Category: News

  • AA နဲ့ ရင်ဆိုင်ရတဲ့စစ်ပွဲတွေမှာစစ်တပ် ကစဉ့်ကလျားဖြစ်နေ

    ကပစ(၁၆)၊ နတ်ရေကန်ဗျူဟာ၊ လေလာတောင်၊သာပေါင်းနဲ့လေးမျက်နှာမှာတိုက်ပွဲတွေပြင်းထန်

    အလံဖြူ​ထောင်လက်နက်ချ ၊ထွက်​ပြေး၊ဖမ်းမိစစ်သား​ပေါင်း ၇၀ ​ကျော်ရှိဟု AA ထုတ်ပြန်

    စစ်တပ်ရဲ့ အမှတ်(၁၆) ကာကွယ်​ရေးပစ္စည်းထုတ်လုပ်စက်ရုံ(ကပစ-၁၆)အနီးတိုက်ပွဲပြင်းထန်နေပြီး နတ်ရေကန်ဗျူဟာကိုလည်း ပိတ်ဆို့တိုက်ခိုက်နေကာ တိုက်ပွဲများအတွင်း စစ်သားအများအပြား ကစဉ့်ကလျား ထွက်ပြေးနေကာ လက်နက်ချသူတွေလည်းရှိနေတယ်လို့ အာရက္ခတပ်တော်(AA)က ယ​နေ့ညမှာသတင်းထုတ်ပြန်ပါတယ်။ ကပစ ၁၆ ဟာစစ်တပ်ရဲ့ ယမ်း​တွေ ချက်လုပ်တဲ့ စက်ရုံဖြစ်ပါတယ်။

    ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲကကပစ(၁၆)အနီး၊ညောင်ကျိုးကျေးရွာမှ လေလာတောင် ပတ်ဝန်းကျင်၊ မကွေးတိုင်းငဖဲမြို့နယ်မှ နတ်ရေကန်ဗျူဟာကုန်း၊ ဧရာဝတီတိုင်း သာပေါင်းနဲ့ လေးမျက်နှာမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ထွက်​ပြေးသူ ၊အလံဖြူ​ထောင်လက်နက်ချသူ ၊ဖမ်းဆီးရရှိသူ စုစု​ပေါင်း ၇၀ ​ကျော်ရှိ​ကြောင်း AA က နိုဝင်ဘာလ၁၁ရက်နေ့ည ထုတ်ပြန်ချက်မှာ အသေးစိတ်​ဖော်ပြထားပါတယ်။

    အာရက္ခတပ်​တော်ကစစ်တပ်ရဲ့ထိုးစစ်တွေကိုခုခံစစ်အပြင် တန်ပြန်ထိုးစစ်တွေနဲ့ အကောင်းဆုံးတုံ့ပြန်နေတယ်လို့ ဆိုပါတယ်။တိုက်ပွဲတွေမှာ စစ်ရေးအရယှဉ်နိုင်စွမ်းမရှိသလိုအတင်းအဓမ္မစစ်သား စုဆောင်းခံရတဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေဟာ တိုက်ခိုက်လိုစိတ်မရှိဘဲ ရှေ့တန်းကနေထွက်ပြေးနေကြပြီး အလံဖြူထောင် လက်နက်ချသူတွေလည်းရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

    ■ကပစ(၁၆)အနီး နဲ့ ​လေလာ​တောင်တိုက်ပွဲ

    ကပစ(၁၆)အနီးမှာ နိုဝင်ဘာလ ၈ရက်ကနေ ၁၀ရက်အတွင်း တိုက်ပွဲတွေမှာ အမှတ်(၁၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၀) လက်အောက်ခံ ခမရ (၃၆၁)၊ခမရ (၃၆၃) တပ်ရင်းတွေကနေ ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးအထိ ရှိခဲ့တယ်လို့​ဖော်ပြထားပါတယ်။

    ပန်းတောင်းမြို့နယ်ထဲမှာတိုက်ပွဲတွေပြင်းထန်နေတဲ့ နောက်ထပ်နေရာဖြစ်တဲ့ညောင်ကျိုးကျေးရွာရဲ့ အရှေ့ဘက် မီတာ၂၅၀၀အကွာ(​ပေ ၈၂၀၀ ​ကျော်)က လေလာတောင်ပတ်ဝန်းကျင်အနီး တိုက်ပွဲတွေကနေလည်းစကခ (၁၀) လက်အောက်ခံ ခမရ (၃၆၈) တပ်ရင်းတစ်ခုတည်းမှ နိုဝင်ဘာ ၈ ရက်နဲ့ ၉ ရက်မှာအလံဖြူထောင်၊တပ်ပြေး၊လက်ရဖမ်းဆီးရမိသူစုစုပေါင်း၁၀ ဦးရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

    ■နတ်ရေကန်ဗျုဟာသိမ်းစစ်ဆင်ရေးတိုက်ပွဲ

    နတ်ရေကန်ဗျုဟာကိုလည်း အာရက္ခတပ်​တော်နဲ့ မဟာမိတ်တပ်​တွေက ပိတ်ဆို့တိုက်ခိုက်နေတာ​ကြောင့် စကခ (၁၇)လက်အောက်ခံဖြစ်တဲ့ အမှတ် (၉) စစ်မြေပြင်ဆေးတပ်ရင်းက တပ်ကြပ်တစ်ဦး အလင်းဝင်လာတယ်လို့ AAက ထုတ်ပြန်ထားပါတယ်။

    အမှတ် (၉) စစ်မြေပြင်ဆေးတပ်ရင်းဟာ ရှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်မြို့မှာ အခြေစိုက်ပြီး စကခ (၁၇)လက်အောက်ခံတပ်ရင်းတွေနဲ့အတူ နတ်ရေကန်ဗျုဟာခုခံစစ်အတွက် စစ်ကောင်စီကတာဝန်ပေးထားတာပါ။

    စကခ (၁၇)/မိုင်းပန်ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့အဆိုပါတပ်ရင်းဟာ အခုအခါ နတ်ရေကန်ဗျူဟာကုန်းမှာAAရဲ့ ဝန်းရံပိတ်ဆိုမှုကို ခံထားရတဲ့ တပ်
    ရင်းတစ်ခုဖြစ်ပါတယ်။

    စကခ(၁၇)ဟာ နတ်ရေကန်ဗျုဟာခုခံစစ်အတွက် ပြီးခဲ့တဲ့သြဂုတ်လကစတင်ပြီး တပ်မ(၉၉)အစား ရောက်ရှိလာတာဖြစ်ပါတယ်။ စက်တင်ဘာလကတိုက်ပွဲတွေမှာလည်း ထိခိုက်သေဆုံးသူတွေ၊ ထွက်ပြေးသူ တွေများပြားခဲ့ပါတယ်။

    ဒါအပြင် နိုဝင်ဘာ ၉ ရက်နေ့မှာလည်းကပစ (၁၆) အနီးရင်ဆိုင်တိုက်ပွဲများအတွင်းစကခ (၁၀) လက်အောက်ခံ ခမရ (၃၆၃) တပ်ရင်းမှ စစ်သား ၄ဦးတို့ကိုလည်းဖမ်းဆီးရရှိခဲ့တယ်လို့ AAက​ဖော်ပြပါတယ်။

    ■ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေ

    ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာအနီးနဲ့ လေးမျက်နှာမြို့နယ်၊ စက်စက်ယို၊ ချင်းလယ်ကျေးရွာအနီး ပတ်ဝန်းကျင်မှာလည်း AAနဲ့ စစ်ကောင်စီ တိုက်ပွဲတွေဖြစ်နေပါတယ်။

    အောက်တိုဘာလ ၃ရက်နေ့ကနေ နိုဝင်ဘာလ ၇ ရက်နေ့အတွင်း တိုက်ပွဲတွေမှာ ရှေ့တန်းကနေ ထွက်ပြေးလာလို့ ဖမ်းမိထားသူ ၂၀ ကျော်၊ လက်နက်ချ အလင်းဝင်ရောက်သူ ၂၀ကျော်ရှိတယ်လို့ AAကထုတ်ပြန်ထားပါတယ်။

    ဒါ​ကြောင့် ဒီစစ်​မြေပြင်​တွေမှာ အလင်းဝင်တာ၊ထွက်​ပြေးတာ ၊အဖမ်းခံရတဲ့ စစ်သား ၇၀ ​ကျော်ထိရှိ​နေပါတယ်။

    သာပေါင်းနဲ့လေးမျက်နှာစစ်မြေပြင်မှာတပ်မ(၆၆) လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀)နဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)၊ ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁) တို့ရှိနေပါတယ်။

    အလင်းဝင်ရောက်လာသူတွေ၊ ဖမ်းဆီးရမိသူတွေ အားလုံးနီးပါးဟာစစ်တပ်က ၂၀၂၅ ခုနှစ်အတွင်း အတင်းအဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲခြင်းခံရတဲ့ စစ်သင်တန်းဆင်း တွေဖြစ်ကြပြီး အချို့မှာ (၁၈) နှစ် မပြည့်သေးသလို အထက်တန်းတက်နေကြတဲ့ ကျောင်းသားတွေလည်းပါတယ်လို့ AAက ထုတ်ပြန်ထားပါတယ်။

    အတင်းအဓမ္မစစ်မှုထမ်း စုဆောင်းခြင်းခံရသူ စစ်သင်တန်ဆင်းတွေအနေနဲ့ ရှေ့တန်းစစ်မြေပြင်အပါအဝင် မည်သည့်နေရာ၊ မည်သည့်စစ်မျက်နှာပြင်တွင်မဆို အလံဖြူထောင်လက်နက်ချလို့ရသလိုနီးစပ်ရာမှတစ်ဆင့် ဆက်သွယ်ပြီး အလင်းဝင်ရောက်နိုင်တယ်လို့လည်း AAက ထုတ်ပြန်ထားပါတယ်။

    လက်နက်ချအလင်းဝင်ရောက်လာသောသူတွေကိုစစ်သုံ့ပန်းဥပဒေနဲ့အညီကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထားတယ်လို့ အသိပေးထားပါတယ်။

    သာပေါင်းနဲ့ လေးမျက်နှာမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်ပြီးပြင်းထန်နေသလို ဒီနေ့(အဂါ်)ညအထိ စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲနေပါတယ်။ တိုက်ပွဲတွေထဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေများပြီး အရာရှိတွေလည်းပါဝင်တယ်လို့ စုံစမ်းသိရှိရပါတယ်။ AAရဲ့ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုကို ဖော်ပြထားခြင်းမရှိသေးပါဘူး။

    AAဟာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနက် MNDAA နဲ့ TNLAလို စစ်ကောင်စီနဲ့ အပစ်ရပ်မဆွေး‌နွေးဘဲစစ်မျက်နှာအများအပြားမှာ တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။

    စစ်ကောင်စီက ရှမ်းမြောက်မှာ MNDAA၊ TNLA တို့နဲ့ အပစ်ရပ်ပြီးတဲ့နောက် စစ်ဆင်ရေးနယ်မြေအချို့ကျုံ့သွားခြင်းကို အခွင့်ကောင်းယူပြီး လေကြောင်း တိုက်ခိုက်မှုတွေအရှိန်မြှင့်လာလို့ လေကြောင်း၊ ရေကြောင်း လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေကို သတိပြုကြဖို့ AA က တိုက်တွန်းထားပါတယ်။

    (အလံဖြူ​ထောင်လက်နက်ချ အလင်းဝင်သူ၊စစ်တပ်မှထွက်​ပြေးသူ၊ ဖမ်းဆီးရရှိတဲ့စစ်သားများကို​တွေ့ရစဥ်။ ဓါတ်ပုံ-AA Info Desk)

  • ပျဥ်းမနားရှိ ရောင်နီဦးရွှေဆိုင် ဓားပြတိုက်ခံရ၊ ရပ်ကွက်က ဝိုင်းဖမ်းသဖြင့် ၂ ဦးမိ

    ပျဥ်းမနားရှိ ရောင်နီဦးရွှေဆိုင် ဓားပြတိုက်ခံရ၊ ရပ်ကွက်က ဝိုင်းဖမ်းသဖြင့် ၂ ဦးမိ

    နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့၊ ချင်းစုရပ်ကွက်၊ ဗိုလ်တောက်ထိန်လမ်းမပေါ်က ရောင်နီဦးရွှေဆိုင် နိုဝင်ဘာ ၁၀ ရက် မနက်က ဓားပြတိုက်ခံရပြီး ဓားပြတိုက်သူထဲက ၂ ယောက်ကို ရပ်ကွက်နေသူတွေက ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    မနေ့မနက် ၉ နာရီခွဲက ရောင်နီဦးရွှေဆိုင်မှာ ဆိုင်ရှင်အမျိုးသမီးတယောက်တည်း ရှိနေချိန် Mask တပ်ထားသူ ၃ ယောက် ဆိုင်ကယ်နဲ့ရောက်လာပြီး ဆိုင်ရှင်အမျိုးသမီးကို သေနတ်နဲ့ချိန်ကာ ရွှေထည်ပစ္စည်းတချို့ လုယူသွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။

    “ဆိုင်ဖွင့်ချိန် လူ ၃ ယောက် ဆိုင်ကယ်နဲ့ရောက်လာပြီး ဆိုင်ရှင်ကို သေနတ်နဲ့ချိန်ပြီး ဝင်လုတာပါ။ ရွှေ ဘယ်လောက်ပါသွားလဲတော့ မသိဘူး။ လုတဲ့သူ ၃ ယောက်ထဲက ၂ ယောက်ကို ကျော်ညီနောင်ဘက်မှာ ရပ်ကွက်နေ ပြည်သူတွေက ဖမ်းမိသွားတယ်။”

    ဓားပြတိုက် လုယက်ခံရပြီးနောက် ဆိုင်ရှင်အမျိုးသမီးက အော်ဟစ် အကူအညီတောင်းတဲ့အတွက် ရပ်ကွက်နေသူတွေက လိုက်လံဖမ်းဆီးရာ ကျော်ညီနောင်ရပ်ကွက်မှာ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ကို ဖမ်းမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “ဆိုင်ရှင်အမျိုးသမီး အော်တော့ ရပ်ကွက်ထဲကလူတွေ အကုန်ဝိုင်းလိုက်တာ၊ ကျော်ညီနောင် ရှေ့လမ်းမှာ ၂ ယောက်မိသွားတယ်။ သေနတ်တော့ပါတယ်၊ အတုကြီးဆိုတော့ ပစ်လို့မရဘူး။ အဲဒါကြောင့် ဖမ်းမိတာ။ ရပ်ကွက်ကမိမှ ရဲတွေရော စစ်တပ်ရော ရောက်လာတာ။”

    လတ်တလောမှာ ဖမ်းဆီးရမိသူ ၂ ယောက်ကို ပျဥ်းမနားမြို့မရဲစခန်းက စစ်ဆေးနေတယ်လို့ သူက ရှင်းပြပါတယ်။

    နေပြည်တော်ကောင်စီနယ်မြေကို စစ်တပ်က အုပ်ချုပ်နေတယ်ဆိုပေမဲ့ ပျဥ်းမနားမြို့၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိနဲ့ ဇေယျာသီရိမြို့နယ်တွေမှာ အမြဲတစေ ခိုးမှုနဲ့ လုယက်သတ်ဖြတ်မှုတွေနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။

  • နှစ်-(၉၀)မှတစ်ခါကြုံတဲ့ ဝိဇ္ဇာမကိန်းကြုံပြီး သိန်းထောင်ချီဝင်မည့်နေ့နံ-၄ခု

    နှစ်-(၉၀)မှတစ်ခါကြုံတဲ့ ဝိဇ္ဇာမကိန်းကြုံပြီး သိန်းထောင်ချီဝင်မည့်နေ့နံ-၄ခု

    နှစ်-(၉၀)မှတစ်ခါကြုံတဲ့ ဝိဇ္ဇာမကိန်းကြုံပြီး သိန်းထောင်ချီဝင်မည့် နေ့နံ-၄ ခု

  • မဟန ဆရာတော်တွေ မထိရဲတဲ့ “ဝစီပိတ်” ဆရာတော် ပွဲကြမ်း

    မဟန ဆရာတော်တွေ မထိရဲတဲ့ “ဝစီပိတ်” ဆရာတော် ပွဲကြမ်း

    မဟန ဆရာတော်တွေ မထိရဲတဲ့ “ဝစီပိတ်” ဆရာတော် ဝိနည်းနဲ့မညီဘူးလို့ ဝေဖန်နေ

    စစ်ခေါင်းဆောင်တွေ ကိုးကွယ်နေကြတဲ့ ဝဇီပိတ်ဆရာတော်လို့ အများသိကြတဲ့ ဆရာတော် ဘဒ္ဒန္တ ကောဝိဒ ဟာ ဗုဒ္ဓဘာသာသံဃာတော်တွေ လိုက်နာစောင့်ထိန်းရမယ့် ဝိနည်းနဲ့မညီညွတ်တဲ့အတွက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့က ထိမ်းသိမ်းကြပ်မတ်တာတွေ လုပ်ဆောင်သင့်ပြီလို့ သံဃာထု နဲ့ ဗုဒ္ဓဘာသာဝင်တချို့က ဝေဖန်ထောက်ပြနေကြပါတယ်။

    သင်္ကန်းအနက်ရောင်ဝတ်ဆင်ထားသူနဲ့ အနီရောင်‌ဘောင်းဘီ (လူအဝတ်အစား) ဝတ်ဆင်ထားသူတို့ ပူးတွဲရပ်နေတဲ့ ဓာတ်ပုံတစ်ပုံဟာ လတ်တလော လူမှုကွန်ရက်မှာ ပြည်သူတွေအကြား စိတ်ဝင်စား နေကြသလို ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။

    “သင်္ကန်းအရေခြုံဝတ်ဆင်သူ” လို့ ခေါ်ဆိုသတ်မှတ်နေကြပြီး၊ အခုလိုအပြုအမူနဲ့ ဝတ်စုံပုံစံဟာ ဗုဒ္ဓ ဘာသာသံဃာတော်တွေရဲ့ ဝိနည်းနဲ့မညီညွတ်ဘူးလို့ ဝေဖန်သုံးသပ်နေကြပါတယ်။

    ဒါ့အပြင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အနေနဲ့ အဲဒီကိစ္စအပေါ် တိကျသေချာစွာ တုံ့ပြန်မှုမရှိ သေးတာကိုလည်း “ဘာကြောင့် မဟနဆရာတော်တွေ မထိရဲတာလဲ၊ မင်းအောင်လှိုင် အတွက် ယ တြာတွေလုပ်ပေးနေလို့လား” ဆိုတဲ့ မေးခွန်းကို ဗုဒ္ဓဘာသာဝင်အများစုက မေးခွန်းတွေထုတ်‌နေကြ ပါတယ်။
    ရွှေကျင်ဂိုဏ်းက ဆရာတော်တစ်ပါးကလည်း “သံဃာဝတ်ဝတ်ဆင်သူတစ်ဦးအနေနဲ့ ဝိနည်းစည်း ကမ်းကို လိုက်နာဖို့က မလွယ်ပါဘူး၊ သိုပေမဲ့ လုံးဝ လိုက်နာမှုမရှိတာက သာသနာအတွက် အနာတရ ဖြစ်နိုင်တယ်၊ မဟန အဖွဲ့တွေအနေနဲ့ တာဝန်ယူဖို့ အချိန်တန်ပြီ” လို့ မိန့်ဆိုထားပါတယ်။

    “သံဃာအဖွဲ့များက ဝိနည်းစည်းကမ်းများကို တိကျစွာထိန်းသိမ်းရန်၊ သံဃာဝတ်အနေနဲ့ ဝိနည်းနဲ့ မညီညွတ်သော လုပ်ဆောင်မှုများကို တရားမူကျစွာ စုံစမ်းသင့်သည်” လို့လည်း ဆိုကြပါတယ်။

    အခုလိုတွေ့ရတဲ့ ဓာတ်ပုံတွေထဲက သံဃာ့အပြုအမူဟာ ပြည်သူတွေအနေနဲ့ သာသနာတန်ဖိုးအပေါ် ယုံကြည်မှုကိုထိခိုက်စေနိုင်တာမို့ သံဃာအဖွဲ့အနေနဲ့ သေချာစွာအရေးယူဆောင်ရွက်သင့်တယ်လို့ သုံးသပ်သူတွေကလည်း အကြံပြုခဲ့ထားကြပါတယ်။

    ဝစီပိတ်ဆရာတော် ဘဒ္ဒန္တကောဝိဒ ဟာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါ အဝင် စစ်တပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေ ကိုးကိုယ်ခံရသူဖြစ်ပြီး ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာ တောရကျောင်းတိုက်ရဲ့ ဦးစီးပဓာန နာယက ဆရာတော်တစ်ပါး ဖြစ်ပါတယ်။

    ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းစဉ်အချိန်က လမ်းပေါ်ထွက်ဆန္ဒပြကြသူတွေကို ‘’ခေတ်ကို ပြောင်း ချင်ခေါင်းကိုပစ်ဆိုပြီး’’ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အတွက် ယတြာချေ အခါတော်ပေးခဲ့သူလို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဆရာတော်ဖြစ်ပါတယ်။

  • တက်တူးပြိုင်ပွဲ၌ မဖွယ်မရာ လှစ်ပြမိခဲ့သည့် ထိုင်းအမျိုးသမီး ပြန်တောင်းပန်နေရ

    တက်တူးပြိုင်ပွဲ၌ မဖွယ်မရာ လှစ်ပြမိခဲ့သည့် ထိုင်းအမျိုးသမီး ပြန်တောင်းပန်နေရ

    ထိုင်းနိုင်ငံ၊ ဆာရာဘူရီ ခရိုင်၌ နိုဝင်ဘာ ၈ ရက် တက်တူး ပြိုင်ပွဲတခုအတွင်း မမြင်အပ်သည့် အစိတ်အပိုင်း (private parts) ကို လှစ်ပြမိခဲ့သည့် ထိုင်းအမျိုးသမီးတဦး အများပြည်သူကို တောင်းပန်ချက် ထုတ်ပြန်ခဲ့ရသည်။

    ထိုအမျိုးသမီးပြိုင်ပွဲဝင်၏ ဗီဒီယို နိုဝင်ဘာ ၁၀ ရက်၌ ထိုင်းဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့ခဲ့ပြီးနောက် ထိုပြိုင်ပွဲဝင်အမျိုးသမီးဖြစ်သူရော၊ ပွဲစီစဉ်သူများပါ အပြင်းအထန် ဝေဖန်ခံနေရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်တွင် ပြုလုပ်သည့် နှစ်ရက်တာ ပြိုင်ပွဲသည် တတိယမြောက်နှစ် ပြိုင်ပွဲလည်း ဖြစ်သည်။

    ဗီဒီယိုထဲမှ အမျိုးသမီးသည် အမျိုးသမီး တက်တူးပြိုင်ပွဲ၌ ပါဝင်ခဲ့သူ ဖြစ်သည်။

    ပျံ့နှံ့ခဲ့သော ဗီဒီယိုထဲတွင် သူသည် ပါဝင်သူများနှင့် အကဲဖြတ်ဒိုင်များ အရှေ့ဘက် စင်ပေါ်၌ ကနေစဉ် ရက်ရက်စက်စက် ဖော်ထားသော အနက်ရောင် ဝတ်စုံကို ဝတ်ထားသည်ကို တွေ့ရသည်။

    သူ့ဝတ်စုံသည် ခန္ဓာကိုယ် ခါးအောက်ဘက်ပိုင်းကို ဖုံးကွယ်ထားခြင်း မရှိသလို အတွင်းခံလည်း ဝတ်မထားသည့်အတွက် တင်ဆက်မှုအတွင်း သူ၏ private parts ဧရိယာကို ပေါ်စေခဲ့သည်။

    ပြိုင်ပွဲအပြီး ပြိုင်ပွဲ၏ တရားဝင်ဖေ့ဘွတ်ခ် စာမျက်နှာ၌ ကြေညာရာတွင် ထိုအမျိုးသမီးသည် second runner-up ဆု ရပြီး ဆုငွေ ဘတ် ၂,၀၀၀ ရရှိသည်ဟု ဆိုသည်။

    ထိုင်းအွန်လိုင်းသုံးသူများကတော့ ယင်းဆုရမှုကို ဝေဖန်ကြပြီး ယင်းက သူ၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာ ထိခိုက်ခဲ့ရခြင်းနှင့် မတန်ဟု ပြောဆိုကြသည်။ ယင်းအမြင်မသင့်တော်သည့် တင်ဆက်မှုအတွင်း ကြားဝင်ဟန့်တားရန် ပျက်ကွက်ခြင်းနှင့် ဗီဒီယို ဆိုရှယ်မီဒီယာပေါ် မျှဝေခြင်းအတွက် အခြား ပါဝင်သူများနှင့် ပွဲစီစဉ်သူတို့ကို အများက ဝေဖန်ခဲ့ကြသည်။

    “ဒါက တက်တူးပြိုင်ပွဲ မဟုတ်ဘူး” ဆိုပြီး ၎င်းတို့က မှတ်ချက်ရေးကြသည်။

    “အနည်းဆုံးတော့ သူ့အနေနဲ့ ကိုယ့်ကိုယ်ကို လုံလုံခြုံခြုံဖြစ်‌အောင် ဝတ်သင့်တယ်။”

    “G-String ဆိုရင်ရော။ သူ့အနေနဲ့ အတွင်းခံတချို့ဝတ်ပြီး သူ့တက်တူးတွေကို ပြလို့ ရနိုင်နေသေးတဲ့ဟာကို” ဆိုပြီး မှတ်ချက်ပေးကြသည်။

    ဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရဌာနများအနေဖြင့် အရေးယူဆောင်ရွက်ရန် အများက တောင်းဆိုနေကြသည်။ တချို့ကလည်း အမျိုးသမီးကိုရော၊ စီစဉ်သူများကိုရော ဥပဒေကြောင်းအရ ပြစ်ဒဏ်ပေးရန် တောင်းဆိုသလို တချို့ကလည်း လာမည့်နှစ်၌ ထိုပြိုင်ပွဲကို ဖျက်သိမ်းရန် တိုက်တွန်းကြသည်။

    ဝေဖန်ခံရပြီး ဖိအားတို့ ကြုံခဲ့ရပြီးနောက် ထိုင်းအမျိုးသမီးက အများပြည်သူကို ရှင်းပြ၊ တောင်းပန်ချက်တရပ် ထုတ်ပြန်ခဲ့သည်။ ၎င်းက သူ့ private parts ဧရိယာကို ဖုံးကာသည့် cover sticker တခု ကပ်ခဲ့ကြောင်း ရှင်းပြပြီး တင်ဆက်မှုမတိုင်ခင် ယင်းက ပြုတ်ကျသွားခဲ့သည်ဟု ထင်ကြောင်း ပြန်လည်ရှင်းပြသည်။

    ထို့ပြင် ပြိုင်ပွဲမတိုင်ခင်က အရက်အလွန်အကျွံ သောက်ထားခဲ့မိကြောင်း အမျိုးသမီးက ဝန်ခံပြီး ယင်းအတွက်ကြောင့်လည်း အဆင်အခြင်မဲ့ အပြုအမူကို ဖြစ်စေခဲ့ခြင်းဟု ၎င်းက ပြောသည်။

    ဖြစ်စဉ်အတွက် ၎င်းက ပြန်တောင်းပန်ပြီး ပွဲစီစဉ်သူများကို မဝေဖန်ကြရန် အွန်လိုင်းသုံးသူများကို တိုက်တွန်းရင်း သူ့လုပ်ရပ်တို့၌ အဖွဲ့က ပါဝင်ပတ်သက်ခဲ့ခြင်း မရှိဟု ၎င်းက အလေးပေးပြောသည်။

    အလားတူ ဖြစ်စဉ်နောက်ပိုင်း အမျိုးသမီးသည် အများပြည်သူနေရာ၌ မဖွယ်မရာ လှစ်ပြခြင်း ဆိုင်ရာ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၈၈ အရ တရားစွဲခံရနိုင်ပြီး ဒဏ်ကြေး ဘတ် ၅,၀၀၀ ချမှတ်ခံရနိုင်သည်ဟု သိရသည်။

    လက်ရှိအချိန်အထိ ပြိုင်ပွဲစီစဉ်သူများက ဖြစ်စဉ်နှင့်ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ချက် ထုတ်ပြန်ခြင်း မရှိသေးပေ။

    (Thaiger မှ Thai woman apologises after exposing private parts in tattoo contest အား ကိုလူအေး ဘာသာပြန်သည်)