Category: News

  • မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံကို CRMH ကြေညာ

    မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံကို CRMH ကြေညာ

    မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံကို မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH) က စက်တင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

    ဒီ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံကိုတော့ မန္တလေးဒေသ ပြည်သူ့တော်လှန်ရေး အင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံကနေတဆင့် စက်တင်ဘာ ၁၆ ရက်မှာ CRMH က အတည်ပြု ပြဋ္ဌာန်းခဲ့တာပါ။

    ဒီအစီအမံမှာ အခန်း ၁၂ ခန်းပါဝင်ပြီး ရည်ရွယ်ချက်တွေကတော့ ဖက်ဒရယ်ပြည်ထောင်စု ရည်မှန်းချက်ကို အမြန်ဆုံးရောက်ရှိစေရေးနဲ့ တော်လှန်ရေးအင်အားစု အသီးသီးတို့နဲ့ ဟန်ချက်ညီညီ လက်တွဲပြီး မန္တလေးဒေသရဲ့ တော်လှန်ရေးလုပ်ငန်းများ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး တာဝန်တွေကို အကောင်အထည်ဖော်ဖို့ စတာတွေ ပါဝင်ပါတယ်။

    ဒီအစီအမံရဲ့ အခန်း ၇ မှာတော့ ဒီအစီအမံအရ အုပ်ချုပ်ရေးအာဏာကို မန္တလေးဒေသ ကြားကာလအုပ်ချုပ်‌ရေးကောင်စီ (Mandalay Interim Governing Council – MIGC) ကို အပ်နှင်းထားတယ်လို့ သိရပါတယ်။

    MIGC ကိုတော့ ကြားကာလ နိုင်ငံရေးအစီအမံ စတင်အကျိုးသက်ရောက်တဲ့နေ့ကစလို့ ၄၅ ရက်အတွင်း ဖွဲ့စည်းရမှာဖြစ်ပြီး ကောင်စီဝင်ဦးရေ အနည်းဆုံး ၉ ယောက်ကနေ အများဆုံး ၁၅ ယောက်နဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကောင်စီဝင်ဆိုပြီး ဖွဲ့စည်းရမယ်လို့ အစီအမံ (မူကြမ်း) က သတ်မှတ်ထားပါတယ်။

    ကောင်စီဝင် ရွေးချယ်မှုအတွက် မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းရေးစင်္ကြံက အဖွဲ့ဝင် ၁၁ ယောက်ကနေ ၁၅ ယောက်အထိ ပါဝင်တဲ့ “ကောင်စီဝင် ရွေးချယ်စိစစ်ရေးအဖွဲ့” ကို အရင်ဖွဲ့စည်းရမှာ ဖြစ်ပြီးတော့ ရွေးချယ်ရေးအဖွဲ့ဝင်တွေကိုလည်း လုပ်ငန်းကော်မတီ စတင်ဖွဲ့စည်းကတည်းက ရှိခဲ့တဲ့ အစုအဖွဲ့ ၆ ခုက စေလွှတ်တဲ့ ကိုယ်စားလှယ်တွေနဲ့သာ ဖွဲ့စည်းရမယ်လို့ အစီအမံမှာ ဖော်ပြထားပါတယ်။

    MIGC ဟာ ကောင်စီဝင်တွေရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်နဲ့ ရပိုင်ခွင့် သတ်မှတ်ခြင်း၊ နုတ်ထွက်ခြင်း၊ လစ်လပ်ခြင်း၊ အစားထိုးခြင်း၊ အယုံအကြည်မရှိအဆို တင်သွင်းခြင်း၊ စွပ်စွဲပြစ်တင်ခြင်း အပါအဝင် ကောင်စီလုပ်ငန်းတာဝန်တွေ စနစ်တကျ လည်ပတ်ဆောင်ရွက်နိုင်ဖို့အတွက် ကောင်စီဖွဲ့ပြီး ၆ လအတွင်း “မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေးကောင်စီဆိုင်ရာ ဥပဒေကြမ်း” ကို CRMH ကို ပေးပို့ရမယ်လို့ အစီအမံမှာ ထည့်သွင်းရေးဆွဲထားပါတယ်။

    ကောင်စီသက်တမ်းကတော့ ကြားကာလ ဒါမှမဟုတ် တော်လှန်ရေးကာလ ပြီးမြောက်တဲ့အထိ ဖြစ်တယ်လို့ ဖော်ပြထားပြီး ကောင်စီဖွဲ့ပြီး ၂ နှစ်အတွင်း ကြားကာလ မပြီးမြောက်ပါက အစီအမံပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ကောင်စီအသစ် ပြန်လည်ဖွဲ့စည်းရမယ်လို့လည်း ဖော်ပြပါရှိပါတယ်။

    ဒီအစီအမံမှာ အခန်း ၁၂ ခန်းအပြင် နောက်ဆက်တွဲ ၁ ပါ ပါရှိပြီး ဖက်ဒရယ်ပြည်ထောင်စုနဲ့ မန္တလေးဒေသအကြား အာဏာခွဲဝေခြင်းဆိုင်ရာ အခြေခံမူတွေကို ဖော်ပြထားတာပါ။

    ဖော်ပြချက်အရ ဥပဒေပြု အာဏာခွဲဝေရေးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ CRMH တို့က ညှိနှိုင်းဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

    ဒါ့အပြင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ အခွန်ဘဏ္ဍာ စီမံရေးကိစ္စရပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့က ညှိနှိုင်းသတ်မှတ်ရမှာ ဖြစ်ပါတယ်။

    နောက်ပြီး အာဏာခွဲဝေမှုတွေဟာ ပြည်သူ့တော်လှန်ရေးကို အမြန်ဆုံး အောင်မြင်စေဖို့နဲ့ ပြည်သူ့အကျိုးကို အမြင့်မားဆုံး ဦးတည်ကာ ဆောင်ရွက်ရမှာဖြစ်ပြီး အာဏာခွဲဝေခြင်း ကိစ္စရပ်တွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက တနှစ်ကို အနည်းဆုံး တကြိမ် ပြန်လည်ဆွေးနွေး ညှိနှိုင်းပြီး သုံးသပ်ရမှာလည်း ဖြစ်ပါတယ်။

    ဒီအစီအမံကို အကောင်အထည်ဖော်ဖို့အတွက်ကိုတော့ CRMH က ဦးဆောင်ပြီး ဒေသတွင်း တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်း ဆောင်ရွက်ထားတာလည်း ဖြစ်ပါတယ်။

  • မူးလာလျှင် နိုင်ငံခြားဘာသာစကားပြောစွမ်းရည် တိုးလာကြောင်း တွေ့ရှိမှု Ig Nobel ဆုဆွတ်ခူး

    မူးလာလျှင် နိုင်ငံခြားဘာသာစကားပြောစွမ်းရည် တိုးလာကြောင်း တွေ့ရှိမှု Ig Nobel ဆုဆွတ်ခူး

    လူတွေဟာ အရက်မူးလာတဲ့အခါ နိုင်ငံခြားဘာသာစကားပြောစွမ်းရည် တိုးတက်လာတယ် ဆိုတာကို တွေ့ရှိမှု အပါအဝင် သိပ္ပံဆိုင်ရာ ပေါက်ကရတွေ့ရှိမှု၊ တီထွင်မှုတွေကို ချီးမြှင့်တဲ့ ၃၅ ကြိမ်မြောက် Ig Nobel ဆုပေးပွဲ အခမ်းအနားကို စက်တင်ဘာ ၁၈ ရက်က ဘော့စ်တွန်တက္ကသိုလ်မှာ ပြုလုပ်ခဲ့ပါတယ်။

    ကိုယ့်ကိုယ်ကိုယ် အလွန်အကျူး အထင်ကြီး ချစ်မြတ်နိုးတတ်သူ (narcissists) တွေဟာ သူတို့ ဉာဏ်ကောင်းတယ်လို့ အပြောခံရတဲ့အခါ ဘယ်လိုတုံ့ပြန်ကြသလဲ ဆိုတာကို လေ့လာတဲ့ သုတေသန ပညာရှင်တွေလည်း ဆုရခဲ့ပါတယ်။

    ဘယ်လို အိမ်မြှောင်၊ တောက်တဲ့၊ ဖွတ်၊ ပုတက်တွေက ဘယ်လိုပီဇာမျိုးကို ရွေးချယ်သလဲဆိုတာ လေ့လာတဲ့ အာဟာရဗေဒပညာရှင်တွေလည်း ဆုရခဲ့ကြပါတယ်။

    အီတလီခေါက်ဆွဲ (pasta) အတွက် အချဉ်ရည်ရဲ့ ရူပဗေဒ သဘောတရားကို လေ့လာတွေ့ရှိခဲ့တဲ့ ပညာရှင်တွေလည်း ဆုရခဲ့ပါတယ်။

    အခမ်းအနားမှာ ပရိသတ်က စက္ကူလေယာဉ်တွေ ပစ်ပေါက်ကြပြီး ဒီနှစ်ရဲ့ အဓိကအကြောင်းအရာဖြစ်တဲ့ အစာချေစနစ်အကြောင်း သီချင်းတွေကို အော်ပရာပုံစံနဲ့ သီဆို ဖျော်ဖြေခဲ့ကြပါတယ်။

    ဒီနှစ်အတွက် Ig Nobel ဆုတံဆိပ်ကတော့ လူ့မျက်နှာပုံစံ နှစ်ဖက်ပါတဲ့ အစာအိမ်ပုံစံငယ် ဖြစ်ပါတယ်။

    နှစ်စဉ်ချီးမြှင့်တဲ့ ဒီဆုတွေကို Annals of Improbable Research က တကယ့်နိုဘယ်လ်ဆုကြီးရဲ့ ဟာသ သဘောဆောင်တဲ့ ပြိုင်ဘက်ဆုအဖြစ် ချီးမြှင့်တာဖြစ်ပါတယ်။

  • လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်နှင့် ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဝင်ရောက်ပြီး စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ

    မင်းဘူးမြို့နယ်တွင် လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်နှင့် ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဝင်ရောက်ပြီး စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး

    မကွေးတိုင်း၊ မင်းဘူးမြို့နယ်တွင် လက်ဖက်ရည်ဆိုင်နှင့် ဘီယာဆိုင်နှင့် ဆောက် လုပ်ရေးပစ္စည်းအရောင်းဆိုင်များအထဲပါ စစ်တပ်က ဝင်ရောက်ပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း မင်းဘူးမြို့နယ်အခြေစိုက် ပရဟိတအဖွဲ့ဝင်တချို့နှင့် ကင်းထောက်အဖွဲ့တချို့က ပြော ဆိုသည်။

    ယခုစက်တင်ဘာလအတွင်း စစ်တပ်က မင်းဘူးမြို့နယ်နှင့် စကုမြို့တို့တွင် ပေါ်တာဆွဲမှုများကို နေ့ရော ညပါ ဆောင်ရွက်လာကြောင်း၊ လမ်းဆုံလမ်းခွများတွင်သာ ပေါ်တာဆွဲ ဖမ်းဆီးခြင်းမဟုတ်တော့ဘဲ လက်ဖက်ရည်ဆိုင်နှင့် ဘီယာဆိုင်များအတွင်းအထဲသို့ပါ ဝင်ရောက်ပြီး ဆိုင်ထိုင်နေသော လူငယ်များ၊ ဆိုင်ဝန်ထမ်းများကိုပါ ဖမ်းဆီးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

    စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်း မင်းဘူးမြို့ပေါ်ရှိ ထွန်းကျော်သန့် ဆောက် လုပ်ရေးပစ္စည်းဆိုင် ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဆိုင်ဝန်ထမ်းလူငယ်များကို စစ်မှုထမ်းရမည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း၊ ထို့ပြင် လက် ဖက်ရည်ဆိုင်နှင့်ဘီယာဆိုင်များကိုလည်း ညပိုင်းအချိန် ဝင်ရောက်၍ မှတ်ပုံ တင် စစ်ဆေးပြီး မှတ်ပုံတင်မရှိသူများကို ခေါ်ဆောင် ပေါ်တာဆွဲဖမ်းဆီးမှုများဖြစ်ပေါ်နေကြောင်း၊ စကုမြို့ပေါ်တွင်လည်း အလားတူ ပေါ်တာဆွဲမှုများ အရှိန် အဟုန်ဖြင့် ဖြစ်ပွားနေကြောင်း သိရှိရသည်။

    “မင်းဘူးရော စကုမြို့ရော ၂ ခုစလုံးမှာ ပေါ်တာဆွဲတာတွေ တအားကြမ်းနေတယ်။ စကုမြို့ မြောက်ဘက် သိမ်ကုန်းစစ်ဆေးရေးဂိတ်ကနေ လယ်ကိုင်းကြား စစ်တပ်က အထိုင်ချပြီး ပေါ်တာဆွဲတယ်။ ညဘက်ပိုင်းဆိုရင်လည်း လမ်းဆုံလမ်းဂွတွေမှာ ပေါ်တာဆွဲတယ်။ မင်းဘူးမှာကတော့ ထွန်းကျော်သန့် ဆောက် လုပ်ရေးပစ္စည်းဆိုင်က ဝန်ထမ်းတွေကို ပေါ်တာဆွဲ ခံရတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းကလည်း လက်ဖက်ရည်ဆိုင်ထဲထိုင်နေတဲ့ လူငယ်တွေကို ဆိုင်ထဲဝင်လာပြီး သေနတ်ထောက်ပြီး ဖမ်းခေါ်သွားတယ်။ စစ်တပ်က အိမ်စီးကားတွေနဲ့ ပတ်ဖမ်းနေတာ” ဟု မင်းဘူးမြို့နယ်မှ ကင်းထောက်အဖွဲ့က ပြောသည်။

    မင်းဘူးမြို့နယ် ထွေ/အုပ်ရုံးက မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များကို ည ၆ နာရီကျော်ပါက ကယ်ဆယ်ရေးနှင့် မီးဘေးအန္တရာယ် ကိစ္စရပ်များ ဆောင်ရွက်မည်ဆိုပါက ၎င်းတို့ထံသို့ နာမည်စာရင်းနှင့်တကွ အကြောင်းကြားရန်၊ မလိုအပ်လျှင် ပြင်ပသို့ ထွက်ခွာခြင်းမပြုရန် နှုတ်ဖြင့် သတိပေးထားကြောင်း ၊ မှားယွင်းဖမ်းဆီးခံရလျှင် ချက်ချင်းအကြောင်းကြားရန် ပြောဆိုထားကြောင်း သိရှိရသည်။

    “ပရဟိတအဖွဲ့တွေ လူနာပို့ ကူညီရေး သွားရင် ညပိုင်းဆိုရင် နာမည်စာရင်းတွေ ပေးထားဖို့ ထွေ/အုပ်က နှုတ်နဲ့ အသိပေးတယ်။ မှားယွင်း ဖမ်းဆီးခံရတာမျိုးဆိုရင်လည်း ချက်ချင်းအကြောင်းကြားဖို့ အသိပေးပါတယ်” ဟု မင်းဘူးမြို့နယ်အခြေစိုက် ပရဟိတအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

    မင်းဘူးမြို့နယ်တစ်ဝန်းတွင် လူငယ်များကို ပစ်မှတ်ထား ပေါ်တာဆွဲ ဖမ်းဆီးလျက်ရှိရာ ယခုရက်ပိုင်း ရွှေတောင်ကြီး နတ်ပွဲမှ ပြန်လာသော လူငယ် ၂ ဦးကို ဖုန်းထဲ VPN တွေ့ရှိမှုဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း မင်းဘူးမြို့ ကျွဲသိုးမြှောင်ကျေးရွာတွင် ဆိုင်ကယ်များကို စစ်တပ်က ဖမ်းဆီးစစ်ဆေးစဉ် လိုင်စင်မဲ့ ဆိုင်ကယ် စီးမှုဖြင့် ရွှေရောင်တော်ရွာမှ လူငယ် ၁ ဦးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

    “ဖမ်းတာကတော့ အကြောင်းအမျိုးမျိုးပြ ဖမ်းနေတာ။ လူငယ်တွေလည်း မထွက်ရဲဘူး။ နေ့ရော ညရော အချိန်မရွေးကို ဖမ်းနေတာ” ဟု မင်းဘူးမြို့မှ ဒေသ ပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်က စက်တင်ဘာလ ၁၅ ရက်နေ့မှစတင်ပြီး စစ်မှုထမ်းအပတ်စဉ် ၁၇ ကို ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။

  • ဖယ်စမ်း.. ဖယ်စမ်း ငါပစ်တဲ့ အလောင်းလေး ကြည့်လိုက်ဦးမယ် လှလားလို့…

    ဖယ်စမ်း.. ဖယ်စမ်း ငါပစ်တဲ့ အလောင်းလေး ကြည့်လိုက်ဦးမယ် လှလားလို့…

    ကမ္ဘာ့အဆင့် ၃၅ ကြီးကလဲ NUG MOD အောက်ကတပ်ရင်းတွေနဲ့တွေ့ရင် ခုလိုဇာတ်သိမ်းရတာပါပဲ

    ပခုက္ကူခရိုင် တပ်ရင်း-၁၅

  • MDY-PDF ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် – ၁၇ သင်တန်းဆင်းပွဲ ကျင်းပ

    MDY-PDF ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် – ၁၇ သင်တန်းဆင်းပွဲ ကျင်းပ

    ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် – ၁၇ သင်တန်းဆင်းပွဲ အခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ MDY-PDF က စက်တင်ဘာ ၁၉ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    သင်တန်းဆင်းပွဲ အခမ်းအနားကိုု အမျိုးသားညီညွတ်ရေးအစိုးရ- NUG၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD၊ စစ်ရုံးချုပ် တာဝန်ရှိသူတွေ၊ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နိုင်ငံရေးမှူး၊ ဒေသတွင်း မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ မိုးကုတ်ဗျူဟာ၊ ဗျူဟာအမှတ် (၉၃) (TRI ဗျူဟာ)၊ PDF တပ်ရင်းအမှတ် (၅၁၃) တို့က တာဝန်ရှိသူတွေ၊ မြို့နယ် ပကဖ၊ ပလဖ တာဝန်ရှိသူတွေ၊ တော်လှန်ရေးနယ်ပယ်အသီးသီးက ရဲဘော်ရဲဘက်တွေနဲ့ ဒေသခံ ရပ်မိရပ်ဖတွေလည်း တက်ရောက်တယ်လို့ ဆိုပါတယ်။

    “သင်တန်းကာလအတွင်း အခြေခံ စစ်ပညာဆိုင်ရာ သင်ခန်းစာများ၊ စစ်နည်းဗျူဟာ ရေးဆွဲခြင်းဆိုင်ရာ သင်ခန်းစာများ၊ စစ်သည်တော်ကျင့်ဝတ်နှင့် စည်းကမ်းဆိုင်ရာ သင်ခန်းစာများ၊ နိုင်ငံရေး အသိပညာများနှင့် ကိုယ်ကာယ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ သင်ခန်းစာများကို ပြင်းပြင်းထန်ထန် လေ့ကျင့် သင်ကြားပေးခဲ့ပါသည်” လို့ MDY-PDF က ဖော်ပြပါတယ်။

    MDY-PDF ဟာ ကနဦးက MOD ရဲ့ ကွပ်ကဲမှု အောက်မှာ ရှိတဲ့ PDF တပ်ရင်း အမှတ် -၁၂၀၁၊ ၁၂၀၂၊ ၁၂၀၃၊ ၁၂၀၄၊ ၁၂၀၅ ဆိုတဲ့ တပ်ရင်း ငါးရင်းနဲ့ စုဖွဲ့ထားတဲ့ တပ်ဖွဲ့ ဖြစ်ပါတယ်။

    MDY-PDF ဟာ တအာင်းတပ်မတော် – TNLA နဲ့အတူ ၁၀၂၇ စစ်ဆင်ရေးနဲ့ ပါဝင်ခဲ့သလို ၁၀၂၇ ရဲ့ ဟန်ချက်ညီ စစ်ဆင်ရေးဖြစ်တဲ့ ရှမ်း-မန်း စစ်ဆင်ရေးမှာလည်း NUG ကွပ်ကဲမှုအောက်က PDF တပ်ရင်း တပ်ဖွဲ့တွေ၊ ဗျူဟာတွေကို ဦးဆောင်ကာ တိုက်ပွဲဝင်ခဲ့ပြီး လက်ရှိမှာ မန္တလေးတိုင်း စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာက မြို့၊ရွာတွေနဲ့ စစ်စခန်း အများအပြားကို သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။

    သတင်းထုတ်ပြန်ချက်

    ၂၀၂၅ခုနှစ် ၊ စက်တင်ဘာလ (၁၉)ရက်

    ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် – ၁၇) သင်တန်းဆင်းပွဲ အခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာတွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

    ၂။ သင်တန်းကာလအတွင်း အခြေခံ စစ်ပညာဆိုင်ရာသင်ခန်းစာများ၊ စစ်နည်းဗျူဟာ ရေးဆွဲခြင်းဆိုင်ရာ သင်ခန်းစာများ၊ စစ်သည်တော်ကျင့်ဝတ်နှင့် စည်းကမ်းဆိုင်ရာသင်ခန်းစာများ၊ နိုင်ငံရေးအသိပညာများနှင့် ကိုယ်ကာယကြံ့ခိုင်မှုပိုင်းဆိုင်ရာ သင်ခန်းစာများကို ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။

    ၃။ ယခု အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် – ၁၇) သင်တန်းဆင်းပွဲ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်မှ တာဝန်ရှိသူများ၊ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်သော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နိုင်ငံရေးမှူး၊ ဒေသတွင်း မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များဖြစ်သော မိုးကုတ်ဗျူဟာ၊ ဗျူဟာအမှတ် (၉၃) (TRI ဗျူဟာ)၊ PDF တပ်ရင်းအမှတ် (၅၁၃) တို့မှ တာဝန်ရှိသူများ၊ မြို့နယ် ပကဖ၊ ပလဖ တာဝန်ရှိသူများ၊ တော်လှန်ရေးနယ်ပယ်အသီးသီးမှ ရဲဘော်ရဲဘက်များနှင့် ဒေသခံ ရပ်မိရပ်ဖများလည်း ပါဝင်တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းရဲဘော်များအား အားပေး ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြသည်။

    ၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး တာဝန်များကို ဦးလည်မသုန် ဆထက်ထမ်းပိုး ထမ်းဆောင်လျက်ရှိပါကြောင်း သတင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

    စစ်ရုံးချုပ်

    ကာကွယ်ရေးဝန်ကြီးဌာန

    အမျိုးသားညီညွတ်ရေးအစိုးရ