးရရဲ့ ကြားဝင်စွက်ဖက်မှု​ကြောင့် MNDAA က လားရှိုးမြို့ကို ကျည်တချက်မ​ဖောက်ပဲပြန်လွှဲ​ပေးခဲ့ရပါတယ်။အခုထပ်ပြီး နောင်မွန်- နမ့်ပေါင်-ဟိုယ ရွာတွေကနေ တဆင့်ချင်းဆုတ်ပေးဖို့ စစ်အုပ်စုက ထပ်မံတောင်းဆိုနေတာဖြစ်ပါတယ်။

    “ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကိုယ်တိုင် လားရှိုးမှာလာညှိတာ။မရလို့ ပြန်သွားပါပြီ။ နောက်ဆက်တွဲကဘာတွေဆက်ဖြစ်မလဲတော့မသိ။ ကိုးကန့်(MNDAA)တွေကတော့ အင်အားပိုများလာတယ်” လို့ နောင်မွန်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

    ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဟာ အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထ-၅)ဖြစ်ပါတယ်။ သူဟာလားရှိုးမြို့ကိုတရုတ်အစိုးရအကူအညီနဲ့ပြန်လည်ထိန်းချုပ်စဥ်မှာလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် တိန့်ရွှီကျွင်းနဲ့ ဆွေးနွေးမှုကိုဦးဆောင်ခဲ့သူဖြစ်ပါတယ်။ MNDAAနဲ့အပစ်ရပ်ဆွေးနွေးပွဲတွေကိုလည်း စစ်ကောင်စီဘက်ကနေ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

    မကြာ‌သေးမီက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်ရဲ့မြန်မာနိုင်ငံခရီးစဉ်မှာလည်း တရုတ်ကိုယ်စားလှယ်အဖွဲ့ကို စစ်ခေါင်းဆောင်နဲ့အတူ တွေ့ဆုံခဲ့ပါတယ်။

    “သူနဲ့ဆို အဆင်ပြေမလားဆိုပြီး တောက်လျှောက်တာဝန်ပေးထားတာ။ ကိုးကန့်က ပြန်ဆုတ်ပေးဖို့မရှိဘူးပြောလိုက်တော့ နေပြည်တော်ပြန်တက်သွားတယ်” လို့ လားရှိုးမြို့ကသတင်းရင်းမြစ်ကပြောပါတယ်။

    စစ်အုပ်စုဟာ တအာင်းအမျိုးသားလွတ်လပ်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ သီပေါမြို့ကိုပြီးခဲ့တဲ့ အောက်တိုဘာလမှာပြန်သိမ်းယူပြီးနောက်ပိုင်းမန္တလေး-မူဆယ်ပြည်ထောင်စုလမ်း၊ လားရှိုးနဲ့ သီပေါလမ်းပိုင်း ပတ်ဝန်းကျင်က MNDAA စခန်းတွေကိုဆုတ်ခွာဖို့ဖိအားပိုပေးနေတာဖြစ်ပါတယ်။

    MNDAAကလားရှိုးမြို့နားက၎င်းတို့တပ်စွဲထားတဲ့နေရာတွေအကြောင်းနဲ့ စစ်ကောင်စီနဲ့ဆွေးနွေးမှုတွေအကြောင်း သတင်းမထုတ်ပြန်​သေးပါဘူး။ ဒါပေမယ့်စစ်ကောင်စီနဲ့ လက်ရှိရရှိထားတဲ့ စစ်ရေးရပ်စဲရေး သဘောတူညီချက်ဟာ အဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရရှိဖို့အတွက် အမြဲသတိရှိနေဖို့နဲ့ ဗျူဟာကျကျနားလည်နေဖို့အောက်တိုဘာ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ဖူးပါတယ်။ MNDAAရဲ့ အပတ်စဉ်(၁) ကေဒါများအလှည့်ကျသင်တန်းဆင်းပွဲမှာ MNDAA စစ်ဦးစီးမှူးချုပ်က သင်တန်းဆင်းကိုးကန့်တပ်ဖွဲ့ဝင်တွေကို တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

    MNDAAဟာ၂၀၂၃ အောက်တိုဘာလ ၂၇ရက်မှာတွင် ညီနောင်မဟာမိတ်ဖြစ်တဲ့AAနဲ့ TNLA တို့နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇စစ်ဆင်ရေးစတင်ခဲ့ပြီး လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ပန်ဆိုင်းမြို့တွေကိုသိမ်းပိုက်ခဲ့ပါတယ်။သိမ်းယူထားတဲ့ မြို့တွေမှာ အုပ်ချုပ်ရေး ယန္တရား ဖော်ဆောင်နေစဉ်တရုတ်အစိုးရရရဲ့ ဖိအားကြောင့် စစ်ကောင်စီနဲ့အပစ်ရပ်ထားသလို လားရှိုးမြို့ကိုလည်း ၂၀၂၅ ခုနှစ် ဧပြီလမှာ စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ရတာပါ။သိန္နီမြို့ကို ပြန်ပေးဖို့ စစ်ကောင်စီက ဖိအားပေးနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

