Category: News

  • ရွာကိုသွား၍ ရိက္ခာရှာရန် ကြိုးစားမှု PDF များတိုက်ခိုက်၍ပြန်ဆုတ်

    ရွာကိုသွား၍ ရိက္ခာရှာရန် ကြိုးစားမှု PDF များတိုက်ခိုက်၍ပြန်ဆုတ်

    ထီးလင်းမြို့ထဲမှစစ်တပ် ရွာကိုသွား၍ ရိက္ခာရှာရန် ကြိုးစားမှု PDF များတိုက်ခိုက်၍ပြန်ဆုတ်

    ထီးလင်းမြို့နှင့် ၂ မိုင်ခန့်အကွာရှိ ရွာအချို့ကို စစ်တပ်စစ်ကြောင်းက ဝင်ရောက်ရန်ကြိုးစားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်များ၏ ဟန့်တားမှုကြောင့် ပြန်ဆုတ်ခွာသွားကြောင်း သတင်းရရှိသည်။

    ထီးလင်းမြို့ပေါ်တွင်တပ်စွဲထားသော စစ်​​ကောင်စီတပ်စစ်ကြောင်းကပုဏ္ဏားရွာနှင့် သရခါရွာကိုဝင်ရောက်ရန်ကြိုးစားနေခြင်းဖြစ်သည်။

    “ရိက္ခာရှာထွက်တာ။ ပုဏ္ဏားရွာကိုဝင်ဖို့ကြိုးစားတာ။ ဝင်မလာဘဲ လက်နက်ကြီးနဲ့ ရမ်းပစ်သွားတာ။ ဟိုတနေ့ကလည်း သရခါရွာကို အဲ့လိုပဲ ဝင်ဖို့ကြိုးစားပြီး ပြန်ဆုတ်သွားတယ်။ ရိက္ခာလုဖို့ ကြိုးစားတာပါ” ဟု​ဒေသခံတဦးက​ပြောသည်။

    အင်အား ၃၀ ခန့်ရှိ‌သော စစ်တပ်စစ်ကြောင်းသည် ပုဏ္ဏားရွာအနီးကိုစက်တင်ဘာလ ၂၁ ရက် နံနက် ၄ နာရီခန့်ကဝင်လာပြီးနံနက် ၈နာရီခန့်တွင် ပြန်ဆုတ်သွားခြင်းဖြစ်သည်။

    သရခါရွာကိုလည်း စက်တင်ဘာလ ၁၉ ရက်က ဝင်ရန်ကြိုးစားခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

    ပုဏ္ဏားရွာနှင့် သရခါရွာသည် ထီးလင်းမြို့နှင့် ၂ မိုင်ခန့်သာကွာဝေးသည်။

    “ရွာတွေနားကိုရောက်လာတယ်။သူတို့ မဝင်ရဲတော့ ပြန်ဆုတ်တယ်။လက်နက်ကြီးတွေရမ်းပစ်ပြီး ဆုတ်သွားတာပဲ” ဟု ဒေသခံတစ်ဦးကပြောသည်။

    စစ်တပ်စစ်​ကြောင်းများမှာ ရိက္ခာရှာသည်ဆိုခြင်းမှာ​ဒေသခံများထံမှ ရိက္ခာဝယ်ယူခြင်းထက်လက်နက်အားကိုးဖြင့် လုယက်ခြင်း၊​​ ဖောက်ထွင်းခိုးယူခြင်းမျိုးကိုသာအဓိကလုပ်​လေ့ရှိ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

    ထီးလင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်ရင်းအခိုင်အမာမရှိဘဲ ဖွဲ့စည်းပုံပျက်နေသည့်တပ်ရင်းများမှစုပေါင်းထားသည့် စစ်ကြောင်းအချို့သာရှိနေ
    သည်။

    မြို့ပေါ်ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၈ အုပ်စုနှင့် ရွာပေါင်း ၉၃ ရွာရှိပြီး စစ်ကောင်စီကမြို့ပေါ်ရှိ ရွှေထီးခန်းမနှင့် ဌာနဆိုင်ရာရုံးအချို့၊ ရေမျက်နီရွာ၌သာ တပ်စွဲထားနိုင်သည်။

    ထိုနေရာများကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကရိက္ခာလမ်းကြောင်းဖြတ်တောက်ထားသည်။

    ထို့ကြောင့် စစ်တပ်စစ်ကြောင်းများသည် မြို့နှင့် ၅မိုင်ခန့်အတွင်းရှိ ရွာများကို ဝင်ရောက်ပြီး ရိက္ခာလုယူရန် မကြာခဏကြိုးစားနေပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကလည်း တိုက်ခိုက်ရှင်းလင်းနေရကြောင်း သတင်းရရှိသည်။

    စစ်အုပ်စုက မကွေးတိုင်းအတွင်း ၎င်းတို့အပြည့်အဝမထိန်းချုပ်နိုင်တော့သည့်မြို့နယ်ငါးခုကိုအရေးပေါ်အခြေအနေကြေညာထားရာ ယောဒေသမှ
    ထီလင်းမြို့နယ်နှင့် ဆောမြို့နယ်လည်းပါဝင်နေသည်။

    (ထီးလင်း​ဒေသမှ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-ထီးလင်းPDF )

  • စစ်ကောင်စီရွေးကောက်ပွဲ အစွမ်းရှိသမျှဆန့်ကျင်ကြရန် KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌ တိုက်တွန်း

    စစ်ကောင်စီရွေးကောက်ပွဲ အစွမ်းရှိသမျှဆန့်ကျင်ကြရန် KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌ တိုက်တွန်း

    ပြည်သူတရပ်လုံး စစ်ကောင်စီရွေးကောက်ပွဲ အစွမ်းရှိသမျှဆန့်ကျင်ကြရန် KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌ တိုက်တွန်း

    အာဏာသိမ်း စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက်ဖြစ်၍ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် အကျိုးဆက်ကိုတွက်ကာ ပြည်သူတရပ်လုံးက နည်းမျိုးစုံဖြင့် ဆန့်ကျင်ကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောလစ္စတန်က တိုက်တွန်းပြောကြားသည်။

    စစ်ကောင်စီ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး KNU တပ်မဟာ(၆) ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောလစ္စတန်၏ သဘောထား ပြောကြားမှုကို KNU ဗဟိုက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    “စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ သူတို့ သက်ဆိုးရှည်ရေးပေါ့။ သူတို့ဆိုတာက ဒီ စစ်ကော်မရှင် စစ်အာဏာရှင်တွေရဲ့ သက်ဆိုးရှည်ရေးနဲ့ ရှေ့ဆက်ပြီးတော့ နိုင်ငံတော် ခြယ်လှယ်မယ့် တရားဝင် ဖြစ်ရေးပေါ့။သူတို့အတွက်ထွက်ပေါက်။ တဖက်က ထွက်ပေါက်ဖြစ်သလို တဖက်ကလည်း ပြည်သူလူထုအတွက် ထောင်ခြောက်ပေါ့။ ကျနော်တို့ တော်လှန်ရေးရေးဘက်က ကြည့်ရင်လည်း ထောင်ခြောက်အနေနဲ့ပေါ့။ သူ့ရဲ့ ထွက်ပေါက်အနေနဲ့ မဖြစ်မနေ ပြုလုပ်ရတဲ့ ပွဲပဲလို့ မြင်တယ်” ဟု ပဒိုစောလစ္စတန်က ပြောကြားသည်။

    မြန်မာပြည်တွင် စစ်အာဏာရှင်များ၏ အုပ်ချုပ်မှုကို ကြည့်ပါက ၁၉၆၂ ဦးနေဝင်း အာဏာသိမ်းချိန်မှ လက်ရှိ မင်းအောင်လှိုင်လက်ထက်အထိ အများပြည်သူ၏ ဆန္ဒအစစ်အမှန်မဟုတ်ဘဲ စစ်အုပ်ချုပ်ရေးသားဖြစ်ကြောင်း၊ ဦးနေဝင်း ခေတ်မှ မင်းအောင်လှိုင်ခေတ်အထိတည်တည်ငြိမ်ငြိမ် မဖြစ်၊ ဖွံဖြိုးတိုးတက်မှုမရှိခဲ့ကြောင်း ၎င်းက ပြောသည်။

    ” ဦးကိုနီစကားကို ငှားသုံးရင်တော့ သူလည်းအသက်ပေးပြီး ပြောသွားခဲ့တာ ပဲနော်။ ဆိုတော့ ဒီစစ်တပ်ကြောင့် တိုင်းပြည် တိုးတက်သွားတာ မရှိဘူး။ ဆုတ်ယုတ်ဆင်းရဲသွားတာပဲရှိတယ်ဆိုတာမျိုးပေါ့ နော်။ အဲဒီတော့ အဲဒီလို အနေအထားမျိုးကို ကျနော်တို့က အားပေးသလိုဖြစ်နေမှာ” ဟု ပဒိုစောလစ္စတန်က စစ်ကောင်စီ ရွေးကောက်ပွဲ ကို ဆန့်ကျင်ရန်လိုအပ်မှုကို ပြောသည်။

    တနိုင်ငံလုံးက မထောက်ခံသည့်တိုင် စစ်တပ်သည် ၎င်းတို့ ကို အားပေးသူများ ခရိုနီများ၊ ဆွေမျိုးတော်စပ်သူ နီးစပ်သူများ ကို ဆွဲခေါ်ပြီး စစ်တပ် ဖြစ်စေချင်သည့် အခြေအနေအတိုင်း အကောင်အထည်ဖော်နေသည်ဟု KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌက ပြောသည်။

    “သူတို့ မိုက်တယ်ဆိုတာ စနစ်တကျ ဇယားချပြီး မိုက်တဲ့ လူမိုက်မျိုး ဆိုတော့ စနစ်တကျပဲ သူက သူ့အဖွဲ့အစည်းကို အမျိုးမျိုးပြောင်းလဲဖွဲ့စည်းတယ်။ ဒါပေမဲ့ ဒီလူက ဒီလူပါပဲ” ဟု ပဒိုစောလစ္စတန်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မင်းအောင်လှိုင်ကို အာဏာလွှဲပေးသည့် လုပ်ရပ်အပေါ် ပြောပြသည်။

    စစ်တပ်သည် ၄င်းတို့ ထွက်ပေါက်ဖြစ်သည့် နိုင်ငံတကာ ထောက်ခံမှုရအောင် လုပ်ဆောင်နေချိန် ပြည်တွင်းကိုမူ ဖိနှိပ်ထားသည်ဟု ဆိုသည်။

    ပြည်သူလူထုကို အကျပ်အတည်းဖြစ်စေရန် ဥပဒေများသုံး ဖိနှိပ်ထားကြောင်း ၎င်းက ဆိုသည်။

    “ပြည်သူလူထုအကျပ်အတည်းကို ကျနော်တို့က သဘောပေါက်ပါတယ်။ သို့သော်လည်းပဲ အဲဒီ အကျပ်အတည်းကို သိပြီးတော့ အမှန်မှာ ပိုပြီး သိရမှာက ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကို ပြည်သူလူထုကြီးက သိဖို့လိုတယ်” ဟု ပဒိုစောလစ္စတန်က ပြောသည်။

    ပြည်သူများအနေဖြင့် တိုင်းပြည် သမိုင်းနောက်ခံကို ပြန်ကြည့်ပြီး စစ်ကောင်စီ ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို ကြိုတွေးရန် ၎င်းက တိုက်တွန်းသည်။

    “သူ့ရဲ့အုပ်ချုပ်မှုကို အသိအမှတ်ပြုသလိုမျိုး မဲဆန္ဒပေးမိတယ်ဆိုရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်က ကိုယ့်ပဲ ကိုယ်နိုင်ငံသူ နိုင်ငံသားတွေပဲ ပြန်ခံရမှာ။ ပြောချင်တာက ကိုယ့်ကိုယ်ကို ပြန်သတ်မိသလို ကိုယ့်ရဲ့နိုင်ငံသူ နိုင်ငံသား အားလုံးကိုလည်းဒုက္ခသုက္ခရောက်အောင် ပေးမိတဲ့ ဆန္ဒသဘောထားတခုအနေနဲ့သာလျင်ပါသွားမယ်ဆိုတာကို သတိချပ်ပြီးတော့ အဲဒါကို ကန့်ကွက်မယ် ကိုယ့်ရဲ့ နည်းပရိယာယ် အစွမ်းရှိသမျှတော့ ကိုယ်ကတော့ဆန့်ကျင်ပြီးတော့ မဲမပေးဘူး ၊ မဲပေးခြင်းကို အားမပေးဘူး အဲဒီလိုဖြစ်အောင်တော့ ဆောင်ရွက်စေချင်တဲ့ ကျနော့်သဘောထားရှိတယ်” ဟု KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌက ပြောသည်။

    နိုင်ငံရေးအမြှော်အမြင်ရှေ့ရေးကို ကြို တွက်ပြီး စစ်ကောင်စီ ရွေးကောက်ပွဲ အားမပေးခြင်းက အကောင်းဆုံးဖြစ်ဟု ၎င်းက ပြောသည်။

    KNU ဗဟိုက စစ်ကောင်စီ ရွေးကောက်ပွဲကို လက်မခံကြောင်း ထုတ်ပြန်ပြီးနောက် KNU ခရိုင် တပ်မဟာ များကလည်း ၎င်းတို့အနေဖြင့် ဗဟို၏ သဘောထားအတိုင်း ရပ်တည်မည်ဖြစ်ကြောင်း အသိပေးကာ စစ်ကောင်စီ၏ ရွေးကောက်ပွဲ ပူးပေါင်းပါဝင်ဆောင်ရွက်သူများကို အရေးယူမည်ဟု ကြေညာထားသည်။

    (KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောလစ္စတန်အား တွေ့ရစဉ်။ ဓာတ်ပုံ − KNU)

  • မိုးကုတ်မီလီယံနာသူကြွယ်ကြီးယောဆက် ၁၄ နှစ်ကျော်အိမ်တွင်းအကြမ်းဖက်မှု သမီးဖြစ်သူဖွင့်ချ

    မိုးကုတ်မီလီယံနာသူကြွယ်ကြီးယောဆက် ၁၄ နှစ်ကျော်အိမ်တွင်းအကြမ်းဖက်မှု သမီးဖြစ်သူဖွင့်ချ

    ကျောက်သူဌေးကြီး ယောဆက်ဆိုလျှင် တနိုင်ငံလုံးမသိသူမရှိကြပေ။

    သူသည်လီဆူအမျိုးသား ကျောက်မျက် ရတနာသူကြွယ်ကြီး၊ရန်ကုန် ဗဟန်းမြို့နယ်နှင့် ပတ္တမြားမြေ မိုးကုတ်မြို့ရှိရွှေလိပ်ပြာ ဟိုတယ်များ၏ပိုင်ရှင်ဖြစ်သည်။

    ဦးယောဆက်သည် နဝတခေတ်တွင် ကျောက်လုပ်ငန်းဖြင့်အလွန်ကြီးပွားချမ်းသာလာပြီး မိုးကုတ်မြို့၏လက်တဆုပ်စာထိပ်သီးသူကြွယ်စာရင်းဝင်ဖြစ်သည်။

    ဦးယောဆက်သည် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များ အသင်း(MEEA)၏ ဥက္ကဋ္ဌ တာဝန်ယူဖူးသည်။

    ယနေ့ စက်တင်ဘာ ၂၀ ညပိုင်းတွင် ဦးယောဆက်၏သမီးဖြစ်သူ ဂျူလီယာဆက်က ဖခင်ဖြစ်သူ၏ ဆယ်စုနှစ်ကြာ အိမ်တွင်းအကြမ်းဖက်မှု ကိုဖွင့်ချလာသည်။ ဦးယောဆက်သည် ဇနီးဖြစ်သူနှင့် သားသမီးများ ကိုအကြမ်းဖက်ရိုက်နှက် သူဖြစ်ကြောင်း လူမှုကွန်ရက်တွင် ဗီဒီယိုဖိုင်နှင့်တကွ ဖွင့်ချလာခဲ့သည်။

    ဂျူလီယာဆက်သည် ဖက်ရှင်လောကတွင် ကာလာပညာရှင်၊ အရောင်ပညာရှင် (Image consultant)အဖြစ် နာမည်ရလာသည့်အမျိုးသမီးငယ်ဖြစ်သည်။

    “ ၂၀၁၁ ကနေ ၂၀၂၅ အထိ ၁၄ နှစ်တိုင်တိုင်ပါ။ ကလေးဘဝမှာ ဘာမှမကယ်နိုင်ပဲ အမေအရိုက်ခံရတာကိုကြည့်ပြီးကူရာမဲ့ဖြစ်ခဲ့ ကြိုးစားပြီးအခုကိုယ့်ဟာကိုပိုက်ဆံရှာနိုင်မှဇူလိုင် ၂၀၊၂၀၁၅ မခံနိုင်လို့ အိမ်ပေါ်ကနေ အမေကိုရအောင်ကယ်ထုတ်ပြီး သားအမိသုံးယောက်ထွက်ပြေးခဲ့တာပါ.. ရိုက်နှက်ခံထားရတဲ့သက်သေတွေလဲရှိပါတယ် ဒီ video က ကျွန်မအဖေရိုက်လို့ခံခဲ့ရတဲ့ video တစ်ခုကိုတင်လိုက်တာပါ” ဟု ဂျူလီယာဆက်ကရေးသားခဲ့သည်။

    အထက်ပါအကြောင်းအရာကို အတည်ပြုရန် ရွှေလိပ်ပြာဟော်တယ်နှင့် မိုးကုတ်မြို့မှ နီးစပ်သူများကို စုံစမ်းခဲ့သော်လည်း တိကျစွာ အတည်ပြုနိုင်ခြင်းမရှိပါ။

    သို့သော် ဦးယောဆက်နှင့် ဂျူလီယာဆက်မှာ သားအဖ တော်စပ်ကြောင်းကိုအတည်ပြုနိုင်ခဲ့သည်။

    ဦးယောဆက်သည် အသက် ၆၈ နှစ်ရှိပြီဖြစ်ပြီး နောက်ပိုင်းကာလများတွင် မြန်မာနိုင်ငံ၏ ထိပ်သီးသူကြွယ်စာရင်းမှ ဖယ်ပေးခဲ့ရသည်။

    သူ၏နောက်တွင် ခရိုနီသူဌေးများစွာနေရာယူလာပြီး စစ်တပ်နှင့်ပလဲနံသင့်သော ဦးတေဇနှင့်ဦးအောင်ကိုဝင်း တို့က ပို၍ကျော်ကြားလာခဲ့သည်။

    ပြီးခဲ့သည့် ဇူလိုင်လကမိုးကုတ်မြို့ရှိ၎င်း၏ ရွှေလိပ်ပြာဟိုတယ်သည်လည်းစစ်အုပ်စုမှ လေကြောင်းဗုံးကျဲ၍ပျက်စီးခဲ့သည်။

    သို့သော် ဦးယောဆက်သည်ကျောက်မျက်လုပ်ငန်းရှင်များစွာအိမ်မက်ရသည့်သူကြွယ်ဘဝကို လက်တွေ့ ပိုင်ဆိုင်ထားသည့် ကံကောင်းသောသူကြွယ်ဖြစ်သည်။

    သူ၏ ချမ်းသာကြွယ်ဝလာမှုတွင် ကံကြောင့်လည်းအများကြီးပါဝင်ကြောင်းဦးယောဆက်က ၂၀၁၃ ခုနှစ်ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးတွင်ယခုလို ပြောဆိုခဲ့ဖူးသည်။

    “ဗုဒ္ဓဘာသာလို ပြောမယ်ဆိုရင်တော့ ကံ ပေါ့။ ခရစ်ယာန်လိုပြောမယ်ဆိုရင်တော့ ဘုရားသခင်ရဲ့ကျေးဇူးပေါ့ဗျာ။ သူများထက်စာရင် ကျနော် နည်းနည်း ပိုကံကောင်းတယ်လို့ပဲ ခံယူတာပေါ့” ဦးယောဆက်၏ ကျောက်တလုံးသည် ၁၉၉၃ ခုနှစ်က ဒေါ်လာငါးသန်းရှစ်သိန်းနှင့်လေလံ အောင်ဖူးသည်ဟု ၎င်းကိုယ်တိုင်ပြောကြားဖူးသည်။

    သူဌေးကြီး ဦးယောဆက်သည်အိမ်ထောင် နှစ် ဆက်ကျခဲ့ပြီး ၎င်း၏ လက်ရှိ ဇနီးသည်မှာ ဒီပဲယင်းဇာတိဖြစ်ပြီး မသီတာဟု သိရသည်။

    ပထမအိမ်ထောင်နှင့် သားသမီး ၇ ဦးထွန်းကားခဲ့ပြီး ဒုတိယ အိမ်ထောင်နှင့် ၃ ဦးဖြစ်သည်။

    ဦးယောဆက်သည် ၁၉၉၉ ခုနှစ်အတွင် သစ်လုပ်ငန်းနှင့် ထောင်ဒဏ် ၁၂ နှစ်ကျခဲ့ပြီး ထိုနှစ်များအတွင်း ဇနီးသည်က ပုံမှန်ဂရုစိုက်ပေးခဲ့သည်ဟု ကျေးဇူးတင်စကား ဆိုဖူးသည်။

    “ ကျနော့်အမျိုးသမီး အငယ် (ဒုတိယအိမ်ထောင်) က အများကြီး ပေးဆပ်လာခဲ့တယ်။ထောင်သက် ၁၂ နှစ်မှာ ထောင်ဝင်စာကို မပျက်အောင် လာတဲ့ သူ့ရဲ့ ကျေးဇူးတွေ ရှိတယ်။ သူ့ကျေးဇူးကို ကျနော် မမေ့ဘူး။ သူ့ကိုလည်း ပြောပြပါတယ်၊ လူတယောက်က ကျေးဇူးတရားကို သိဖို့တော့ လိုတာပေါ့။ ကျနော် အပျော်အပါး ဆိုတဲ့ဟာကို စိတ်တောင် မကူးချင်တော့ဘူး” ဟု ဦးယောဆက် ၂၀၁၃ ခုနှစ်ကဆိုခဲ့သည်။

    လက်ရှိတွင်တော့ ဦးယောဆက်၏ သမီးဂျူလီယာဆက်က တရားဥပဒေအရဆက်လက်ဆောင်ရွက်ဖို့ ပြင်ဆင်နေပြီး ၎င်းတို့ မိသားစုကို ဝိုင်းဝန်းကူညီကြရန် လူမှုကွန်ရက်ပေါ်မှ အကူအညီတောင်းခံထားသည်။

    “ ပိုက်ဆံဂုဏ်ဒြပ် အာဏာတွေရှိပြီး ပြန်မလုပ်နိုင်တဲ့သူတွေ ကို မတရား အနှိုင်ကျင့်တာတွေကို မခံတော့ဘူးရှင့်” လို့ ဂျူလီယာဆက်က ရေးသားထားသည်။

    ဂျူလီယာဆက် ရေးသားမှု အပြည့်အစုံ

    ကျွန်မအဖေ မိုးကုတ်ရွှေလိပ်ပြာဟိုတယ် ပိုင်ရှင် ဦးယောဆက်သည် အိမ်တွင်းအကြမ်းဖက် နှိုပ်စက်ပြီး အမေ့ကို သွေးထွက်သံယို ဖြစ်အောင် အကြိမ်ကြိမ် ရိုက်နှိက်ဆဲဆို နှိုပ်စက် အကြမ်းဖက်ခဲ့တာက(2011) ကနေ (2025) အထိ 14 နှစ်တိုင်တိုင်ပါ။

    ကလေးဘဝမှာ ဘာမှမကယ်နိုင်ပဲအမေအရိုက်ခံရတာကိုကြည့်ပြီးကူရာမဲ့ဖြစ်ခဲ့ ကြိုးစားပြီးအခုကိုယ့်ဟာကိုပိုက်ဆံရှာနိုင်မှ July 20 2025 မခံနိုင်လို့ အိမ်ပေါ်ကနေ အမေကို ရအောင် ကယ်ထုတ်ပြီး သားအမိ သုံးယောက် ထွက်ပြေးခဲ့တာပါ ရိုက်နှက်ခံထားရတဲ့သက်သေတွေလဲရှိပါတယ်

    ဒီ video က ကျွန်မအဖေရိုက်လို့ခံခဲ့ရတဲ့ video တစ်ခုကိုတင်လိုက်တာပါ

    အခုအဖေက အမေက ပစ္စည်းတွေ ခိုးသွားပါတယ် ဆိုပြီး မဟုတ်မမှန်တဲ့ စွတ်စွဲမှု တွေနဲ့ လိုက်နှောက်ယှက်တယ်သူနဲ့မပေါင်းရင် ဒုက္ခမရောက်ရောက် အောင် လုပ်နေပါတယ် အမှုဖွင့်ထားလို့ရင်ဆိုင်ရတော့မှာပါ။

    ဒီနေ့လဲ စခန်းထိရောက်ပြီး ဖြေရှင်း နေတုန်း ပုန်းရှောင်နေတဲ့ Mercure ဟိုတယ်အခန်းထဲက အမေ့ပစ္စည်း တွေ အကုန် လုံး ကို Mercure hotel ဝန်ထမ်းတွေကို ပိုက်ဆံပေး သိမ်းခိုင်းပြီး အဖေက အတင်းအဓမ္မအာလုံးယူသွားပါတယ် ညီမလေးကိုလဲပြန်ခေါ်သွားပါတယ်

    အခု အမေက အဝတ်တထည် ကိုယ့်တစ်ခု နဲ့ တစ်ပြားတစ်ချက်မှ မရှိပဲ အမှုတွေကို ရင်ဆိုင်ရတော့မှာပါ

    ‼️သမီး တို့ကို တရားဥပဒေ နားလည်တဲ့သူတွေ ရှိရင် ကူညီ အကြံပေးကြပါရှင့် ‼️

    ‼️နောက်ဆုံး မကူနိုင်ရင်တောင် သမီးတို့ တင်တဲ့ Post တွေကို လူတွေ တွေ့အောင် Share ပေးကြပါရှင့်

    ❌ပိုက်ဆံဂုဏ်ဒြပ် အာဏာတွေရှိပြီး ပြန်မလုပ်နိုင်တဲ့သူတွေ ကို မတရား အနှိုင်ကျင့်တာတွေကို မခံတော့ဘူးရှင့် ❌

    ခံခဲ့ရတာတွေအရမ်းများတာတွေတစ်ခါမှမပြောခဲ့ဘူး အခုအစအဆုံးတင်ပါတော့မယ်။

    နိုင်ငံကျော်မိုးကုတ်ကျောက်သူဌေးဦးယောဆက်၏ အိမ်တွင်းအကြမ်းဖက်မှု ဇာတ်လမ်းကို သမီးဖြစ်သူက ဖွင့်ချခဲ့သည်။

    ယနေ့တွင် ဂျူလီယာဆက်က မီဒီယာအချို့နှင့်တွေ့ဆုံပြီး တရားမျှတမှုရစေရေး ကူညီပေးရန် အများပြည်သူထံတောင်းဆိုခဲ့သည်။

    “ ဖခင်ကောင်းရှိတဲ့လူတွေအကုန်လုံး.. ကိုယ့်အဖေကို ခုချိန်မှာ သွားပြီးကျေးဇူးတင်စေချင်တယ်”

