Category: News

  • ဗန်းမောက်မြို့ကို အလုံးစုံ သိမ်းပိုက်လိုက်ကြောင်း အမှတ်-၁ စစ်ဒေသထုတ်ပြန်

    ဗန်းမောက်မြို့ကို အလုံးစုံ သိမ်းပိုက်လိုက်ကြောင်း အမှတ်-၁ စစ်ဒေသထုတ်ပြန်

    စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့ကို သိမ်းပိုက်ပြိးနောက် မြို့သိမ်းတိုင်ပွဲနဲ့အတူ သိမ်းပိုက်ရရှိခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့အတူ အမှတ်(၁) စစ်ဒေသက စက်တင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

    ဗန်းမောက်မြို့ကို တော်လှန်ရေးအင်အားစုတွေက စက်တင်ဘာလ ၁၅ ရက်ကနေ ၂၀ အထိ ခြောက်ရက်ကြာတိုက်ခိုက်ပြီးနောက် ကသုံးလုံးဒေသအတွင်းက တတိယမြောက် မြို့နယ်အဆင့်ရှိတဲ့မြို့ကို သိမ်းပိုက်ရရှိခဲ့တာပဲဖြစ်ပါတယ်။

    ဗန်းမောက်မြို့ကို ရဉ်ထွန်း (ဗျူဟာမှူး) ဦးစီး SNA တပ်မဟာ (၆၁၄၊ ၉၇၂)၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား (၄၀၀) ခန့် အခြေချနေထိုင်ချထားတဲ့ မြစ်သေးချင်းရွာ ကာကင်းကုန်း၊ မြစ်သေးချင်းရွာ၊ တာဝါတိုင်ကုန်း၊ အောင်ကမ္ဘာသိန်း KTV၊ ကျွဲကောကုန်းရွာ၊ မြစ်သေးချင်းရွာ ဘုန်းကြီးကျောင်း၊ ဒန်ဘို ဆီဆိုင်၊ ဘန်ဂလိုကုန်း၊ နားယကာရွာ၊ စက်တောရွာ၊ ကျွန်းတောင်စခန်းကုန်း၊ ဗန်းမောက်မြို့ ဗျူဟာကုန်း၊ အောင်သာကုန်းရွာစခန်းကုန်း၊ လွှစင်ကုန်း ဘုန်းကြီးကျောင်း၊ ဗန်းမောက်မြို့မစာသင်ကျောင်း၊ ဗန်းမောက်မြို့ ရဲစခန်း၊ မြနန္ဒာဘုန်းကြီးကျောင်း၊ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတတ်ရေး သင်တန်းကျောင်း (နသလ)တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

    ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုနဲ့ အမှတ် (၁) စစ်ဒေသ စစ်ဆင်ရေးမှူးနဲ့ ကသာခရိုင် ကွပ်ကဲရေးမှူး ဦးစီး ကသာခရိုင် အမှတ် (၂၊ ၄၊ ၅) တပ်ရင်း၊ ကသာခရိုင် အမှတ် (၁၊ ၃) တပ်ရင်း ထုတ်နုတ်အဖွဲ့၊ ကသာခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပကဖ (ဗန်းမောက်မြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ကသာမြို့နယ်)၊ အမှတ် (၁) စစ်ဒေသမှ NCO သင်တန်းဆင်း စစ်ကြောင်း (၁၊ ၂)၊ အထူးလှုပ်ရှား တပ်ရင်းများ၊ အမှတ် (၁) လက်နက်ကြီး တပ်ရင်း၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ ဒရုန်းအဖွဲ့များ (ကသာခရိုင် တပ်ရင်း-၂၊ ကသာခရိုင် တပ်ရင်း-၄၊ MOD၊ အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင် ပကဖ) အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    ဗန်းမောက်မြို့သိမ်းတိုက်ပွဲကနေ G-3 (၂) လက်၊ Uzi (၁) လက်၊ AK (၁) လက်၊ ကျည်မျိုးစုံ (၁၂၈၇၆) တောင့်၊ ၁၂၀ မမ ဗုံးသီး (၂၈) လုံး၊ ၈၁ မမ ဗုံးသီး (၇) လုံး၊ ၆၀ မမ ဗုံးသီး (၁၄) လုံး၊ ဒရုန်းဗုံးသီးမျိုးစုံ (၁၀၀) လုံး၊ RPG (၁) လုံး၊ မျက်ရည်ယို ဗုံးသီး (၈၃) လုံး၊ 9Volt ကျည် (၇၀၂) တောင့်၊ အီနာဂါဗုံးသီး (၅၁) လုံး၊ နင်းမိုင်း (၃) လုံး၊ တိုက်မိုင်းမျိုးစုံ (၂၀) လုံး၊ ဖိုက်ဘာမိုင်း (၇) လုံး၊ ၉ မမ ကာဘိုင်ကျည် (၁၀) တောင့်၊ ကျည်အိမ်မျိုးစုံ (၂၉) ခုနဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။

