စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့ကို သိမ်းပိုက်ပြိးနောက် မြို့သိမ်းတိုင်ပွဲနဲ့အတူ သိမ်းပိုက်ရရှိခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့အတူ အမှတ်(၁) စစ်ဒေသက စက်တင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
ဗန်းမောက်မြို့ကို တော်လှန်ရေးအင်အားစုတွေက စက်တင်ဘာလ ၁၅ ရက်ကနေ ၂၀ အထိ ခြောက်ရက်ကြာတိုက်ခိုက်ပြီးနောက် ကသုံးလုံးဒေသအတွင်းက တတိယမြောက် မြို့နယ်အဆင့်ရှိတဲ့မြို့ကို သိမ်းပိုက်ရရှိခဲ့တာပဲဖြစ်ပါတယ်။
ဗန်းမောက်မြို့ကို ရဉ်ထွန်း (ဗျူဟာမှူး) ဦးစီး SNA တပ်မဟာ (၆၁၄၊ ၉၇၂)၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား (၄၀၀) ခန့် အခြေချနေထိုင်ချထားတဲ့ မြစ်သေးချင်းရွာ ကာကင်းကုန်း၊ မြစ်သေးချင်းရွာ၊ တာဝါတိုင်ကုန်း၊ အောင်ကမ္ဘာသိန်း KTV၊ ကျွဲကောကုန်းရွာ၊ မြစ်သေးချင်းရွာ ဘုန်းကြီးကျောင်း၊ ဒန်ဘို ဆီဆိုင်၊ ဘန်ဂလိုကုန်း၊ နားယကာရွာ၊ စက်တောရွာ၊ ကျွန်းတောင်စခန်းကုန်း၊ ဗန်းမောက်မြို့ ဗျူဟာကုန်း၊ အောင်သာကုန်းရွာစခန်းကုန်း၊ လွှစင်ကုန်း ဘုန်းကြီးကျောင်း၊ ဗန်းမောက်မြို့မစာသင်ကျောင်း၊ ဗန်းမောက်မြို့ ရဲစခန်း၊ မြနန္ဒာဘုန်းကြီးကျောင်း၊ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတတ်ရေး သင်တန်းကျောင်း (နသလ)တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုနဲ့ အမှတ် (၁) စစ်ဒေသ စစ်ဆင်ရေးမှူးနဲ့ ကသာခရိုင် ကွပ်ကဲရေးမှူး ဦးစီး ကသာခရိုင် အမှတ် (၂၊ ၄၊ ၅) တပ်ရင်း၊ ကသာခရိုင် အမှတ် (၁၊ ၃) တပ်ရင်း ထုတ်နုတ်အဖွဲ့၊ ကသာခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပကဖ (ဗန်းမောက်မြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ကသာမြို့နယ်)၊ အမှတ် (၁) စစ်ဒေသမှ NCO သင်တန်းဆင်း စစ်ကြောင်း (၁၊ ၂)၊ အထူးလှုပ်ရှား တပ်ရင်းများ၊ အမှတ် (၁) လက်နက်ကြီး တပ်ရင်း၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ ဒရုန်းအဖွဲ့များ (ကသာခရိုင် တပ်ရင်း-၂၊ ကသာခရိုင် တပ်ရင်း-၄၊ MOD၊ အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင် ပကဖ) အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲကနေ G-3 (၂) လက်၊ Uzi (၁) လက်၊ AK (၁) လက်၊ ကျည်မျိုးစုံ (၁၂၈၇၆) တောင့်၊ ၁၂၀ မမ ဗုံးသီး (၂၈) လုံး၊ ၈၁ မမ ဗုံးသီး (၇) လုံး၊ ၆၀ မမ ဗုံးသီး (၁၄) လုံး၊ ဒရုန်းဗုံးသီးမျိုးစုံ (၁၀၀) လုံး၊ RPG (၁) လုံး၊ မျက်ရည်ယို ဗုံးသီး (၈၃) လုံး၊ 9Volt ကျည် (၇၀၂) တောင့်၊ အီနာဂါဗုံးသီး (၅၁) လုံး၊ နင်းမိုင်း (၃) လုံး၊ တိုက်မိုင်းမျိုးစုံ (၂၀) လုံး၊ ဖိုက်ဘာမိုင်း (၇) လုံး၊ ၉ မမ ကာဘိုင်ကျည် (၁၀) တောင့်၊ ကျည်အိမ်မျိုးစုံ (၂၉) ခုနဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်အုပ်စုနဲ့ SNA ဘက်က ဗိုလ် တစ်ဦးအပါ အလောင်းခုနှစ်လောင်းအား ရရှိခဲ့ပြီး တော်လှန်ရေးအင်အားစုတွေ ဘက်ကတော့ ခြောက်ဦး ကျဆုံးတယ်လို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
စစ်အုပ်စုနဲ့ SNA အဖွဲ့ဟာ ဗန်းမောက်မြို့ဝန်းကျင်ကနေ ရွှေချောင်းရွာ၊ ပင်းဟင်းခါးရွာနဲ့ သာယာကုန်းရွာတို့မှာ ကာကင်းထိုင်ထားပြီး အများစုမှာ ဗန်းမောက်မြို့နယ် မြောက်ဘက်ခြမ်းရှိ မံကုန်းရွာနဲ့အနောက်
တောရွာဘက်ကို ဆုတ်ခွါထွက်ပြေးသွားပြီဖြစ်တယ်လို့ ဆိုပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ရဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှာ NUG အနေနဲ့ တိုက်ရိုက်ကွပ်ကဲနေပြီး KIA အနေနဲ့ ပါဝင်တာမျိုး မရှိဘူးလို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေစဉ်မှာ ဒေသခံနှစ်ထောင်ကျော် ဗန်းမောက်မြို့မှာ ပိတ်မနေပြီးနောက် တစ်ထောင်ကျော်ကိုတော့ တော်လှန်ရေးအင်အားစုတွေက တိုက်ပွဲလွတ်ကင်းရာကို ရွှေ့ပြောင်းထားပြီး ကျန်ဒေသခံတွေကတော့ မြို့အနောက်ခြမ်းကို ရှောင်ပြေးသွားတယ်လို့ ဆိုပါတယ်။


Leave a Reply