    “ တကယ်လို့ လာဆုတောင်းပြည့်မယ်ဆိုရင်ဒီလို အိမ်တွင်းအကြမ်းဖက်မှုတွေဘယ်မှာ မှမရှိပါစေနဲ့၊ တကမ္ဘာလုံးမှာပျောက်ပါစေလို့ ဆုတောင်းပါတယ်” ဟု ဂျူလီယာဆက်က ဆိုသည်။

  • ဒီအရွယ်လေးတွေနဲ့ အချူပ်ထဲမထည့်မှန်းသိတော့ စခန်းကိုဝင်လိုက်ထွက်လိုက်

    ဒီအရွယ်လေးတွေနဲ့ အချူပ်ထဲမထည့်မှန်းသိတော့ စခန်းကိုဝင်လိုက်ထွက်လိုက်

    ကိုင်းးတော်ရုံကိစ္စတွေဆိုအကျယ်အကျယ်မဖြစ်ချင်လို့ ဘာမှ မတင်ဖြစ်၊ မပြောဖြစ်ပေမယ့် ရှေ့မှာလဲ ကျွန်တော်တို့အသိ ၃/၄ ဆိုင်လောက် ခုလိုဖြစ်ခဲ့တာတွေနဲ့
    တိုက်ဆိုင်နေတာကြောင့်ရော မပြောရင် နောက်လူတွေ ထပ်ဖြစ်မှာစိုးလို့ သတိထားနိုင်အောင်လို့ တင်ပေးရခြင်းဖြစ်ပါတယ်ဗျာ……။

    ကျွန်တော်တို့ရဲ့ သစ္စာလမ်းဆိုင်ကို မနက် ၆ ခွဲလောက်မှာ သူခိုးဝင်ဖောက်တယ်။

    ဆိုင်က လိိတ်တံခါးက သွပ်ပြားကို ကလန့်ပီး အဲ့ကနေဝင်တယ်။

    ဝင်ဝင်ချင်း CCTV ကြီးကပြူးနေတော့ CCTV ကို ပိတ်ပီး စိတ်ကြိုက်ဝင်မွှေတယ်။

    ဆိုင်က ဖုန်း ၂ လုံးနဲ့ ငွေသားရယ် Pod တွေရယ် ယူသွားတယ်…။

    မနက်၇နာရီလောက် သိသိချင်းမှာ CCTV ပိတ်တုန်းက မြင်လိုက်ရတဲ့ရုပ်နဲ့ တိုက်ပီး စုံစမ်းတော့

    ခိုးသွားတဲ့ ပလုံကောက်တဲ့ ခလေးတွေရဲ့ နာမည်နဲ့ လိပ်စာအတိအကျပါသိရတာနဲ့ သိသိချင်း ရပ်ကွက်လူကြီးတွေ ရဲတွေနဲ့ လိုက်ဖမ်းလိုက်တာ

    မနက် ၉ နာရီခွဲလောက်မှာ ခိုးသွားတဲ့ ဖုန်းB၂ လုံးရယ်၊ ပစ္စည်းတချို့ တဝက်ရယ်နဲ့ ငွေသားတချို့တဝက် ပြန်ရတယ်…

    ပြောချင်တာက အခုမှ စမှာ

    ပုံကဘာလို့တင်ရလဲဆိုတော့ ဒီကောင်တွေက ပလုံကောက်ရင်း အဲ့လိုလုပ်စားနေတာကြာပြီ။

    သူတို့မိဘတွေ အုပ်ထိန်းသူဆိုတဲ့သူတွေကလဲ အလိုတူအလိုပါ
    ခိုင်းစားနေကြတဲ့သူတွေ။

    (ကလေးတွေခိုးလာတဲ့ပိုက်ဆံတွေကို သူတို့မိဘတွေက သုံးပီးနေကြပြီ)

    သူတို့အဲ့အရွယ်လေးတွေနဲ့ အချူပ်ထဲမထည့်မှန်းသိတော့ စခန်းကိုဝင်လိုက်ထွက်နဲ့ အရေထူနေကြတာ…..

    ရှေ့တပတ်ကမှ တစ်ခါပြန်လွှတ်ပေးထားတာလို့လဲ စခန်းက ပြောတယ်…။

    ကျွန်တော်တို့က ကလေးဆိုတော့သနားတာရယ် ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ဒဏ်ရာရပီး ပိုဆိုးသွားမှာစိုးလို့ နောက်မလုပ်ရင်တော်​ပြီ ဆိုပီး ပြန်လွှတ်လိုက်ပေမယ့် သူတို့ပုံစံတွေက ခုလိုလုပ်တာကိုပဲ နောင်တ တစက်လေးမှ ရမဲ့ပုံမပေါ်လို့ ပီးတော့ လွယ်လို့ခိုးတာမဟုတ်ပဲနဲ့ တမင်တကာကြီးကို ဆိုင်ဖောက်တာဖြစ်နေလို့ သတိထားနိုင်အောင်လို့ ရုပ်နဲ့တကွ တင်ပေးရခြင်းဖြစ်ပါတယ်….။

