Category: News

  • ငါန်းဇွန်တွင် ဆက်ကြေးကောက်နေသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

    ငါန်းဇွန်တွင် ဆက်ကြေးကောက်နေသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

    မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မြို့သာဈေးမြောက်ထောင့်တွင် ပြည်သူများကို ဆက်ကြေးကောက်နေသာ အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးကြောင်း Special Task Force Ngazun မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    အောက်တိုဘာလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့် ငါန်းဇွန်မြို့နယ် မြို့သာဈေးမြောက်ထောင့်တွင် ပြည်သူများ နှင့် ခရီးသွားကားကို ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်တပ်ကို S .T .F Ngazun အဖွဲ့က သွား ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    “မြို့သာစခန်းကနေ မြို့သာစျေးထောင့်ကို လာပြီး ဆက်ကြေးကောက်ကြတာ။ စစ်ခွေး ၁၀ယောက်ဝန်းကျင်လာတာပါ။ တိုက်ခိုက်တဲ့ အချိန်တုန်း ၂ ဦးသေတယ်။ ၂ ဦးအပြင်းထန်ထိခိုက်ဒဏ်ရာရတယ်။ နောက်ထပ် သတင်းရတော့ စစ်ခွေး ၁​ယောက် ထပ်သေတယ်လို့ ကြားတယ်။ စုစုပေါင်း ၃ ယောက်သေတယ်။ ၂ ဦးကတော့ အပြင်းထန် ထိခိုက်ဒဏ်ရာရတယ်။ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု Special Task Force Ngazun မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

  • နေပြည်တော်တွင် စစ်ဆင်ရေး အရှိန်အဟုန် တိုးမြှင့်နိုင်ရေး ဗျူဟာ အမှတ် ၁၉ ကို ဖွဲ့စည်း

    နေပြည်တော်တွင် စစ်ဆင်ရေး အရှိန်အဟုန် တိုးမြှင့်နိုင်ရေး ဗျူဟာ အမှတ် ၁၉ ကို ဖွဲ့စည်း

    အကြမ်းဖက်စစ်တပ် အခြေစိုက်ရာ နေပြည်တော်တွင် စစ်ဆင်ရေး အရှိန်အဟုန် တိုးမြှင့်နိုင်ရေး ဗျူဟာ အမှတ် ၁၉ ကို ဖွဲ့စည်းဟုဆို

    အကြမ်းဖက်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် စစ်ဆင်ရေးများ အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင် ရွက်ရန်အတွက် ဗျူဟာအမှတ် ၁၉ ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း နေပြည်တော်တိုင်းကွပ်ကဲရေးမှူး ဗိုလ်လက်ျာက ပြောကြားသည်။

    အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်း နေပြည်တော်အနီး စစ်တောင်းမြစ်ဝှမ်းဒေသ၊ နေပြည်တော် တိုင်းစစ်ဌာန စစ်ရေးလှုပ်ရှားစိုးမိုးနယ်မြေ၌ အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီး ဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂ စစ်ဆင်ရေးနယ်မြေ နေပြည်တော်တိုင်းစစ်ဌာန၏ ဗျူဟာ အမှတ် ၁၉ ကို အခမ်းအနားဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

    “နေပြည်တော်စစ်ဆင်ရေးအရှိန်တိုးမြှင့်ဆောင်ရွက်ဖို့ပါ။ နေပြည်တော်တိုင်းစစ်ဌာနမှာ စစ်ဗျူဟာ ၃ ခုရှိပါတယ်။ ဗျူဟာ ၃ ခုကတော့ ဗျူဟာ ၁၇၊ ဗျူဟာ ၁၈ နဲ့ အခု ဖွဲ့လိုက်တဲ့ ဗျူဟာ ၁၉ ပါ။ တစ်ဗျူ ဟာကို တပ်ရင်း ၄ ရင်းနဲ့ဖွဲ့စည်းထားပြီး စစ် မျက်နှာ ၃ ခုမှာ စစ်ဆင်ရေး ဆောင် ရွက်ဖို့ရှိပါတယ်။ ဒါ ပြီးရင်တော့ အထွေထွေထိုးစစ်မှာ ဟန်ချက်ညီညီပါဝင်ဆောင်ရွက်မှာပါ” ဟု နေပြည်တော်တိုင်း ကွပ်ကဲရေးမှူး ဗိုလ်လက်ျာက ပြောကြားသည်။

    အဆိုပါ ဗျူဟာ ၁၉ ဖွဲ့စည်းခြင်း အခမ်းအနားသို့ နေပြည်တော်တိုင်းစစ်ဌာ တိုင်းစစ်ဆင်ရေး အရာရှိ၊ ဗျူဟာအမှတ် ၁၉ မှ တာဝန်ရှိသူများ၊ ဗျူဟာ ၁၉ ၏လက်အောက်ခံတပ်ရင်းများဖြစ်သော တပ်ရင်း ၈၀၆၊ တပ်ရင်း ၈၀၇၊ တပ်ရင်း ၈၀၈၊ တပ်ရင်း ၉၀၁ တို့မှ တပ်ရင်းမှူး၊ ဒုရင်းမှူးများ၊ တပ်ရင်း တာဝန် ရှိ သူများနှင့် ရဲဘော်များတက်ရောက်ခဲ့ကြောင်း သိရသည်။

    “အကြမ်းဖက်စစ်ကော်မရှင်က ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကိုလည်း နည်းလမ်းမျိုး စုံနဲ့ တားဆီးသွားမှာပါ၊ မိဘပြည်သူတွေဘက်ကလည်း စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို နည်လမ်းမျိုးစုံ နဲ့ ဆန့်ကျင်သွားကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု နေပြည်တော်တိုင်းကွပ်ကဲရေးမှူး ဗိုလ်လက်ျာ က ပြောဆိုသည်။

    အမျိုးသားညီညွတ်ရေးအစိုးရက နွေဦးတော်လှန်ရေး နောက်တစ်ဆင့်တက်ရန်နှင့် အထွေထွေထိုးစစ်ဆင်နွှဲရန်တိုင်းရင်းသား လက်နက်ကိုင်များအပါအဝင် တစ်နိုင်ငံလုံးရှိ တော်လှန်ရေးတပ်များနှင့်အတူ ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။

  • မော်လိုက် စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၆ ခုနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

    မော်လိုက် စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၆ ခုနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

    စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သိမ်းငှက်စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်စခန်း ၆ ခု သိမ်းပိုက်ရရှိ​သလို လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

    ဒါ့အပြင် စစ်သုံ့ပန်းတွေနဲ့ သူတို့ရဲ့မိသားစု​ဝင် အပါအဝင် အယောက် ၂၀၀ နီးပါး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာသူ ၄ ယောက် ရှိခဲ့တယ်လို့ Mawlaik Revolutions အဖွဲ့က အောက်တိုဘာ ၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    Mawlaik Revolutions ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “မော်လိုက်မြို့နယ်ထဲမှာ သိမ်းငှက်စစ်ဆင်ရေးကို တော်လှန်ရေးအင်အားစုတွေ ဖြစ်ကြတဲ့ ခရိုင် တပ်ရင်း ၁၊ ၂၊ ၃၊ ၄၊ မော်လိုက်/ဖောင်းပြင်မြို့နယ် ပကဖ/ပလဖ၊ ခရိုင်ကွပ်ကဲရေးရုံး တိုက်ခိုက်ရေးအဖွဲ့တို့ ပူးပေါင်းပြီး စစ်ဆင်ရေး ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးအတွင်းကနေ မော်လိုက်မြို့နယ်ထဲမှာရှိတဲ့ စစ်တပ်နဲ့ ပျူ ပူးပေါင်းထိုင်တဲ့ တပ်စခန်း ၆ ခု သိမ်းပိုက်ရရှိ​ခဲ့ပြီးတော့ လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။ အရှင်ဖမ်းမိတာကတော့ စစ်သုံ့ပန်းတွေနဲ့ သူတို့ရဲ့ မိသားစု​ဝင် အပါအဝင် ၂၀၀ နီးပါး ဖြစ်ပါတယ်။ စစ်ဆင်ရေးအတွင်းမှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာသူက ၄ ယောက် ရှိခဲ့တယ်” လို့ ပြောပါတယ်။

    တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုတွေဟာ မော်လိုက်မြို့နယ်အတွင်းက အဆိုပါ သိမ်းငှက်စစ်ဆင်ရေးကို ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကနေ စတင်ပြီး စက်တင်ဘာလကုန်ပိုင်းအထိ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

    Mawlaik Revolutions ရဲ့ ပြောရေးဆိုခွင့်ရှိသူက “စစ်ဆင်ရေးအတွင်းမှာ လက်နက်ခဲယမ်းတွေနဲ့ အတူ အလင်းဝင်လာသူတွေကတော့ ပစ ၃ ယောက်နဲ့ စစ်ကောင်စီခန့် ဆယ်အိမ်မှူးတယောက်တို့ ဖြစ်ပါတယ်။ သူတို့ကိုတော့ ဆုကြေးငွေတွေ ပေးအပ်ပြီး လုံခြုံတဲ့နေရာမှာ ထားရှိပေးထားပါတယ်။ သူတို့အတွက် လုပ်ငန်းလုပ်ကိုင်နိုင်ဖို့လည်း စီစဥ်ပေးထားတာတွေ ရှိပါတယ်။ အရှင်ဖမ်းမိတဲ့ သုံ့ပန်း ၂၀၀ နီးပါးထဲမှာ စစ်သားတွေနဲ့အတူ ပျူစောထီးတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေလည်း ပါဝင်ပါတယ်။ သူတို့ကိုတော့ သုံ့ပန်းဥပဒေနဲ့အညီပဲ ထိန်းသိမ်း​ပေးထားပါတယ်။ တိုက်ပွဲတွေအတွင်း တော်လှန်ရေးရဲဘော်တချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါသေးတယ်” လို့ ပြောပါတယ်။

    သိမ်းငှက်စစ်ဆင်ရေး ပြီးဆုံးတဲ့နောက်ပိုင်း အခုလက်ရှိအချိန်မှာတော့ မော်လိုက်မြို့ပေါ်မှာရှိတဲ့ စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားတဲ့ တပ်စခန်းတွေဘက်ကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေသလို ဒရုန်းတွေနဲ့ပါ ဗုံးကြဲနေပါတယ်။

    မော်လိုက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနဲ့ ပျူစောထီးကျေးရွာ အများစုကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိန်းချုပ်ထားနိုင်ပြီး မော်လိုက်မြို့ပေါ်နဲ့ မြို့အနီးဝန်းကျင်က ကျေးရွာအနည်းငယ်ကိုသာ စစ်ကောင်စီတပ်ဘက်က ထိန်းချုပ်ထားနိုင်တော့တယ်လို့လည်း မော်လိုက်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

  • ထိုင်းက ပြန်ပို့သည့် မြန်မာလုပ်သား ၉၀ ကို စစ်တပ်က ခေါ်ဆောင်သွား

    ထိုင်းက ပြန်ပို့သည့် မြန်မာလုပ်သား ၉၀ ကို စစ်တပ်က ခေါ်ဆောင်သွား

    ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ လဝကအချုပ်ထောင်မှာ ပြစ်ဒဏ်ကျခံခဲ့ရတဲ့ မြန်မာနိုင်ငံသား အယောက် ၉၀ လောက်ကို အောက်တိုဘာ ၉ ရက် မနက် ၁၁ နာရီခွဲလောက်မှာ မြန်မာနိုင်ငံ ကော့သောင်းဘက် လှေဆိပ်ကို ၂ နိုင်ငံ တာဝန်ရှိသူတွေကနေ လွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့ ရနောင်း လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ပါတယ်။

    အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရတဲ့ လွတ်ရက်စေ့ မြန်မာအမျိုးသား ၈၁ ယောက်နဲ့ အမျိုးသမီး ၉ ယောက်တို့ကို ကော့သောင်းဘက် ပို့ဆောင်ပြီးနောက် စစ်ကောင်စီတပ်ကနေ ၆ မိုင်ရွာ အခြေစိုက် ခလရ ၂၆၂ တပ်ရင်းထဲကို ခေါ်ဆောင်သွားတယ်လို့ ကော့သောင်းမြို့ခံက ပြောပါတယ်။

    “‌ခေါ်သွားတာတော့ အဲဒီ‌ ခြောက်မိုင်ရွာ ၂၆၂ တပ်ထဲပါပဲ။ ပိုက်ဆံအထပ်လိုက် ပုံပေးနိုင်သူက လွဲရင် မလွတ်ပါဘူး။‌‌ ကော့သောင်းဘက်မှာပဲ ငွေပေးထုတ်ရတာပါ။”

    စစ်ကောင်စီတပ်က ‌ခေါ်ဆောင်သွားတဲ့ နေရပ်ပြန်ပို့ခံရသူ အယောက် ၉၀ ထဲက ဘယ်နှယောက် ပြန်လွတ်လာတယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။

    ခလရ ၂၆၂ တပ်ရင်းထဲရောက်သွားသူတွေကိုတော့ ပိုက်ဆံနဲ့ ရွေးထုတ်ရ‌တာမျိုးတွေရှိတယ်လို့ ကော့သောင်း‌ဒေသခံ တယောက်က ပြောပါတယ်။

    စက်တင်ဘာ ၂၃ ရက်တုန်းက ရနောင်းအချုပ်ထောင်မှာ အပြစ်ကျနေတဲ့ လွတ်ရက်စေ့ မြန်မာနိုင်ငံသား စုစုပေါင်း ၁၄၅ ယောက်ကို ကော့သောင်းလှေဆိပ်ကို လွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့ ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ထားပါတယ်။

    ‌ထိုင်းက‌ နေရပ်ပြန်ပို့ခံရသူတွေကို အသက်အရွယ်ခွဲပြီးတော့ စစ်မှုထမ်းအကျုံးဝင်တဲ့သူတွေကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးတော့ တပ်သားသစ်လေ့ကျင့်ရေးကျောင်းတွေ ပို့ဆောင်လိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။