ကန့်ဘလူမြို့နယ်နှင့် ခင်ဦးမြို့နယ်စပ်တွင် စစ်ရေးပြင်းထန်နေပြီး တပ်မ ၃၃ မှ စစ်သားများပါသော စစ်ကြောင်းတစ်ခုလုံး ပျက်သည်အထိ တိုက်ခိုက်ခံရသဖြင့် စစ်တပ်က နှစ်ရက်ဆက် လေကြောင်းမှ တုံ့ပြန်တိုက်ခိုက်နေသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နှင့် ခင်ဦးမြို့နယ်စပ်တွင် မြေပြင်စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင် စစ်ကြောင်းကို စုဖွဲ့မှုပျက်သည်အထိ တိုက်ခိုက်ခံခဲ့ရပြီးနောက် မြို့နယ်နှစ်ခု နယ်စပ်ကို ယနေ့ (နိုဝင်ဘာ ၁၄ ရက်နေ့) ထိ နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုများ လုပ်နေကြောင်း တော်လှန်ရေးအဖွဲ့များထံက သိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့က ကန့်ဘလူမြို့နယ်၊ တောင်ဘက် ဝက်တိုးရွာမှ ထွက်လာသော တပ်မ (၃၃) လက်အောက်ခံနှင့် ပြည်သူ့စစ် (ပျူစောထီး) အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် ခင်ဦးမြို့နယ်ဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာချိန် ယင်းတိုက်ရွာအနီး တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

စစ်ကြောင်းပျက်သည်အထိ တိုက်ခံရပြီးနောက် စစ်ကြောင်းမှူး အပါအဝင် ၅၀ ကျော် သေဆုံးပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၅ ဦး ဖမ်းဆီးရမိခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

ထို့နောက် ကန့်ဘလူ – ခင်ဦးနယ်စပ်ကို နိုဝင်ဘာလ ၁၂ ရက်မှ ယနေ့ နံနက်အထိ လေကြောင်း တိုက်ခိုက်မှု ၁၀ ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ ဒီနေ့မနက်ကလည်း တစ်ကြိမ်လာတိုက်သွားတယ်။ ဂျက်ဖိုက်တာနဲ့ နှစ်လုံးကြဲသွားတယ်”ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုများအပြင် ယမန်နေ့က ဝက်တိုးရွာမှ မြေပြင်စစ်ကြောင်းတစ်ခု ထပ်ထွက်လာ ကြောင်းသိရသည်။

“ကျွန်တော်တို့က ကြိုစောင့်ပြီးတော့ ဝပ်ပြီးစောင့်ထားတာ။ သူတို့တက်လာတဲ့အချိန်မှာ မီတာ ၅၀ အတွင်းမှာ တေ့ပစ်လိုက်တာ။ သူတို့ကဘယ်လိုမှကို ခုခံလို့မရတဲ့အနေအထား။ ပြန်ပစ်လို့မရတဲ့ အနေအထားဖြစ်သွားတဲ့ အတွက် အလုံးစုံပျက်သွားတော့တာ”ဟု အထက်ပါ တာဝန်ရှိသူကပြောသည်။

စစ်ကြောင်းတိုက်ခိုက်မှုတွင် ကန့်ဘလူခရိုင် ပကဖ အထူးလှုပ်ရှားတပ်ရင်း၊ ရေဦးမြို့နယ် ပကဖ ဓူဝံအဖွဲ့၊ ရွှေဘိုခရိုင် အမှတ် (၃) တပ်ရင်း (ခင်ဦး)၊ အမှတ် ၂၅ တပ်ရင်း (တန့်ဆည်) တို့ပါဝင်ခဲ့ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ကန့်ဘလူတွင် ပျူစောထီးခေါင်းဆောင် သင်္ကန်းဝတ် ဝါသဝ ဦးဆောင်သည့် ပြည်သူ့စစ်(ပျူစောထီး) များ အားကောင်းရာဒေသဖြစ်ပြီး ကန့်ဘလူ၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်တို့မှာ ကျေးလက်ဒေသများတွင် တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းသည်။

စစ်တပ်မြေပြင်စစ်ကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် နှစ်မြို့နယ်အစပ်ရှိ ကျောက်တိုင်၊ ကျီစု၊ မုံလှ၊ ယင်းတိုက်၊ အောင်ချမ်းသာ၊ စစ်မင်းဒွေ၊ သဲစု၊ အင်တိုင်း၊ ကျွန်းတောကြီး၊ ကျွန်းတောလေး၊ အိုင်ပေါင်းချောင် စသည့်ကျေးရွာတို့မှ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။

ကန့်ဘလူနှင့်ခင်ဦးမြို့နယ် နယ်စပ်တွင် စစ်တပ်က စစ်ကြောင်းထိုးလှုပ်ရှားမှုများလုပ်နေသလို ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ယခုလဆန်းကစပြီး စစ်ကြောင်းများဆက်တိုက်ထိုးကာ ယနေ့ နံနက်အထိ နေအိမ်များကို ဆက်တိုက်မီးရှို့နေကြောင်းသိရသည်။