    စစ်အုပ်စုနဲ့ SNA ဘက်က ဗိုလ် တစ်ဦးအပါ အလောင်းခုနှစ်လောင်းအား ရရှိခဲ့ပြီး တော်လှန်ရေးအင်အားစုတွေ ဘက်ကတော့ ခြောက်ဦး ကျဆုံးတယ်လို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

    စစ်အုပ်စုနဲ့ SNA အဖွဲ့ဟာ ဗန်းမောက်မြို့ဝန်းကျင်ကနေ ရွှေချောင်းရွာ၊ ပင်းဟင်းခါးရွာနဲ့ သာယာကုန်းရွာတို့မှာ ကာကင်းထိုင်ထားပြီး အများစုမှာ ဗန်းမောက်မြို့နယ် မြောက်ဘက်ခြမ်းရှိ မံကုန်းရွာနဲ့အနောက်
    တောရွာဘက်ကို ဆုတ်ခွါထွက်ပြေးသွားပြီဖြစ်တယ်လို့ ဆိုပါတယ်။

    ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ရဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှာ NUG အနေနဲ့ တိုက်ရိုက်ကွပ်ကဲနေပြီး KIA အနေနဲ့ ပါဝင်တာမျိုး မရှိဘူးလို့ ပြောဆိုထားပါတယ်။

    ဒါ့အပြင် မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေစဉ်မှာ ဒေသခံနှစ်ထောင်ကျော် ဗန်းမောက်မြို့မှာ ပိတ်မနေပြီးနောက် တစ်ထောင်ကျော်ကိုတော့ တော်လှန်ရေးအင်အားစုတွေက တိုက်ပွဲလွတ်ကင်းရာကို ရွှေ့ပြောင်းထားပြီး ကျန်ဒေသခံတွေကတော့ မြို့အနောက်ခြမ်းကို ရှောင်ပြေးသွားတယ်လို့ ဆိုပါတယ်။

  • ဗန်းမောက်မြို့သိမ်းတိုက်ပွဲ စစ်အုပ်စု အလောင်းနဲ့ လက်နက်တွေ သိမ်းဆည်း ရရှိ

    ဗန်းမောက်မြို့သိမ်းတိုက်ပွဲ စစ်အုပ်စု အလောင်းနဲ့ လက်နက်တွေ သိမ်းဆည်း ရရှိ

    တော်လှန်ရေး ရဲဘော် ခြောက်ဦး ကျဆုံး

    စစ်ကိုင်းအတွင်း တော်လှန်ရေးတပ်တွေ သိမ်းယူနိုင်တဲ့ မြို့နယ်အဆင့် တတိယမြောက်မြို့ဖြစ်

    စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင် ဗန်းမောက်မြို့ တော်လှန်ရေးအင်အားစုတွေက စက်တင်ဘာ ၂၀ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း အာဏာသိမ်း စစ်အုပ်စုနဲ့ SNA – ရှမ်းနီလက်နက်ကိုင် ပူးပေါင်းအဖွဲ့ရဲ့ အလောင်းနဲ့ လက်နက်တွေ သိမ်းဆည်း ရရှိတယ်လို့ အမှတ် ၁ စစ်ဒေသက သတင်း ထုတ်ပြန်ပါတယ်။

    ဗန်းမောက်မြို့သိမ်း တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ခြောက်ဦးလည်း ကျဆုံးတယ်လို့ ဆိုပါတယ်။

    “ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ရန်သူ့စိုးမိုးနယ်မြေအတွင်းရှိသော ဗန်းမောက်မြို့အား မိမိတို့ဘက်မှ စက်တင်ဘာလ (၁၅) ရက်မှ စတင် ထိုးစစ်ဆင်တိုက်ခိုက်ရာ စက်တင်ဘာလ (၂၀) ရက်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။ ဗန်းမောက်မြို့သိမ်းတိုက်ပွဲတွင် ရဉ်ထွန်း (ဗျူဟာမှူး) ဦးစီး SNA တပ်မဟာ (၆၁၄၊ ၉၇၂)၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား (၄၀၀) ခန့် အခြေချနေထိုင်သော မြစ်သေးချင်းရွာ ကာကင်းကုန်း၊ မြစ်သေးချင်းရွာ၊ တာဝါတိုင်ကုန်း၊ အောင်ကမ္ဘာသိန်း KTV၊ ကျွဲကောကုန်းရွာ၊ မြစ်သေးချင်းရွာ ဘုန်းကြီးကျောင်း၊ ဒန်ဘို ဆီဆိုင်၊ ဘန်ဂလိုကုန်း၊ နားယကာရွာ၊ စက်တောရွာ၊ ကျွန်းတောင်စခန်းကုန်း၊ ဗန်းမောက်မြို့ ဗျူဟာကုန်း၊ အောင်သာကုန်းရွာစခန်းကုန်း၊ လွှစင်ကုန်း ဘုန်းကြီးကျောင်း၊ ဗန်းမောက်မြို့မစာသင်ကျောင်း၊ ဗန်းမောက်မြို့ ရဲစခန်း၊ မြနန္ဒာဘုန်းကြီးကျောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတတ်ရေး သင်တန်းကျောင်း (နသလ) အား တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်” လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ပါတယ်။

    တိုက်ပွဲအတွင်း စစ်အုပ်စုက ဂျက်တိုက်လေယာဉ်တွေနဲ့ ၁၀ ကြိမ် ဗုံးကြဲ တိုက်ခိုက်ပြီး ဒရုန်းနဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ တိုက်ခိုက်တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

    “ရန်သူ့ထံမှ G-3 (၂) လက်၊ Uzi (၁) လက်၊ AK (၁) လက်၊ ကျည်မျိုးစုံ (၁၂၈၇၆) တောင့်၊ ၁၂၀ မမ ဗုံးသီး (၂၈) လုံး၊ ၈၁ မမ ဗုံးသီး (၇) လုံး၊ ၆၀ မမ ဗုံးသီး (၁၄) လုံး၊ ဒရုန်းဗုံးသီးမျိုးစုံ (၁၀၀) လုံး၊ RPG (၁) လုံး၊ မျက်ရည်ယို ဗုံးသီး (၈၃) လုံး၊ 9Volt ကျည် (၇၀၂) တောင့်၊ အီနာဂါဗုံးသီး (၅၁) လုံး၊ နင်းမိုင်း (၃) လုံး၊ တိုက်မိုင်းမျိုးစုံ (၂၀) လုံး၊ ဖိုက်ဘာမိုင်း (၇) လုံး၊ ၉ မမ ကာဘိုင်ကျည် (၁၀) တောင့်၊ ကျည်အိမ်မျိုးစုံ (၂၉) ခုနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။ ရန်သူ့ဘက်မှ SNA ဗိုလ် (၁) ဦးအပါ အလောင်း (၇) လောင်းအား ရရှိခဲ့သည်။ ဗန်းမောက်မြို့သိမ်းတွင် မိမိတို့ဘက်မှ ရဲဘော် (၆) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး ရဲဘော် အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်” လို့ အမှတ် ၁ စစ်ဒေသရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုနဲ့ အမှတ် (၁) စစ်ဒေသ စစ်ဆင်ရေးမှူးနှင့် ကသာခရိုင် ကွပ်ကဲရေးမှူး ဦးစီး ကသာခရိုင် အမှတ် (၂၊ ၄၊ ၅) တပ်ရင်း၊ ကသာခရိုင် အမှတ် (၁၊ ၃) တပ်ရင်း ထုတ်နုတ်အဖွဲ့၊ ကသာခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပကဖ (ဗန်းမောက်မြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ကသာမြို့နယ်)၊ အမှတ် (၁) စစ်ဒေသမှ NCO သင်တန်းဆင်း စစ်ကြောင်း (၁၊ ၂)၊ အထူးလှုပ်ရှား တပ်ရင်းများ၊ အမှတ် (၁) လက်နက်ကြီး တပ်ရင်း၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ ဒရုန်းအဖွဲ့များ (ကသာခရိုင် တပ်ရင်း-၂၊ ကသာခရိုင် တပ်ရင်း-၄၊ MOD၊ အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင် ပကဖ) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    “လက်ရှိတွင် ဗန်းမောက်မြို့ဝန်းကျင်မှ ရန်သူများသည် ရွှေချောင်းရွာ၊ ပင်းဟင်းခါးရွာနှင့် သာယာကုန်းရွာတို့တွင် ကာကင်းထိုင်ထားပြီး အများစုမှာ ဗန်းမောက်မြို့နယ် မြောက်ဘက်ခြမ်းရှိ မံကုန်းရွာနှင့် အနောက်တောရွာသို့ ဆုတ်ခွာပူးပေါင်းသွားသည်” လို့ အမှတ် ၁ စစ်ဒေသက ဖော်ပြပါတယ်။

    ဗန်းမောက်မြို့ဟာ တော်လှန်ရေးအင်အားစုတွေ မြို့နယ်တစ်ခုလုံး သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပင်လည်ဘူးနဲ့ အင်းတော်မြို့နယ်တွေနဲ့ နယ်မြေချင်းတစ်ဆက်တည်းရှိပါတယ်။

    မြို့နယ်လေးမြို့နယ်နဲ့ ဖွဲ့စည်းထားတဲ့ ကသာခရိုင်ထဲမှာ ဗန်းမောက်မြို့နယ်လည်းပါဝင်ပြီး တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ အင်းတော်မြို့နယ်နဲ့ ထီးချိုင့်မြို့နယ်တို့လည်း ပါဝင်ပါတယ်။

    ကချင်ပြည်အစပ်မှာတည်ရှိတဲ့ ဗန်းမောက်မြို့ဟာ မြို့ပေါ်ရပ်ကွက်လေးရပ်ကွက်နဲ့ မြို့နေလူဦးရေ ၈၅၀၀ ကျော်နေထိုင်တဲ့မြို့ဖြစ်ပါတယ်။

    Photo – အမှတ် ၁ စစ်ဒေသ

  • မန္တလေးတွင် ရွေ့လျားမီးပွိုင့် စတင်အသုံးပြု

    မန္တလေးတွင် ရွေ့လျားမီးပွိုင့် စတင်အသုံးပြု

    အင်အားပြင်း မြေငလျင်ဒဏ်ခံခဲ့ရတဲ့ မန္တလေးမြို့ပေါ်မှာ ရွေ့လျားမီးပွိုင့်တွေ စတင်အသုံးပြုနေပြီလို့ မြို့ခံတွေထံက သိရပါတယ်။

    ငလျင်ကြောင့် မြို့တွင်းကမီးပွိုင့်တွေ ပျက်စီးမှုရှိခဲ့တာနဲ့ လျှပ်စစ်မီး ပြတ်တောက်ချိန်မှာ ယာယီအသုံးပြုနိုင်ဖို့ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီက ဒီဇိုင်းရေးဆွဲ စမ်းသပ်ခဲ့တာလို့လည်း သိရပါတယ်။

    ဒီရွေ့လျားမီးပွိုင့်တွေကို မန္တလေးမြို့ရဲ့ အဓိကလမ်းမကြီးတွေပေါ်က ယာဉ်ကြောပိတ်ဆို့တတ်တဲ့ မီးပွိုင့်တွေမှာ ကနဦး စတင်အသုံးပြုမှာဖြစ်တယ်လို့ မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီက အသိပေးထားပါတယ်။

    ဒါပေမဲ့ မန္တလေးမြို့ခံတွေအနေနဲ့ ယာဉ်ကြောပိတ်ဆို့မှုကို နားလည်မှုနဲ့သာ ဖြေရှင်းကြတာဖြစ်လို့ ဒီလို ရွေ့လျားမီးပွိုင့် အသုံးပြုမှုဟာလည်း ထူးခြားတဲ့ ဖြေရှင်းမှုတခု ဖြစ်လာမှာမဟုတ်ဘူးလို့ မန္တလေးမြို့ခံတယောက်က ပြောပါတယ်။

    “မန္တလေးက မုန့်ဟင်းခါး အဆစ်တောင်းသလို မီးပွိုင့်လည်း အဆစ်တောင်းတယ်။ နီနေလည်း နောက်က ၅ စီးလောက်က လိုက်ဖြတ်တာပဲ။ သူ့ဟာနဲ့သူ ပြီးမှ ပြန်တည့်သွားတာ။ အဲဒါပဲ၊ ခုနက ရွေ့လျားမီးပွိုင့်လုပ်လည်း ၇၈၊ သိပ္ပံပွိုင့်လောက်ကလွဲလို့ ကျန်တဲ့ဟာတွေက ဘာမှထူးခြားမှု မရှိဘူး။ အဲဒီနားကတော့ ထူးခြားနိုင်တယ်။”

    ရွေ့လျားမီးပွိုင့်တွေကို အနိမ့်၊ အမြင့်နဲ့ အလယ်အလတ် ဆိုပြီး အမျိုးအစား ၃ မျိုး စီစဉ်ထားကာ အဓိက ယာဉ်ကြောပိတ်ဆို့မှုဖြစ်တဲ့ သိပ္ပံလမ်းနဲ့ ၆၆ လမ်း လမ်းဆုံမှာ စတင်အသုံးပြုမယ်လို့ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတယောက်က ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ပြောထားပါတယ်။

    မန္တလေးမြို့မှာ ယာဉ်ကြောပိတ်ဆို့မှု အဖြစ်ဆုံးနေရာဟာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးရှိတဲ့ သိပ္ပံလမ်းနဲ့ ၇၈ လမ်း မီးပွိုင့်မှာ အကြီးမားဆုံးဖြစ်ပြီး ကျန်နေရာတွေမှာ နားလည်မှုနဲ့ပဲ ဖြေရှင်းကြတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

    မန္တလေးမြို့ခံတယောက်က “ကညနရုံးက ညာဘက်မှာ ကားတန်းစီတဲ့ လမ်းကြောတကြောက ယူထားတော့ မီးပျက်ပြီဆိုတာနဲ့ အရှေ့ဘက်ကနေ ၇၈ ဘက် ထွက်တဲ့ဟာတွေက အကုန် အဲဒီမှာသွားဆို့တာ။ ပြီးတော့ ၇၈ ပွိုင့်ကြီးကလည်း မီးပျက်ပြီဆိုရင် အကုန်လုံး မန္တလေးမြို့မှာ အဲဒီကောင်က ယာဉ်ကြောပိတ်တာ အဲဒီနေရာပဲ။ ကျန်တဲ့နေရာက မဖြစ်ဘူး။ ကျန်တဲ့နေရာက နားလည်မှုနဲ့သွားကြတာ” လို့ ပြောပါတယ်။

    မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကတော့ အခုလို လုပ်ဆောင်တာဟာ မြို့တွင်းက ယာဉ်ကြောကျပ်တည်းတာတွေကို ယာယီဖြေရှင်းဖို့နဲ့ ပြည်သူတွေ ယာဉ်အန္တရာယ်ကင်းအောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် ငလျင်ဗဟိုချက်နဲ့ အနီးဆုံးဖြစ်တဲ့ မန္တလေးမြို့ပေါ်မှာ တိုက်တာအဆောက်အအုံတွေ၊ သာသနိကအအောက်အအုံနဲ့ စေတီပုထိုးတွေအပြင် မီးပွိုင့်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

  • ပုသိမ်တွင် စစ်တပ်က တပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းဖြင့် ထွက်ပြေး

    ပုသိမ်တွင် စစ်တပ်က တပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းဖြင့် ထွက်ပြေး

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်ထဲမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်က တပ်ကြပ်အဆင့်ရှိသူတယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ထွက်ပြေးသွားလို့ အင်အားအများအပြားနဲ့ လိုက်ရှာဖွေနေတယ်လို့ စစ်ဌာနချုပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။

    စက်တင်ဘာ ၂၀ ရက် ည ၈ နာရီဝန်းကျင်က အနောက်တောင်တိုင်း စစ်ဌာနချုပ် တပ်ဝင်းထဲမှာ ကင်းစောင့်တာဝန်ကျနေတဲ့ တပ်ကြပ်တယောက် လက်ပစ်ဗုံး ၅ လုံးနဲ့ သေနတ်တလက် ယူဆောင်ကာ ထွက်ပြေးသွားတာလို့ သိရပါတယ်။

    အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူက “ကင်းစောင့်နေရင်း ထွက်ပြေးတာ။ ညတွင်းချင်း လိုက်ရှာတာ။ အမှတ် ၁ ကြိုးတံတားကနေ ရွှေမြင်တင်ဘက် ပြေးသွားတယ်ဆိုပြီး အသည်းအသန် လိုက်ရှာဖွေနေတာ။ ဒီနေ့ ဖမ်းမမိသေးပါဘူး” လို့ ပြောပါတယ်။

    ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ကြပ်ကို အနောက်တောင်တိုင်း စစ်ဌာနချုပ်က အရာရှိတွေ၊ ရေတပ်အရာရှိတွေနဲ့ ရဲတွေ အင်အား ၂၀ လောက်နဲ့ စက်တင်ဘာ ၂၀ ရက်နဲ့ ၂၁ ရက်အထိ အသည်းအသန် လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

    ပုသိမ်မြို့ခံတယောက်က “ပုသိမ်ကြိုးတံတားအနား၊ ကမ်းနားဆိပ်ကမ်း၊ ရေပေါ်ဈေး နေရာတွေမှာ လာစစ်ဆေး ရှာဖွေနေတာ။ အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူ့စစ်တွေပါ ဝိုင်းရှာနေတာ။ အနောက်တောင်တိုင်း စစ်ဌာနချုပ်က ထွက်ပြေးခဲပါတယ်” လို့ ပြောပါတယ်။

    ဧရာဝတီတိုင်းမှာ အခြေစိုက်တဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်ကနေ တပ်ကြပ်အဆင့်ရှိသူ တယောက်ထွက်ပြေးတာဟာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။

    မတ် ၄ ရက်ကလည်း ဧရာဝတီတိုင်း၊ ပုသိမ် ရွှေမြင်တင် အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးကျောင်း (တကက-၆) ကနေ စစ်မှုထမ်းတပ်သား ၆ ယောက် ထွက်ပြေးခဲ့သေးတယ်လို့ သိရပါတယ်။

    ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ပုသိမ် ရွှေမြင့်တင် စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်း အမှတ် ၆ မှာ သင်တန်းတက်နေတဲ့ အသက် ၁၉ နှစ်အရွယ် စစ်မှုထမ်း တပ်သားသစ် မောင်ဝိုင်းလေး ထွက်ပြေးသွားတာကြောင့် စစ်ကောင်စီတပ်ကရှာဖွေကာ ပြန်လည်ဖမ်းဆီးရမိပြီးနောက် စစ်ကောင်စီတပ်သားတွေရဲ့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

  • ဖားကန့်တွင် ဒေသခံ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

    ဖားကန့်တွင် ဒေသခံ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

    ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်မှာ စက်တင်ဘာ ၂၀ ရက် ညနေပိုင်းက လက်နက်ကိုင်လူတစုက ဒေသခံ အမျိုးသား ၂ ယောက်ကို ပစ်သတ်သွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    လုံးခင်းနဲ့ မှော်ဆီစာရွာ အစပ်နားမှာ အမျိုးသားတယောက် ပစ်သတ်ခံခဲ့ရပြီး မှော်ဆီစာရွာအတွင်းမှာ နောက်ထပ် အမျိုးသားတယောက် ပစ်သတ်ခံထားရကာ အရပ်ဝတ်နဲ့ လက်နက်ကိုင်လူတစုက ဆိုင်ကယ်နဲ့ လာရောက်ပစ်သတ်သွားခဲ့တာလို့ ဆိုပါတယ်။

