ကပစ(၁၆)၊ နတ်ရေကန်ဗျူဟာ၊ လေလာတောင်၊သာပေါင်းနဲ့လေးမျက်နှာမှာတိုက်ပွဲတွေပြင်းထန်
အလံဖြူထောင်လက်နက်ချ ၊ထွက်ပြေး၊ဖမ်းမိစစ်သားပေါင်း ၇၀ ကျော်ရှိဟု AA ထုတ်ပြန်

စစ်တပ်ရဲ့ အမှတ်(၁၆) ကာကွယ်ရေးပစ္စည်းထုတ်လုပ်စက်ရုံ(ကပစ-၁၆)အနီးတိုက်ပွဲပြင်းထန်နေပြီး နတ်ရေကန်ဗျူဟာကိုလည်း ပိတ်ဆို့တိုက်ခိုက်နေကာ တိုက်ပွဲများအတွင်း စစ်သားအများအပြား ကစဉ့်ကလျား ထွက်ပြေးနေကာ လက်နက်ချသူတွေလည်းရှိနေတယ်လို့ အာရက္ခတပ်တော်(AA)က ယနေ့ညမှာသတင်းထုတ်ပြန်ပါတယ်။ ကပစ ၁၆ ဟာစစ်တပ်ရဲ့ ယမ်းတွေ ချက်လုပ်တဲ့ စက်ရုံဖြစ်ပါတယ်။
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲကကပစ(၁၆)အနီး၊ညောင်ကျိုးကျေးရွာမှ လေလာတောင် ပတ်ဝန်းကျင်၊ မကွေးတိုင်းငဖဲမြို့နယ်မှ နတ်ရေကန်ဗျူဟာကုန်း၊ ဧရာဝတီတိုင်း သာပေါင်းနဲ့ လေးမျက်နှာမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ထွက်ပြေးသူ ၊အလံဖြူထောင်လက်နက်ချသူ ၊ဖမ်းဆီးရရှိသူ စုစုပေါင်း ၇၀ ကျော်ရှိကြောင်း AA က နိုဝင်ဘာလ၁၁ရက်နေ့ည ထုတ်ပြန်ချက်မှာ အသေးစိတ်ဖော်ပြထားပါတယ်။
အာရက္ခတပ်တော်ကစစ်တပ်ရဲ့ထိုးစစ်တွေကိုခုခံစစ်အပြင် တန်ပြန်ထိုးစစ်တွေနဲ့ အကောင်းဆုံးတုံ့ပြန်နေတယ်လို့ ဆိုပါတယ်။တိုက်ပွဲတွေမှာ စစ်ရေးအရယှဉ်နိုင်စွမ်းမရှိသလိုအတင်းအဓမ္မစစ်သား စုဆောင်းခံရတဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေဟာ တိုက်ခိုက်လိုစိတ်မရှိဘဲ ရှေ့တန်းကနေထွက်ပြေးနေကြပြီး အလံဖြူထောင် လက်နက်ချသူတွေလည်းရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

■ကပစ(၁၆)အနီး နဲ့ လေလာတောင်တိုက်ပွဲ
ကပစ(၁၆)အနီးမှာ နိုဝင်ဘာလ ၈ရက်ကနေ ၁၀ရက်အတွင်း တိုက်ပွဲတွေမှာ အမှတ်(၁၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၀) လက်အောက်ခံ ခမရ (၃၆၁)၊ခမရ (၃၆၃) တပ်ရင်းတွေကနေ ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးအထိ ရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။
ပန်းတောင်းမြို့နယ်ထဲမှာတိုက်ပွဲတွေပြင်းထန်နေတဲ့ နောက်ထပ်နေရာဖြစ်တဲ့ညောင်ကျိုးကျေးရွာရဲ့ အရှေ့ဘက် မီတာ၂၅၀၀အကွာ(ပေ ၈၂၀၀ ကျော်)က လေလာတောင်ပတ်ဝန်းကျင်အနီး တိုက်ပွဲတွေကနေလည်းစကခ (၁၀) လက်အောက်ခံ ခမရ (၃၆၈) တပ်ရင်းတစ်ခုတည်းမှ နိုဝင်ဘာ ၈ ရက်နဲ့ ၉ ရက်မှာအလံဖြူထောင်၊တပ်ပြေး၊လက်ရဖမ်းဆီးရမိသူစုစုပေါင်း၁၀ ဦးရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

■နတ်ရေကန်ဗျုဟာသိမ်းစစ်ဆင်ရေးတိုက်ပွဲ
နတ်ရေကန်ဗျုဟာကိုလည်း အာရက္ခတပ်တော်နဲ့ မဟာမိတ်တပ်တွေက ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် စကခ (၁၇)လက်အောက်ခံဖြစ်တဲ့ အမှတ် (၉) စစ်မြေပြင်ဆေးတပ်ရင်းက တပ်ကြပ်တစ်ဦး အလင်းဝင်လာတယ်လို့ AAက ထုတ်ပြန်ထားပါတယ်။
အမှတ် (၉) စစ်မြေပြင်ဆေးတပ်ရင်းဟာ ရှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်မြို့မှာ အခြေစိုက်ပြီး စကခ (၁၇)လက်အောက်ခံတပ်ရင်းတွေနဲ့အတူ နတ်ရေကန်ဗျုဟာခုခံစစ်အတွက် စစ်ကောင်စီကတာဝန်ပေးထားတာပါ။
စကခ (၁၇)/မိုင်းပန်ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့အဆိုပါတပ်ရင်းဟာ အခုအခါ နတ်ရေကန်ဗျူဟာကုန်းမှာAAရဲ့ ဝန်းရံပိတ်ဆိုမှုကို ခံထားရတဲ့ တပ်
ရင်းတစ်ခုဖြစ်ပါတယ်။
စကခ(၁၇)ဟာ နတ်ရေကန်ဗျုဟာခုခံစစ်အတွက် ပြီးခဲ့တဲ့သြဂုတ်လကစတင်ပြီး တပ်မ(၉၉)အစား ရောက်ရှိလာတာဖြစ်ပါတယ်။ စက်တင်ဘာလကတိုက်ပွဲတွေမှာလည်း ထိခိုက်သေဆုံးသူတွေ၊ ထွက်ပြေးသူ တွေများပြားခဲ့ပါတယ်။
ဒါအပြင် နိုဝင်ဘာ ၉ ရက်နေ့မှာလည်းကပစ (၁၆) အနီးရင်ဆိုင်တိုက်ပွဲများအတွင်းစကခ (၁၀) လက်အောက်ခံ ခမရ (၃၆၃) တပ်ရင်းမှ စစ်သား ၄ဦးတို့ကိုလည်းဖမ်းဆီးရရှိခဲ့တယ်လို့ AAကဖော်ပြပါတယ်။
■ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေ
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာအနီးနဲ့ လေးမျက်နှာမြို့နယ်၊ စက်စက်ယို၊ ချင်းလယ်ကျေးရွာအနီး ပတ်ဝန်းကျင်မှာလည်း AAနဲ့ စစ်ကောင်စီ တိုက်ပွဲတွေဖြစ်နေပါတယ်။
အောက်တိုဘာလ ၃ရက်နေ့ကနေ နိုဝင်ဘာလ ၇ ရက်နေ့အတွင်း တိုက်ပွဲတွေမှာ ရှေ့တန်းကနေ ထွက်ပြေးလာလို့ ဖမ်းမိထားသူ ၂၀ ကျော်၊ လက်နက်ချ အလင်းဝင်ရောက်သူ ၂၀ကျော်ရှိတယ်လို့ AAကထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဒီစစ်မြေပြင်တွေမှာ အလင်းဝင်တာ၊ထွက်ပြေးတာ ၊အဖမ်းခံရတဲ့ စစ်သား ၇၀ ကျော်ထိရှိနေပါတယ်။
သာပေါင်းနဲ့လေးမျက်နှာစစ်မြေပြင်မှာတပ်မ(၆၆) လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀)နဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)၊ ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁) တို့ရှိနေပါတယ်။
အလင်းဝင်ရောက်လာသူတွေ၊ ဖမ်းဆီးရမိသူတွေ အားလုံးနီးပါးဟာစစ်တပ်က ၂၀၂၅ ခုနှစ်အတွင်း အတင်းအဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲခြင်းခံရတဲ့ စစ်သင်တန်းဆင်း တွေဖြစ်ကြပြီး အချို့မှာ (၁၈) နှစ် မပြည့်သေးသလို အထက်တန်းတက်နေကြတဲ့ ကျောင်းသားတွေလည်းပါတယ်လို့ AAက ထုတ်ပြန်ထားပါတယ်။
အတင်းအဓမ္မစစ်မှုထမ်း စုဆောင်းခြင်းခံရသူ စစ်သင်တန်ဆင်းတွေအနေနဲ့ ရှေ့တန်းစစ်မြေပြင်အပါအဝင် မည်သည့်နေရာ၊ မည်သည့်စစ်မျက်နှာပြင်တွင်မဆို အလံဖြူထောင်လက်နက်ချလို့ရသလိုနီးစပ်ရာမှတစ်ဆင့် ဆက်သွယ်ပြီး အလင်းဝင်ရောက်နိုင်တယ်လို့လည်း AAက ထုတ်ပြန်ထားပါတယ်။
လက်နက်ချအလင်းဝင်ရောက်လာသောသူတွေကိုစစ်သုံ့ပန်းဥပဒေနဲ့အညီကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထားတယ်လို့ အသိပေးထားပါတယ်။
သာပေါင်းနဲ့ လေးမျက်နှာမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်ပြီးပြင်းထန်နေသလို ဒီနေ့(အဂါ်)ညအထိ စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲနေပါတယ်။ တိုက်ပွဲတွေထဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေများပြီး အရာရှိတွေလည်းပါဝင်တယ်လို့ စုံစမ်းသိရှိရပါတယ်။ AAရဲ့ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုကို ဖော်ပြထားခြင်းမရှိသေးပါဘူး။
AAဟာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနက် MNDAA နဲ့ TNLAလို စစ်ကောင်စီနဲ့ အပစ်ရပ်မဆွေးနွေးဘဲစစ်မျက်နှာအများအပြားမှာ တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။
စစ်ကောင်စီက ရှမ်းမြောက်မှာ MNDAA၊ TNLA တို့နဲ့ အပစ်ရပ်ပြီးတဲ့နောက် စစ်ဆင်ရေးနယ်မြေအချို့ကျုံ့သွားခြင်းကို အခွင့်ကောင်းယူပြီး လေကြောင်း တိုက်ခိုက်မှုတွေအရှိန်မြှင့်လာလို့ လေကြောင်း၊ ရေကြောင်း လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေကို သတိပြုကြဖို့ AA က တိုက်တွန်းထားပါတယ်။
(အလံဖြူထောင်လက်နက်ချ အလင်းဝင်သူ၊စစ်တပ်မှထွက်ပြေးသူ၊ ဖမ်းဆီးရရှိတဲ့စစ်သားများကိုတွေ့ရစဥ်။ ဓါတ်ပုံ-AA Info Desk)


Leave a Reply