  • ဟစ်တလာသည် လိင်တံသေးသည့် “နတ်ကွပ်” ဖြစ်နိုင်ဟု DNA ဆန်းစစ်ချက် ထွက်ပေါ်

    ဟစ်တလာသည် လိင်တံသေးသည့် “နတ်ကွပ်” ဖြစ်နိုင်ဟု DNA ဆန်းစစ်ချက် ထွက်ပေါ်

    နာဇီအာဏာရှင် ဟစ်တလာဟာ ဝှေးစေ့တလုံးတည်းရှိတဲ့ “နတ်ကွပ်” ဖြစ်နိုင်တဲ့အပြင် Micropenis လို့ခေါ်တဲ့ လိင်တံသေးငယ်တဲ့ ရောဂါလက္ခဏာပါ ရှိနိုင်တယ်လို့ DNA လေ့လာမှုတခုက ဖော်ပြပါတယ်။

    ဆေးပညာအရ သူ့မှာ လိင်အင်္ဂါဖွံ့ဖြိုးမှုကို ဟန့်တားတဲ့ ကဲလ်မန်းဆင်ဒရုန်း (Kallmann syndrome) ဆိုတဲ့ ရှားပါးမျိုးဗီဇရောဂါ ရှိနေနိုင်ပြီး ဒီရောဂါရှိသူ ၁၀ ရာခိုင်နှုန်းဟာ လိင်တံသေးငယ်လေ့ ရှိတယ်လို့ ဆိုပါတယ်။

    ၁၉၄၅ ခုနှစ်တုန်းက ဟစ်တလာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ မြေအောက်ဗုံးခိုကျင်းထဲက ဆိုဖာကနေ အမေရိကန်ဗိုလ်မှူးကြီးတယောက် ဖြတ်တောက်ယူထားတဲ့ သွေးပေနေတဲ့ အဝတ်စကနေ DNA ရယူစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

    ၂၀၁၅ ခုနှစ်ကမှ ရှာဖွေတွေ့ရှိခဲ့တဲ့ ၁၉၂၃ ခုနှစ် ဆေးစစ်ချက်မှာလည်း ဟစ်တလာဟာ နတ်ကွပ် ဖြစ်တယ်ဆိုတာ ဖော်ပြထားပါတယ်။

    သုတေသနကို ဦးဆောင်တဲ့ ပါမောက္ခ တူရီကင်းက “သူ့ရဲ့ မျိုးဗီဇရလဒ်ကို ကြည့်မယ်ဆိုရင် သူကိုယ်တိုင်ဟာ ဓာတ်ငွေ့ခန်းထဲလွှတ်ပြီး ရှင်းခံရဖို့ ကျိန်းသေတဲ့ အခြေအနေမှာ ရှိနေပါတယ်” လို့ ပြောပါတယ်။

    ဒုတိယကမ္ဘာစစ်တုန်းက ထင်ရှားခဲ့တဲ့ သူ့ကို လှောင်ပြောင်သီဆိုခဲ့ကြတဲ့ “Hitler Has Only Got One Ball” သီချင်းနဲ့လည်း တိုက်ဆိုင်နေတာ တွေ့ရပါတယ်။

    ဒီလေ့လာတွေ့ရှိမှုကို ဗြိတိန်နိုင်ငံက Channel 4 ရုပ်သံလိုင်းမှာ နိုဝင်ဘာ ၁၅ ရက်ကျရင် “Hitler’s DNA: Blueprint of a Dictator” လို့ အမည်ပေးထားတဲ့ ရုပ်သံမှတ်တမ်းအဖြစ် ပြသမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ သိပ္ပံဂျာနယ်တခုမှာ ပုံနှိပ်ဖော်ပြဖို့လည်း စီစဉ်ထားပါတယ်။

    ဒါပေမဲ့ ဒီမှတ်တမ်းရုပ်ရှင်ရဲ့ လေ့လာဆန်းစစ်မှုတွေအပေါ် သံသယရှိတဲ့ မေးခွန်းထုတ်မှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

    အထူးသဖြင့် ဟစ်တလာမှာ ADHD၊ Autism နဲ့ Schizophrenia လို စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ ရှိနိုင်ခြေများတယ်လို့ သုံးသပ်ဖို့ အငြင်းပွားဖွယ်ရာ Polygenic Risk Score (PRS) စမ်းသပ်မှုတွေကို အသုံးပြုခဲ့တာကို ဝေဖန်နေကြပါတယ်။

    ကျွမ်းကျင်သူတွေက ဒီ PRS စမ်းသပ်မှုတွေဟာ လူများစုအတွက် ယေဘုယျဆန်တဲ့ အဖြေသာဖြစ်ပြီး လူတယောက်ချင်းစီအတွက် အတိအကျ အဖြေထုတ်ပေးနိုင်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။

    ဒီမှတ်တမ်းရုပ်ရှင်ဟာ မျိုးဗီဇက လူတယောက်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်တယ်ဆိုတဲ့ “မျိုးရိုးဗီဇဆိုင်ရာ အဆုံးအဖြတ်ပေးခြင်း” (genetic determinism) ဘက်ကို ရောက်သွားတယ်လို့ ဝေဖန်ကြပါတယ်။

    ဒီအယူအဆဟာ နာဇီတွေ လက်ခံကျင့်သုံးခဲ့တဲ့ “မျိုးနွယ်စုသိပ္ပံ” အယူအဆရဲ့ အဓိကအချက် ဖြစ်နေတာကြောင့် အခုလို ချဉ်းကပ်မှုမျိုးကို အင်မတန် သတိထားသင့်တယ်လို့ သုံးသပ်သူတွေက ဝေဖန်နေကြပါတယ်။