ဝက်လက်မြို့နယ်တွင် စစ်တပ်က စစ်ကြောင်းသုံးခုခွဲပြီး စီးနင်းမီးရှို့မှုကြောင့် ပင်းဇင်း၊ မူးကြီး၊ ရွာတော်ကုန်း၊ တမာကုန်း၊ ထုံးဘို၊ လှတော၊ ကျီးကန် (တောင်) ၊ (မြောက်)၊ ဥယျာဉ်မ စသည့်ကျေးရွာတို့မှ အိမ်ခြေ ရာနှင့်ချီ ပျက်စီးခဲ့ကြောင်း ဒေသတွင်းစစ်ရေးလှုပ်ရှားနေသည့် နွေဦးအောင်ပွဲ တော်လှန်ရေးအင်အားစုထံက သိရသည်။

စစ်တပ်စစ်ကြောင်းကြောင့် ဒေသခံများ နေရပ်မပြန်နိုင်သေးသည့်အတွက် မီးရှို့ဖျက်ဆီးခံရသည့် အိမ်ခြေစာရင်း အတိအကျမရသေးသော်လည်း ကျီးကန် (တောင်)၊ (မြောက်)၊ တမာကုန်း၊ ပင်းဇင်း၊ ထုံးဘိုတို့မှာ အိမ်ခြေပျက်စီးမှု များကြောင်း ဒေသခံများထံက သိရသည်။

စစ်တပ်စီးနင်းမီးရှို့နေသည့် ကျေးရွာများအနက် ကျီးကန်၊ ပင်းဇင်း၊ တမာကုန်းစသည့် ကျေးရွာတို့မှာ ယခင်ကလည်း မီးရှို့ဖျက်ဆီးခံထားရသည့်ကျေးရွာများဖြစ်ပြီး မူးကြီးရွာမှာ လေးကြိမ်ထက်မနည်းရှိ ပြီဖြစ်ကြောင်းသိရသည်။

“သူတို့ရောက်တဲ့နေရာကို ခွေးရူးကိုက် ကိုက်သလိုရှို့ကုန်တာပဲ။ အခုကတော့ ရောက်တဲ့ရွာတိုင်းကို ရှို့တာ ။ သူတို့ဝင်တဲ့နေရာဆို ရှို့တော့တာ။ သူတို့က ဒီနေရာရောက်ခဲ့တယ်ဆိုတာများ အထက်က ပုဂ္ဂိုလ်တွေ သိအောင် သက်သေပြနေတာလားတော့မသိဘူး။ ရောက်တဲ့နေရာတိုင်း ရှို့နေတာ”ဟု ဝက်လက်မြို့နယ်မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ဝက်လက်မြို့နယ်တွင် လက်နက်ကိုင်တော်လှန်ရေး အစောပိုင်းကာလတွင် စစ်တပ်စစ်ကြောင်းထိုးမီးရှို့မှုကြောင့် အိမ်ခြေအများအပြား ပျက်စီးခဲ့ပြီး တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှု ပိုမိုအားကောင်းလာချိန်တွင် မြေပြင်စစ်ကြောင်းဝင်နိုင်မှု သိသိသာသာလျော့နည်းသွားရာမှ ယခုနှစ် နိုဝင်ဘာလ လဆန်းကစပြီး တကျော့ပြန် ထိုးနေသည့် စစ်ကြောင်းက မီးရှို့ မှုများကိုဆက်တိုက်ပြုလုပ် နေခြင်းဖြစ်ကြောင်းသိရသည်။

“စစ်ကြောင်းဝင်ပြီးမီးမရှို့တာ တစ်နှစ်ကျော်လောက်ရှိပြီ။ ခါတိုင်းစစ်ကြောင်းတွေက မီးမရှို့ဘူး။ သူတို့ အမိန့်ကျရာပဲထိုးတာရှိတာ။ အဲ့ဒီလိုရှို့တာ ရှားတယ်လို့မရှိဘူး။လူတွေ့ရင်တော့ လူသားဒိုင်းပုံစံမျိုးခေါ်သွားတယ်။ ခုဟာကတော့ ပိုက်စိပ်တိုက်ကိုရှို့တော့တာ”ဟု အထက်ပါဒေသခံအမျိုးသားက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နှင့်လက်အောက်ခံအဖွဲ့များ၏ မီးရှို့မှုကြောင့် နေအိမ် တစ်သိန်းကျော် ပျက်စီးခဲ့သည့်အနက် စစ်ကိုင်းတိုင်းမှအများဆုံးဖြစ်ပြီး နေအိမ် ၇၆,၀၀၀ ကျော် ပါဝင်ကြောင်း မီးရှို့ခံရမှု အချက်အလက်များ စာရင်းကောက်ယူနေသည့် Data for Myanmar က ယခုနှစ်ဆန်းတွင် ထုတ်ပြန်ထားသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *