Category: News

  • သံတွဲနှင့် ဂွ ပြည်သူများ စစ်ရေးသတိရှိကြရန် AA အသိပေး

    သံတွဲနှင့် ဂွ ပြည်သူများ စစ်ရေးသတိရှိကြရန် AA အသိပေး

    ရခိုင်ပြည်နယ် သံတွဲ၊ ဂွမြို့နယ်များကို စစ်တပ်က ရေကြောင်း လေကြောင်းမှ တိုက်ခိုက်နေသဖြင့် ပြည်သူများ အထူးသတိထားကြရန်နှင့် စစ်ရေးသတိရှိကြရန် အာရက္ခတပ်တော် (AA)က အသိပေးမှု ပြုလုပ်ထားသည်။

    စစ်သင်္ဘောများက လူနေရပ်ကွက်များ ရွာများအတွင်း အမြောက်များဖြင့် ပစ်ခတ်ခြင်း၊ ကမ်းနီးတနိုင်တပိုင် ဝမ်းစာရှာ ငါးဖမ်းထွက်သည့် ရေလုပ်သားများအား ဖမ်းဆီးသတ်ဖြတ်နေရာ စက်တင်ဘာ ၆ ရက်က သံတွဲမြို့ တောင်မကျည်း တိုက်နယ် ဆတ်လည်မျှော်ရွာမှ ရေလုပ်သား ဦးမောင်ကို၊ ဦးကျော်ဝေသန်း၊ ဦးဖိုးနီ၊ ဦးညီညီတို့ကို ရေတပ်မှ ဖမ်းဆီးခဲ့သလို အောက်တိုဘာ ၃ ရက်က ကျောက်ဖြူမြို့ ဆားပြင်ကွင်းရပ်ကွက်မှ ရေလုပ်သား ၂၀ ကျော် ဖမ်းဆီးခဲ့သည်။

    စက်တင်ဘာ ၄ ရက်က စစ်သင်္ဘောမှ အမြောက်ဖြင့် ပစ်သဖြင့် ငပလီကမ်းခြေအနီးနှင့် လင်းရိုး တောင်ထက် ကျရောက် ပေါက်ကွဲခဲ့သလို သံတွဲမြို့ပေါ်ရပ်ကွက်များကို ဗုံးကြဲရာ အမှတ် ၄ ရပ်ကွက်မှ ဦးညီညီ (၄၀ နှစ်) မှာ နေအိမ်၌ ပွဲချင်းပြီး သေဆုံးခဲ့သလို ကိုယ်ဝန်ဆောင်မိခင်၊ အသက် ၆ နှစ်အရွယ် ကလေး တဦးအပါ အရပ်သား ၄ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အရပ်သားနေအိမ်များနှင့် ဘုန်းကြီးကျောင်းဝင်း နေရာအချိုလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

    အလားတူ ဂွမြို့နယ် ပုန်းညှက်ရွာ အနောက် ပင်လယ်ပြင်မှ စစ်သင်္ဘောများက လက်နက်ကြီးဖြင့် ၁၁ ကြိမ်တိုက်ခဲ့သလို အောက်တိုဘာ ၁၀ ရက် နံနက် ၈ နာရီခန့်တွင် သံတွဲမြို့အနီး ပတ်ဝန်းကျင်အား ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

    ပုံစာ-ပင်လယ်ပြင်တွင် တွေ့ရသော စစ်သင်္ဘောတစီး/ AA Info Desk

  • မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်တွင် ပြောဆိုခဲ့မှုများကိုအသေးစိတ် သတင်းထုတ်ပြန်

    မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်တွင် ပြောဆိုခဲ့မှုများကိုအသေးစိတ် သတင်းထုတ်ပြန်

    မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်တွင် ပြောဆိုခဲ့မှုများကိုအသေးစိတ် သတင်းထုတ်ပြန်လိုက်သဖြင့် မြန်မာစစ်တပ်၏ လိမ်လည် သတင်း ထုတ်ပြန်မှု ထင်ရှားပေါ်ပေါက်

    စစ်တပ်၏ ရွေးကောက်ပွဲကို ဝမ်းမြောက်ဝမ်းသာနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မပြောဆိုခဲ့ဘဲ စစ်တပ်က လိမ်လည် ဝါဒဖြန့်ခဲ့

    မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟက်ဆန်၏ နေပြည်တော်ခရီးစဉ်တွင် ပြောဆိုခဲ့မှုများနှင့်ပတ်သက်၍ အသေးစိတ် သတင်းထုတ်ပြန်လိုက်သဖြင့် မြန်မာစစ်တပ်၏ လိမ်လည် သတင်း ထုတ်ပြန်မှု ထင်ရှားပေါ်ပေါက်သွားသည်။

    မြန်မာစစ်တပ်၏ ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်မှုကို ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟက်ဆန်က မပြောခဲ့ဘဲ စစ်တပ်က လိမ်လည်ထုတ်ပြန်ခဲ့မှုမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဌာန၏ ယမန်နေ့ သတင်းထုတ်ပြန်မှုကြောင့် အဖြစ်မှန် ပေါ်ပေါက်လာခြင်းဖြစ်သည်။

    မလေးရှားနိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟက်ဆန်သည် အောက်တိုဘာလ ၉ ရက်နေ့ နေ့ချင်းပြန် နေပြည်တော်သို့ သွား ရောက်ခဲ့ပြီး ယင်းသို့ လာရောက်အပေါ် စစ်တပ်က လိမ်လည်သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    စစ်တပ်၏ လိမ်လည် သတင်းထုတ်ပြန်မှုတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ရန် ပြင်ဆင်နေမှုများအားတွေ့ရသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ် ကြောင်း၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင်ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များကိုလည်း စေလွှတ်ပေးသွားမည်ဟု လိမ်လည် ဖော်ပြခဲ့သည်။

    မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ယမန်နေ့ သတင်းထုတ်ပြန်ချက်တွင် ရွေး ကောက်ပွဲသည် ဒီမိုကရေစီအတွက် အဓိက အရေးကြီးသော အစိတ်အပိုင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို လွတ်လပ် မျှတ ပွင့်လင်းမြင်သာ ယုံကြည်ရသည့် လုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ အားလုံးပါဝင်ပြီး နိုင်ငံသားအားလုံးပါဝင်ဆောင်ရွက်မှုဖြင့်သာ ကျင်းပသင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုခဲ့သည်။

    ထို့ပြင် ရွေးကောက်ပွဲစောင့်ကြည့်ရေး အဖွဲ့များ စေလွှတ်ရန် စစ်တပ်က အာဆီယံနိုင်ငံများသို့ ဖိတ်ကြားမှုနှင့်ပတ်သက်၍ မှတ်သားထားပြီး ယင်းအရေးကိစ္စကို လာမည့် ၄၇ ကြိမ်မြောက် အာဆီယံ အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံအတွက်မူ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး ဖိတ်ကြားမှုကို မလေးရှားရွေးကောက်ပွဲကော်မရှင်သို့ အသိပေးလိုက်ပြီဖြစ် ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    ယင်းအပြင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မင်းအောင်လှိုင် အပါအဝင် စစ်တပ်ခေါင်း ဆောင်များနှင့် တွေ့ဆုံစဉ် အာဆီယံဘုံသဘောတူညီချက် ၅ ချက် ကို အကောင်အထည်ဖော်ရန်၊ အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ခွင့်ပြုပေးရန်၊ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု လုပ်ရန် ထပ်မံ အလေးပေးပြောဆိုသည်။

    ထို့ပြင် အရပ်သားများနှင့် အရပ်ဘက်အဆောက်အအုံများအပေါ် အကြမ်းဖက်မှုများကို ရပ်တန့်ရန် မလေးရှားနိုင်ငံခြားရေး ဝန်ကြီးက မြန်မာစစ်တပ်ခေါင်း ဆောင်များကို အလေးပေးပြောဆိုခဲ့သည်။

  • အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ကို မနားတမ်း ခုခံနေသည့် KNDF ရဲဘော်များ (ဓာတ်ပုံသတင်း)

    အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ကို မနားတမ်း ခုခံနေသည့် KNDF ရဲဘော်များ (ဓာတ်ပုံသတင်း)

    အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်ကို သာလွန်အင်အား၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကို အသုံးပြုကာ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ် – ၁၅ က ထုတ်ပြန်ထားပါတယ်။

    စစ်ရေးပြင်းထန်နေတဲ့ကာလမှာ စစ်ကော်မရှင်ရဲ့ ထိုးစစ်တွေကို နေ့မနား ညမအိပ် ခုခံကာကွယ်နေတဲ့ ရှေ့တန်းရောက် ရဲဘော်တွေရဲ့ ပုံရိပ်တွေနဲ့အတူ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

    အကြမ်းဖက်စစ်အုပ်စုက အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိဝီရိယထားကာ သွားလာကြဖို့လည်း KNDF တပ်ရင်းအမှတ် – ၁၅ က မေတ္တာရပ်ခံထားပါတယ်။

    ဓာတ်ပုံ – KNDF/B-15

  • ဗန်းမော်တိုက်ပွဲပြင်းထန်နေပြီး KIA က စစ်ကော်မရှင်အခြေပြု စခန်း ၆ ခုကို သိမ်းယူ

    ဗန်းမော်မြို့အတွင်း စစ်ကော်မရှင်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲပြင်းထန်နေပြီး KIA က စစ်ကော်မရှင်ခြေကုပ်စခန်း ခြောက်ခုကို သိမ်းယူလိုက်ကြောင်း သိရသည်။

    ဗန်းမော်မြို့ အထက-၁ အနီးရှိ စစ်ကော်မရှင်ခြေကုပ်ယူ ထားသည့် စခန်း သုံးခုကို ယနေ့ အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် KIA က ရှင်းလင်းသိမ်းပိုက်လိုက်ကြောင်း သိရသည်။

    “၂ မိုင်နဲ့ ၃ မိုင်ပတ်ဝန်းကျင်မှာ ပြင်းပြင်းထန်ထန်တိုက်ပွဲတွေရှိနေတယ်။ ဗန်းမော်မြို့တွင်းမှာလည်း တိုက်ပွဲပြင်းထန်နေပြီး ဒီနေ့မနက်မှာ အထက အနီးက စစ်တပ်စခန်းတွေကို သိမ်းလိုက်တယ် ပြောတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    ယမန်နေ့ အောက်တိုဘာ ၉ ရက်နေ့ကလည်း ၂ မိုင်နှင့် အရှေ့သာစည်စပ်ကြား ဂေါက်ကွင်းအနီး စစ်ကော်မ ရှင်၏ ခမရ ၃၂၀ ခြေကုပ်စခန်း သုံးခုကို KIA က သိမ်းယူနိုင်ခဲ့သည်။

    KIA သည် ဗန်းမော်မြို့အတွင်း ၂ မိုင်နှင့် ၃ မိုင်ပတ်ဝန်း ကျင်ရှိ စစ်ကော်မရှင်တပ်များကို တိုက်ခိုက် ရှင်းလင်းထားပြီး ရွှေပြည်သာ KBC ဘုရားကျောင်းကုန်းကိုပါ ပြန်လည်ထိန်းချုပ်ကာ စစ်ရေးအရ အသာစီးပြန်လည် ရယူထားနိုင်သည်။ KIA အနေဖြင့် ယခုရက်ပိုင်း ဗန်းမော်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်မှ အရာရှိ သုံး ဦးအပါအဝင် တပ်ဖွဲ့ဝင် ၃၀ ကျော်ကိုပါ ရှင်းလင်းထားနိုင်ခဲ့သည်။

    ဗန်းမော်မြို့သို့ ပို့ခံထားရသည့် ခလရ ၂၃၇၊ ခမရ ၃၈၇၊ ခမရ ၄၁၅ တို့မှ ထုတ်နုတ်တပ်ဖွဲ့ဝင်များ ယခုရက် ပိုင်းအတွင်း သေဆုံးမှုများနေကြောင်း သိရသည်။

    စစ်ကော်မရှင်က စစ်ရေယာဉ်အုပ်စုဖြင့် ဗန်းမော်မြို့ကို စစ်ကူပေးပြီးနောက် KIA သိမ်းပိုက်ထားသည့် တပ်ရင်းများကို ပြန်လည်ထိန်းချုပ်ပြီးနောက် စစ်ကြောင်းဆက်ထိုးလာရာ KIA နှင့် ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် စခန်းများကို ပြန်လည်လက်လွှတ်နေရခြင်းဖြစ်သည်။

    ပုံစာ-KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

  • မ​ကွေးနဲ့ပဲခူး ကပစသုံးခုအနီး တိုက်ပွဲပြင်းထန်​နေ

    မ​ကွေးနဲ့ပဲခူး ကပစသုံးခုအနီး တိုက်ပွဲပြင်းထန်​နေ

    မကွေးတိုင်း နဲ့ ပဲခူးတိုင်းမှာ စစ်တပ်ရဲ့ ကာကွယ်​ရေးပစ္စည်းထုတ်လုပ်စက်ရုံ (ကပစ) သုံးခုအနီးမှာစစ်တပ်နဲ့ ​တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲအပြင်းအထန်ဖြစ်နေ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    ပဲခူးတိုင်းထဲကပန်းတောင်းမြို့နယ်အခြေစိုက် ကပစ(၆) ၊ မကွေးတိုင်းငဖဲမြို့နယ်က ကပစ(၁၄) နဲ့ ပေါက်မြို့နယ်က ကပစ(၂၄) တွေမှာ အနီးကပ်တိုက်ပွဲတွေ ဖြစ်နေတာလို့ စုံစမ်းသိရှိရပါတယ်။

    “ကပစ (၆)၊ (၁၄) နဲ့ (၂၄) မှာ ချနေကြတာ။ ၆ နဲ့ ၁၄ နားမှာ တိုက်ပွဲက တော်တော်ကို ပြင်းထန်ပြီး စစ်တပ်ကလည်း အင်အားထောင်ချီသုံးပြီး လေကြောင်းပစ်ကူနဲ့ ခုခံနေတယ်။ ၆ နဲ့ ၁၄ကို AAနဲ့ မဟာမိတ်တွေ သိမ်းဖို့အထိ စစ်ရေးရည်မှန်းချက်နဲ့ ချနေပြီ”လို့ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ် နယ်စပ်ဒေသအခြေစိုက် စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

    ပေါက်မြို့အခြေစိုက် ကပစ(၂၄) အနီးမှာတိုက်ပွဲတွေဖြစ်နေပေမယ့် အသေးစိတ်ပြောကြားလိုခြင်းမရှိသေးဘူးလို့ ဒေသကာကွယ်ရေးတဖွဲ့အချို့ကဆိုပါတယ်။ AAနဲ့ မဟာမိတ်​တော်လှန်​ရေးတပ်တွေကတော့ကပစ (၆) နဲ့ (၁၄)အနီးပတ်ဝန်းကျင်၊ အမ်း-ပဒါန်းလမ်းနဲ့ ငဖဲမြို့နယ်ထဲက နတ်ရေကန်ဗျူသာပတ်ဝန်းကျင်၊ တောင်ကုတ်-ပန်းတောင်းလမ်းပိုင်းက လေသာတောင်စခန်းနဲ့ ညောင်ကျိုးစခန်းပတ်ဝန်းကျင်တွေမှာ စက်တင်ဘာလဆန်းကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

    သတင်းရင်းမြစ်တဦးကလည်း ကပစ(၆) နဲ့ ကပစ(၁၄)ကိုအပြီးသတ်သိမ်းယူဖို့အထိ AAနဲ့ မဟာမိတ်တပ်တွေ စစ်ရေးအရှိန်မြှင့်နေတာလို့ သုံးသပ်ပြောကြားပါတယ်။

    စစ်ကောင်စီတပ်မှာကပစစက်ရုံ ၂၅ ခုရှိပါတယ်။ မကွေးတိုင်းအတွင်း အများဆုံး ၁၅ ရုံ၊ ပဲခူးတိုင်းတွင် ၇ ရုံ၊ နေပြည်တော်(တပ်ကုန်း)မှာ ၂ ရုံ၊ ရန်ကုန် (တိုက်ကြီး)မှာ ၁ ရုံ ရှိပါတယ်။

    မကွေးတိုင်းထဲကဂန့်ဂေါ၊ပေါက်၊ မြိုင်၊ ဆိပ်ဖြူ၊ စေတုတ္တရာ၊ ငဖဲ၊ သရက်၊အထက်မင်းလှ၊ ဆင်ပေါင်ဝဲမြို့နဲ့ ပဲခူးတိုင်းကပန်းတောင်း၊ပေါက်ခေါင်းမြို့နယ် တွေမှာ ကပစ စက်ရုံ​ပေါင်း ၂၂ ခုအထိ ရှိနေတာပါ။

    လက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်လို့ AAရဲ့ မဟာမိတ်တပ်တွေနဲ့နီးစပ်သူတစ်ဦးက “နတ်ရေကန်ရော၊ကပစ(၆)နဲ့(၁၄)ရောအခြေအနေကောင်းတယ်”လို့ ပြောပါတယ်။

    ငဖဲမြို့နယ်မှာရှိတဲ့ နတ်ရေကန်ဗျုဟာရဲ့ ကာကင်းစခန်းတွေကိုလည်း AAနဲ့ မဟာမိတ်တပ်တွေက စစ်ရေးအရှိန်မြှင့်တိုက်ခိုက်နေပြီး စက်တင်ဘာလနှောင်းပိုင်းမှာကာကင်းစခန်းတစ်ခုနဲ့ အောက်တိုဘာလ၈ရက်နေ့မှာ နောက်ထပ်ကာကင်းစခန်းတခုကိုထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

    “နတ်ရေကန်နားကဂုတ်ကြီးစခန်းကို ထိန်းထားပြီ။ ဖိုက်တာကုန်းလို့ခေါ်တဲ့ နောက်ထပ်စခန်းတခုကိုလည်းရထားပြီ။ လေကြောင်းကနေလာပစ်ပြီး တိုက်ပွဲတော့ဆက်ဖြစ်နေတယ်”လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

    အဲ့ဒီစခန်းသိမ်းတိုက်ပွဲတွေမှာ စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုများပြားခဲ့ပြီး AA နဲ့ မဟာမိတ်တပ်ဘက်မှာလည်း ထိခိုက်ကျဆုံးမှုအချို့ရှိခဲ့ပါတယ်။

    ပြီးခဲ့တဲ့အောက်တိုဘာလ၂ ရက်နေ့ကတိုက်ပွဲတွေမှာ ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က အောက်တိုဘာလ ၈နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီက ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းက စစ်ရေးနယ်မြေတွေမှာ တပ်မ (၉၉) လက်အောက်ခံတပ်ရင်းတွေအစား စကခ-၁၇ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တို့ကို ပြီးခဲ့တဲ့ သြဂုတ်လကစတင်ပြီး ပို့ဆောင်ခဲ့တာပါ။

    ​အဲဒီတပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ စစ်မှုထမ်းသင်တန်းဆင်း အများအပြားပါလာပြီး AA နဲ့ မဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ စခန်းတွေကို ပြန်လည်ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာပါ။ စစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေ အင်အားကိုသုံးပြီး ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။

    စက်တင်ဘာလဆန်းကတိုက်ပွဲတွေမှာလည်း စစ်ကောင်စီဖက်မှာ ထိခိုက်သေဆုံးမှုများပြီး ဆုတ်ခွာထွက်ပြေးသွားလို့ လိုက်လံတိုက်ခိုက်နေတယ်လို့ AAက ထုတ်ပြန်ခဲ့ပါတယ်။

    ​လက်ရှိမှာ နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်နဲ့ အမ်း-ပဒါန်းလမ်း၊ မင်းတုန်း၊ သရက်၊ ဆင်ပေါင်ဝဲ၊ အထက်မင်းလှ၊ ငဖဲမြို့နယ်တွေနဲ့ ပုသိမ်-မုံရွာလမ်းပိုင်းတွေ၊ ပဲခူးတိုင်းထဲက တောင်ကုတ်-ပန်းတောင်း ကားလမ်း၊ ဧရာဝတီတိုင်းထဲက လေးမျက်နှာမြို့နယ်တို့မှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

    ​လက်ရှိတိုက်ပွဲတွေနဲ့ ပတ်သက်လို့ AA က သီးခြားထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

    စက်တင်ဘာလ ၂၈ ရက်နေ့ကထုတ်ပြန်ချက်မှာ စစ်တပ်ကတိုက်ပွဲတွေမှာ စစ်မှုထမ်းသင်တန်းဆင်းတွေ အများအပြား ထွက်ပြေးနေပြီး ထိခိုက်သေဆုံးမှုတွေလည်း များပြားနေတယ်လို့ AA ကအသိ​ပေးထား ပါတယ်။

    တပ်ပျက်နေတဲ့ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့၊ ရွာတွေက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေလို့ လုံခြုံရေး သတိပြုကြဖို့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးရန်နဲ့ ပတ်သက်တဲ့ အရေးပေါ်သတိပေးချက်ကိုလည်း AA က ထုတ်ပြန်ထားပါတယ်။

    (ကပစ စက်ရုံတည်​နေရာ​များ။ အင်ဖိုဂရပ်ဖစ်-SAC-M)