    ဘယ်အဖွဲ့အစည်းက ဘာရည်ရွယ်ချက်နဲ့လုပ်လဲ ဆိုတာကိုတော့ ဒေသခံတွေအနေနဲ့ မသိရှိကြဘူးလို့ ပြောပါတယ်။

    ဒေသခံတယောက်က “ဒီကိစ္စတွေက ရှုပ်ထွေးတယ်ဗျ။ KIA က သတင်းရလို့ ပစ်ခတ်တာ ဖြစ်နိုင်သလို စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေကလည်း KIA နဲ့ တော်လှန်ရေးအဖွဲ့တွေကို ပုံဖျက်ဖို့အတွက် လုပ်တာလည်း ဖြစ်နိုင်တယ်။ နယ်မြေပိုရှုပ်ထွေးအောင် ကြားကနေ လုပ်တာလည်း ဖြစ်နိုင်တယ်။ ဒီဘက်တွေမှာ လက်နက်ကိုင်တွေ တအားရှုပ်ထွေးနေတာဆိုတော့ ခန့်မှန်းရတော့ ခက်ခဲပါတယ်” လို့ ပြောပါတယ်။

    စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ မိုးကောင်းမြို့မှာ အင်အားစုဖွဲ့ကာ ဖားကန့်မြို့ကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် လမ်းမှာ စစ်ကြောင်းနဲ့တွေ့ပြီး သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ ရှိသလို အခုနောက်ပိုင်း အမည်မသိ လက်နက်ကိုင်သူတွေက ဒေသခံတွေကို ပစ်ခတ်သတ်ဖြတ်မှုတွေ ပိုများလာတယ်လို့ ဆိုပါတယ်။

    လက်ရှိချိန်မှာ ဖားကန့်မြို့ဟာ လုံခြုံရေးအကင်းမဲ့ဆုံး အချိန်ကို ရောက်နေပြီလို့ ဖားကန့်ဒေသခံတယောက်က ပြောပါတယ်။

    “ဖားကန့်မှာ လုံခြုံမှုက လုံးဝမရှိတော့ဘူး။ ဒီမှာက တော်လှန်ရေးနဲ့ စစ်တပ်ကပဲ လက်နက်ကိုင်ထားတာ မဟုတ်ဘူး။ သူခိုး၊ ဓားပြတွေကအစ သေနတ်တွေကိုင်ထားကြတာ ဆိုတော့ ကြောက်ရတယ်။ ဒီရက်တွေမှာလည်း လူပစ်သတ်ခံရတာ ခဏခဏ ဖြစ်နေတယ်။ ဘယ်သူက ဘယ်သူ့ကို ဘာလို့ပစ်တယ် ဆိုတာမျိုးလည်း မသိရဘူး။ စစ်တပ်ကလား၊ တော်လှန်ရေးကလား၊ ဓားပြလား မသိရဘူး။ ဖားကန့်မှာက ဘယ်သူမဆို အချိန်မရွေး သတ်ဖြတ်ခံရနိုင်တဲ့ အခြေအနေ ဖြစ်နေပြီ။”

    ဖားကန့်မြို့မှာ အမည်မသိ လက်နက်ကိုင်တွေရဲ့ သတ်ဖြတ်မှုတွေ ရှိနေသလို စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲအတွင်းနဲ့ လေကြောင်း၊ လက်နက်ကြီးကြောင့် အရပ်သား သေဆုံးထိခိုက်မှုတွေလည်း နေ့တိုင်းလို ရှိနေတာပါ။

    စက်တင်ဘာ ၁၇ ရက်မှာ KIA ပူးပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဆိပ်မူကျေးရွာအုပ်စုထဲက ဆန်းကြွယ်ရွာကို စစ်ကောင်စီတပ်တွေ ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ဆိပ်မူအုပ်စုထဲက တခြားရွာတွေဘက်ကို ဆက်ပြီး စစ်ကြောင်းထိုးနေသလို လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းနဲ့ တိုက်ခိုက်တာကြောင့် ကလေးအပါအဝင် ၃ ယောက် သေဆုံးခဲ့ပါတယ်။