    (အခုတော့ သူတို့၄ယောက်လုံးကို ကတုံးတုံးပေးလိုက်တယ်ပြောပါတယ်)

    Yummy Pop House

  • ဗိုလ်ထိန်လင်းအောင် သေဆုံးမှု ၉ လကြာမှ မိသားစုကို စစ်တပ်က တရားဝင်စာပေးပို့

    ဗိုလ်ထိန်လင်းအောင် သေဆုံးမှု ၉ လကြာမှ မိသားစုကို စစ်တပ်က တရားဝင်စာပေးပို့

    ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ပွဲတွင် ဗိုလ်ထိန်လင်းအောင် သေဆုံးမှု ၉ လကြာမှ မိသားစုကို စစ်တပ်က တရားဝင်စာပေးပို့ အကြောင်းကြား

    နပခဌာနချုပ် အသိမ်းခံရသည့်တိုက်ပွဲတွင် သေဆုံး စစ်အရာရှိနှင့်စစ်သည် ၁၀၀၀ နီးပါးရှိသော်လည်း စစ်တပ်က ပျောက်ဆုံးစာရင်းသွင်းပြီး မည်သည့်ခံစားခွင့်မှ မပေး

    ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် AA က တိုက်ခိုက်သိမ်းပိုက်ထားသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်ထိန်လင်းအောင် သေဆုံးခဲ့မှုကို ယခုစက်တင်ဘာလ ၉ လကျော်ကြာမှသာကျန်ရစ်သူ မိသားစုထံသို့ စစ်တပ်က တရားဝင်စာပေးပို့ အကြောင်းကြားလာကြောင်း မိသားစုနှင့်နီးစပ်သော မိတ်ဆွေများက ပြောဆိုသည်။

    ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို AA က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ဗိုလ်ထိန်လင်းအောင်သည် ရခိုင်ပြည်နယ်၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အသိမ်းခံရသည့် တိုက်ပွဲအတွင်း သေဆုံးခဲ့ခြင်းဖြစ်သော်လည်း အလောင်းပြန်မရကြောင်း၊ ထို့ကြောင့် စစ်တပ်က ပျောက်ဆုံးစာရင်းသွင်းထားခဲ့ပြီး ယခု စက်တင်ဘာလရောက်ရှိချိန် ၉ လကျော်ကြာမှသာ သေဆုံးသွားသည်ဟု စစ်တပ်က ကျန်ရစ်သူ မိသားစုထံသို့ အကြောင်းကြားလာခြင်းဖြစ်သည်ဟု သိရှိရသည်။

    “သေဆုံးတာ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အသိမ်းခံရတော့ ကျဆုံးတာပါ။ အခုမှ မိသားစုကို စာပို့ပြီး သေဆုံးကြောင်း တရားဝင် အသိပေးတာ။ ၉ လကျော်ကြာမှ အသိပေးတာပါ” ဟု ကျန်ရစ်သူမိသားစုနှင့်နီးစပ်သူက ပြောဆိုသည်။

    ဗိုလ်ထိန်လင်းအောင်သည် တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ အင်ဂျင်နီယာသင်တန်း အပတ်စဉ် ၁၅ ကျောင်းဆင်းဖြစ်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် စစ်အင်ဂျင်နီယာ အရာရှိတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

    ဗိုလ်ထိန်လင်းအောင် သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုအနေဖြင့် အလောင်းပြန်လည် မရရှိသည့်အပြင် အသက်အာမခံကြေး၊ သက်စွန့်စရိတ် အပါအဝင် ခံစားခွင့်များလည်း မရရှိကြောင်း သိရှိရသည်။

    အမ်းမြို့ အခြေစိုက် နပခဌာနချုပ် အသိမ်းခံရသည့်တိုက်ပွဲတွင် သေဆုံး စစ်အရာရှိနှင့်စစ်သည် ၁၀၀၀ နီးပါး ရှိသော်လည်း စစ်တပ်က ပျောက်ဆုံးစာရင်းသွင်းပြီး မည်သည့်ခံစားခွင့်မှ မပေးဘဲ ထားရှိထားကြောင်း ကျန်ရစ်သူစစ်တပ် မိသားစုဝင်များက ပြောဆိုသည်။

    အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က သိမ်းပိုက်ခဲ့စဉ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း အပါအဝင် စစ်အရာရှိများနှင့် စစ်သုံ့ပန်း ရာချီ၍ AA အရှင်လက်ရ ဖမ်းဆီးရရှိခဲ့သည်။