ထီးလင်းမြို့ထဲမှစစ်တပ် ရွာကိုသွား၍ ရိက္ခာရှာရန် ကြိုးစားမှု PDF များတိုက်ခိုက်၍ပြန်ဆုတ်

ထီးလင်းမြို့နှင့် ၂ မိုင်ခန့်အကွာရှိ ရွာအချို့ကို စစ်တပ်စစ်ကြောင်းက ဝင်ရောက်ရန်ကြိုးစားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်များ၏ ဟန့်တားမှုကြောင့် ပြန်ဆုတ်ခွာသွားကြောင်း သတင်းရရှိသည်။

ထီးလင်းမြို့ပေါ်တွင်တပ်စွဲထားသော စစ်​​ကောင်စီတပ်စစ်ကြောင်းကပုဏ္ဏားရွာနှင့် သရခါရွာကိုဝင်ရောက်ရန်ကြိုးစားနေခြင်းဖြစ်သည်။

“ရိက္ခာရှာထွက်တာ။ ပုဏ္ဏားရွာကိုဝင်ဖို့ကြိုးစားတာ။ ဝင်မလာဘဲ လက်နက်ကြီးနဲ့ ရမ်းပစ်သွားတာ။ ဟိုတနေ့ကလည်း သရခါရွာကို အဲ့လိုပဲ ဝင်ဖို့ကြိုးစားပြီး ပြန်ဆုတ်သွားတယ်။ ရိက္ခာလုဖို့ ကြိုးစားတာပါ” ဟု​ဒေသခံတဦးက​ပြောသည်။

အင်အား ၃၀ ခန့်ရှိ‌သော စစ်တပ်စစ်ကြောင်းသည် ပုဏ္ဏားရွာအနီးကိုစက်တင်ဘာလ ၂၁ ရက် နံနက် ၄ နာရီခန့်ကဝင်လာပြီးနံနက် ၈နာရီခန့်တွင် ပြန်ဆုတ်သွားခြင်းဖြစ်သည်။

သရခါရွာကိုလည်း စက်တင်ဘာလ ၁၉ ရက်က ဝင်ရန်ကြိုးစားခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

ပုဏ္ဏားရွာနှင့် သရခါရွာသည် ထီးလင်းမြို့နှင့် ၂ မိုင်ခန့်သာကွာဝေးသည်။

“ရွာတွေနားကိုရောက်လာတယ်။သူတို့ မဝင်ရဲတော့ ပြန်ဆုတ်တယ်။လက်နက်ကြီးတွေရမ်းပစ်ပြီး ဆုတ်သွားတာပဲ” ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်တပ်စစ်​ကြောင်းများမှာ ရိက္ခာရှာသည်ဆိုခြင်းမှာ​ဒေသခံများထံမှ ရိက္ခာဝယ်ယူခြင်းထက်လက်နက်အားကိုးဖြင့် လုယက်ခြင်း၊​​ ဖောက်ထွင်းခိုးယူခြင်းမျိုးကိုသာအဓိကလုပ်​လေ့ရှိ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ထီးလင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်ရင်းအခိုင်အမာမရှိဘဲ ဖွဲ့စည်းပုံပျက်နေသည့်တပ်ရင်းများမှစုပေါင်းထားသည့် စစ်ကြောင်းအချို့သာရှိနေ
သည်။

မြို့ပေါ်ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၈ အုပ်စုနှင့် ရွာပေါင်း ၉၃ ရွာရှိပြီး စစ်ကောင်စီကမြို့ပေါ်ရှိ ရွှေထီးခန်းမနှင့် ဌာနဆိုင်ရာရုံးအချို့၊ ရေမျက်နီရွာ၌သာ တပ်စွဲထားနိုင်သည်။

ထိုနေရာများကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကရိက္ခာလမ်းကြောင်းဖြတ်တောက်ထားသည်။

ထို့ကြောင့် စစ်တပ်စစ်ကြောင်းများသည် မြို့နှင့် ၅မိုင်ခန့်အတွင်းရှိ ရွာများကို ဝင်ရောက်ပြီး ရိက္ခာလုယူရန် မကြာခဏကြိုးစားနေပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကလည်း တိုက်ခိုက်ရှင်းလင်းနေရကြောင်း သတင်းရရှိသည်။

စစ်အုပ်စုက မကွေးတိုင်းအတွင်း ၎င်းတို့အပြည့်အဝမထိန်းချုပ်နိုင်တော့သည့်မြို့နယ်ငါးခုကိုအရေးပေါ်အခြေအနေကြေညာထားရာ ယောဒေသမှ
ထီလင်းမြို့နယ်နှင့် ဆောမြို့နယ်လည်းပါဝင်နေသည်။

(ထီးလင်း​ဒေသမှ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-ထီးလင်းPDF )

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *